Chapter 19
Viewers 1k

👊Chapter (19) 

မင်းရဲ့မြို့ကိုပြန်သွားတော့ 




မင်းသားအန်ဒရူးက ရိဂ်၏ လူသိရှင်ကြား ပမာမခန့်လုပ်ခြင်းခံရသော်လည်း ဒေါသမထွက်ချေ။ အခြားမင်းသားများကလည်း ချားလ်စ်(၃)၏ အောက်မှ ထိုင်ခုံအပေါ် လောဘမျက်လုံးများရှိနေသည်ကို သူသိသည်။


ရိဂ်နှင့်မိုအန်းတို့သာ သူတို့ထဲမှတစ်ယောက်ယောက်အပေါ် စိတ်ယိုင်သွားပါက သူ့အတွက်အဆုံးသတ်ပင်။


ပလ္လင်အတွက် ပထမဆုံးနေရာမှပျောက်ကွယ်သွားပါက ယခင်ကဒုတိယနေရာတွင်ရှိနေသူမှာ အလိုအလျောက် အခွင့်အရေးရသွားလိမ့်မည်။ တူညီစွာနှင့် တတိယ၊ စတုတ္တနှင့် ပဥ္စမနေရာမှ ဆက်ခံသူများလည်း အတွေးရိုင်းများ ဝင်လာကြလိမ့်မည်။ ထိုဆက်ခံသူများအား တစ်ယောက်ပြီးတစ်ယောက်ပျောက်ကွယ်သွားရန် ရိဂ်က အပြည့်အဝစွမ်းဆောင်နိုင်စွမ်းရှိသည်။ 


၎င်းက သူနှင့်မိုအန်း၏ဆုံးဖြတ်ချက်ဖြစ်သလို၊ နောက်ဆုံးစကားလည်းဖြစ်၏။


မင်းသားအန်ဒရူး၏ပါးကြွက်သားများမှာ တိတ်တဆိတ် အံကြိတ်ခြင်းကြောင့် အကြိမ်အနည်းငယ်လောက် ရှုံ့တွသွားသည်။ ခဏကြာပြီးနောက် သူအားပါးတရရယ်လာ၏။ 


“ငါက မင်းရဲ့အချစ်လေးနဲ့ နည်းနည်းလေး ပျော်နေရုံတင်ပါ…ငါသူ့ရဲ့ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ကို မှားပြီးအကဲဖြတ်မိလိုက်တယ်…အဲ့အတွက်လည်း တောင်းပန်တယ်”


ထို့နောက် ဝိုင်နီခွက်ကိုကိုင်ကာ အရင်သောက်လိုက်သည်။ သူအသံက တည့်တိုးဆန်နေ၏။


 “လာ…လာ…သောက်ကြ…ငါတို့က မိတ်ဆွေရင်းတွေဖြစ်နေတုန်းပဲ”


“မင်းရဲ့အသည်းအသက်လေး” ဆိုသည့်စကားလုံးများကိုကြားသောအခါ ရိဂ်၏မျက်လုံးများက အလိုအလျောက် ကျန့်ချောင်ကိုကြည့်မိသည်။ မျက်လုံးများလည်း အနည်းငယ်တောက်ပသွား၏။


ကျန့်ချောင်က မကြားသကဲ့သို့ ဝိုင်ခွက်ကိုကိုင်ကာ မင်းသားအန်ဒရူးထံမြှောက်၍ သောက်လိုက်သည်။ ကြက်သွေးနီရောင် ဝိုင်နီများက သူ၏နှုတ်ခမ်းပါးများကို စွန်းထင်းသွားစေပြီး ဖြူဖျော့နေသည့်မျက်နှာလေးကို လှပသည့်အရောင်အသွေးလေး ပေါ်လာစေသည်။ 


