Chapter 99
Viewers 9k

👻Chapter 99



မန်နေဂျာမှာ ဆရာ၀န်ကိုရှာရန်ထွက်သွားခဲ့လေသည်။ သူမထွက်သွားခင်၌ ဝေခွဲမရပုံဖြင့်ဆိုလာသည်။ 


"ဘာတွေများဖြစ်နေတာလဲ...တို့တွေပုံမှန်ဆိုလည်း ကုသိုလ်လေးဘာလေးလုပ်ပြီး အလှူအတန်းလည်းလုပ်နေကျပါ..ဘာလို့နေ့တိုင်းကံဆိုးနေရတာလဲ"


ဖန်းမော့ထင်မှာ ခါးသက်စွာရယ်လိုက်လေသည်။


"အင်း မပြောနဲ့တော့..ငါလည်း နားမလည်ဘူး"


မန်နေဂျာမှာလှည့်ကြည့်လျက်ဆိုလာခဲ့သည်။


"မင်းမကောင်းတာတစ်ခုခုကိုများ သွားအပြစ်ပြုမိသေးလား"


ဖန်းမော့ထင်မှာတွေးလျက်ဆိုလာသည်။ 


"မင်းအမြဲငါနဲ့အတူရှိနေတာပဲလေ"


မန်နေဂျာမှာခေါင်းညိတ်လိုက်သည်။


"ဟုတ်သား..ငါလည်းအမြဲမင်းနောက်လိုက်နေတာပဲ..ငါတို့ဘာမှလည်း မလုပ်မိပါဘူး..ပြီးတော့မင်းလည်း အဲဒီလိုမကောင်းတဲ့ဟာတွေကိုမုန်းတာပဲလေ..ရှေ့လကတို့တွေထိုင်းမှာကြော်ငြာသွားရိုက်တုန်းကတောင် မင်းသူတို့ဘုရားကျောင်းကိုတောင် သွားမကြည်ချင်ခဲ့ဘူးမလား..ထူးဆန်းလွန်းနေတယ်"


မန်နေဂျာလည်းတံခါးပိတ်လျက် အခန်းထဲမှထွက်သွားတော့သည်။


ဖန်းမော့ထင်မှာ ဆေးရုံကုတင်ပေါ်လဲလျောင်းလျက် မျက်နှာကျက်ကိုစိုက်ကြည့်ကာ ရေရွတ်လိုက်မိသည်။


"...ငါတကယ်ပဲတစ်ယောက်ယောက်ကို ရန်စခဲ့မိတာလား.. "


ဆေးရုံခန်းထဲတွင် အနက်ရောင်အရိပ်ကလေးမှာ တခစ်ခစ်ရယ်လျက် ကုတင်ထောင့်မှ တဖြည်းဖြည်းတွယ်တက်လာခဲ့သည်။ ထိုအနက်ရောင်အရိပ်မှာ ဖန်းမော့ထင်၏ကိုယ်ပေါ် ရင်ဘတ်ပေါ် နောက်ဆုံး၌မျက်လုံးရှေ့သို့ပျံသန်းသွားခဲ့လေသည်။


နာမည်ကြီးသရုပ်ဆောင်မှာ မျက်နှာကျက်ကိုမျက်လုံးများဖွင့်လျက်ငေးကြည့်နေဆဲပင်။ အနက်ရောင်အရာမှာ အပေါ်စီးမှ သူ့အားအပြုံးကြီးဖြင့်ငုံ့ကြည့်နေခဲ့သည်။


***


တစ်ဖက်တွင်တော့ ရှီကျားမှာ ဟိုတယ်သို့ပြန်ရောက်ပြီးနောက် စုန့်စုန့်အားဆေးတိုက်လိုက်သည်။ ထို့နောက်နေ့လည်ခင်းတွင် ယဲ့ကျင်းကျီနှင့် ဟိုဟိုသည်သည်လည်ပတ်ကြည့်ခဲ့ကြလေသည်။


