ဝင်ဆာ့ကို
ဖက်လို့ဝကာမှ သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
“အပြင် က
ပင်လယ်မွန်းစတားကြီး ဘယ်ရောက်သွားလဲဟင်”
ဝင်ဆာ
ခဏမျှ တိတ်ဆိတ်သွားပြီးမှ “ဖြေရှင်းလိုက်ပြီ”
ဟု ပြန်ဖြေလေသည်။
“ငါ
အနက်ရောင်လက်တံကြီးတွေကို တွေ့လိုက်တယ်”
လန်စီ အရမ်းဝမ်းနည်း
နေမိသည်။
“ရေဘဝဲကြီး လိုက်လာ နိုင်လောက်လား။
ငါ့ကို ပြန်ဖမ်းဖို့ရောက်လာဦး မှာလားဟင်”
ဝင်ဆာ
ထပ်မံ တိတ်ဆိတ်သွားပြီး ထူးဆန်းစွာ စကားဆိုလာသည်။
“မလာပါဘူး”
“မင်း ဘယ်လိုသိလဲ”
လန်စီ
မေးခွန်းမေးလိုက်ပြီးနောက် လှမ်းစလိုက်သည်။
“ မင်းက လက်တံကြီးမှ
မဟုတ်တာ”
“အဟမ်း”
ဝင်ဆာ
ချောင်းဟန့်လိုက်ပြီး လန်စီ့ ငါးအမြီး ကို ငုံ့ကြည့်လိုက်သည်။
“မင်း ဒဏ်ရာရထားတာပဲ ။ ငါ
အပြင်ခဏသွားပြီး မင်းကိုဆေးထည့်ပေးဖို့ ဆေးပင်တွေ သွားရှာလိုက်ဦးမယ်”
“နေဦး”
လန်စီ
ဝင်ဆာ့ကို ချက်ချင်းလှမ်းဆွဲလိုက်ကာ ပြန်တွေ့ရလို့ ပျော်နေပြီး ဝင်ဆာ့ကို
အရေးကြီးဆုံး မေးခွန်းတစ်ခု မေးဖို့မေ့နေသည်။
“မင်း ငါ့အတွက် တကူးတက ဒီအထိလာခဲ့တာလား။
ငါမှတ်မိသလောက်ဆို မင်း ပင်လယ်တိမ် မှာ မနေတတ်ဘူး မဟုတ်လား အခုရော အဆင်ပြေရဲ့လား”
ဝင်ဆာ့သည်
စူပါဂျယ်လီငါးကြောင့် ပင်လယ်နက်ဆီ ပြန်ရောက်သွားခြင်း ဖြစ်ပြီး ရောက်ရောက်ချင်း
သူ့ကိုရှာဖို့ ပြန်ထွက်လာတာ ဖြစ်နိုင်သည်။
‘ဝင်ဆာ ကျန်းမာရေး မကောင်းသေးရင်
ဘယ်လိုလုပ်မလဲ။’
‘သူ့ကို လိုက်ရှာရင်း
ဝင်ဆာ့ကို ပိုနေမကောင်းဖြစ်အောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ’
ဝင်ဆာ
တိတ်မြဲတိတ်ဆိတ်နေ၏။
တိတိကျကျ
ပြောရမည်ဆိုလျှင် အဲ့အချိန်တုန်းက သူအိပ်ပျော်ပျော်သွားရသည့် အကြောင်းအရင်းမှာ
ရှုပ်ထွေးနေပြီးသူ
ပင်လယ်တိမ် ကိုသွားခြင်းနှင့် အနည်းငယ်သာ ပက်သတ်မှုရှိသည်။ သူ ပင်လယ်တိမ်တွင်
နေသားမကျခြင်းတော့ မဟုတ်ပေ။
အဲ့အချိန်တုန်းက
လန်စီ အခက်အခဲ ဖြစ်ပြီး လက်လျှော့ကာ လမ်းတစ်ဝက်တွင် နောက်ပြန်ဆုတ်စေရန်
ကြံစည်ခဲ့ခြင်း ဖြစ်သည်။
ဝင်ဆာ စိတ်ထဲတွင်
သူအစီအစဉ် ကိုသေချာချ ထားခဲ့ခြင်းဖြစ်သော်လည်း —
လန်စီက
သူ့အပေါ် အရမ်းကောင်းသည်။ သူ့ငါးလေးသည် လွတ်မြောက်သွားပြီးတာတောင် သူ့ကို ပြန်လာခေါ်ခဲ့သေးသည်။
ဒါကြောင့်
လန်စီ သတိမထားမိအောင် သူအိပ်ပျော်ပျော်သွား သယောင် လုပ်နိုင်လျှင် စိတ်ပူပြီး
သူ့ကို ပင်လယ်နက် ဆီကိုသာ ပြန်ပို့ဆောင်မည်ဟု တွက်ထားသည်။
သို့သော်
