Chapter 94
Viewers 9k

👻Chapter 94



ရှီကျားမှာ အသက်မရှိတော့သည့်အလား အားရပါးရအိပ်မောကျနေခဲ့လေသည်။ မနက်၄နာရီတွင် ဤကဲ့သို့သရဲကားမျိုးကြည့်ရခြင်းက အိပ်ဆေးထက်ပို၍ပင် အကျိုးသက်ရောက်မှုရှိနေခဲ့သည်။ သူ၏ခေါင်းမှာ တချက်တချက်လျှော်ကျနေခဲ့သည်။ ယဲ့ကျင်းကျီမှာ သူ့ကိုခဏခဏလှည့်ကြည့်နေခဲ့ပြီး ကြမ်းပြင်ပေါ်ပြုတ်ကျသွားမည်ကို စိုးရွံ့နေခဲ့လေသည်။


တဖြည်းဖြည်းနှင့် ရှီကျား၏ကိုယ်မှာ ဘေးကိုစောင်းလာခဲ့လေသည်။ သူသတိမထားမိစွာပင် သူ၏ခေါင်းကို ညာဘက်သို့မှီလိုက်မိသည်။ သူ၏ခေါင်းမှာ သက်တောင့်သက်သာရှိနေရာကိုရှာတွေ့သွားပြီးနောက် မျက်နှာနှင့် အနည်းငယ်ပွတ်သပ်ကာ တဖန်ငြိမ်သက်သွားလေတော့သည်။


ဘယ်ဘက်တွင်ထိုင်နေသော ယဲ့ကျင်းကျီ"...." 


ရှီကျားမှာ ထိုင်ခုံနောက်မှီ၏ဘယ်ဘက်အခြမ်းကို ခေါင်းမှီကာ အိပ်စက်နေခဲ့သော်လည်း အကြောင်းတချို့ကြောင့် ဆရာယဲ့မှာ ထိုအတိုင်းမထားနိုင်ခဲ့ချေ။ အဘယ်ကြောင့်ရယ်မသိ သူကိုယ်တိုင်ပင် သက်တောင့်သက်သာမရှိသလိုခံစားရလေသည်။ အစပိုင်းတွင် သူသည်ရုပ်ရှင်ကိုအာရုံစိုက်ရန်ကြိုးစားနေခဲ့သော်လည်း ရှီကျားကိုသာလှည့်ကြည့်နေမိလေသည်။ ထိုသို့ ကြည့်လိုက်လှည့်လိုက်နှင့် ၁၀မိနစ်မျှကုန်လွန်သွားခဲ့သည်။ ကြည့်လေကြည့်လေ သူ၏စိတ်ထဲမှ သည်းမခံနိုင်လေပင်။


အဆုံးတွင် ယဲ့ကျင်းကျီမှာမနေနိုင်တော့ပဲ သူ၏လက်ကိုဆန့်လိုက်သည်။ 


ထိုစဥ် ဖော့ယန်ရုံရှင်ရုံ၏ monitofing (cctv)ခန်းထဲတွင်...


အသက်၂၀အရွယ်လုံခြုံရေးအစောင့်ကလေးမှာ အားရပါးရသန်းလျက် သူ၏ဘေးမှ လုပ်ဖော်ကိုင်ဖက်နှင့် စကားမြည်စများဆိုနေခဲ့ကြသည်။ လက်ဖြင့်မေးထောက်လျက် သူသည် cctv monitorများကို ထိုင်ကြည့်နေခဲ့လေသည်။ သူကဆိုလိုက်သည်။


"ညလယ်ကြီးကို မအိပ်ပဲ ရုပ်ရှင်ထွက်ကြည့်တဲ့လူတွေလည်းရှိသေးတာပဲလား..ကမ္ဘာကြီးကဘာတွေဖြစ်ကုန်ပြီလဲ"


သူ၏လုပ်ဖော်ကိုင်ဖက်ကလည်းထောက်ခံလာခဲ့သည်။


"အေးဆို..ဒီခေတ်လူတွေများ အိပ်ချိန်ကိုကောင်းကောင်းမအိပ်ပဲ ဖုန်းကြည့်ဇာတ်ကားကြည့်နဲ့"