သူထိုအချိန်တွင် သာမန်ထက်ကျော်လွန်နေသည့် တည်ငြိမ်မှုကို ခံစားလိုက်ရသည်။ 


အရှက်ခွဲ၊အလှောင်ပြောင်ခံရပြီးနောက် သူထွက်မပြေးခဲ့ချေ။ ထိုအစား ဆက်နေရန်ရွေးချယ်ခဲ့ပြီး ယဥ်ကျေးသည့်အမူအရာချိတ်ဆွဲထားကာ ဤနတ်ဆိုးများနှင့် ဆက်လက်ဆက်ဆံသည်။ အကြောင်းမှာ သူ၏ကိုယ်ပိုင်သိက္ခာက ဒီဆိုလတ်၏ သိက္ခာဖြစ်ကြောင်း သိနေသောကြောင့်ဖြစ်၏။ 


သူအလွန်စိတ်သက်သာစွာရှိနေသည်ကိုကြည့်ရင်း ရိဂ်သည် စိတ်ဝင်စားမှုများဖြင့် နှုတ်ခမ်းများတွန့်ကျိုးသွားပြီးနောက် သူ့ခွက်ကိုမြှောက်၍ ခွက်ချင်းတိုက်လိုက်၏။ သူက ခန်းမထောင့်တွင်ရပ်နေသည့် အိန္ဒိယ ကချေသည်ကို ခေါ်၍အသံနက်နက်ဖြင့် အမိန်ပေးလိုက်သည်။ 


“လာကချည်”


အိန္ဒိယ ကချေသည်လေးတွင် ကောင်းမွန်စွာဖွံ့ဖြိုးနေသည့်ခန္ဓာကိုယ်နှင့် လက်ရှိ ဖြူဖျော့၊ငယ်ရွယ် ပိန်ပါးသည့် ဖက်ရှင်နှင့် မလိုက်ဖက်သည့် ညိုမှောင်သောအသားအရေရှိသည်။ ထို့ကြောင့် သူမက ဆွဲဆောင်မှုပိုစေကာ သူမ၏အလှကို လုံးဝဖော်ပြပေးနိုင်သည့် အင်္ကျီနှင့် စကပ်များကိုဝတ်ဆင်ထားသည့်တိုင် မျိုးရိုးမြင့်တော်တော်များများက သူမ၏အကကို မနှစ်သက်ကြချေ။ 


ပွဲအစမှသည် သူမနှင့်တီးခတ်သူများက ထောင့်အကျဆုံးနေရာတွင်ရပ်နေ၍ အခေါ်ခံရမည်ကို တိတ်တဆိတ်စောင့်နေခဲ့သည်။ 


ရိဂ်၏အမိန့်ကိုကြားသောအခါ သူမ၏မျက်လုံးများချက်ချင်းပြူးကျယ်သွား၏။ အနက်ရောင်အိုင်းလိုင်နာဆွဲထားသည့် ပယင်းရောင်မျက်လုံးများက အလင်းရောင်များဖြင့် တောက်ပလာလေသည်။ အခွင့်အရေးနည်းနည်းလေးသာပေးခံရပါက လုံးဝလှပတင့်တယ်သည့်အကမျိုး ကပြဖျော်ဖြေနိုင်လိမ့်မည်မှန်း သူမကိုယ်သူမသိသည်။ 