ဝင်ဆာ မမျှော်လင့်ထားသည်မှာ လန်စီ၏ ဆည်းဆာပင်လယ်အော်အပေါ် စိတ်ဝင်စားနေမှုသည်
သူထင်ထားသည်ထက် ပို၍နက်နဲနေခဲ့လေ၏။
ပို၍မထင်မှတ်ထားသည်မှာ
ပင်လယ်နက်ဆီသို့ သူ့ကို ပြန်လည်ခေါ်ပေးနိုင်သည့် အနီးအနားတွင် ဖြတ်သန်းသွားသော
စူပါဂျယ်လီငါး
ရှိနေခြင်းပင်။
ဝင်ဆာ
ပင်လယ်နက်၌ နိုးလာသည့်အချိန်တွင် သူ၏ရှေ့တွင် လန်စီ့အစား အဲအူကြောင်ကြောင်
ဂျယ်လီငါးကိုသာ တွေ့လိုက်ရသည့်အတွက် သူ့ရှေ့မှ ထိုဂျယ်လီငါးကို တစ်စဆီ
ဆွဲမဖြဲရုံတမယ် ဖြစ်သွားရ၏။
စိတ်တိုနေသော
ဝင်ဆာ တဖြည်းဖြည်း စိတ်ငြိမ်သွားပြီးနောက်တွင် သူ့ ကံကြမ္မာ ကို ရယ်ချင်မိသည်။
ဒါက
တကယ်ကို ကိုယ့်ခေါင်းပေါ် ကိုယ်ပစ်တဲ့ ခဲ ပြန်မှန်တာပင်။
ထို့နောက်
ရက်အနည်းငယ် ကြာပြီးနောက်တွင် လန်စီ့ကို ဆည်းဆာပင်လယ်အော် တွင် ပြန်ရှာတွေ့ခဲ့သည်။
သူ့ငါးလေးကို
ပြန်တွေ့ခွင့်ရတာ အရမ်း အရမ်းကို ပျော်သည်။
သူ့ရဲ့ငါးလေးကလည်း
သူ့ကို မြင်တဲ့အခါပျော်ရွှင်ဝမ်းသာသွားတာကို တွေ့ရတာလည်း အရမ်း အရမ်းကိုပျော်နေလေသည်။
သူ့ ငါးပေါက်လေးက
သူ့ရဲ့ကျန်းမာရေး ကို စိတ်ပူပေးနေသည်ကိုလည်း အလွန်ပျော်မိသည်။
ဝင်ဆာ က
သူ့ရဲ့ အရင်က ဆုံးဖြတ်ချက်မှာ အဓိပ္ပာယ်မရှိခဲ့သည် ကို ခံစားမိသည်။
“ငါ အတော်လေး သက်သာသွားပါပြီ”
ဝင်ဆာက “ ငါအခု ကျန်းမာရေးပြန်ကောင်းနေပြီ အရင်လိုအခြေအနေ ပြန်မဖြစ်တော့ဘူး”
ဟု ပြောလိုက်သည်။
“တကယ်လား”
လန်စီ
ဝင်ဆာ့အပေါ် သံသယ ဝင်နေဆဲပင်။
“ငါ မင်းအမြီးကို
ကြည့်နေတာ”
“ငါတကယ် ဘာမှမဖြစ်တော့ဘူး”
လန်စီ က
သူ၏ ခါးနားမှ ငါးအမြီးပေါ်ရှိအကြေးခွံလေးများကို လှမ်းထိတွေ့လိုက်သည့်အတွက်
ဝင်ဆာတောင့်တင်းသွားရသည်။
စကားပြောပြီးနောက်
လန်စီ ဘာမှဆက်မပြောနိုင်ခင်မှာပင် လန်စီ့လက်ကို ရှောင်ကာ ဝင်ဆာ က
အခန်းတံခါးဆီမှတစ်ဆင့် အပြင်သို့ လှည့်ထွက်သွားသည်။
လန်စီ
ဝင်ဆာ့ နောက်ကျောကို ကြည့်ရင်း အံ့ဩစွာ မျက်ခုံးများ ပင့်တက်သွားရသည်။
ဆယ့်ငါးမိနစ်ကြာပြီးသည့်အခါ
ဝင်ဆာက အညိုရောင် ရေညှိများသယ်ကာ ပြန်ရောက်လာ၏။
လန်စီ
လှောင်သည့်ဟန်ဖြင့် ဝင်ဆာကိုလှမ်းကြည့်ရင်း ပြောလိုက်သည်။
“မင်းသာ ဒီထပ်နောက်ကျပြီး
ပြန်လာရင် ငါ့ ဒဏ်ရာက သူ့ဟာသူ ကျက်သွားလောက်တော့မှာ”
ရေသူများ၏
အားပြင်းလှသည့် ကိုယ့်ဟာကိုယ်ကုသနိုင် စွမ်းကြောင့် ဒဏ်ရာအနာကျက်သွားသည်မှာ
ကြာလှပြီဖြစ်ပြီး အမာရွတ်သေးသေးလေးသာ ကျန်ရှိနေတော့သည်။ ထိုအမာရွတ်လေးလည်း မကြာခင်
သူ့ဟာသူကြွေကျသွားတော့မည်ဖြစ်သည်။