"ရုံ၂ ထဲမှာ ၂ယောက်ရှိလေရဲ့..သူတို့ကြောင့်သာမဟုတ်ရင် ငါသွားအိပ်နေရပြီကွာ..တကယ်စိတ်ရှုပ်လိုက်တာ"


သူ၏လုပ်ဖော်ကိုင်ဖက်မှာ ရုတ်ချည်းတုန်လှုပ်စွာဆိုလာခဲ့သည်။


"အာ..ကြည့်လိုက်ဦး..ဘာတွေဖြစ်နေတာလဲ..သူတို့ဘာတွေလုပ်နေကြတာလဲ"


သန်းဝေနေသော လုံခြုံရေးအစောင့်မှာ သူ့လုပ်ဖော်ကိုင်ဖက်၏ အသံကိုကြားလျှင် ချက်ချင်းနိုးကြားလာတော့သည်။ 


"ဘာဖြစ်လို့လဲ..ဘာဖြစ်လို့လဲ"


သူသည်monitor စခရင်ကိုအမြန်ကြည့်လိုက်ကာ ရုံလယ်မှလူ၂ဦးကိုမြင်လိုက်ရသည်နှင့် သူ၏နှုတ်ခမ်းထောင့်တို့ ဆတ်ခနဲတွန့်သွားခဲ့လေသည်။


"ညီနှောင်၂ယောက်က ဖောက်ပြားနေတာလားဟ"



"အေးဆို..ညဖက်ကြီးယောကျာ်းကြီး၂ယောက်အတူ သရဲကားလာကြည့်တာမထူးဆန်းတော့ပါဘူး" 


လုံခြုံရေးအစောင့်၂ဦးမှာတစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်လျက် သံပြိုင်ဆိုလိုက်မိကြသည်။


"အရမ်းကွေးတာပဲ"


ဖော့ယန် ရုပ်ရှင်ရုံ၏ ရုံ၂ထဲတွင် ဆရာယဲ့မှာ မနေနိုင်တော့ပဲ လက်ကိုဆန့်ကာရှီကျားအား သူ့ဘက်သို့ညင်သာစွာဆွဲယူလျက် ခေါင်းကိုသူ၏ပုခုံးပေါ်မှီစေခဲ့သည်။


ရုတ်ချည်းအိပ်စက်နေသည့်အနေအထားပြောင်းလဲသွားလေရာ ရှီကျားမှာအသားမကျဘဲ တဖက်လူ၏ပုခုံးကိုအကြိမ်အနည်းငယ်ပွတ်သပ်လိုက်လေသည်။ ဆရာယဲ့မှာချက်ချင်းပင် အသက်ရှူအောင့်ထားလိုက်မိသည်။ သူကအသက်ပင်မရှူ၀ံ့ပဲ ရှီကျားကိုငုံ့ကြည့်လိုက်မိလေသည်။ ရှီကျားမှာ သက်တောင့်သက်သာရှိနေသောအနေအထားကိုရှာတွေ့သွားလျက် ပြန်လည်အိပ်ပျော်သွားတော့မှာသာ သူ၏တောင့်တင်ြနေသောကိုယ်မှာပြန်လည်ပြေလျော့သွားခဲ့လေသည်။


သူ၏ပုခုံးပေါ်မှ အနွေးဓါတ်ကလေးမှာ သူ၏နွေရာသီ ခပ်ပါးပါးအ၀တ်များကိုဖြတ်လျက် ယဲ့ကျင်းကျီ၏နှလုံးသားထံကူးလူးလာခဲ့လေသည်။


ယဲ့ကျင်းကျီ ခေါင်းကိုငုံ့လျက် သူ၏ပုခုံးပေါ်အိပ်ပျော်နေသူအား စိတ်အားထက်သန်စွာစိုက်ကြည့်နေခဲ့လေသည်။ အချိန်များရပ်တန့်သွားလျက် ရှီကျား၏အသက်ရှူငွေ့နွေးနွေးလေးကိုသာခံစားမိတော့သည်။ လူ၂ဦးတည်းသာရှိသော ရုပ်ရှင်ရုံထဲတွင် အရာအားလုံးမှာ ဆိတ်ငြိမ်အေးချမ်းနေခဲ့သည်။ မည်သူမျှမနှောင့်ယှက်နိုင်ပါချေ။