သူမက ကခုန်ခြင်းအတွက်မွေးဖွားလာခဲ့ခြင်းဖြစ်၏။


အလင်းကဲ့သို့လျင်မြန်စွာနှင့် သူမနှင့်တီးခတ်သူများက နေရာယူလိုက်ကြသည်။ 


တီးခတ်သူနှစ်ယောက်က သစ်တောထဲမှသမင်ကဲ့သို့ ဗုံကိုတီးခတ်တောသည်။ ကချေသည်လေးက အခင်းခင်းထားသည့် ထိုင်ခုံများဝန်းရံနေသော ကပွဲကြမ်းပြင်သို့ထွက်လာကာ ခြေဖျားထောက်၍ လှည့်လေသည်။ လှည့်နေစဥ်တွင် ရွှေရောင်အနားသတ်များနှင့် ပြည့်နေသည့် စကပ်က ပန်းကဲ့သို့ ပြန့်ကားလာကာ ကောက်ကြောင်းအပြည့်နှင့်ခါးက ပျော့ပျောင်းစွာ ယိမ်းနွဲ့နေပြီး ချက်တွင်အလှဆင်ထားသည့် အပြာရောင်ကျောက်ကလေးက လူတိုင်း၏ အာရုံကိုဖမ်းစားသွားခဲ့သည်။ 


အိန္ဒိယဂီတ၏ပျော်ရွှင်ဖွယ်ကောင်းမှုနှင့် အိန္ဒိယအက၏တက်ကြွမှုများက ဆယ်စုနှစ်ချီနေသည့်ဝိုင်များထက် ပို၍ယစ်မူးဖွယ်ကောင်းသည်။ ထိုရှေးဟောင်းမြေမှ အရာအားလုံးက တက်ကြွမှုများနှင့် ပြည့်နေသလိုပင်။ 


မင်းသားအန်ဒရူးနှင့်သူ၏အပေါင်းအပါများသည် အံ့ဩမှုများဖြင့် မှင်သက်နေကြပြီးနောက် ညှို့ယူဖမ်းစားခံလိုက်ရသည်။ စောစောက မသာမယာဖြစ်နေမှုများက အနောက်တွင်ကျန်ခဲ့တော့သည်။ 


အားပေးသံ၊ လက်ခုပ်သံ၊လေချွန်သံများနှင့် တံတွေးမျိုးချနေသည့်အသံများက ပွဲ၏လေထုကိုအထွတ်အထိပ်သို့ ခေါ်ဆောင်သွားလေသည်။ ဧည့်သည်များအားလုံး စုဝေးလာကာ ခုန်ပေါက်၍လှည့်ပတ်နေသည့် ကချေသည်လေး၏ စွဲမက်ဖွယ်ကောင်းမှုကို ကြည့်လာကြသည်။ 


အခန်းထဲမှ တည်ငြိမ်ပြီးမူးမနေသည့်လူနှစ်ယောက်မှာ ကျန့်ချောင်နှင့်ရိဂ်တို့သာဖြစ်သည်။ 


“ကိုယ့်ကိုကိုယ်ထိန်းထားဦး” ထိုအခါမှသာ ရိဂ်က အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကိုထုတ်၍ ကျန့်ချောင်ဆီကမ်းလိုက်သည်။


ပြောလိုက်ချိန်တွင် အရက်ခွက်ကိုတစ်ကျိုက်ကျိုက်ပြီး ကျန့်ချောင်ကို လုံးဝစိတ်မဝင်စားနေသည့်အလား သူ့မျက်လုံးများက ကချေသည်လေးအနောက်သို့လိုက်နေသည်။ တကယ်တမ်းတွင် သူ တစ်ဖက်လူကို သေချာကြည့်၍ ထိခိုက်သွားလားဟု ခန္ဓာကိုယ်ကိုသေချာစစ်ဆေးကြည့်ချင်မိ၏။ သို့သော် ထိုသို့လုပ်လိုက်ခြင်းက အကျိုးအမြတ်လည်းမရှိသလို၊ ကျန့်ချောင်အားပို၍အရှက်ရစေလိမ့်မည်ကို သူသိသည်။ 


ကျန့်ချောင်အခုအလိုအပ်ဆုံးက သူ၏အာရုံစိုက်မှုနှင့်ဂရုစိုက်မှုများမဟုတ်ဘဲ လျစ်လျူရှုမှုများဖြစ်ကြောင်းကိုလည်း သူသိသည်။ 