ဝင်ဆာ : “…”
သူသည်
လန်စီ့ကို ရေညှိများ တည်ငြိမ်စွာ ကမ်းပေးလိုက်ကာ စကားဆို၏။
“ဒါတွေကို အားဖြည့်စွက်စာ
အနေနဲ့ အခုစားလိုက်နော်”
ဒီတစ်ခေါက်တော့
လန်စီ တစ်ယောက်
တိတ်ဆိတ်သွားလိုက်ရသည်။
သူ့ခေါင်းသူရိုက်လိုက်ကာ “ရွှတ်” ခနဲ ရေညှိများကို ယူစားလိုက်သည်။
ရေညှိတွေကို
လန်စီ့ပါးစပ်ထဲ ဝင်အောင်ကျွေးပြီးသည့်နောက် ဝင်ဆာစိတ်ချသွားခဲ့သည်။ သူ့နောက်မှ
နောက်လက်တစ်ဖက်ကိုထုတ်လိုက်၏။
ပြန်ဝင်လာကတည်းက
လက်တွင် တစ်ခုခုကို ဖွက်ထားသလို နောက်ပို့ထားခြင်း ဖြစ်သည်။
“ဒါလေးက တောင်းပန်တာပါ”
ဝင်ဆာ့ လက်ထဲမှာ
ဂျယ်လီလေးလို အရာလေးရှိပြီး ထိုအရာလေးက ဝင်ဆာလက်ကို ဆွဲထုတ်လိုက်သည်နှင့်
တစ်ပြိုင်နက်ထဲ လန်စီ့ဆီသို့ လက်တံနှစ်ဖက် ကို အသုံးပြုကာ တောင်းပန်နေလေသည်။
“ကျွန်တော်
လွန်သွားတဲ့အတွက် တောင်းပန်ပါတယ်။ ချမ်းသာပေးပါ!!!”
ထို့နောက်
သူတို့၏စိတ်ရင်းကို ပြသရန် အတွက် ထိုအရာလေးက အရောင်များကို အနီမှအဖြူ ထို့နောက်
အစိမ်း နောက်ဆုံးတွင် အနီရောင်သို့ ပြောင်းလဲပြလိုက်သည်။
ထိုအရာလေးက ထူးဆန်းကာ
အရောင်စုံ ပြောင်းတတ်သည့် စွမ်းရည်တစ်ခု ရှိသည်။
အဲ့အရာသေးသေးလေးက
လန်စီ့နှလုံးသားဆီကို သူ့လက်တံလေးများဖြင့် အသည်းနှလုံး ရှစ်ခု ပုံစံပြုလုပ်ပြနေလေရာ
ကြည့်ပါဦး၊
စိတ်ရင်းကို ဖော်ပြတဲ့ အမူအယာပဲ။
လန်စီ
မျက်မှောင်ကြုတ်ကာ ထိုအရာကို ခဏတာ ကြည့်နေလိုက်ရင်း အံ့ဩစွာ မေးလိုက်သည်။
“ ဒါက ငါ့ကိုလိုက်ဖမ်းတဲ့
ဝူကျန်းကွေ မဟုတ်လား”
‘ဘယ်လိုလုပ်
ဒီလောက်သေးသွားရသလဲ’
အရင်က ထိုမွန်းစတား၏ကြမ်းတမ်းရူးမိုက်မှုကို
ပြန်တွေးမိရင်း လန်စီ နောက်သို့ ဆုတ်လိုက်သည်။ ပျားတုပ်ခံလိုက်ရသလို ဆတ်ခနဲ ခုန်၍
ဝင်ဆာ့လက်ကို လှမ်းဆွဲလိုက်ပြီး ဝူကျန်းကွေ ရဲ့ ခေါင်းကို ကိုင်ကာ “ဘန်း” ခနဲ နံရံဘက်ကို လှမ်းပစ်ပေါက်လိုက်သည်။
လုပ်ရပ်တစ်ခုလုံးကြောင့်
ရက်စက်ကြမ်းကြုတ်လှချည်ရဲ့ ဆိုသည့် ဝူကျန်းကွေမှာ လွင့်ထွက်သွားလေတော့၏။
ဝူကျန်းကွေ: “…”
စုပ်ခွက်တစ်ခုဖြင့်
နံရံကို လှမ်းစုပ်ကပ်လိုက်ပြီးနောက် အရောင်မျိုးစုံပြောင်းကာ လန်စီ့ကို စိတ်ရှည်လက်ရှည်
ရှင်းပြလာပြန်သည်။
“ဘာကို မွန်းစတားလဲ ငါက
ရေဘဝဲ တစ်ကောင်ကွ။
ငါ့ နာမည်က ကွီရယ်”
“ကွီလို”
လန်စီ
မျက်လုံးကို ပေကလပ်ပေကလပ်လုပ်ကာ ဝင်ဆာ့ကို လှမ်းမေးလိုက်သည်။
“ငါ ခေါ်တာမှန်တယ်မလား”
သူ့ဘာသာ
