Chapter 21
Viewers 1k

👊Chapter (21) 

အရှင်ကကျွန်တော့်ရဲ့ကြယ်လေးပဲ




ကျန့်ချောင်က ရိဂ်၏ကတိတစ်ခုနှင့်တူနေသည့်စကားလုံးများကို ကြားလိုက်သောအခါ မှင်သက်သွားသည်။ တစ်ဖက်လူအား အလွန်ကြင်နာလိမ့်မည်ဟု သူဘယ်တုန်းကမှစိတ်ကူးမထားခဲ့ချေ။ 


ရိဂ်သာ ဂရန်းဒဲတွင်ဆက်နေပါက သူ့အတွက် လုံခြုံမှုကိုယူဆောင်လာလိမ့်မည်မှာ မလွဲဧကန်ပင်။ ထို့ကြောင့် သူ့မျက်ဝန်းနက်များတွင် တောက်ပသည့်အလင်းရောင်လေးဖြန့်ကျက်နေကာ ဤအလင်းရောင်၏ အရင်းအမြစ်က ချောမောပြီး တုနှိုင်းမဲ့သည့်ရိဂ်ထံမှဖြစ်သည်။ 


ယခုတွင် လှည်းတံခါးမှာ တားဆီးမခံထားရသောကြောင့် ဖြည်းညင်းစွာပိတ်လာသည်။ 


ကျန့်ချောင်က တံခါးကိုဆက်ပွင့်နေစေရန် လက်ကိုလျင်မြန်စွာ ဆန့်ထုတ်လိုက်သည်။ ထို့နောက် ကိုယ်ကိုကိုင်း၍ လှည်းအရှေ့တွင်ရပ်နေသည့်ရိဂ်ကို တည့်တည့်ကြည့်လိုက်သည်။


 “ကျွန်‌တော်လည်းအထင်အမြင်မှားနေတာကို ပြင်ချင်တယ်...အရှင်...အရှင်က ခြယ်လှယ်ပြီးရိုင်းပျတဲ့သူမျိုးမဟုတ်ဘူး...အဲ့ဒါတွေနဲ့ဆန့်ကျင်ဘက် အရမ်းဖော်ရွေပြီးချစ်ဖို့ကောင်းတယ်...အရှင်နဲ့သိခွင့်ရတာကျွန်တော်ကံကောင်းတယ်”


ရိဂ်က မျက်ခုံးပင့်၍မာန်ပါပါဖြင့် မေးလိုက်သည်။ “ခြယ်လှယ်တယ်? ရိုင်းပျတယ်? အရှင်မြို့စား...အဲ့ဒါတွေက မင်းတိတ်တဆိတ်တွေးနေတာတွေပေါ့...ကောင်းပြီ...ငါမနက်ဖြန်ကျရင် ဂရန်းဒဲကနေ သွားတော့မယ်...ကံကောင်းပါစေ” ပြောပြီးနောက် ထွက်သွားရန်ပြင်လိုက်၏။


ကျန့်‌ချောင်ကိုကျောခိုင်းလိုက်သည်နှင့် သူ့မျက်နှာတွင် ကျေနပ်နေသည့်အပြုံးတစ်ခုပေါ်လာသည်။ 


ကျန့်ချောင်က အသံမြှင့်၍ အော်လိုက်၏။ “နောက်နေတာလား...အရှင် စကားတွေဒီလိုပြန်ရုတ်လို့မရဘူးလေ...အရှင်က ထို့တပ်စ်က အကြီးမြတ်ဆုံးသူရဲကောင်းတစ်ယောက်ပဲကို”


လူတိုင်းနှင့်အကွာအဝေးတစ်ခုခြား၍နေတတ်သည့်သူက ဤကဲ့သို့ စနောက်သည့်စကားလုံးများကို ဘယ်တုန်းကမှ မပြောခဲ့ချေ။ ရိဂ်က သူ့နှလုံးသားထဲတွင် ထူးထူးခြားခြားနေရာယူထားသည်မှာ သံသယဝင်စရာမရှိပေ။ 