မည်သူကမှ သူတို့၏ဒဏ်ရာများကို အခြားသူများအား မပြသလိုချေ။ 


ကျန့်ချောင်က လက်ကိုင်ပုဝါလေးကိုယူ၍ နဖူး၊ နှာခေါင်းနှင့် ဂုတ်ပိုးများမှချွေးများကို ဖြေးညင်းစွာ သုတ်လိုက်သည်။ သူမည်မျှရှက်ရွံ့နေလဲသူသိပြီး ရိဂ်ကသူ့ကိုမကြည့်သည့်တိုင် သူ၏အပြုအမူများက သူ့ကိုလုံခြုံမှုများ ပေးစွမ်းနေ၏။


မခံမရပ်နိုင်ပိုဖြစ်လေ၊ သူအခြားသူများ၏ သတိထားခြင်းမခံချင်လေဖြစ်သည်။ ၎င်းက ကိုယ့်ကိုကိုယ်ကာကွယ်သည့် ပင်ကိုစရိုက်ဖြစ်၏။


ကချေသည်များက အားပါးတရကခုန်နေကြကာ မည်သူကမှ ကျန့်ချောင်ကိုကြည့်မနေကြချေ။ 


ထို့ကြောင့် ခန်းမတစ်ခုလုံးတက်ကြွသော်လည်း ဤတိတ်ဆိတ်နေသည့်နေရာ၌ ကျန့်ချောင်သည် ကိုယ့်ကိုကိုယ် သတိပြန်ကပ်၍ သူ့သိက္ခာကိုဖြေးညင်းစွာပြန်ထိန်းနိုင်ခဲ့သည်။ 


“ဒီနေ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်” ခဏကြာပြီးနောက် အသွင်အပြင်မှာတစ်ဖန်ပြန်၍ သပ်သပ်ရပ်ရပ်နှင့် ကျော့ကျော့ရှင်းရှင်းဖြစ်လာသည့် ကျန့်ချောင်က တိုးတိုးလေးပြောလာသည်။


 “အရှင့်ရဲ့ လက်ကိုင်ပုဝါ…”


ရိဂ် သူ့စကားကိုဖြတ်လိုက်၏။ “လွှင့်ပစ်လိုက်လို့ရတယ်”


လက်ကိုင်ပုဝါလေးက ကောင်းမွန်သည့်ပိုးသားဖြင့်လုပ်ထားကာ အစလေးတစ်စကပင် ရွှေဒင်္ဂါးများစွာ တန်သည်။ ၎င်းက မိသားစုတစ်စုအား တစ်နှစ်စာကျွေးမွေးရန်လုံလောက်၏။


ခြိုးခြံချွေတာတတ်သည့် ကျန့်ချောင်မှာ လွှင့်မပစ်ချင်ဖြစ်နေသည်။ သူက ဂရုတစိုက်နှင့် သေးငယ်ပြီးလေးထောင့်လေးဖြစ်အောင် ခေါက်၍ အတွင်းဘက်အိတ်ကပ်ထဲသို့ထည့်လိုက်သည်။ ထို့နောက် နူးညံ့စွာ ပြောလာ၏။


 “ကျွန်တော်လျှော်ပြီးရင် ပြန်ပေးပါ့မယ်”


ရိဂ်က မျက်လုံးထောင့်မှတစ်ဆင့် အလွန်အသေးစိတ်ကျသည့်လှုပ်ရှားမှုများကို တွေ့လိုက်သည်။ ဘာကြောင့်လဲဟု မပြောနိုင်လိုက်သော်လည်း သူ့နှလုံးသားပေါ်တွင် ပျော်ရွှင်စွာကခုန်နေသည့် ကချေသည်တစ်ယောက် ရှိနေသည်ပုံပင်။ သူက ဝိုင်တစ်ကျိုက်သောက်လိုက်ရင်း အပေါ်ဘက်သို့ တွန့်‌ကွေးနေသည့် နှုတ်ခမ်းများကို ဖုံးကွယ်လိုက်၏။ ထို့နောက် ဂရုမစိုက်ဟန်ဆောင်၍ တည်တည်ငြိမ်ငြိမ်နှင့်ပြောလိုက်သည်။