အချိန်အတော်ကြာပြီးမှ ယဲ့ကျင်းကျီမှာ ပိတ်ကားကိုတဖန်မော်ကြည့်လိုက်လေသည်။ ရုတ်ချည်းဆိုသလို ဤသရဲကားမှာ တာအိုရောင်းရင်း တိုင်းတာမှုပြောခဲ့သော ကြည့်ပြီးလျှင် အလွန်ခံစားချက်ကောင်းသော ပထမဆုံးအချစ်ဇာတ်လမ်းလေးလို နွေးထွေးချိုမြိန်လှသည်ဟုခံစားလာရလေသည်။


ဒီကားက တာအိုရောင်းရင်းတိုင်းတာမှုပြောခဲ့တဲ့ Crazy Little Thing Called XXကားများဖြစ်နိုင်မလား..


တိုင်းတာမှု: ဒီတာအိုဆရာက Crazy Litgle Thing Love လို့ကျိန်းသေပေါက်ပြောခဲ့တာပါနော်!!!


ယဲ့ကျင်းကျီ၏ရင်ထဲပန်းရောင်ပူပေါင်းလေးများ တဖောက်ဖောက်နှင့် ပေါက်ကွဲနေတော့သည်။


ရုပ်ရှင်ပိတ်ကားပေါ်တွင် ဇာတ်လိုက်ဖြစ်သူမှာ တိုက်ခန်းကော်ရစ်တာတစ်လျှောက်ပြေးလွှားနေသော်လည်း သူမည်မျှပြေးပြေး ထိုကော်ရစ်တာထဲမှ ထွက်မသွားနိုင်ခဲ့ချေ။


အော်သံများနှင့်ခြောက်ခြားဖွယ်နောက်ခံသံများက စပီကာများထံမှ အဆက်မပြက်ထွက်ပေါ်နေခဲ့သည်။ ယဲ့ကျင်းကျီမှာ သူ၏ခံစားချက်များကို မထိန်းနိုင်တော့ပဲ ပြုံးလိုက်မိလေသည်။ သူကသူ၏ပုခုံးအနေအထားကိုပြင်လျက် ရှီကျားပို၍ သက်တောင့်သက်သာအိပ်စက်နိုင်စေရန်ပြုလုပ်ပေးလိုက်လေသည်။ ထို့နောက်သူသည် ပိတ်ကားထက်မှ အဓိကဇာတ်လိုက်၏ ကြောက်ရွံ့မှုကြောင့်ဖြူလျော်နေသော မျက်နှာကိုကြည့်လျက်ရင်ထဲမှခံစားချက်အပြည့်ဖြင့် တွေးလိုက်မိသည်။


ဒီကားကအရမ်းကောင်းတာပဲ...


သို့နှင့် ပြည်တွင်းသရဲကားမှာ ယဲ့ကျင်းကျီထံမှ အချစ်ကားအဖြစ် အတင်းအကြပ်သွပ်သွင်းခံလိုက်ရလေသည်။


ပိတ်ကားပေါ်တွင် ရှီကျား၏မျက်နှာပေါ်လာတိုင်းယဲ့ကျင်းကျီမှာ မျက်လုံးအ၀ိုင်းသားဖြင့် အာရုံစူးစိုက်ကာကြည့်ရှူနေတတ်ပြီး တစ်ခန်းကိုမှအလွတ်မခံခဲ့ချေ။ သို့သော် ရှီကျား၏အခန်းများမှာ အလွန်နည်းလှသည်။ မိနစ်၂၀အထိစောင့်ပြီးသည့်တိုင် ရှီကျားထပ်မံမပေါ်လာတော့သည်ကို မြင်သော် ယဲ့ကျင်းကျီမှာ မကျေနပ်မှုဖြင့် နှုတ်ခမ်းတို့တင်းတင်းစေ့သွားခဲ့လေသည်။


ဇာတ်လမ်းပြီးဆုံးခါနီးတွင် အဓိကဇာတ်ဆောင်မှာ မကောင်းဆိုး၀ါးထံမှ ၀ါးမြိုခံရလုနီးပါးဖြစ်နေလျက် ကျယ်လောင်စွာအော်ဟစ်လိုက်လေသည်။ 