ရိဂ်က လျှောက်လှမ်းနေသည့်ခြေလှမ်းများကိုရပ်လိုက်ပြီး ချွန်ထက်နေသည့်သွားစွယ်ကိုလျက်လိုက်သည်။ ထို့နောက်လှည့်လာ၍ မကျေမနပ်ဖြစ်နေသည့်အသံဖြင့် ပြောလိုက်၏။ 


“အကြီးမြတ်ဆုံးသူရဲကောင်းကြီးက မင်းရဲ့ သကာရည်လောင်းထားတဲ့စကားတွေကို မတွန်းလှန်နိုင်ပါဘူး...ဟုတ်တယ်...ငါနောက်နေတာ... ပျော်လား”


ဟုတ်သည်။ ကျန့်‌ချောင် ပျော်နေ၏။ အပြုံးဆိုသည်ကို လွန်ခဲ့သည့်အချိန်အကြာကြီးကပင် မေ့လျော့နေခဲ့သော်လည်း ယခုအခိုက်အတန့်တွင် သူ့မျက်လုံးများက ကြယ်များထက် တောက်ပနေသည်။ 


ရိဂ်က ထိုကဲ့သို့မျက်နှာလေးလင်းနေသည့်လူကိုကြည့်ကာ မျက်လုံးများကိုညွှန်ပြ၍ ပြောလိုက်၏။ 


“အံ့ဩဖို့ကောင်းလိုက်တာ...မင်းရဲ့မျက်လုံးထဲမှာ ကြယ်တွေရှိတာပဲ”


ကျန့်ချောင် နှစ်ခါမတွေးဘဲပြောလိုက်၏။ “အဲ့ကြယ်က အရှင်လေ”


ရိဂ်: “…”


ရိဂ် ခေါင်းပြန်လှည့်လိုက်ကာ စိတ်ထဲတွင် ငြီးငြူလိုက်၏။ 


‘သေစမ်း...ထို့တပ်စ်မှာသာ ချီးကျူးမြှောက်ပင့်တဲ့ပြိုင်ပွဲကျင်းပမယ်ဆို ဒီအရှင်မြို့စား ဗိုလ်ဆွဲမယ်ဆိုတာ သေချာပေါက်ပဲ...သူ့ဦးနှောက်က စဥ်းစားဖို့တောင်သိပ်မလိုဘူး...ပါးစပ်ဖွင့်လိုက်တာနဲ့ ပျားရည်လွှမ်းနေသည့် စကားလုံးတွေက လျှာကနေလိမ့်ထွက်လာတော့တာပဲ’


ရိဂ် လုံးဝအနိုင်ယူခံလိုက်ရသည်။ သူက စုတ်သပ်ပြီးနောက် ဖိ၍ပြောလိုက်၏။ 


“မင်းလိုအပ်တာကို စိတ်အေး‌အေးချမ်းချမ်းနဲ့လုပ်နိုင်တယ်...ငါဂရန်းဒဲမှာနေပြီး မင်းကိုကာကွယ်ပေးမယ်...ကောင်းပြီ သွားကြစို့”


ပြောပြီးနောက် သူကလက်ကိုဝှေ့ယမ်းကာ သူ့လှည်းဆီသို့လျှောက်သွားတော့သည်။ ထွန်းလင်းနေသည့် အလင်းရောင်များက သူ၏ဖြောင့်မတ်နေသည့် ကိုယ်ဟန်အနေအထားကို ရောင်ပြန်ဟပ်နေပြီး သူ၏အရိပ်ကို ရှည်မျောသွားစေသည်။ 