နာမည် ပြန်ပေးထားသော ပင်လယ်မွန်းစတား ကို လန်စီ ပထမဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်သည်။
ဝင်ဆာ
ခေါင်းငြိမ့်ပြလိုက်သည်။
လန်စီ
ဒီထူးဆန်းတဲ့ အရောင်စုံထွက်နေသည့် ဂျယ်လီပုံစံ အကောင်ကို ကြည့်ပြီး
သူ့မျက်လုံးများ ပြောင်းလဲသွားသည်။
ဒီဝူကျန်းကွေ
က စကားကိုလည်း သေချာပြောတတ်သည့်အတွက် ဉာဏ်ရည်တော်တော်မြင့်သည်ဟု လန်စီ ဝန်ခံရလေမည်။
ဒါနဲ့
ကွီရယ် ဆိုတဲ့နာမည် က…
လန်စီ “ဟယ်ရီပေါ်တာ” ကားထဲက ဗီလိန် ပါမောက္ခ ကွီရယ်
ကိုတောင် တွေးမိသွားသည်။
သူ့ကိုယ်တိုင်
ဗိုဒါမော့နှင့်ပူးပေါင်း
လိုက်သည့်အတွက် နောက်ဆုံး၌ သူ့ခေါင်းအနောက်တွင် မျက်နှာအပိုတစ်ခု ပေါ်လာခဲ့သော ဗီလိန်
ဖြစ်သည်။
“ငါ့နာမည်က ကွီရယ်”
ဝူကျန်းကွေ
သည် ဆည်းဆာပင်လယ်အော်၏ပိုင်ရှင် ဖြစ်ကြောင်း အလေးထား ပြောနေသည်။
လန်စီ
အသိစိတ်ပြန်ကပ်ကာ မေးလိုက်သည်။
“ဒါဆို ဘာလို့ ငါ့ကို
လိုက်ဖမ်းနေတာလဲ”
ကွီရယ်
သူ့လက်တံများကို ပွတ်သတ်လိုက်ပြီး သူ့ရဲ့ ရောင်စုံအရောင်များကို နောက်ဆုံး အနီရောင် တစ်ခုတည်းအဖြစ်
ပြောင်းလဲလိုက်သည်။
အနီရောင်ပေါက်စီလုံးကြီး
၏မျက်နှာတွင် စိတ်အားငယ်ဟန် ပေါ်နေလျက်
“ ငါမင်းကို လူသား လို့ထင်သွားခဲ့လို့”
လန်စီ
ရုတ်တရက်တောင့်သွားသည်။
“ဒါဆို ခင်ဗျားလည်း
ကျွန်တော် မတူကွဲပြားနေတယ်လို့ ထင်တယ်ပေါ့
ဝူကျန်းကွေ
သူခန္တာကိုယ်ကို တွန့်လိမ်လိုက်ပြီး လှေအခန်းငယ် အပြင်ဘက်ကို ကြည့်ကာ
ဝမ်းနည်းကြေကွဲစွာ ပြောပြလာခဲ့သည်။
“ဟုတ်တယ် ၊ ငါ က လူသားတွေ
စမ်းသပ်ကြရင်း ဖြစ်ပေါ်လာတဲ့ ရလာဒ် တစ်ခုပဲ”
ကွီရယ်
ပြောသည့်စကားအရ သူသည် ဓာတ်ခွဲခန်းမှ လူသားများ ရေဘဝဲ နှင့် ကင်းမွန်ကို
ရောနှောမျိုးစပ်ရာမှ မွေးဖွားလာခြင်းဖြစ်သည်။
လူသားတွေရဲ့
စမ်းသပ်ချက်ကြောင့် မွေးလာသော သူသည် လူသားများ၏စမ်းသပ်မှု ထိရောက်သည်ဟူသော
သက်သေဖြစ်ပြီး မျိုးစိတ်သစ်တစ်ခုဖြစ်ပေါ်ရန် မတူညီသော အခြားမျိုးစိတ် များနှင့်
ပေါင်းစပ်မွေးဖွားနိုင်နေပြီဖြစ်သည်။
ဒီစမ်းသပ်မှုသည်
ရေဘဝဲနှင့်ကင်းမွန် ၏ ခန္ဓာကိုယ်ကို သီးသန့်ပေါင်းစပ် စမ်းသပ်ထားခြင်းမဟုတ်ဘဲ
ဒီစမ်းသပ် ခန္ဓာကိုယ်ကို ဉာဏ်ရည် ထက်မြက်စေရန်လည်း ပြုလုပ်ထားခံရသေးသည်။
စူး
မျိုးရိုး အမည်ရှိ သူသည် “ကွီရယ်” ကို
သတ္တဝါနှစ်မျိုး ပေါင်းစပ်ထားတဲ့ ဝူကျန်းကွေ ပုံစံ ဖြစ်အောင် ပြုလုပ်ခဲ့သူဖြစ်သည်။
“ငါက လူသားတွေကို မုန်းတယ်၊
ငါ ဘယ်လောက်ထိ စမ်းသပ်ခံနိုင်လဲဆိုပြီး ငါ့အပေါ် စမ်းသပ်မှုတွေ အများကြီးပြုလုပ်ခဲ့ကြတယ်”