ထိုအော်သံက ရှီကျားကိုနိုးလာစေခဲ့သည်။


ရှီကျားရုတ်ချည်းဗြုန်းခနဲထထိုင်လျက် ကြောင်အစွာကြည့်နေမိလေသည်။ အချိန်အနည်းငယ်ယူပြီးမှသာ သူသည်ရုပ်ရှင်ရုံထဲတွင်ရှိနေကြောင်း အမှတ်ရသွားခဲ့သည်။ သူကယဲ့ကျင်းကျီအား အားနာနာနှင့်လှည့်ကြည့်လိုက်လေသည်။


"ဆောရီး ဆရာယဲ့..ကျွန်တော်အိပ်ပျော်သွားမိတယ်..ဘယ်လိုလဲ ဇာတ်လမ်းကကောင်းရဲ့လား"


ယဲ့ကျင်းကျီမှာ ကျေနပ်မှုအပြည့်နှင့်ခေါင်းညိတ်လိုက်လေသည်။ 


"အရမ်းကောင်းတယ်.."


ရှီကျား: ...အင်း ဆရာယဲ့ကြိုက်လို့တော်သေးတာပေါ့"


ဆရာယဲ့၏ အကြိုက်နှင့်ပတ်သက်၍ ပြဿနာရှိနေပုံရသည်။ အစားအသောက်ဖြစ်စေ ရုပ်ရှင်ဇာတ်လမ်းဖြစ်စေ အကြိုက်ကထူးခြားလှသည်။


ထို့နောက်ရှီကျားမှာ ရုပ်ရှင်၏ကျန်သောနောက်ဆုံးအပိုင်းကိုကြည့်ရှုနေစဥ်မိမိမှာ ဆရာယဲ့၏ ပုခုံးပေါ်တွင် အိပ်ပျော်သွားမိကြောင်း သတိရသွားခဲ့လေသည်။ သူချက်ချင်းဖုန်းကိုထုတ်ယူပြီးကြည့်လိုက်သော် သူသည် ၁နာရီကျော်ကျော်ပင် အိပ်ပျော်သွားမိကြောင်း သိလိုက်ရလေသည်။ 


ဒီလိုသာဆိုဆရာယဲ့ရဲ့ပုခုံးတွေ ထုံကျင်နေတော့မှာပဲမဟုတ်လား..


ရှီကျားမှာ အလွန်အပြစ်ရှိသလိုခံစားလိုက်ရသည်။ 


"ဆရာယဲ့ ပုခုံးကအရမ်းညောင်းနေလားဟင်"


ကြောင်အသွားသော ယဲ့ကျင်းကျီ"...."


ရှီကျားကဆိုလိုက်သည်။ 


"ကျွန်တော်ခင််များအပေါ်တချိန်လုံးမီထားမိတာလေ..တောင်းပန်ပါတယ်..ကျွန်တော်နှိပ်ပေးမယ်နော်"


ယဲ့ကျင်းကျီ"အာ..."


သိပ်မတွေးလိုက်တော့ပဲ ရှီကျားမှာလက်ကိုဆန့်လျက် ယဲ့ကျင်းကျီပုခုံးကိုနှိပ်ပေးလိုက်လေတော့သည်။ ထိုသို့နှိပ်ပေးနေစဥ် သူသည်ယဲ့ကျင်းကျီအား သူရိုက်ကူးရေးတွင်ကြုံခဲ့ရသောအဖြစ်အပျက်များကိုပြောပြနေခဲ့သည်။ 


ယဲ့ကျင်းကျီမှာ မူလတွင် 'ကိုယ့်ပုခုံးတွေအဆင်ပြေပါတယ် ဘာမှမဖြစ်ပါဘူး'ဟုပြောချင်ခဲ့သော် အကြောင်းပြချတချို့ကြောင့် သူ၏ပါးစပ်ကိုပိတ်လျက် ထိုစကားလုံးများကို ပြန်မြိုချလိုက်လေသည်။


လုံခြုံရေးmonitorခန်းထဲတွင်...