Sမြို့မှာ မြေပြန့်ဒေသနှယ်ဖြစ်ကာ အမြင့်ဆုံးတောင်မှာ မီတာ၃၀၀ခန့်သာဖြစ်သည်။ ရေမြို့ကလေးမှာ ကန်ရေပြင်အလှအပများရှိကာ တောင်ပေါ်မြို့မှာတော့ တောတောင်အလှအပများရှိလေသည်။ Cစီရင်စုကိုလည်ပါတ်ချိန်တွင် လူတိုင်းအလုပ်သင့်ဆုံးအရာမှာ ထိုဒေသထွက်အစားအစာများကို မြည်းစမ်းရန်ဖြစ်သည်။ ယဲ့ကျင်းကျီထံမှ သကြားဆေးကလေးကိုစားပြီးနောက် ရှီကျားမှာ တွေ့သမျှ အရသာရှိသော မုန့်မျိုးစုံ စားစရာမျိုးစုံကို အတားအဆီးမရှိ စားသောက်လေတော့သည်။


ရှီကျားမှာ ပျော်ရွှင်စွာစားသောက်နေသည်ကို ဆရာယဲ့မှာ အပြုံးကလေးနှင့်ကြည့်နေခဲ့လေသည်။


သူတို့ဟိုတယ်ကိုပြန်သွားချိန်တွင် စုန့်စုန့်မှာ နိုးနေခဲ့ပြီးဖြစ်သည်။ ထိုကောင်စုတ်ကလေးမှာ ချက်ချင်းနတ်ဆိုးပြန်၀င်စားသည့်အလား အားအင်ပြည့်၀တက်ကြွနေခဲ့လေသည်။ ဆရာယဲ့မှာ စုန့်စုန့်ကို စောင့်ကြည်ွရန် ၀ူရှန်းချင်းလီအားဟိုတယ်တွင်ထားခဲ့လေသည်။

သူတို့ပြန်လာချိန်တွင်စုန့်စုန့်မှာ ၀ူရှန်းချင်းလီနှင့် ခုန်ပေါက်ဆော့ကစားနေပြီး ၀ူရှန်းချင်းလီမှာ သူ၏၀မ်းဗိုက်ကလေးပေါ်ပွတ်သပ်နေခဲ့သည်။ စုန့်စုန့်မှာ အစခံရသဖြင့် တမြောင်မြောင်နှင့် စူးရှသွာအော်နေခဲ့လေသည်။


၄င်းကိုမြင်သော် ပါဆယ်ဆွဲလာသော မာလာထန်ကိုစားရင်းရှီကျားကဆိုလာခဲ့သည်။ 


"ခရီးထွက်လာရတာတကယ်ကောင်းတာပဲ..ဆရာယဲ့ဒီတစ်ခါCစီရင်စုကိုလိုက်လာနိုင်တာ တကယ်ကောင်းသွားတယ်..ကျွန်တော်သာတစ်ယောက်တည်းလာရရင် ဘာမှစားလိုက်ရမှာမဟုတ်ဘူး.."


ထို့နောက်ရပ်သွားပြီးမှဆက်ပြောလိုက်သည်။


"အဲဒါတင်မကသေးဘူး ဆရာယဲ့..ခင်များနဲ့ခရီးထွက်ရတာတကယ် အပူအပင်ကင်းပြီးလွတ်လပ်တယ်..ဒီတစ်ကြိမ်လိုပဲ..နောက်လည်းအတူခရီးထွက်ကြရင်ရော..ဘယ်လ်ုလဲ"


ယဲ့ကျင်းကျီခေါင်းညိတ်လိုက်သည်။


"အိုကေ"


ရှီကျားကမေးလိုက်သည်။


"အခုတလောအချိန်ရှိသေးလား"


ယဲ့ကျင်းကျီအနည်းငယ်တွေးလိုက်သည်။


"ငါအစည်းအဝေးကနေခွင့်ယူထားပြီးပြီဆိုတော့..အချိန်ရှိပါတယ်"


"အင်း"


ရှီကျားပြုံးလိုက်သည်။


"ဒါဆိုကျွန်တော်တို့နောက်ရက်တွေကျရင် ချန်းအန်ကိုသွားပြီး ကျိရင်ကိုသွားရှာရအောင်..သူလည်းသင်္ချိုင်းဂူထဲကမထွက်နိုင် ကျွန်တော်ကလည်း ၀င်လို့မရဘူးဆိုပေမယ့် သွားတွေ့တာကောင်းတာပဲမဟုတ်ဘူးလား..ရှေ့တစ်ခေါက်ကအရမ်းအလျင်စလိုပြန်လာရတယ်"