ဤအရိပ်က တဖြည်းဖြည်းဝေးသထက်ဝေးသွားကာ ဝေဝါးသွားသည်။ 


ကျန့်ချောင် ဘာကြောင့်မှန်းမသိသော်လည်း ဤကဲ့သို့လျင်မြန်စွာခွဲခွာရခြင်းကို မကြိုက်ချေ။ ရိဂ်နှင့် ဆိုဖာပေါ်တွင်ဘေးချင်းကပ်ထိုင်ကာ ‌အေးအေးလူလူဝိုင်အနည်းငယ်သောက်ပြီး စကားစမြည်ပြော၍ အတူအချိန်ကုန်ရသည်ကို သူကြိုက်သည်။ သူ့နှလုံးသားတွင် စိုးရိမ်ကြောင့်ကြမှုများ အဆက်မပြတ်ရှိနေသော်လည်း ထိုကဲ့သို့ ပျင်းရိဖွယ်လေထုက သူ့ကို ‌အေးအေးချမ်းချမ်းရှိစေသည်။ 


ကျန့်ချောင် ညဘက်များကို ကြောက်လန့်၏။ အိပ်စက်ခြင်းက သူ့အား ဆိုးဝါးသည့်အိပ်မက်တစ်ခုပြီးတစ်ခုဆီသို့သာ ခေါ်ဆောင်သွားလိမ့်မည်။ 


ထိုအိပ်မက်များထဲတွင် သူကပိုးပျံကောင်‌လေးကဲ့သို့ အမှောင်ထုဝဲဂယက်ထဲတွင် ချွန်ထက်နေသည့်သွားများနှင့် မကောင်းဆိုးဝါးငါး၏ မျိုချခြင်းကို မခံရခင်အထိ လှည့်လည်နေရလေသည်။ ထိုအဆုံးသတ်မှလွဲ၍ သူ ကောင်းမွန်သည့်အိပ်မက်မျိုး မမက်ဖူးချေ။ 


သူနိုးလာသည့်မနက်တိုင်းတွင် ချွေးများစိုရွှဲနေပြီး နှလုံးသားထဲတွင် တွယ်ကပ်နေသည့်အကြောက်တရားအား အချိန်အတော်ကြာသည်အထိ သက်သာအောင်မလုပ်နိုင်ချေ။ ထို့ကြောင့် ဤအခိုက်အတန့်၏ လုံခြုံမှုနှင့်အေးချမ်းမှုများကို သူအထူးတလည်တန်ဖိုးထားသည်။ 


သူက ရိဂ်အနောက်ကိုလှမ်းအော်လိုက်၏။ 


“ပထမဦးဆုံးညယူပိုင်ခွင့်ကို သုံးပြီးသွားပြီလား”


၎င်းက အရှင်တိုင်း၏ အကြိုက်နှစ်သက်ဆုံးအထူးအခွင့်အရေးဖြစ်သည်။ သူနယ်မြေတွင်ရှိသည့် စုံတွဲတစ်တွဲက လက်ထပ်ရန်အဆင်သင့်ဖြစ်သည့်အခါ မြို့အရှင်က သတို့သမီး၏ပထမဆုံးညကို ယူပိုင်ခွင့်ရှိ၏။


သေချာသည်ကတော့ ဤအကြောင်းအရာက ရိဂ်၏သိချင်စိတ်များကို ဖမ်းဆုပ်သွားသည်။ သူက ချက်ချင်းရပ်သွားကာ ပြန်လှည့်ကြည့်လာ၏။ ထို့နောက် အလွန်ကိုလေးနက်နေသည့်အသံဖြင့် မေးလိုက်သည်။ 


“မင်းရော အဲ့အာဏာကိုသုံးဖူးလား”


ကျန့်ချောင်သာ သုံးပြီးပြီဟုဖြေလာပါက သူစိတ်ပျက်သွားရလိမ့်မည်။ တွေးကြည့်ရုံနှင့်တင် သူ့ဒေါသကို ဖိနှိပ်မထားနိုင်ချေ။ ဒေါသအပြင် မဖော်ပြနိုင်သည့် စိတ်ညစ်ညူးခြင်းများလည်း ပါနေသည်။ 


“မသုံးဖူးဘူး...အရှင်ရော” ကျန့်ချောင်က ရိဂ်အား တိတ်တဆိတ်ကြည့်လိုက်၏။ 


ရိဂ်၏ မျက်နှာထားတင်းတင်းထားမှာ ချက်ချင်းပြေလျော့သွားသည်။ သူက သွားစွယ်ကိုလျက်၍ ပြုံးလိုက်၏။