ငယ်ရွယ်သောအစောင့်လေး၂ဦးမှာ မျက်နှာများကို ကိုယ်စီကာလျက် အော်ဟစ်နေခဲ့ကြသည်။


"အား..ငါ့မျက်လုံးတွေ ငါ့မျက်လုံးတွေ..ဒီဂေးစုံတွဲကြောင့် ငါ့မျက်လုံးတွေ လောင်ကျွမ်းနေပြီ..ညလယ်ကြီးရုပ်ရှင်ရုံထဲမှာ သူတို့ဘာတွေလုပ်နေကြတာလဲလို့"


ကျန်အစောင့်မှာလည်းဆိုလာခဲ့သည်။


"အမှန်ပဲ..သူတို့ကိုဘယ်သူမှမြင်မနေရဘူးလို့ ထင်နေတာတော့မဟုတ်ပါဘူးနော်...အားမျက်လုံးကအောင့်လိုက်တာကွာ.."


သို့သော် ထိုအစောင့်လေးနှစ်ဦး၏မျက်နှာကိုဖုံးကွယ်ထားသော လက်ချောင်းလေးများမှ အကွဲလေးများဟလျက် မျက်လုံးများက monitorထံခိုးကြောင်ခိုး၀ှတ်စိုက်ကြည့်နေခဲ့ကြလေသည်။ ထိုcctvကင်မရာအား ၁နစ်မျှစိုက်ကြည့်နေပြီးနောက် သူတို့၂ဦးမှာ စိတ်ပျက်လက်ပျက်နှင့်သက်ပြင်းချလိုက်ကြလေသည်။


"တကယ်ကြီးပုခုံးကိုနှိပ်ပေးရုံပဲလား..မာဆက်လိုမျိုးထင်တာကို ပျင်းဖို့ကောင်းလိုက်တာကွာ "


ရှီကျားမှာထိုအကြောင်းများကိုမသိခဲ့ချေ။ ဇာတ်ကားပြီးဆုံးသွားပြီးနောက် သူနှင့်ယဲ့ကျင်းကျီမှာ ရုံထဲမှ အတူတကွထွက်လာခဲ့ကြသည်။


ရုပ်ရှင်ရုံအ၀င်၀သို့ရောက်လျှင် လုံခြုံရေးယူနီဖောင်းကို၀တ်ဆင်ထားသော လူရွယ်၂ဦးမှာ ၀င်ပေါက်၏တစ်ဖက်တစ်ချက်စီတွင် ခါးကိုမတ်လျက်ရပ်နေကြသည်ကိုတွေ့လိုက်ရလေသည်။ ထိုအစောင့်လေးများမှာ သူတို့အား အပြင်းအထန်စိုက်ကြည့်နေခဲ့ကြလေသည်။ ရှီကျားမှာ တမျိုးတမည်ခံစားရလျက် ယဲ့ကျင်းကျီလက်ကိုဆွဲကာ အမြန်ထွက်လာတော့သည်။ 


"ဒီလူ၂ယောက်ကိုကြည့်ရတာပုံမှန်မဟုတ်ဘူး..ဆရာယဲ့ အမြန်သွားရအောင်"


ယဲ့ကျင်းကျီ"အင်း"


နောက်တစ်နေ့ မနက်စာစားချိန်တွင် ရှီကျားမှာ ယဲ့ကျင်းကျီအား မနေ့ညကရုပ်ရှင်အကြောင်းမေးခဲ့လေသည်။


ယဲ့ကျင်းကျီမှာ ခတ္တမျှတွေးလျက်ဆိုလာခဲ့သည်။ 


"နွေးနွေးထွေးထွေးနဲ့ ပျော်စရာကောင်းတဲ့ကားမျိုးပဲ"


ဇာတ်လိုက်ဖြစ်သူမှာ အဆုံးတွင်မကောင်းဆိုး၀ါးထံမှ ၀ါးမြိုခံလိုက်ရသည်ကို မှတ်မိနေသော ရှီကျား "...နွေးနွေးထွေးထွေးနဲ့ ပျော်စရာကောင်းတဲ့ကားလား.."


ယဲ့ကျင်းကျီ စိတ်အားထက်သန်စွာခေါင်းညိတ်လိုက်လေသည်။


ရှီကျား"....." 


နောက်နေတာလား..


ဆရာယဲ့ရဲ့ အကြိုက်မှာတကယ်ပြဿနာရှိနေတာပဲ..