ဒီတစ်ခါတော့
ကွီရယ် ဒေါသထွက်လာပြီး သူ့ရဲ့ရောင်စုံ မီးများက အဖြူနှင့်အမည်း အဖြစ်
ပြောင်းလဲလာကာ အရမ်းလင်းထိန်လွန်းသည့်အတွက် လန်စီ မျက်လုံးများကိုပင်
ကာထားလိုက်ရသည်။
“ကွီရယ် တော်တော့”
လန်စီ
အဆင်မပြေ ဖြစ်နေတာကိုတွေ့ပြီး ဝင်ဆာ မျက်မှောင်ကြုတ်ကာ ရှေ့သို့ဝင်၍
အော်လိုက်ခြင်းဖြစ်သည်။
ကွီရယ်
သူ့ရဲ့ထူးဆန်းတဲ့ ရောင်စုံစွမ်းရည်တွေ ကို ပိတ်ချလိုက်ပြီး စိတ်တိုနေသော အနီရောင်
အလုံးကြီး အနေဖြင့်ပြန်နေ၏။
လန်စီ
ဝင်ဆာ့ ရင်ခွင်ထဲသို့ ခိုဝင်ပုန်းကာ အချိန်အကြာကြီး နားနေလိုက်ရသည်။
ရေသူဖြစ်လာပြီး
အမြင်အာရုံ တိုးတက်လာခဲ့သော်လည်း အကောင်းနဲ့ အဆိုးက ဒွန်တွဲ နေပြီး အရောင်များ
အချိန်တိုအတွင်း ပြောင်းလဲမှု အပေါ်တွင်လဲ လန်စီ အလွန် အထိမခံ ဖြစ်သွားသည် ။
“လူသားတွေက ဘာလို့ဒီလို စမ်းသပ်မှုတွေ
လုပ်ကြတာလဲ”
လန်စီ
နားမလည်နိုင်သည့် အတွက် ဝင့်ဆာကို လှည့်မေးလိုက်၏။ သူဝင့်ဆာကို ပိုယုံသည့်အတွက်
ဝင်ဆာ့ ဆီမှ သူလက်ခံနားလည်နိုင်မည့် အဖြေကို ကြားရရန် မျှော်လင့်သည်။
ဝင်ဆာ
သူ့လက်ကို မြှောက်၍ လန်စီ့ခေါင်းလေးကို ပွတ်သပ်ပေးကာ။ သွေးအေး များပင်
အေးခဲသွားနိုင်စေလာက်သည့် အေးစက်သော အသံ ဖြင့် ပြန်ဖြေသည်။
“လူသားတွေက
ကမ္ဘာကြီးပေါ်မှာ ဒီခန္ဓာကိုယ်ပုံစံအတိုင်း ဆက်နေနိုင်ဖို့အတွက် မဖြစ်နိုင်မှန်း
ကိုရှာတွေ့ထားလို့ပေါ့”
လန်စီ့မျက်လုံးများ
ပြူးကျယ်သွားရသည်။
လန်စီ့မျက်နှာလည်း
ဖြူဖျော့လာကာ ခေါင်းအရမ်း မူးနောက်လာသည့်အတွက် နဖူးပေါ်ကို လက်တင်ကာ ထိန်းထားလိုက်ရသည်။
နောက်ဆုံးတော့
ထိုစကားများသည် လန်စီ စိတ်ထဲ အမြဲရှိနေသော သံသယများကို တစ်စိတ်တစ်ပိုင်းတော့
ရှင်းလင်းပေးနိုင်ခဲ့သည်။
လန်စီ
အရင်က သဘောထားကြီးပြီး အကောင်းမြင်ဝါဒီ တစ်ဦး ဖြစ်ခဲ့သည်။ သင်္ဘောမပျက်ကျခင်က ဖြစ်ပေါ်နေခဲ့သည့်ကိစ္စမှန်သမျှကို
သူ ဂရုမစိုက်ဘဲနေခဲ့ခြင်းသာ။
အင်တာနက်ပေါ်မှ
ပူးပေါင်းကြံစည်မှုသီအိုရီများ ၊ ကမ္ဘာပျက်ကိန်းသီအိုရီများကို မထီမမဲ့မြင်ပြုလျက်
လှောင်ရယ်နေခဲ့သေးသည်။
ကမ္ဘာကြီး
ပျက်ဆီးသွားတော့မှာဆိုတာက တကယ် ဖြစ်နိုင်ပါ့မလား။
လန်စီ အလွန်အမင်းစိတ်ဓာတ်ကျသွားကာ
သူ့အမြီးကို ခွေလိပ်ထားလိုက်သည်။
“လန်စီ”
ဝင်ဆာ က
အမြဲသွက်လက်တက်ကြွနေသည့် သူ့ရဲ့ငါးလေး ဖြစ်သွားသောပုံစံကို ကြည့်ပြီး အနည်းငယ်
စိတ်ဓာတ် ကျသွားရသည်။ သူဖွဖွလေး ရှေ့တိုးသွားပြီး စိတ်သက်သာရာရအောင် ရင်ခွင်ထဲမှာ