ရှီကျားမှာ ကျိရင်နှင့်စကားမပြောဖြစ်သည်က ရက်အနည်းငယ်ရှိခဲ့လေပြီ။ သို့နှင့်သူသည်လက်ဖ၀ါးမှအမှတ်အသားကိုထိလျက် ကျိရင်နှင့် အလျင်အမြန်ဆက်သွယ်လိုက်သည်။ ထို့နောက်ရှေ့လတွင် ချန်းအန်သို့သွားကာ ကျိရင်ကိုလာတွေ့မည်ဖြစ်ကြောင်းပြောခဲ့သည်။ ကျိရင်ပြုံးလျက်တုန့်ပြန်ခဲ့သည်။


"ဒါနဲ့ ငါဂျူနီယာအထက်တန်းရူပဗေဒစာအုပ်ကိုပြီးသွားပြီ..ရှီကျားစီနီယာအထက်တန်းရူပဗေဒစာအုပ်တွေ ငါ့ကိုမီးရှို့ပေးလို့အဆင်ပြေမလား"


ထိပ်တန်းကျောင်းသားကြောင့် ကြောင်အသွားရသော ရှီကျား" !"


ကိုယ့်ဘာကိုယ်၁လလောက်လေ့လာတာနဲ့ဂျူနီယာအထက်တန်း physicsကိုပြီးသွားပြီပေါ့. လေ့လာမှုနတ်ဘုရားကို..ဒူးထောက်ပြီးအရိုအသေပေးပါတယ်..


****


ပထမအင်ပါယာချင်၏သင်္ချိုင်းဂူတွင်..


သင်္ချိုင်းဂူထဲတွင်အလွှာ၇လွှာရှိလေသည်။ အောက်ဆုံးအလွှာမှာ ထာ၀ရနန်းတော်ဖြစ်သည်။ ထိုနေရာတွင် မာကျူရီမြစ်ကြီးတစ်ခုသာရှိသည်။ သာ့ချင်ပြည်ကြီး၏မင်းဆရာ ရွှီဖူမှာ ကြီးကျယ်သောစွမ်းအားများရှိခဲ့လေသည်။ ထို့နောက်တတိယအလွှာတွင် အလင်းရောင်များမှာပို၍မှိန်ဖျော့လေသည်။ ယင်စွမ်းအင်များသိပ်သည်းနေသော၇လွှာမြောက်နှင့်မတူပဲ ဤနေရာတွင် ယင်စွမ်းအင်မှာပါးလွှာလေသည်။ သို့တိုင်အောင် အပြင်လောကထက်မှု ယင်စွမ်းအင်ပိုသန်မာနေဆဲဖြစ်သည်။


သင်္ချိုင်းဂူ၏တတိယထပ်တွင် ဟောခန်းမကျယ်ကြီးတစ်ခုသာရှိသည်။ မူလတွင်ထိုခန်းမကျယ်ကြီးတွင် ထိုက်ဟော်ဓါးနှင့် ဟယ့်ရှီပေ့ကိုထားခြင်းဖြစ်သည်။ ယခုမူ၄င်းတို့မှာကျိရင်လက်ထဲတွင်ဖြစ်လေသည်။ သူကိုယ်တိုင်မှာမူ ခေါင်းကိုငုံ့လျက် စာအုပ်တစ်အုပ်ကို အာရုံစိုက်ကာလှန်လှောနေခဲ့သည်။ တစ်ချက်တစ်ချက်တွင်သူ၏ရှေ့မှ သစ်သားတုံးလေးကို ဟိုရွေ့သည်ရွေ့လုပ်တတ်သည်။


ချင်ရှီဟွမ်မှာ ထိုအုတ်ဂူထဲသို့၀င်လာချိန်တွင် ခေါင်းငုံ့လျက်စမ်းသပ်မှုများပြုလုပ်နေသော သူ၏သားဖြစ်သူကိုမြင်လိုက်ရလေသည်။


ပါပါးအင်ပါယာမှာ ထိုနန်းတော်တစ်၀ိုက်လမ်း၂ပတ်မျှလျှောက်လိုက်သော်လည်းကျိရင်မှာ ထိုသစ်သားတုံးဖြင့်သာအလုပ်ရှုပ်နေဆဲပင်။ ပထမအင်ပါယာမှာနောက်တစ်ပတ်ထပ်လျှောက်လိုက်သည့်တိုင် ကျိရင်မှာ ဖော်မြူလာထုတ်ခြင်းအပေါ်အာရုံနစ်မြှုပ်နေဆဲဖြစ်ကာ သူရောက်လာသည်ကိုသတိပင်မမူမိချေ။


ပထမအင်ပါယာ"......"


