Chapter 103
Viewers 9k

👻Chapter 103




ရှီကျားခေါင်းညိတ်လိုက်၏။ 


"အင်း..ကျွန်တော်အရင်ကသူ့အပေါ်ဘယ်လိုမှမခံစားရဘူး..သူ့ကားတွေဆိုလည်းစိတ်မ၀င်စားဘူး..ဒါပေမယ့် သူ့သရုပ်ဆောင်အရမ်းကောင်းတာကိုတော့၀န်ခံရမယ်ဗျာ..သူဆုတွေရတာမထူးဆန်းတော့ပါဘူး..ဒီလိုနေရာမျိုးမှာ ရပ်နေနိုင်တယ်ဆိုတာ သူ့မှာတကယ်အရည်အချင်းရှိနေလို့ပေါ့..ဒီနေ့ရိုက်ကွင်းမှာ သူကျွန်တော်တို့အပေါ်ဆက်ဆံပုံလည်းမဆိုးဘူး နေ့လည်စာလည်းကျွေးသေးတယ်"


ဆရာယဲ့မှာ အလွန့်အလွန်ကိုစိတ်မကောင်းဖြစ်နေတော့သည်။


သို့သော် ဖန်းမော့ထင်အပေါ်ရှီကျား၏ချီးကျူးမှုမှာ သူ၏သရုပ်ဆောင်မှုနှင့် အရာရာကိုကိုင်တွယ်ဖြေရှင်းရာတွင် ချောမွေ့မှုတို့မျှသာဖြစ်သည်။


အနုပညာလောကတွင်ရှင်သန်လိုလျှင် သရုပ်ဆောင်အရည်အချင်းမှာ ကြည့်ကောင်းသောမျက်နှာထက်ပို၍အရေးကြီးလေသည်။ ရှီကျားမှာ သူကိုယ်တိုင်သည် အများနှင့်ဆက်ဆံရာတွင်မတော်လှမှန်းသိလေသည်။ သူသည်ငယ်စဥ်ကပင် လူအများနှင့်အထိအတွေ့အဆက်အဆံနည်းလေရာ တစ်ယောက်ချင်းစီနှင့် အထူးဆက်ဆံရေးမျိုးမထားတတ်ချေ။ ယဲ့ကျင်းကျီမှာလည်းအတူတူပင်။ 'ငရဲဘုရင်ယဲ့'ဟူသော အမည်ပြောင်ရှိသည့် ယဲ့ကျင်းကျီက ရှီကျားထက်ပိုဆိုးနေရုံဖြစ်သည်။


သို့သော်၄င်းမှာသူ့ကိုယ်ပိုင်အတွေးသက်သက်သာဖြစ်ကာ ယဲ့ကျင်းကျီမသိရှိချေ။ 


ရှီကျားနှင့် ဖန်းမော့ထင် အတူတူသရုပ်ဆောင်နေကြသည်ကိုတွေ့တိုင်း ယဲ့ကျင်းကျီမှာ စုန့်စုန့်ကိုကိုင်ရင်းမကျေမနပ်ဖြစ်နေခဲ့၏။ သူ၏ရင်ထဲတွင်အလွန်နေ၍မကောင်းခဲ့ချေ။ သူ၏ဇနီးလေးမှာ ထိုသရုပ်ဆောင်ကိုမည်မျှသဘောကျကြောင်းတွေးမိသည်နှင့် (မဟုတ်ပါ) အရသာရှိသောအစားအသောက် အပုံကြီးချက်လျက် ဇနီးလေးထံမှ ချီးကျူးမှုကိုထပ်၍တောင်းခံလိုခဲ့လေသည်။


အစာကျွေးသောသခင်ဖြစ်သူ၏ မျက်နှာကိုလိုက်သည်ဟုပင်ဆိုဆို စုန့်စုန့်မှာလည်း ယဲ့ကျင်းကျီ၏စိတ်အခြေအနေသက်ရောက်မှုကိုခံရကာ ဖန်းမော့ထင်ကို သိပ်အမြင်မကြည်လှချေ။