 “မင်းသဘောပဲ”


ကျန့်ချောင်ခေါင်းညိတ်၍ ရည်ရွယ်ချက်ရှိရှိမေးလိုက်သည်။ “သူတို့ကိုဘာပြောထားတာလဲ…သူတို့က ကျွန်တော့်ကို ဘာလို့ အရှင့်ရဲ့ အသည်းအသက်လေးလို့ထင်နေကြတာလဲ”


ဤဒွိဟဖြစ်စရာစကားလုံးအား သူမျက်မှောင်မကြုတ်ဘဲ မနေနိုင်ချေ။


ရိဂ်၏အပေါ်ဘက်သို့တွန့်ကွေးနေသည့်နှုတ်ခမ်းများမှာ ခဏလောက်တောင့်ခဲသွားပြီးနောက် ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ 


“မင်းကိုငါ့ရဲ့သားကောင်လို့ပြောထားတာ…ငါမငြီးငွေ့သရွေ့ မင်းကို ဘယ်သူမှထိခွင့်မရှိဘူး”


သူက ကျန့်ချောင်ကိုတည့်တည့်ကြည့်၍ လှောင်ပြောင်နေသည့်အသံဖြင့် ပြောလိုက်သည်။


 “အထင်မလွဲနဲ့… ငါကယောက်ျားတွေကို စိတ်မဝင်စားဘူး…ဒီအတိုင်း ကောင်းတဲ့လုပ်ရပ်တစ်ခုလုပ်ခဲ့ရုံတင်…ငါ့ကိုမေးခွန်းထုတ်မယ့်အစား ကျေးဇူးတင်သင့်တယ်လို့ထင်တယ်…ငါ့ကြောင့်သာမဟုတ်ရင် ဒီလူတွေက မင်းကို မျှော့တွေလို တွယ်ကပ်နေတော့မှာ”


ရိဂ်က လူရှုပ်လူပွေတစ်ယောက်ဖြစ်၏။ သူလိုက်ခဲ့သည့်မိန်းမများမှာ အများကြီးဖြစ်သည်။ တစ်ရာမရှိလျှင်တောင် ရှစ်ဆယ်ထက်မနည်းချေ။


ကျန့်ချောင်က သူ၏ချစ်ရေးချစ်ရာကိစ္စများအား မရေမတွက်နိုင်အောင်ကြားဖူးသည်။ ထို့ကြောင့် သူ အထင်လွဲမှားနေခြင်း နည်းနည်းလေးမှမရှိနေချေ။ 


“ကျေးဇူးအများကြီးတင်ပါတယ်…” ကျန့်ချောင်က ထိုအပြာရောင်မျက်လုံးများကို ကြည့်၍ပြောလိုက်သည်။ 


“အရှင်က ကျွန်တော့်ကိုကယ်ပေးခဲ့တာ…အရှင်က ကျွန်တော်ဂရန်းဒဲနဲ့ပိုလ်ဆာမှာတင်တွေ့ခဲ့တဲ့ အကောင်းဆုံးလူမဟုတ်ဘူး…ကျွန်တော့်နယ်မြေဖြစ်တဲ့ ဒီဆိုလတ်မှာတောင် အရှင့်လောက်ကောင်းတဲ့သူ မရှိဘူး”


ခဏရပ်သွားပြီးနောက် သူကနှိုင်းယှဥ်မရသည့် စိတ်ရင်းများဖြင့် ပြောလာခဲ့သည်။


 “အခုအချိန်မှာ ကျွန်တော့်ရဲ့ ကျေးဇူးတရားကိုဖော်ပြနိုင်မယ့် စကားလုံးတွေမရှိပါဘူး…အရှင်နဲ့ တွေ့ဆုံရတာက ကျွန်တော့်ရဲ့နိမ့်ကျတဲ့ ဘဝမှာ အကောင်းဆုံးကောင်းချီးတစ်ခုပါပဲ”