ရှီကျားသာ၄င်းကိုမြင်ခဲ့ပါက ကျိရင်၏ပေါင်ကိုချက်ချင်းဖက်ကာ အဆက်မပြက်ချီးကျူးမိလိမ့်မည်။ ကျိရင်ပါရမီပါလာသည့်ပညာရပ်မှာ စာပေလည်းမဟုတ် အင်္ဂလိပ်လည်းမဟုတ်ပဲ ရူပဗေဒဖြစ်နေလိမ့်မည်ဟုမျှော်လင့်မထားချေ။ ဂျူနီယာအထက်တန်းရူပဗေဒစာအုပ်ကိုလေ့လာပြီး၍ စီနီယာအထက်တန်းဖတ်စာအုပ်ကိုမမြင်ရသေးခင်မှာပင် ကျိရင်မှာ သစ်သားတုံးပုစ္ဆာကိုတွေးမိနေပြီးဖြစ်သည်။


လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ခန့်ကသေဆုံးသွားခဲ့သော သရဲတစ်ကောင်မှာ physicsတွင်အလွန်တော်နေခဲ့သည်။ 


နယူတန်ရဲ့အခေါင်းကသူ့ကိုပိတ်ထားလို့မရတော့ဘူး အိုကေ..?


ကျိရင်က ရူပဗေဒတွင်လွန်စွာနစ်၀င်နေလေရာ ပထမအင်ပါယာမှာ ဒေါသတကြီးဖြင့် ထိုနန်းတော်ထဲနောက်တစ်ပတ်ခန့်ပါတ်လျှောက်လိုက်လေသည်။ သို့သော်သူ၏သားဖြစ်သူမှာ ယခုချိန်အထိ သူ့ကိုသတိမပြုမိသေးသည်ကိုမြင်သော် ချင်ပြည်ထောင်၏ ပထမအင်ပါယာမှာ ဟမ့်ခနဲအသံပြုလျက် သူ၏၀တ်ရုံလက်ကိုခါထုတ်ကာ သစ်သားတုံးလေးအား ကျိရင်ရှေ့၌ပင် အမှုန့်ဖြစ်အောင်ချေမွလိုက်တော့သည်။


ကျိရင်မှာ တုန်လှုပ်သွားမိလေသည်။ ထို့နောက်မော့ကြည့်လာပြီး သူ၏ခမည်းတော်အားမြင်သော် ချက်ချင်းအရိုအသေပေးလိုက်လေသည်။ 


"ခမည်းတော်အင်ပါယာ "


ချင်ရှီဟွမ်မှာသူ့အား ခံစားချက်မဲ့စွာကြည့်လျက် အေးစက်စက်ဖြင့်ဆိုလိုက်သည်။ 


"ကိုယ်တော်လိုချင်တဲ့စာအုပ် ဘယ်မှာလဲ"


ကျိရင်မှာ တရိုတသေဖြင့်ပင် ဂျူနီယာအထက်တန်း စာပေစာအုပ်ကိုဆက်သလိုက်လေသည်။


မှန်၏။ ယခုပါပါးအင်ပါယာမှာ မူလတန်းသင်္ချာ မူလတန်းအင်္ဂလိပ်နှင့် ဟွာရှားမိခင်ဘာသာစကားတို့ကို ဂျူနီယာအဆင့်အထိလေ့လာနေပြီးဖြစ်လေသည်။


ပထမအင်ပါယာမှာ စာအုပ်ကိုယူလျက် ကျိရင်အားနောက်ထပ်အကြည့်တစ်ချက်ပင်မပေးဘဲထွက်သွားတော့သည်။ ပထမအင်ပါယာလုံး၀ထွက်သွားမှန်းအတည်ပြုပြီးနောက် ကျိရင်မှာကြမ်းပြင်ပေါ်မှထရပ်လိုက်လေသည်။