ရုပ်ရှင်ဧကရာဇ်ဖန်းမှာ လွန်ခဲ့သော၃ရက်က ဆေးရုံမှဆင်းလာခြင်းဖြစ်သည်။ ဆေးရုံမှဆင်းလာပြီးနောက် Cစီရင်စုတွင်ကျော်ကြားသည့် ဗုဒ္ဓဆင်းတုတော်ကြီးကိုသွားရောက်ရှိခိုးပြီးမှ ရိုက်ကူးရေးသို့ပြန်လာခဲ့ခြင်းပင်။ ဤရက်များတွက် အခန်းအတူတူရိုက်ကူးနေခဲ့ရလေရာ သူကရှီကျားနှင့်အနည်းငယ် ပြောဆိုဆက်ဆံဖြစ်လေသည်။ စုန့်စုန့်ကိုမြင်တော့လည်း အပြုံးလေးဖြင့် ပွတ်သပ်ချင်ခဲ့သည်။


ဖန်းမော့ထင်မှာ စုန့်စုန့်ကိုပွတ်ရန်လာနေသည်ကိုတွေ့သည်နှင့် စုန့်စုန့်ကိုပွေ့ထားသော ယဲ့ကျင်းကျီမှာလုံး၀ပျော်မနေတော့ပေ။ သို့သော် ရုပ်ရှင်ဧကရာဇ်ဖန်းမှာစုန့်စုန့်ကိုပင်မထိလိုက်ရသေးခင် စုန့်စုန့်မှာသူ့ထံလက်သည်းများဆန့်ထုတ်ပြလျက် ခေါင်းကလေးကိုယဲ့ကျင်းကျီ၏လက်မောင်းကြားတိုး၀င်ကာ ၀ှက်ထားတော့သည်။


ဖန်းမော့ထင် တန့်သွားခဲ့မိသည်။ ထို့နောက်ယဲ့ကျင်းကျီကိုမော့ကြည့်လာသည်။ ယဲ့ကျင်းကျီ၏မျက်နှာကိုမြင်လျှင် ဖန်းမော့ထင်အေးခဲသွားမိလေသည်။ ထိုသရုပ်ဆောင်အသေးလေး၏လက်ထောက်ဖြစ်သူမှ ဤမျှကောင်းမွန်သောမျက်နှာနှင့် အရှိန်အ၀ါမျိုးရှိနေလိမ့်မည်ဟုထင်မထားခဲ့ချေ။ သို့သော်ရုပ်ရှင်ဧကရာဇ်ဖန်းမှာ ပြုံးလျက်ဆိုလာခဲ့သည်။


"ရှီကျား မင်းရဲ့ကြောင်လေးကချစ်စရာလေး"


စုန့်စုန့်မှာ သူ့ထံဖင်ပေးထားခဲ့လေသည်။


ဒါပေါ့ချစ်ဖို့ကောင်းပေမယ့် မင်းကြည့်ဖို့ဟုတ်ဘူး..ဟမ့်..


ရှီကျားမှာ ဖန်းမော့ထင်နှင့်အလုပ်ခွင်ဆက်ဆံရေးမျှသာရှိခြင်းဖြစ်သည်။ သူသည်ရုပ်ရှင်ဧကရာဇ်အား ယဥ်ကျေးစွာနှုတ်ဆက်လိုက်လေသည်။ သူပြန်လှည့်လာချိန်တွင် အမျိုးသားတစ်ဦးနှင့်ကြောင်တစ်ကောင်မှာ သူ့အားသနားစဖွယ်ကြည့်နေခဲ့ကြလေသည်။


အဘယ်ကြောင့်ရယ်မသိပဲ ရှီကျားမှာပါးစပ်ဟလျက်ဆိုလိုက်မိသည်။ 


"သူကအရမ်းစကားကြွယ်ပြီး သတိထားလွန်းတယ်..ကျွန်တော်သူ့ကိုသဘောမကျဘူး"


ယဲ့ကျင်းကျီနှင့် စုန့်စုန့်၏မျက်လုံးများမှာ တပြိုင်တည်းတောက်ပသွားခဲ့လေသည်။


ဇနီးလေးက/သခင်က သူ့အပိုင်ဖြစ်နေတုန်းပဲ..