ရိဂ်အတွက် မည်မျှပြင်းပြင်းထန်ထန် ခုန်လှုပ်နေကြောင်း သက်သေပြရန် သူက နှလုံးသားနေရာအား သေးသွယ်သည့်လက်ချောင်းထိပ်လေးများဖြင့်ထိလိုက်သည်။ မြူခိုးလွှာဖုံးအုပ်နေတတ်သည့် သူ၏မည်းနက်နေသည့်မျက်လုံးက ယခု ရိဂ်ကိုကြည့်သောအခါ ဖျော့တော့သည့်အလင်းရောင်လေးဖြင့် တောက်ပနေ၏။


ပျားရည်လိမ်းကျံထားသကဲ့သို့ စကားလုံးများကိုကြားပြီး ထိုမျက်လုံးများထဲမှ သလင်းကျောက်ကဲ့သို့တောက်ပမှုများကို တွေ့လိုက်ရသောအခါ ရိဂ်၏ ဦးနှောက်သည် ပရမ်းပတာအခြေအနေသို့ ရောက်ရတော့သည်။


ကချေသည်၏လှပသည့်ခန္ဓာကိုယ်၊ တီးခတ်သူများကို ဗုံသံနှင့် သူတို့ပတ်ပတ်လည်မှ လူများ၏ ရယ်မောသံနှင့် အားပေးသံများက ညအမှောင်၏ဝါးမျိုးခြင်းခံလိုက်ရသည့် ကောင်းကင်လိုပင် အာရုံမခံနိုင်တော့သည်အထိ တဖြည်းဖြည်းပျောက်ကွယ်လာခဲ့သည်။ သူ့မျက်လုံး၊ နားနှင့် နှလုံးသားတွင် ကျန့်ချောင်၏ ပုံရိပ်နှင့်အသံများကသာ ကျန်နေခဲ့သည်။ 


ခဏလောက်တောင့်ခဲသွားပြီးနောက် သွားစွယ်အား လျက်လိုက်သည်။ လျစ်လျူရှုခြင်းများကို ဆက်ထိန်းထား၍ သူပြောလိုက်၏။ 


“အရှင်မြို့စား…မင်းက လူတစ်ယောက်ကို ဘယ်လိုမြှောက်ပင့်ရမလဲဆိုတာ သိတာပဲ”


“ကျွန်တော်ပြောလိုက်တဲ့စကားလုံးတိုင်းက ကျွန်တော့်နှလုံးသားထဲကလာတာပါ” ကျန့်ချောင်က လက်ချောင်းများကို သူ့ရင်ဘတ်ပေါ်သို့ညင်သာစွာဖိလိုက်ပြန်သည်။


စိတ်ပျက်အားလျော့ခြင်းဆိုသည့်ချောက်နက်ထဲသို့ကျတော့မည့်အချိန်တွင် ရိဂ်ကသူ့အပေါ်သို့ နွေးထွေးသည့် အလင်းရောင်လေး ဖြန့်ကျက်ပေးခဲ့သည်ကို မည်သူမှမသိနိုင်ချေ။ ထိုအလင်းတန်းကို ကုပ်တွယ်ရင်း အကြောက်တရားမှနိုးထရန် ၎င်း၏စွမ်းအားကိုအသုံးပြုခဲ့ချိန်၌ ကျေးဇူးတင်လွန်း၍ ငိုမတတ်ပင်ဖြစ်ခဲ့သည်။ 