ပွေ့ဖက် ထားချင်မိသော်လည်း ရုတ်တရက် ပြုမူလိုက်သော သူ့လုပ်ရပ်က လန်စီ
လန့်သွားမလားဟု စိုးရိမ်မိသည်။
ဝင်ဆာ့လက်က
လန်စီ့လက်မောင်းလေးကို ထိကိုင်လိုက်သော်လည်း သူတွေဝေနေသည့်အတွက် လန်စီက သူ့လက်ကို
တွန်းဖယ်လိုက်သည်။ လန်စီ ဒီအကြောင်းကို အသားကျသွားအောင် အချိန်ခဏ ပေးထားလိုက်သည်။
မမျှော်မှန်းထားသည့်ကိစ္စမှာ
သူ့လက်ကို အဖယ်ခံလိုက်ရသော်လည်း လန်စီက သူ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး
ငါးကလေးက သူ့ ရင်ခွင်ထဲသို့ ဦးအောင် ပစ်ဝင်လာခြင်းပေ။
“ဘာမှမပြောနဲ့ ၊ ငါ့ကို
ဒီတိုင်းလေး အကြာကြီးဖက်ထားခွင့်ပေးနော်”
ဝင်ဆာ :
…
တစ်ဖက်မှ
ကွီရယ်သည် ထိုမြင်ကွင်းကို ကြည့်ရင်း လန်စီ့လုပ်ရပ်များက ထူးဆန်သည်ဟု ထင်သော်လည်း လန်စီ့လုပ်ရပ်ကို ထိုင်ခန့်မှန်းနေမည့်အစား ဒီ
ရေသူထီးတွေရဲ့ နှစ်ယောက်ကြားအချိန်လေးမှ အမြန်လစ်ကာ ရှောင်ထွက်ချင်နေမိသည်။
ကွီရယ်
သူ့လက်တံတစ်ချောင်းကို မ၍ထွက်သွားမည်အလုပ် ဝင်ဆာ့ မျက်ဝန်းနက်က သူ့ကို လှမ်းစိုက်ကြည့်နေတာကို
တွေ့လိုက်ရသောကြောင့်
ကွီရယ်
သူ့ရဲ့ လက်တံများကို ပြန်ရုပ်သိမ်းကာ မီးအိမ်သဖွယ် နံရံတွင် ကပ်နေလိုက်သည်။
ဒီတစ်ခါတော့
ထူးခြားသော စွမ်းရည်ကို သုံးပြီး ပန်းရောင်မီးလုံးလေး အသွင် ပြောင်းလိုက်သည်။
လန်စီ
သူစိတ် အဆင်မပြေသေးမချင်း အကြာကြီး ဆက်ဖက်ထားပြီး ဝင်ဆာ့ရင်ခွင်ထဲမှ မထွက်သေးဘဲ
မေးလိုက်သည်။
“အာ့ဆို အခု လူသားတွေက
ခက်ခက်ခဲခဲ ကြိုးစားနေနေကြရတာလားဟင် “
လန်စီ
သူ့စိတ်ကို သူသေချာ ကောင်းကောင်းပြန်တည်ဆောက်ထားပြီ ဖြစ်သည်။
ဝင်ဆာ
မျက်မှောင်ကြုတ်သွားရသည်။ လန်စီ တွေးနေသည့်အရာများအပေါ် အနည်းငယ်
စိတ်ရှုပ်ထွေးသွားရသော်လည်း အရိုးသားဆုံး ပြန်ဖြေပေးခဲ့သည်။
“အင်း အခု
ပင်လယ်ရေမျက်နှာပြင်က မြင့်တက်လာလို့ ကုန်းပေါ်က လူသားတွေက သဘာဝ ဘေးအန္တရာယ်တွေကော
မျိုးရိုးဗီဇ ပြောင်းလဲမှုတွေကိုပါ ရင်ဆိုင်နေရတဲ့အတွက် အခြေအနေတွေက တော်တော် ဒုက္ခရောက်နေကြတာ”
ကမ္ဘာပျက်ကိန်း
သီအိုရီကြီးက တကယ် မှန်နေသည့်အတွက် လန်စီ သူ့နှုတ်ခမ်းသူ ကိုက်လိုက်မိသည်။
ပြောရရင်တော့
သူ ပြန်နိုးလာပြီးသည့်နောက်တွင် သူ ထူးဆန်းသော ပင်လယ် သတ္တဝါကြီးမျိုးစုံကို
တွေ့သည့်အခါတိုင်း ဒါကို စိတ်တော့ပူနေခဲ့မိသည်။
အခုတော့
ဝင်ဆာက သူ့ကို ပြောပြလာတော့ လန်စီ့ နှလုံးသားက လေးလံနေသော်လည်း ဘာကြောင့်မှန်းမသိ