 “ငါလည်းမသုံးဖူးဘူး” 


“အဲ့ဒါဆို ဖျက်ဆီးပိုင်ခွင့်ကိုရော” ကျန့်ချောင်ဆက်မေးလိုက်သည်။ 


ထို “ဖျက်ဆီးပိုင်ခွင့်” ဆိုသည်က သူ့နယ်မြေအတွင်းရှိ မည်သူမဆို၏ လယ်ကွင်းများ၊ အိမ်များနှင့် စားကျက်များကို ဖျက်ဆီးနိုင်သည့်နယ်မြေအရှင်တစ်ယောက်၏ အာဏာကိုရည်ညွှန်းခြင်းဖြစ်သည်။ မိသားစုတစ်စုကို ဖျက်ဆီးရန်က စကားလုံးအနည်းငယ်နှင့်တင် အရာရောက်၏။


ရိဂ်က ရွံရှာသည့်အမူအရာပြလာကာ လှောင်ရယ်သည့်အပြုံးနှင့်ပြောလိုက်သည်။ 


“မသုံးဖူးဘူး...ဘယ်သူက အကြောင်းအရင်းမရှိဘဲ အဲ့လိုအရာမျိုးလုပ်မှာလဲ...မင်းရော?”


ကျန့်ချောင်ခေါင်းခါလိုက်သည်။ “ကျွန်တော်လည်းမသုံးဖူးဘူး” ထို့နောက် သူဆက်မေးလိုက်၏။ “နင်းချေပိုင်ခွင့်ကိုရောသုံးဖူးလား”


ထို “နင်းချေပိုင်ခွင့်” က ဤသည်ကိုရည်ညွှန်း၏။ မြို့အရှင်တစ်ယောက်က သူ၏ခြေထောက်များ အေးနေလျှင် အစေခံတစ်ယောက်ကို ခုတ်ဖြတ်ဖွင့်၍ သူ့ခြေထောက်အား ထိုအစေခံ၏အစာအိမ်ထဲသို့ထည့်ကာ ကျန်ရှိသည့်သွေးနှင့်ကိုယ်တွင်းအင်္ဂါများ၏ အနွေးဓာတ်ဖြင့် သူ့ကိုယ်သူနွေး‌အောင် ပြုလုပ်ခြင်းဖြစ်သည်။


အစေခံသေသွားသည့်အခါ သူ့ကိုယ်က သူ့သခင်၏ခြေထောက်အောက်တွင် ပြားဝပ်၍ကျန်ခဲ့သည်။ ထို့ကြောင့် ‘နင်းချေပိုင်ခွင့်’ ဟုအမည်တွင်ခြင်းဖြစ်၏။ 


ရိဂ်၏အသံတွင် စက်ဆုပ်ရွံရှာခြင်းများစွာ ပါဝင်နေသည်။


 “အဲ့ဒီအာဏာက သောက်ရေးမပါတာဘဲ...ငါသာ‌အေးနေမယ်ဆို ငါ့ရန်သူတွေရဲ့သွေးနဲ့ပဲ ကိုယ့်ကိုကိုယ် နွေးအောင်လုပ်မယ်...ငါ့လူတွေကိုတော့ မရက်စက်ဘူး...မင်းသုံးပြီးပြီလို့တော့ ငါ့ကိုမပြောနဲ့...မဟုတ်ရင်တော့ ငါတို့ ဘယ်တော့မှ သူငယ်ချင်းဖြစ်နိုင်မှာမဟုတ်ဘူး”


သူ သူရဲကောင်းစိတ်ဓာတ်ကိုယုံကြည်သည်။ အားနည်းကာလက်နက်မဲ့သည့်လူတစ်ယောက်ကို အကြောင်းအရင်းမရှိဘဲ သူဘယ်‌တော့မှမသတ်ချေ။ 