ထိုအကြောင်းကိုတွေးရင်း ကျန့်ချောင်သည် ရိဂ်အား ပို၍လေးနက်စွာဖြင့် ကြည့်လာခဲ့သည်။ 


ဤလူက သူ့မျက်လုံးထဲတွင် တောက်ပနေ၏။


ရိဂ် တကယ်ကို သည်းမခံနိုင်တော့ချေ။ ဖြစ်နိုင်ပါက သူ့နဖူးအား နှစ်သိမ့်မှုများဖြင့် ဖိကိုင်ထားချင်မိသည်။


အကြောင်းမှာ ထိခိုက်လွယ်ကြသည့်တိရစ္ဆာန်လေးများက သူတို့၏စောင့်ရှောက်သူအား သူတို့၏အနက်ရှိုင်းဆုံး နှောင်ကြိုးလေးတစ်ခုအဖြစ် မှတ်ယူကြသည်ကိုသိသောကြောင့်ပင်။ ဘယ်သွားသွား အနောက်မှလိုက်ကာ စိုစွတ်နေသည့်မျက်လုံးဝိုင်းများကလည်း လေးစားခြင်း၊ တောင့်တခြင်းများနှင့် အဆက်မပြတ်ကြည့်နေတတ်ပြီး သူတို့တွင်ရှိသည်မှာ ထိုစောင့်ရှောက်သူတစ်ဦးတည်းအလား ချိုမြိန်စွာအသံပြုကြသေးသည်။


၎င်းက ရိဂ်မည်သို့ လမ်းဘေးကြောင်များ၊ လမ်းဘေးခွေးများနှင့် ကျားသစ်ပေါက်လေးများအား မွေးစားခဲ့ပုံပင်။ ရိဂ်အိမ်သို့ပြန်ရောက်လာတိုင်း သူတို့က အနောက်မှလိုက်ကာ “အာဝူး...အာဝူး” ဟု အော်တတ်သည်။ 


ယခုအချိန်တွင် အရှင်မြို့စား၏မျက်လုံးများက ထိုတိရစ္ဆာန်ငယ်လေးများနှင့် တစ်ထေရာတည်းပင်။


ဆိုးလိုက်တာ...သေစမ်း...ငါ ယောက်ျားတစ်ယောက်အပေါ်မှာ တွယ်ကပ်မနေချင်ဘူး...။


ရိဂ်က နှလုံးသားထဲတွင် ငြီးတွားနေသော်လည်း သူ၏အမူအရာများက “စိတ်မရှည်ခြင်း” နှင့် “ရွံရှာခြင်း” များဆိုသည့် ဆိုးဝါးသောခံစားချက်များနှင့် လုံးဝဆက်စပ်မနေသည်ကို သူကိုယ်တိုင် သတိမထားမိချေ။ 


သူက ကျန့်ချောင်အပေါ် တိုတောင်းပြီးဝတ်ကျေတမ်းကျေအပြုံးလေးပြုံးပြပြီးနောက် ခေါင်းမော့၍ ခွက်ထဲမှ အရက်များအား ကုန်အောင်သောက်ပစ်လိုက်သည်။ သောက်နေရင်းနှင့် အပေါ်ဘက်သို့ အဆုံးစွန်တွန့်ကွေးနေသည့် နှုတ်ခမ်းထောင့်များကို ဖုံးကွယ်ထားလိုက်သည်။ 


ကချေသည်က ကပွဲကြမ်းပြင်တွင် ခုန်ပေါက်နေဆဲဖြစ်ပြီး ပွင့်ဖူးနေခြင်းမှ လုံးဝရပ်တန့်မသွားမည့် ပန်းလေးတစ်ပွင့်ကဲ့သို့ လှည့်ပတ်နေသည်။ ချွေးများက သူမနဖူးမှစီးကျနေပြီး သူမ၏ညိုမှောင်သည့်အသားအရေအား ဆွဲဆောင်မှုပိုစွာဖြင့် တောက်ပနေစေသည်။ သူမက မဖြူဖျော့၊ မပိန်ပါး၊ မငယ်ရွယ်သော်လည်း နတ်ဆိုးတစ်ယောက်ကဲ့သို့ သူမ၌ သေနိုင်လောက်စရာညှို့ငင်ဓာတ်ကို ပိုင်ဆိုင်ထားသည်။ 