ရှီကျားမှာ အမျိုးသားနှင့် ကြောင်ကိုကြည့်လျက် သူ၏ရင်ထဲမှနွေးထွေးလာကာ အသာပြုံးလိုက်မိလေသည်။


ဖန်းမော့ထင် ကလေးသရဲကိုမွေးထားသည်ဟူသော အထင်အမြင်မျိုးရှိလေရာ ရှီကျား၏ ဖန်းမော့ထင်အပေါ်အမြင်က ထူးထွေကောင်းလာခြင်းမျိုးမရှိခဲ့ချေ။ သူတို့ထို၃ရက်တာ အလုပ်အတူလုပ်ခဲ့ကြရသည်။ 


ရှီကျား၏အခန်းများမှာ ပြီးဆုံးခါနီးပြီဖြစ်သည်။ မနက်ဖြန်အခန်းအနည်းငယ်သာ ရိုက်ရန်ကျန်ရစ်လေတော့သည်။ ထို့နောက်ပိုင်းတွင် ချန်းအန်သို့သွားကာ ကျိရင်ကိုတွေ့နိုင်ပေပြီ။


သူတို့ယနေ့ညရိုက်ကူးရန်လိုအပ်သည်မှာ တိုက်ပွဲအခန်းဖြစ်သည်။ ရုပ်ရှင်ဧကရာဇ်ဖန်းမှာ အကလေ့ကျင့်မှုများ တိုက်ခိုက်ရေးလေ့ကျင့်မှုများကိုနှစ်ပေါင်းများစွာအတွေ့အကြုံရှိလာသူဖြစ်သည်။ မုလတွင်သူနှင့်အတူ ဤအခန်းကိုရိုက်ကူးရမည့်သူမှာ အခြားကျင်းယီဝေ့တစ်ဦးဖြစ်သည်။ သို့သော်ဒါရိုက်တာမှာ 'သရဲများကိုလက်ဗလာနှင့်ဆွဲဖြဲသော အစ်ကိုကျား'သည် တိုက်ခိုက်ရာတွင်ပိုအတွေ့အကြုံရှိပြီး တဲ့တိုးဆန်သည်ဟု ယူဆကာ သူ၏ရုပ်ရည်ကလည်းကြည့်ကောင်းလေရာ ထိုအခန်းအတွက်သူ့ကိုထည့်၍ရိုက်ကူးစေလေသည်။


ထိုအခန်းတွင် အမျိုးသားဇာတ်လိုက်မှာ သူ၏ရဲဘော်ရဲဘက်တစ်ဦးနှင့်အတူ ခြစားခြင်းအမှု၏ သက်သေကို ပထမဆုံးအကြိမ်ရှာတွေ့မည်ဖြစ်သည်။ လူ၂ဦးမှာ ညဘက်အမိုးပေါ်တွင်ရှိနေစဥ် အစောင့်များထံမှအမိခံလိုက်ရမည်ဖြစ်သည်။ ထို့နောက်၂ဖက်စတင်တိုက်ခိုက်ကြတော့သည်။ တည်းဖြတ်စဥ်အခါတွင် တောက်ပသောလမင်းကြီးကို ထည့်သွင်းသွားဦးမည်ဖြစ်သည်။ လပြည့်၀န်းကြီးအောက် အမိုးပေါ်မှ ပြင်းထန်သောတိုက်ပွဲမြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ်ကောင်းလိမ့်မည်။


ဤသည်မှာ ရှီကျားအဖို့ ဖန်းမော့ထင်နှင့်တွဲဖက်ရိုက်ကူးရသည့် ဇာတ်၀င်ခန်းဖြစ်ကြောင်း သိလျက် ယဲ့ကျင်းကျီမှာ လွန်စွာပျော်ရွှင်နေခဲ့လေသည်။ ယဲ့ကျင်းကျီမှာ စုန့်စုန့်ကိုပွေ့လျက် ရိုက်ကွင်းအပြင်တွင်ရပ်ကာ ရှီကျားကို နစ်မြောစွာစိုက်ကြည့်နေခဲ့လေသည်။