စိုစွတ်နေသည့်မျက်လုံးများနှင့်အတူ ကျန့်ချောင်က ဤရှည်လျားကာ သန်မာသည့်လူကို စိုက်ကြည့်လိုက်သည်။ သူက အလွန်အင်အားကြီးပြီး အလွန်အရိုင်းဆန်၍ရမ်းကားကာ သတ်ဖြတ်ခြင်းတွင် ပျော်မွေ့သည့် သားရဲတစ်‌ကောင်နှင့်တူသည်။ သို့သော် သူ့နှလုံးသားထဲတွင် ညင်သာပြီးဖြူစင်နေသေးသည့် နေရာများကျန်နေသေး၏။ 


အရှင်မြို့စားထံမှ “နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခြင်း” များနှင့် အကြည့်ခံရသောအခါ ရိဂ်သည် မနေနိုင်ဘဲ သူ၏ထုံကျင်နေသည့်ပါးများကို ထိလိုက်သည်။ ထို့နောက် အက်ရှနေသည့်အသံဖြင့် မေးလိုက်၏။


 “ဘာလို့ ငါ့ကိုစိုက်ကြည့်နေတာလဲ...ငါတစ်ခုခုဖြစ်နေလို့လား”


ထိုတောက်ပနေသည့်မျက်လုံးများက အပ်တစ်ချောင်းနှယ် သူ့နှလုံးသားအား ထိုးဖောက်နေကာ ယားယံခြင်းနှင့် နာကျင်ခြင်းများကိုဖြစ်စေ၏။


“ဘာမှမဖြစ်ပါဘူး” ကျန့်ချောင်က ခေါင်းခါ၍ နူးညံ့စွာပြောလိုက်သည်။


 “ကျွန်တော်လည်း ဘယ်တုန်းကမှ အဲ့အာဏာတွေကို မသုံးခဲ့ဘူး...ပြီးတော့ အဲ့ဒါတွေအားလုံးက အရေးမပါတာတွေပဲ...အဲ့ဒါကြောင့် ကျွန်တော် အခု အရှင့်ရဲ့သူငယ်ချင်းဖြစ်လို့ရပြီလား” 


လွန်ခဲ့သည့်ငါးနှစ်က ကျန့်ချောင်သည် ဤခေတ်အခါတွင် သူငယ်ချင်းရလိမ့်မည်မဟုတ်ဟု ခိုင်ခိုင်မာမာယုံကြည်ခဲ့သည်။ အကြောင်းမှာ သူ့ရဲ့အတွေးများ၊ ယူဆချက်များနှင့် တန်ဖိုးများက ဤခေတ်အခါမှ လူများနှင့် မကိုက်ညီသောကြောင့်ဖြစ်သည်။ သူက သဲကန္တာရထဲသို့ကျလာသည့် မီးဖွားလေးတစ်ခုလိုပင်။ လောင်စာအဖြစ် မြက်ခြောက်မရှိဘဲ ခေတ်သစ်လူထုအဖွဲ့အစည်းဆိုသည့်မီးတောက်ကို အစပျိုး၍ မရနိုင်ချေ။ 


သူလုပ်နိုင်သည်က သူ့ကိုယ်သူကမ္ဘာကြီးနှင့် ဝင်ဆံ့ရန်အကောင်းဆုံးကြိုးစားရုံသာ။ ညတိုင်း သူ့ကိုယ်သူ ‘ကျန့်ချောင်...မင်းကသာမန်လူတစ်ယောက်ဆိုတာကို မေ့ပစ်လိုက်လို့မရဘူး...မင်းကမြို့အရှင်တစ်ယောက်မဟုတ်ဘူး...သေခြင်း၊ရှင်ခြင်း အာဏာတွေကို ကြိုက်သလိုသုံးလို့မရဘူး’ ဟု တိတ်တဆိတ်ပြောလေ့ရှိသည်။ 


အာဏာက လူများအား ဆွဲဆောင်သလိုပြောင်းလည်းပြောင်းလဲစေသည်။ သူသာ အကယ်၍ အာဏာအသုံးပြုခြင်း၏ သာယာခြင်းထဲသို့ကျရောက်သွားပြီး စွဲလမ်းလာပါက တစ်နေ့တွင် သူမကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားလိမ့်မည်။ 