မင်းသားအန်ဒရူးက ကခုန်နေသည့်ကချေသည်လေးအား ရင်ခွင်ထဲသို့ ဆွဲသွင်း၍ အရူးအမူးနမ်းတော့သည်။ 


ကချေသည်လေးက ကြမ်းတမ်းသည့်ဆက်ဆံပုံကို တစ်ချက်လောက် တုန်ယင်သွားပြီးနောက် လက်ခံလိုက်သည်။ 


အခြားသောဧည့်သည်များလည်း မျက်စိကျနေသည့်ယောက်ျား၊ မိန်းမများကို ချုပ်နှောင်ကာ ရာဂများကြားထဲ စတင်ပျော်မွေ့ကြတော့သည်။ 


ဘိန်း၏အနံ့ပြင်းပြင်း၊ အရက်များ၏ကြွယ်ဝမှု၊ ရေမွှေးများ၏ချိုမြိန်မှုနှင့် ချွေးများ၏ချဥ်တူးမှုများက ပေါင်းစပ်သွားကာ ပုပ်သိုးဆွေးမြည့်နေသည့်ဟင်းသီးဟင်းရွက်ကဲ့သို့ ရွံရှာစရာအနံ့အသက်အလား လားရာအားလုံးကို ပျံ့လွင့်လာသည်။ 


ပြည့်တန်ဆာမလေးတစ်ယောက်က သူမ၏သေးသွယ်သည့်တင်ပါးများကိုလှုပ်ရမ်း၍ ဆိုဖာဆီသို့လျှောက်လာကာ ရိဂ်၏ရင်ခွင်ထဲသို့ ယိမ်းယိုင်ဝင်လာသည်။ သူမ၏နီရဲနေသည့်မျက်နှာက မည်မျှမူးနေကြောင်းပြနေ၏။ 


အတိတ်တွင်ရိဂ်က ရယ်မော၍ မိန်းကလေး၏ပွေ့ဖက်ကာ စနောက်လိမ့်မည်ဖြစ်သည်။


သို့သော် ဒီနေ့တွင် သူက မျက်နှာတွင် စိတ်မရှည်ခြင်း၊ ရွံရှာခြင်းများနှင့် သူမကိုတွန်းထုတ်လိုက်သည်။


သူက ကျန့်ချောင်ကိုကြည့်၍ အသံနက်နက်ဖြင့်ပြောလိုက်သည်။


 “မြင်လား...ဒါက မင်းရည်မှန်းချက်ဖြစ်တဲ့ အာဏာရဲ့အလယ်ဗဟိုပဲ...သုခဘုံမဟုတ်ဘဲ နွံတစ်ခုသာသာတင်...ဒီနွံထဲသို့ရောက်လာတဲ့ ဘယ်လိုသတ္တဝါမျိုးမဆို၊ နောက်ဆုံးမှာ ထူထဲစေးကပ်ပြီးပုပ်သိုးနေတဲ့ ရွှံ့တွေလွှမ်းတာခံရမှာပဲ...ဒီတော့ မင်းဒီထက် ပိုနစ်မသွားခင် ဒီဆိုလတ်ကိုဖြစ်နိုင်သမျှမြန်မြန်ပြန်ဖို့ အကြံပေးတယ်...ဒီနေရာက မင်းအတွက်မဟုတ်ဘူး”


ပြောနေချိန်တွင် သူ့နှလုံးသားက ရင်ဘတ်တွင် အပေါ်အောက်ခုန်လှုပ်နေကာ ဖျော့တော့သော်လည်း အံ့ဩစရာကောင်းသည့် ယားကျိကျိခံစားချက်လေးက ဖုံးလွှမ်းနေ၏။




👊