ထို့နောက်သူ၏ခမည်းတော်အင်ပါယာထွက်သွားရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။ အနက်ရောင်ပန်းထိုး၀တ်ရုံကြီးမှာ သူ၏ကိုယ်အား ပို၍ပင်ပိန်သွယ်အားနည်းဟန်ပေါ်စေခဲ့သည်။ သူသည်အတော်ကြာသည်အထိ တိတဆိတ်စိုက်ကြည့်နေခဲ့လေသည်။ ထို့နောက်ပြုံးလျက်ခေါင်းခါလိုက်ကာ သူ၏မူနေရာသို့ပြန်ထိုင်လိုက်လေသည်။ ထို့နောက်လက်တစ်ချက်ဝေ့ယမ်းလျက် နောက်ထပ်သစ်သားတုံးတစ်တုံးကိုထုတ်ယူကာ ဆက်လက်စမ်းသပ်နေလေတော့သည်။


သို့သော်ကျိရင်မသိခဲ့သည်မှာ ပထမအင်ပါယာ၏ယနေ့စိတ်အခြေအနေမှာ ဆိုးမနေခြင်းပင်။ သူက၇လွှာမှ ထာ၀ရနန်းတော်သို့တိုက်ရိုက်ပြန်မသွားပဲ..၃ထပ်မြောက်မှစာအုပ်ဖတ်ရင်း တဖြည်းဖြည်းဆင်းလာခဲ့လေသည်။ ၄ထပ်မြောက်သို့အရောက်တွင် ရုတ်တရက်နားစူးလောက်သော ဆူညံသံကိုကြားလိုက်ရတော့သည်။


တတိယလွှာမှကျိရင်မှာ ၄င်းကိုကျင့်သားရနေခဲ့သည်မှာကြာခဲ့လေပြီ။ သူသည်အသံတိတ်မှော်အစွမ်းတစ်ခုကိုပြုလုပ်လျင် ဆက်လက်လေ့လာနေလေတော့သည်။


အောက်ဆုံးနန်းတော်တွင်နေထိုင်သော ပါပါးအင်ပါယာမှာ အပေါ်လွှာများတွင်ဆူညံသံကဤမျှဆိုးမှန်းမသိခဲ့ချေ။


"ကိုယ့်တော့်သင်္ချိုင်းဂူရှေ့မှာ ဘယ်သူကဒီလိုရိုင်းစိုင်းရဲတာလဲ"


သင်္ချိုင်းဂူ၏အပြင်ဘက်တွင် ချီရှန်းတောက်ရန်မှာ ဂရုမစိုက်ပဲ သူ၏မုတ်ဆိတ်ကိုပွတ်သပ်လျက်ဆိုလာသည်။ 


"တာအိုရောင်းရင်းစန်းရှို့ ဒီအဘိုးကြီးကတမင်အပြစ်ပြောနေတာမဟုတ်ပါဘူး..ဒါပေမယ့်မင်းကဒီနှစ်တွေထဲသရဲဖမ်းဖို့ချည်းပဲအာရုံစိုက်နေပြီး အစီအရင်တွေ အနာဂါတ်ဟောပြောတာတွေ အခြားမှော်နည်းလမ်းတွေကိုမလေ့လာခဲ့ဘူးမလား..အခုပြဿနာကလွယ်လွယ်လေးရယ်.. ဒီဟာကအစီအရင်အခုတစ်ရာက တစ်ခုတည်းအဖြစ်မပေါင်းစပ်နိုင်တာလေးပဲမဟုတ်ဘူးလား"


စန်းရှို့ကျန်းကျွင်းမှာ လက်ရှိရွှမ်းရွှယ်လောက၏နံပါတ်၁ဖြစ်သော်လည်း အလွန်နှိမ့်ချကာ ချီရှန်းတောက်ရန်၏ ဝေဖန်မှုကိုလက်ခံခဲ့လေသည်။


"တာအိုရောင်းရင်းချီရှန်း..ဒီဟာကိုဘယ်လိုလုပ်ရမလဲ"


ချီရှန်းတောက်ရန်ရယ်လိုက်သည်။ 


"လွယ်ပါတယ်..ဒီအစီအရင်အခုတရာရဲ့ဗဟိုကိုအားစိုက်ထားလိုက်..ပြီးတော့သူတို့အားလုံးကိုတစ်ခုတည်းအဖြစ်ဖြိုခွဲပြီး ဆွဲသွင်းလိုက်..အဲဒါပဲ ရပြီ"