ထိုကဲ့သို့သောမကောင်းဆိုးဝါးများကို ဂရန်းဒဲ၊ ပိုလ်ဆာနှင့် သူဖြတ်သန်းလာခဲ့သည့် အခြားသောမြို့များ၏ နေရာပေါင်းစုံတွင် တွေ့နိုင်သည်။ 


သို့သော် ရိဂ်ကတော့ ကွာခြားသည်။ ဤခေတ်အခါတွင် သူကခြွင်းချက်တစ်ခုဖြစ်နေ၏။


“ကျွန်တော် အရှင့်ရဲ့သူငယ်ချင်းဖြစ်ချင်တယ်” ကျန့်ချောင်က လက်ဆန့်ထုတ်ပေးလိုက်သည်။ သူက ဖြေးညင်းစွာ ပြောလိုက်၏။ 


“ဒီလို ဆန္ဒမျိုးရှိလာတာက ကျွန်တော့်ဘဝမှာ ပထမဆုံးပဲ...ကျွန်တော် သူငယ်ချင်းတစ်ယောက်လိုချင်တယ်...ပြီးတော့ အဲ့သူငယ်ချင်းကလည်း အရှင်တစ်ယောက်ပဲဖြစ်နိုင်တယ်”


ခဏလောက်ရပ်သွားပြီးနောက် သူဂရုပြု၍မေးလာသည်။ “ဖြစ်နိုင်လား” 


ရိဂ်: “…”


သူ့နှလုံးသားထဲမှ ပင်အပ်နှင့်အပ်များ၏ခံစားချက်များက လေးလံသည့် ထုရိုက်ချက်များအဖြစ် ပြောင်းလဲသွားသည်။ အရှင်မြို့စားပြောလိုက်သည့် စကားလုံးတိုင်းအတွက် သူ့နှလုံးသားက မည်မျှ ပြင်းပြင်းထန်ထန် ခုန်လှုပ်နေကြောင်း မည်သူမှမသိချေ။ 


တောထဲမှ သမင်ငယ်လေး၏မျက်လုံးဝိုင်းများက သူ့ကိုတိတ်တဆိတ်ကြည့်သည့် ဤလူ၏မျက်လုံးများထက် မထက်သန်ချေ။ ရိဂ်အကြည့်လွှဲလိုက်ကာ တိတ်တဆိတ်သက်ပြင်းချလိုက်၏။ ထို့နောက် အနောက်သို့ ပြန်လှည့်၍ လေထဲတွင်ခေါင်းမာမာနှင့်ရှိနေသည့် အရှင်မြို့စား၏လက်ကိုယူလိုက်သည်။ 


ဖြူဖျော့ပြီး သေးသွယ်သည်လက်ကလေးက သူစိတ်ကူးထားသည့်အတိုင်း ခံစားရသည်။ ထိုလက်ကိုကိုင်ထားရခြင်းက နူးညံ့သိမ်မွေ့ပြီးထိခိုက်လွယ်သည့် တိမ်ကိုကိုင်နေရသလိုပင်။ 


ရိဂ်က သူ့လက်အားကိုလျင်မြန်စွာလျှော့၍ ထိုလက်ကို နှစ်ကြိမ်ခါလိုက်ကာ တိုးညှင်းသည့်အသံဖြင့် ပြောလိုက်သည်။


 “အခုငါတို့ သူငယ်ချင်းတွေဖြစ်သွားပြီ” 


ထိုစကားက ကျန့်ချောင်အား ကျေနပ်နေသည့်အမူအရာတို့ဖြစ်ပေါ်လာစေ၏။


သူ့မျက်လုံးများတောက်ပသွားသည်ကိုမြင်သောအခါ ရိဂ်ပြုံးလိုက်သည်။ 


“ကဲ...သွားဖို့အချိန်ကျပြီ သူငယ်ချင်း...တော်တော်နောက်ကျနေပြီ” သူက မှောင်မိုက်နေသည့်ကောင်းကင်ကြီးက ညွှန်ပြ၍ ပြောလိုက်၏။