ဆရာယဲ့မှာ ရုပ်ရှင်တစ်ခါမှမကြည့်ဖူးသည်ကို သိရပြီးစဥ်ကစ၍ ရှီကျားမှာ ယဲ့ကျင်းကျီကိုတမင်တကာခေါ်လျက် လည်ပတ်ခြင်းနှင့်ပျော်စရာလေးများကို အတူရှာဖွေကာ သာမာန်လူတစ်ဦးနေထိုင်သကဲ့သို့ အတွေ့အကြုံမျိုးကို ခံစားစေခဲ့သည်။


မေလမှာ စွန်လွှတ်ရန်အကောင်းဆုံးလပင်။



ရှီကျားငယ်စဥ်ကပင် ဖခင်ဖြစ်သူနှင့်စွန်များလွှတ်ခဲ့ဖူးသည်။ ယခုမူသူသည် ဆရာယဲ့၏အိမ်နှင့်မနီးမဝေးတွင် ကျယ်၀န်းသောကွင်းပြင်ကြီးရှိနေသည်ကို သတိထားမိသွားခဲ့လေသည်။ နေ့စဥ်နေ့တိုင်း လူအတော်များများမှာ ထိုနေရာသို့စွန်လွှတ်ရန်ရောက်လာတတ်ကြသည်။ သို့နှင့်သူသည်အချိန်ဆွဲမနေတော့ပဲ စွန်ကြီးတစ်ခုကို၀ယ်ကာ ယဲ့ကျင်းကျီကိုခေါ်လျက် စွန်လွှတ်ရန်အားကြိုးမာန်တက် ထွက်လာတော့သည်။ 


စွန်လွှတ်ခြင်းမှာ ရှေးယခင်ခေတ်များကပင် ရေပန်းစားသော ကစားနည်းဖြစ်သည်။ ယခုခေတ်တွင် စွန်လွှတ်ခြင်းနှင့်ပါတ်သတ်၍ ပွဲတော်များ ပြိုင်ပွဲများ ကမ္ဘာအနှံ့တွင်ရှိနေခဲ့ပြီဖြစ်သည်။


မျှော်လင့်ထားသည့်အတိုင်းပင် ယဲ့ကျင်းကျီမှာ ယခင်ကတစ်ခါမျှစွန်မလွှတ်ဖူးခဲ့ချေ။ သူကရှီကျား၏လမ်းညွှန်မှုအတိုင်း စွန်ကိုလက်၂ဖက်ဖြင့်ဆွဲလျက် ရှီကျားရှေ့မှပြေးသွားလိုက်လေသည်။ အရာအားလုံးမှာ လွယ်ကူရိုးရှင်းနေသင့်သည်။ ငရဲဘုရင်ယဲ့မှာ ကလေးများကိုငိုစေနိုင်သူဖြစ်၍ သရဲဘုရင်ရှီမှာ မကောင်းဆိုး၀ါးများကို လက်သီးတစ်ချက်ဖြင့် ဖြေရှင်းနိုင်သူဖြစ်သည်။ စွန်လွှတ်ခြင်းကဲ့သို့ကိစ္စလေးမှာ စကားထဲ ထည့်ပြောနေစရာပင်မလိုသင့်ချေ။


သို့သော် ၁နာရီတိတိဆက်လက်ကြိုးစားနေပါလျက် စွန်မှာ လေပေါ်ပျံမတက်နိုင်ဘဲရှိနေခဲ့လေသည်။


ရှီကျား"...."


ယဲ့ကျင်းကျီ"...."


ရှီကျား၏မျက်ခုံးတို့တွန့်ချိုးသွားခဲ့သည်။


"ဆရာယဲ့ကျွန်တော့်အထင် ကျွန်တော်တို့ ဒီလို ထူးထူးဆန်းဆန်းဒီဇိုင်းနဲ့စွန်မျိုးကိုမ၀ယ်ခဲ့သင့်ဘူး..ရိုးရိုးသုံးထောင့်စွန်လေးပဲ၀ယ်ခဲ့ရင် ချက်ချင်းပျံနိုင်လောက်တယ်"


ယဲ့ကျင်းကျီခေါင်းညိတ်လိုက်သည်။


ဇနီးလေးဘာပြောပြောမှန်တယ်..