စန်းရှို့ကျန်းကျွင်း၏မျက်လုံးများတောက်ပသွားလျက် အခြားဆရာသခင်များကို အစဥ်လိုက်လမ်းညွှန်ပေးလိုက်လေသည်။ သူကိုယ်တိုင်လည်း၀င်ပါလေသည်။


သေမျိုးတို့၏နားထဲတွင် ဤမျှအသံကမပြောပလောက်ပဲတိတ်ဆိတ်နေခဲ့လေသည်။ မည်သည့်အသံကိုမျှမကြားရပါချေ။ သို့သော် ထိုနေရာနှင့် ၅ကီလိုမီတာအတွင်းမှ သရဲများ၀ိညာဥ်များ၏နားထဲတွင် ထိုတဂျုန်းဂျုန်းတဂျိန်းဂျိန်းအသံများမှာဆူညံလွန်း၍ နားပိတ်ကာပြေးကြရသည်အထိဖြစ်သည်။


ဆရာသခင်များအစီအရင်တစ်ခါချတိုင်း တစ်ခါဆူညံလေသည်။ 


၅ကီလိုမီတာအကွာမှ သရဲများပင်ခံစားရလျှင် ထိုအစီအရင်အောက်တည့်တည့်မှ သင်္ချိုင်းဂူထဲမှသူများအဖို့မူ ၄င်းမှာ မိုးခြိမ်းသံအလားဖြစ်သည်။


ချီရှန်းတောက်ရန်မှာ ရွှမ်းရွှယ်လောကထဲတွင် အစီအရင်များနှင့်ပါတ်သတ်၍ နားလည်မှုအမြင့်ဆုံးသူဖြစ်သည်။ သူကမုတ်ဆိတ်ကိုသပ်ရင်း စန်းရှို့ကျန်းကျွင်းမှ အစီအရင်များဆွဲနေသည်ကို ကြည့်နေခဲ့သည်။ ထိုအစီအရင်များ၏ဗဟိုများကို ပေါင်းစုရခြင်းမှာ အခက်ဆုံးအပိုင်းဖြစ်သည်။ ၄င်းပြီးနောက် နောက်ထပ်အစီအရင်များရေးဆွဲရခြင်းကပို၍ လွယ်ကူလေသည်။


သင်္ချိုင်းဂူထဲတွင် ပထမအင်ပါယာမှာ လေးလွှာနှင့် ၅လွှာမြောက်ကြားတွင်ရပ်နေခဲ့လေသည်။ သူ၏မျက်လုံးတို့မှာ ရေခဲတမျှအေးစက်နေခဲ့သည်။


ရုတ်ချည်းသူ၏မျက်စိရှေ့၌သေးငယ်သော ရွှေရောင်အလင်းတစ်ခုပေါ်လာခဲ့လေသည်။ 


အနက်ရောင်နဂါး၀တ်ရုံကို၀တ်ဆင်ထားသော ပထမအင်ပါယာမှာ လက်ထဲတွင်စာပေစာအုပ်ကိုကိုင်လျက် ထိုရွှေရောင်အလင်းအားတည်ငြိမ်စွာကြည့်နေခဲ့လေသည်။ ထိုရွှေရောင်အလင်းမှာသူ့အား ဒုက္ခပေးလိုသောအရာဖြစ်နေခဲ့လျှင်ပင် သူသည်ကြောက်ရွံ့ခြင်းကင်းစွာဖြင့် ရင်ဆိုင်လိုက်မည်ဖြစ်သည်။


သို့တိုင်အောင်ထို ရွှေရောင်အစက်လေးမှာ အလွန်ခြိမ်းခြောက်နိုင်စွမ်းရှိပုံမပေါ်ချေ၊ ပထမအင်ပါယာမှာ ထိုနေရာတွင်အတော်ကြာသည်အထိရပ်နေခဲ့လေသည်။ သို့သော်သူကိုယ်တိုင်လည်း တဖက်လူမှ ထိုရွှေရောင်အစက်လေးကိုသုံးလျက် သူ့အားတိုက်ခိုက်လာမည့်အချိန်အထိစောင့်နေလိုစိတ်မရှိပါချေ။ ထိုရွှေရောင်အစက်လေးမှာ တဖြည်းဖြည်းပိုပိုကြီး၍ တောက်ပလာခဲ့လေသည်။