ရှီကျားမှာ ကြိုးများနှင့်တန်းလန်းသရုပ်ဆောင်ရတိုင်း ယဲ့ကျင်းကျီမှာ ရတက်မအေးစွာ အာရုံစိုက်နေခဲ့မိလေသည်။ သို့မှာသာ ရှီကျားတွင်မတော်တဆတစ်ခုခုဖြစ်သည်နှင့် သူအချိန်မီကယ်တင်နိုင်မည်ဖြစ်သည်။


သို့သော် ဤတိုက်ခိုက်ရေးဇာတ်၀င်ခန်းရိုက်ကူးမှုမှာ ချောချောရှူရှူပင်ပြီးဆုံးသွားခဲ့လေသည်။ မည်သည့်မတော်တဆမှုပင်မရှိပဲ တစ်ချက်တည်းရိုက်ကူးပြီးစီးသွားခြင်းဖြစ်သည်။


ထိုအခန်းမှာအလွန်ကောင်းမွန်လွန်း၍ ဒါရိုက်တာမှာ ရိုက်ကွင်းစောစောသိမ်းလိုက်လေသည်။ ည၉နာရီအချိန်တွင် ရှီကျားမှာ မိတ်ကပ်ကိုဖျက်လျက် အ၀တ်လဲကာ ယဲ့ကျင်းကျီနှင့်အတူ ဟိုတယ်သို့ပြန်ရန်ပြင်လိုက်ကြလေသည်။


ရှီကျားမှာ ယဲ့ကျင်းကျီနှင့်အတူ စကားတပြောပြောနှင့် ရိုက်ကွင်းမှထွက်ခွာရန်ပြင်လိုက်လေသည်။ သို့သော် လမ်းတစ်၀က်မျှသာရောက်ချိန်တွင် လက်ထောက်ဒါရိုက်တာချန်မှာ ရှီကျားကိုပြန်ခေါ်၍ ဒါရိုက်တာကြီးမှ သူ့အားပြောစရာရှိသည်ဟုဆိုခဲ့သည်။


ဒါရိုက်တာကြီးလောင်လီမှာ ပြုံးလျက်ဆိုလာခဲ့သည်။ 


"ကောင်လေးမင်း သရုပ်ဆောင်တာကတိုးတက်လာတယ်...မဆိုးဘူး မဆိုးဘူး..မင်းအခန်းတွေမနက်ဖြန်ကျရင်ပြီးပြီ..တစ်ခုစဥ်းစားတာ ၂ခန်းလောက်ထပ်ထည့်ရင်ဘယ်လိုလဲ..ဇာတ်ညွှန်းကနည်းနည်းပြောင်းလိုက်လို့"


အခြားသူများသာဆိုလျှင် အခန်းပို၍သည့်အတွက် ထခုန်မတက်ပျော်ရွှင်မိကြလိမ့်မည်။ တဖက်တွင်တော့ ရှီကျားမှာ ၄င်းအတွက်ထွေထွေထူးထူးမခံစားရပါချေ။ မည်သို့ပင်ဆိုစေ သူ၏သရုပ်ဆောင်ကြေးမှာလည်း ပိုမြင့်လာမည်မဟုတ်ချေ။


တစ်ဖက်လူထံမှ လုပ်အားခကိုလက်ခံထားပြီးဖြစ်လေရာ မိမိကအလုပ်ကို ကောင်းကောင်းအပြီးသတ်ရန်လိုအပ်လေသည်။ ရှီကျားမှာ လောင်လီမှာ မနက်ဖြန်အပို၂ခန်းအတွက် ရှင်းပြသည်ကို ဂရုတစိုက်နားထောင်နေခဲ့သည်။ ထို့နောက်၁နာရီခန့်ကုန်လွန်သွားခဲ့လေသည်။ ရိုက်ကွင်းထဲမှ လူအများစုမှာ ပြန်သွားကြပြီးဖြစ်သည်။


၁၀နာရီခွဲတွင် သူ လောင်လီကိုနှုတ်ဆက်လျက် ယဲ့ကျင်းကျီထံသွားလိုက်သည်။ ထို့နောက် ယဲ့ကျင်းကျီအားအခန်းအပိုအကြောင်းပြောပြလိုက်လေသည်။ ဆရာယဲ့မှာခေါင်းညိတ်လာခဲ့ပြီး ရှီကျားကမူ အကူအညီမဲ့စွာဆိုလိုက်သည်။