စိတ်သက်သာရာလည်း ရနေပြန်သည်။
“ဒါပေမဲ့ မင်းနားမှာ
ငါရှိပါသေးတယ်”
လန်စီ
ဘာမှပြန်မပြောသည့်အတွက် ဝင်ဆာ အနည်းငယ် စိတ်ပူသွား၏။ စိုးရိမ်တကြီး ဖြင့် လန်စီ့
အမြီး ကို သူ့အမြီးနှင့်ထပ်ကာ ငြင်သာစွာ ဝေ့ယမ်းလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
“ဒီ ဂြိုလ်ကြီး ဖျက်ဆီးခံလိုက်ရရင်တောင်
ကမ္ဘာကြီး အဆုံးသတ်အထိ မင်းနဲ့တူတူရှိပေးမယ်”
ဒါ..ဘယ်က
အချစ်ဇာတ်လမ်းလေးလဲ
လန်စီ
ဝင်ဆာ့ကို အလန့်တကြား မော့ကြည့်လိုက်သည်။ အမြဲစကားမပြောဘဲ နှုတ်ဆိတ်နေတတ်သော ဝင်ဆာ
က ဒီလိုပုံစံရှိမှန်း မထင်ထားခဲ့ပေ။ အရမ်းချိုမြိန် ကြည်နူးရလွန်းသည့်အတွက် သူပင်
ချက်ချင်း ရှက်သွေးဖြာသွားသည်။
လန်စီက
ဝင်ဆာပြောခဲ့တဲ့စကားကို ရှင်းလင်းစေချင်သည့်အပြင် စကားထဲမှ ထွက်လာသည့် အဓိပ္ပာယ်နောက်တစ်မျိုးကို
လျောချ ချင်သည့်အတွက် အထစ်ထစ်အငေါ့ငေါ့ဖြင့် ဝင်ပြောလိုက်၏
“အင်း ဒါပေါ့ ငါတို့ တူတူရှိကြမယ်လို့
ပြောခဲ့ကြတာပဲ”
မဟုတ်ဘူး
ဒါက သန္တာအရိုးဆီမှာ ရှိနေတုန်းက ပြောခဲ့ကြတာ အဲ့ဒါက ပင်လယ်ထဲမှာ နှစ်ယောက်တူတူ
ကူးခတ်ကြမယ်လို့ ယူဆလို့ရခဲ့တာ။
အဓိပ္ပာယ်ကား ဖြူစင်နေခဲ့သည်။
သို့သော် ဒီအခြေအနေ တွင် ပြောခဲ့သော စကားများ တစ်ယောက်နှင့်တစ်ယောက် ဖွင့်ပြောသလို
ဘာလို့ဖြစ်နေတာလဲ
“ဟွန်း ငါးပေါက်လေးတွေများ”
ဘေးမှ
ကွီရယ် ၏ မကျေမနပ်အသံထွက်ပေါ်လာသည်။
သူလည်း
လန်စီနှင့်ဝင်ဆာ တို့ကြားက တစ်ယောက်အပေါ်တစ်ယောက်ထားရှိသည့် မေတ္တာ ကို သေချာပေါက်
ခံစားမိလောက်၏။
ရေသူထီးနှစ်ယောက်လုံး
ကွီရယ့်ကို လှမ်းမကြည့်ဘဲ မနေနိုင်ချေ။
ကွီရယ်က
နံရံမှာကပ်နေရင်း ခဏအကြာတွင် အစိမ်းရောင် သို့ ပြောင်းချလိုက်သည်။ သူ၏နောက်ဆုံးလက်ကျန်
ခေါင်းမာမှု ဖော်ပြသည့်အနေဖြင့် လှေအခန်းတစ်ခုလုံး က ကြည့်ရဆိုးလှစွာ
စိမ်းဖန့်နေ၏။
ငါးလေးနှစ်ကောင်လုံး
တိတ်ဆိတ်သွားသည်။
ဝင်ဆာ
သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ကာ လန်စီ့ကို အတည်ပေါက်ဖြင့်လှမ်းမေးလိုက်သည်။
“ရေဘဝဲလက် တွေစားရတာကို
ကြိုက်တယ်မလား”
လန်စီ
သူ့မျက်လုံးများကို အုပ်ကာပြန်ပြောသည်။
“ငါကတော့ ရေဘဝဲလုံး သေးသေးလေးတွေကို
ပိုကြိုက်တယ်”
တစ်ချိန်တည်းမှာပင်
အစိမ်းရောင်မီးရောင်က ရှက်စိတ်ကြောင့် ရဲနေသည့် သူ့မျက်နှာ ကို ဝင်ဆာ မမြင်နိုင်သည်အတွက်
ဖုံးကွယ်ပေးထားသည့်အတွက် လန်စီ စိတ်ထဲတွင် တိတ်တဆိတ် ကြိတ်ဝမ်းသာမိနေသည်။