သင်္ချိုင်းဂူ၏အပြင်ဘက်တွင် ချီရှန်းတောက်ရန်ကဆိုသည်။ 


"နောက်ဆုံးအစီအရင်တစ်ခုပဲကျန်တော့တယ်..ဆက်လိုက်ကြဦး"


စန်းရှို့ကျန်းကျွင်းမှချီးကျူးလိုက်သည်။ 


"လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီအထိ ဒီပြဿနာကို ဒီလိုအစီအရင်တွေတစ်ခုတည်းပေါင်းပြီးဖြေရှင်းလို့ရမှန်း ဘယ်သူမှမသိခဲ့ဘူး..တာအိုရောင်းရင်းရှီရှန်းက နှစ်၅၀၀အတွင်းရှားရှားပါးပါးအစီအရင်နဲ့ပတ်သက်ရင် ဥာဏ်ကြီးရှင်လို့ခေါ်ထိုက်ပါပေတယ်"


သင်္ချိုင်းဂူထဲတွင် ပထမအင်ပါယာမှာ သူ၏မျက်လုံးရှေ့မှ ရွှေရောင်အစက်ကို ဂရုတစိုက်ကြည့်နေခဲ့သည်။ ရုတ်ချည်းထိုရွှေရောင်အစက်လေးမှာ မရေတွက်နိုင်သော ရွှေရောင်အလင်းတန်းများစွာကိုထုတ်လွှတ်လာခဲ့လေသည်။


ထို့နောက်...


ဘန်း..


"အား..."


သင်္ချိုင်းဂူ၏အပြင်ဘက်တွင် ဆရာသခင်ဒါဇင်ကျော်မှာ ပြင်းထန်သောရိုက်ခတ်မှုတစ်ခုကြောင့် မီတာရာကျော်လွင့်ထွက်သွားကြလေသည်။ ချီရှန်းတောက်ရန်နှင့် စန်းရှို့ကျန်းကျွင်းတို့၏ကျင့်ကြံဆင့်မှာမြင့်လေရာ ၁၀မီတာမျှသာလွင့်ထွက်သွားလျက် မိမိကိုယ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်ကြလေသည်။ သို့သော်ချီရှန်းတောက်ရန်မှာခေါင်းကိုမော့ကာ အော်လိုက်လေသည်။


"အား..ဒီအဘိုးကြီးချခဲ့တဲ့ အစီအရင်တွေ..အားလုံးဘယ်ရောက်ကုန်တာလဲ"


စန်းရှို့ကျန်းကျွင်းမှာ သက်ပြင်းချလိုက်သည်။


"ဒီအစီအရင်၁၀၀ကချရအင်မတန်ခက်တာပဲ..နောက်ဆုံးအဆင့်ကျမှ ကျိုးပျက်သွားရတယ်လို့..တာအိုရောင်းရင်းချီရှန်းရေ..ဆက်ပြီးကြိုးစားလိုက်ကြရအောင်လားဗျာ"


ချီရှန်းတောက်ရန်"...."


ဘယ်သူကမင်းနဲ့အတူဆက်ကြိုးစားချင်နေလို့လဲ..ဒီအဘိုးကြီးကအိမ်ပြန်ချင်တယ် အိပ်ချင်တယ် စားချင်တယ် ဂိမ်းဆော့ချင်တယ်လို့..!!!


ထိုစဥ်မှာပင် ကောင်းကင်ပေါ်တွင် တိမ်တိုက်များစုဝေးလာခဲ့သည်။ စန့်ရှို့ကျန်းကျွင်းမှာ ကောင်းကင်ပေါ်သို့မော့ကြည့်လျက် လက်ကိုဝေ့ယမ်းက ထိုတိမ်တိုက်များကို ပြိုကွဲစေလိုက်သည်။


"တာအိုရောင်းရင်းချီရှန်း..ခင်များနည်းလမ်းကသက်ရောက်မှုတစ်ခုရှိပုံရတယ်...ကြည့်ပါလား..လင်းရှောင်တောင်မှ ခင်များရဲ့အခုတစ်ရာအစီအရင်အတွက် သတိပေးတဲ့အနေနဲ့ မိုးကြိုးပစ်ချတော့မှာ"



ချီရှန်းတောက်ရန် “@$%@#$!#!”



👻