သို့သော်လည်း ကျန့်ချောင်က မခွဲချင်ဖြစ်နေသေးသည်။ 


သူကမျက်လွှာချ၍ ခဏလောက်တွေးလိုက်သည်။


 “အရှင်သိလား...ကျွန်တော့်ရဲ့ ဝင်ငွေအများဆုံးက ဒီဂရန်းဒဲက ဆိုင်ကနေပဲလာတာ...အဲ့ဆိုင်ကရတဲ့ ဝင်ငွေတွေကို သာမန်လူတန်းစားတွေအတွက် ကလေးထိန်းဌာနတွေ၊ ကျောင်းတွေ၊ ဘိုးဘွားအိမ်တွေနဲ့ အထောက်အပံ့အားလုံးပြန်ပေးရတယ်...မြို့စားအိမ်တော်တင်မကဘဲ ကျွန်တော့်လူတွေကိုပါ ထောက်ပံ့နေရတာ...ဒါကြောင့်လည်း အရင်က အရှင်ပူးပေါင်းဖို့ပြောလာတုန်းက ငြင်းလိုက်ရတာ”


ရိဂ်က သူတို့ပထမဆုံးတွေ့ဆုံချိန်မှ သဘောထားကွဲလွဲမှုအား မေ့ပျောက်လုနီးနီးဖြစ်နေခဲ့သည်။ ခဏလောက် သူမှင်သက်သွားပြီးနောက် သတိရသွားသည့်အမူအရာဖော်ပြလာ၏။


“အဲ့ကိစ္စကပြီးသွားပြီပဲ...အဲ့နေ့ကိုပြန်သွားမယ်ဆိုရင်တောင် ငါပြောခဲ့တာကိုပဲ တစ်ထပ်တည်းပြန်ပြောမှာ...အတည်မယူလိုက်နဲ့” သူက လက်အား လျစ်လျူရှုလျက်ဝှေ့ယမ်းပြလိုက်သည်။ 


ကျန့်ချောင်က ကိုယ်ကိုကိုင်း၍ သူ့မျက်လုံးများထဲသို့ကြည့်ကာ ဂရုတစိုက်ဖြင့် ပြောလိုက်သည်။ 


“အကယ်၍ အရှင်သာ ဂလော်ရီယာရဲ့ မြို့အရှင်အားလုံးကို ထိန်းချုပ်နိုင်ပြီး မြို့တစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့ လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်တော် အရှင်နဲ့ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်...ကျွန်တော်တို့ရဲ့ဆိုင်တွေကို အတားအဆီးမရှိဘဲ ဂလော်ရီယာရဲ့နေရာတိုင်းမှာ ဖွင့်နိုင်မယ်ဆို ကျွန်တော့်လူတွေကို အမြတ်ငွေ ငါးဆယ်ရာခိုင်နှုန်းနဲ့တင် ကျွေးမွေးထောက်ပံ့လို့ရပြီ”


အလွန်အမင်းရဲတင်းသည့် ဤခွင့်တောင်းချက်က ရိဂ်ကိုတောင့်ခဲသွား‌စေ၏။


ကျန့်ချောင် ချက်ချင်းဆက်ပြောလိုက်သည်။ “ကျွန်တော်က အကယ်၍လို့ပြောတာပါ” ထို့နောက် ကောင်းကင်ကိုကြည့်၍ သက်ပြင်းချလိုက်သည်။ 


“ဒါဆို နှုတ်ဆက်ပါတယ် သူငယ်ချင်း...အရှင်နဲ့ တွေ့ဆုံရတဲ့ အချိန်တွေက အမြဲတမ်းတိုတောင်းတယ်...ပြန်တောင်မပြန်ရသေးဘူး နောက်ထပ်တွေ့ဖို့ကို မျှော်လင့်နေမိပြီ”