လန်စီ
ဘယ်လိုပဲ သတိထားနေပါစေ မတော်တဆ မြင်သွားနိုင်သေးသည်။
ဝင်ဆာ
လန်စီ့ ငါးအမြီးကို လှမ်းကြည့်လိုက်သည့်အခါ—
သူ့အမြီးလေးသည်
ပိုင်ရှင် ရှက်သွေးဖြာနေသည်ကို သိနေသည့်အတိုင်း အထက်အောက် လှုပ်ယမ်းနေသည်။
အမြီးပိုင်ရှင်က
သတိမထားမိပေမဲ့ သူ့အမြီး ကတော့ သူ့အတွင်းစိတ်အစစ်အမှန်ကို ထုတ်ပြနေ၏။
ဝင်ဆာ
မျှော်လင့်ထားတာထက် လန်စီ့တုန့်ပြန်မှုက ပိုကောင်းနေသည်။
ဝင်ဆာ က
လန်စီ့ကို သူ့စိတ်ကို မထုတ်ပြဘဲ ဘယ်လိုသိသွားအောင်လုပ်ရမလဲဆိုတာကို
စိတ်ပူနေခဲ့သည်။ အခုတော့ လန်စီက သိနေသည့်အပြင် မသိစိတ်ထဲမှ လက်ခံသွားပြီ ဖြစ်သည်။
ပြီးတော့
အခု သူ့ကို လှမ်းကြည့်တိုင်း ရှက်သွေးဖြာနေတတ်သည်။
လန်စီ က
မျက်လုံးများကို အုပ်ထားသောကြောင့် ဘာမှမမြင်ရလောက်သည့်အတွက် ဝင်ဆာကျေနပ်သွားကာ
လန်စီ့ နှဖူးလေးကို လှမ်းနမ်းလိုက်သည်။
လန်စီ
လန့်သွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည့်အချိန်တွင် ဝင်ဆာက ဘေးကို ကူးခတ်သွားကာ
မီးရောင်များကို ခဏခဏ ပြောင်းနေသည့် ရေဘဝဲကို ရိုက်ပုတ်နေ၏။
“ဒီကြည်နူးစရာအချိန်လေးက
မင်းရှုပ်လို့ ပျက်သွားရတာ”
လန်စီ
အတန်ကြာ ပိတ်ထားမိသော မျက်လုံးများကို ပွတ်ရင်း သူ့ရှေ့က မြင်ကွင်းကို သေချာ လှမ်းကြည့်လိုက်သည်။
ကွီရယ်သည် တစ်စစီ မဖြစ်ရုံတမယ် အရိုက်ခံနေရလေသည်။
ကွီရယ်
သူရဲ့ အခြားအရောင်များမရှိတော့ဘဲ အနီရောင် ပေါက်စီလုံးသကဲ့သို့ ပြောင်းလဲနေပြီး
အားအင်များကုန်ခမ်းနေသည်။ ထို့နောက် နွမ်းလျစွာ မေး၏။
“ ဒီနေရာမှာ
ဘာလို့ဆက်နေရမှာလဲ???”
ကွီရယ်
ပြောပြီးချက်ချင်း ဘေးမှ ‘စွတ်’ခနဲ
ဓားနဲ့စိုက်လိုက်သကဲ့သို့ စူးရှသောမျက်စောင်းတစ်ခု ကိုခံစားလိုက်ရသည်။
ကွီရယ် ချက်ချင်းထပြုံးကာ အသက်ကိုဝအောင်ရှူ၍ သေချာ ခခယယ ပြန်မေးလိုက်သည်။
“ကျေးဇူးပြုပြီး
ကျွန်တော် ဘာများကူညီပေးရမလဲခင်ဗျာ”
ကွီရယ်
၏ တလေးတစားအပြုအမူကြောင့် လန်စီ နောက်သို့ ဆုတ်လိုက်ရ၏။ သူခဏစဉ်းစားပြီးနောက်
မဝံ့မရဲ လှမ်းမေးလိုက်သည်။
“ကွင်းမယ်ရီ လို့ခေါ်တဲ့
သင်္ဘောတစ်ခုကို ရှာနေတာပါ ၊ ခင်ဗျား အဲ့သင်္ဘောကိုသိလားဟင်”
ကွီရယ်
ဘယ်ကရလာမှန်းမသိတဲ့ ရွှေရောင် မျက်မှန်ကိုင်းကြီးကို ပဲစေ့သဏ္ဍာန်မျက်လုံးရှေ့တွေ ပညာရှိနှင့်တူအောင် ကောက်တပ်လိုက်သည်။
“မင်း လာမေးတဲ့သူ
မှန်သွားပြီလို့ပဲ ပြောချင်ပါတယ်”
ဉာဏ်ကြီးရှင်
အတော်ဆုံးရေဘဝဲကြီး ကွီရယ် ပေါ့။ တကယ် ဉာဏ်ပညာပြည့်ဝတာနော်။