ထိုသို့ပြော၍ရနိုင်သော်လည်း သူတို့နှင့် မလှမ်းမကမ်းတွင် ၄နှစ်၅နှစ်အရွယ်ကလေးလေးမှာ စွန်လွှတ်နေခဲ့ပြီး ၄င်းမှာလည်း ကင်ခြေများရုပ်နှင့်စွန်ဖြစ်လေသည်။ ထိုကလေးမှာ ရှီကျားနှင့် ယဲ့ကျင်းကျီကိုကြည့်ကာ လူကြီးများဖြစ်ပြီး စွန်းကလေးပင်မလွှတ်နိုင်သည့်အတွက် ကြိတ်ရယ်နေခဲ့လေသည်။


ဒါလက်မခံနိုင်စရာပဲ...


အစ်ကိုကျား၏စိတ်ရှည်မှုတို့မှာ ကုန်ဆုံးလုနီးနီးဖြစ်ကာ နောက်ထပ်နာရီ၀က်မျှဆက်လက်ကြိုးစားလိုက်လေသည်။


နာရီ၀က်မျှကြာပြီးနောက်ရှီကျား"....."


ထိုကောင်စုတ်လေး၏စွန်မှာ လေပေါ်တွင်လွင့်နေဆဲဖြစ်ပြီး သူတို့အား တခိခိနှင့်လှောင်ရယ်နေဆဲဖြစ်သည်ကိုတွေ့လိုက်ရလျှင် အစ်ကိုကျား၏ နှလုံးသားမှာ မာကြောသွားခဲ့လေသည်။ သူက ယဲ့ကျင်းကျီကိုလှည့်ကြည့်လိုက်သည်။


"ဆရာယဲ့ ဒီစွန်ကို ပျံအောင်မှော်အစွမ်းနဲ့လုပ်လို့ရလား" 


ယဲ့ကျင်းကျီခတ္တမျှတွေးလိုက်သည်။


"ရတယ်လေ"


ရှီကျားမှာ အသာပြုံးလျက်ဆိုလိုက်သည်။


"ဒီလိုဆိုဆရာယဲ့ကိုပဲ ဒုက္ခပေးရတော့မှာပဲ"


ရိုးရှင်းသောလေမန္တာန်လေးတစ်ခုဖြင့်ပင် ထိုစွန်မှာ အမြင့်သို့လျှင်မြန်စွာပျံတက်သွားလျက် ကောင်းကင်ပေါ်မှ ကြယ်ကလေးသဖွယ်၀ဲလွင့်နေတော့သည်။


အစ်ကိုကျားမှာ ကြောင်အလျက်ငေးကြည့်နေသော ကောင်စုတ်လေးထံ အကြည့်တစ်ချက်ပေးလိုက်သည်။


ထိုနေ့ညသူတို့၂ဦးလက်ဗလာနှင့် အိမ်ပြန်လာချိန်တွင် (စွန်မှာကြိုးပြတ်ပြီးပျံထွက်သွား) ရှီကျားကအလေးအနက်ဆိုလာသည်။


"မနက်ဖြန်ကျရင် ရိုးရိုးတြိဂံလိုစွန်ပဲ၀ယ်ရအောင် ဆရာယဲ့..အဲလိုဆို ပျံမှာသေချာတယ်"


ယဲ့ကျင်းကျီမှာ သူ့ကိုစိုက်ကြည့်လျက်ဘာမျှမဆိုချေ။ သို့သော် သူ၏နှုတ်ခမ်းထောင့်တို့က ကွေးညွတ်နေခဲ့သည်။ 


ရှီကျားမှာ အတော်ကြာတတွတ်တွတ်ဆိုနေပြီးမှ ယဲ့ကျင်းကျီ၏ အကြည့်ကိုသတိထားလိုက်မိလေသည်။ သူကနားမလည်စွာခေါ်လိုက်သည်။


"ဆရာယဲ့?"


ယဲ့ကျင်းကျီ" ကောင်းပြီ နက်ဖြန်ကျထပ်သွားရအောင်"


ရှီကျား၏မျက်လုံးလေးများမှာ အပြုံးလေးအဖြစ်ကွေးညွတ်သွားတော့သည်။



👻