ထိုစကားလုံးများက နှလုံးသားမှလာခြင်းဖြစ်သည်။ ဖြစ်နိုင်ပါက ကျန့်ချောင် ရိဂ်နှင့်နေချင်မိသည်။ မိုးလင်းမှမိုးချုပ် စကားပြောကာ သဘာဝကျစွာနှင့်အိပ်ပျော်သွားချင်သည်။ ဤနည်းဖြင့် အိပ်မက်ဆိုးမှ သူ‌‌အေးအေးချမ်းချမ်း လွတ်မြောက်နိုင်လိမ့်မည်။ 


ရိဂ်က အင်အားကြီးသည့်စွမ်းအင်ကိုလွှတ်ထုတ်တတ်ပြီး ထိုစွမ်းအင်ကို ကျန့်ချောင်အလိုရှိသည်။ 


ရိဂ် အနောက်ဘက်သို့ဆုတ်သွားသော်လည်း ဒီတစ်ခေါက်တွင် ကျောမခိုင်းချေ။ အရှင်မြို့စားအား သူ့နောက်ကျောကို မပြချင်ပေ။


မြို့စားပြောလာသည့် နှုတ်ဆက်စကားများက လူတစ်ယောက်၏နှလုံးသားကို ကိုင်လှုပ်နိုင်သည့် အင်အားစစ်စစ်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။


“ငါတို့ရဲ့နောက်တစ်ခေါက်တွေ့ဆုံတာက သုံးရက်အတွင်းဖြစ်လိမ့်မယ်...ငါမြို့စားကြီးနန်းတော်မှာ ပွဲတစ်ခု လုပ်ဖို့ရှိတယ်...မြေကောင်းကောင်းနဲ့ သူတို့စားနိုင်တာထက်ပို၍အစားအသောက်တွေရှိတဲ့ မြို့အရှင်တွေအများကြီးကို ဖိတ်မယ်...ပြီးရင် မင်းနဲ့သူတို့ကိုတစ်ယောက်ချင်းလိုက် မိတ်ဆက်ပေးမယ်...သူတို့ရဲ့ မြေတွေက အစားအစာလုံလုံလောက်လောက် ဆွဲနိုင်၊မဆွဲနိုင်ကတော့ မင်းရဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်တယ်”


ရိဂ်က လက်ညှိုးနှင့်လက်ခလယ်ကိုပူး၍ မျက်ခုံးထောင့်သို့ကပ်ကာ အလေးပြုသည့်ဟန်ပန်လုပ်၍ အပြုံးလေးနှင့် ပြောလိုက်သည်။ 


“ဒီတစ်ခေါက်တော့ တကယ်နှုတ်ဆက်ပြီ...ဒီည အိပ်မက်ကောင်းကောင်းမက်ဖို့ ဆုတောင်းပါတယ်”


ဤဆုတောင်းက ကျန့်ချောင်အတွက် ကြီးမားလွန်းသည်။ ထို့အပြင် ပွဲကလည်း သူ၏အကြီးမားဆုံး စိုးရိမ်ပူပန်မှုကို ကူ၍ဖြေရှင်းပေးလိမ့်မည်။


သူက လှည်းပြတင်းပေါက်မှ ခေါင်းထွက်၍ ရိဂ်အားပြောလိုက်သည်။


 “အရှင်က ကျွန်တော့်ရဲ့ သူငယ်ချင်းတင် မဟုတ်ဘူး...အကောင်းဆုံး၊ အကောင်းဆုံးသူငယ်ချင်းပဲ”


မူကြိုက‌လေးတစ်ယောက်လိုပင် ကျန့်ချောင်က သူ၏စိတ်လှုပ်ရှားမှုများအား နာမဝိသေသနအားနှစ်ကြိမ်ထပ်ပြော၍ ဖော်ပြလိုက်သည်။


သူ့ကိုတုံ့ပြန်လာသည်က ရိဂ်၏ တောက်ပပြီးပျော်ရွှင်နေသည့်အပြုံးလေးဖြစ်၏။


သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ချိန်၌ သူတို့မျက်လုံးများ တောက်ပနေသကဲ့သို့ ညအမှောင်ထုထဲတွင် ကြယ်များက သူတို့ခေါင်းပေါ်၌ တောက်ပနေလေသည်။



👊