"ကျွန်တော့်သရုပ်ဆောင်ကြေးလေး နည်းနည်းလေးပဲ ပိုပေးရင်ကောင်းမှာပဲ"


ယဲ့ကျင်းကျီကချက်ကျလက်ကျဆိုလာသည်။


"ကိုယ့်မှာ ပိုက်ဆံတွေအများကြီးရှိပါတယ်" 


ရှီကျားရယ်ချလိုက်မိသည်။ 


"အင်း..pointတစ်pointကို Benzတစ်စီးတောင်၀ယ်လို့ရတာ..ရွှမ်းရွှယ်လောကကလူတွေအတွက် ပိုက်ဆံတကယ်ပဲမရှားပါဘူး..ဒါပေမယ့်ဆရာယဲ့လည်း နည်းနည်းလောက်စုထားဖို့လိုတယ်နော်..အဟမ်း ခင်များကပိုက်ဆံတွေအများကြီး၀င်နေတယ်ဆိုပေမယ့် အရမ်းသုံးစွဲပစ်လို့မရဘူး"


ယဲ့ကျင်းကျီမှာ ခတ္တမျှ့တွန့်ဆုတ်နေပြီးမှ ရှက်ရွံ့စွာဆိုလာခဲ့သည်။ 


"ဆရာပြောတာက လက်ထပ်ပြီးရင် ပိုက်ဆံအိတ်ကိုဇနီးဆီအပ်ထားရမယ်တဲ့..လက်ထပ်ပြီးရင်လေ.."


အင်း..လက်ထပ်ပြီးရင်ပေါ့..


လက်ထပ်ခြင်းဟူသောစကားကိုကြားသည်နှင့် ရှီကျား ရင်ထဲမှ စူးအောင့်သွားလျက် မသက်မသာခံစားလိုက်ရလေသည်။ သူကမျက်မှောင်ကျုံ့လျက် စကားလမ်းကြောင်းလွှဲပစ်ချင်ခဲ့လေသည်။ သို့သော်သူဘာမှမဆိုနိုင်ခင်မှာပင် မျက်လုံးတို့ပြူးကျယ်လျက် မလှမ်းမကမ်းမှ အခန်းဆီကြည့်လိုက်မိလေသည်။ ယဲ့ကျင်းကျီ၏အမူအရာမှာလည်း အေးစက်သွားလျက် စေ့ပိတ်နေသောတံခါးကိုစိုက်ကြည့်နေခဲ့သည်။ 


သူ၏လေသံမှာတည်ငြိမ်နေခဲ့သည်။ 


"သွေးညှီနံ့ရတယ်..အရမ်းပြင်းတဲ့ယင်စွမ်းအင်ပဲ"


ရှီကျားကဆိုသည်။ 


"အဲဒါကဖန်းမော့ထင်ရဲ့ နားနေခန်းပဲ..သူအခုလေးတင် မန်နေဂျာနဲ့အထဲကို၀င်သွားတာထင်တယ်"


သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် ရှေ့သို့လျှောက်သွားလိုက်ကြလေသည်။


ရှီကျားမှာ ဆေးရုံတွင် ကုမန်သုန်ကိုတွေ့ခဲ့စဥ်က ၀င်မပါခဲ့သည်မှာ ၄င်းကဖန်းမော့ထင်မွေးမြူထားသော တစ်ခုခုဟုထင်မိ၍ဖြစ်သည်။ ထို့အပြင်ဖန်းမော့ထင်၏ မတော်တဆမှုများမှာ အဆိုပါကုမန်သုန်နှင့် ဆက်စပ်မှုရှိနေသည်လား သူမသိချေ။ သို့သော် ယခုမူ သွေးညှီနံ့နှင့် ပြင်းထန်သောယင်စွမ်းအင်ကိုခံစားနေမိလေသည်။ သူ၏မျက်စိရှေ့တွင် တစ်စုံတစ်ယောက်ထိခိုက်နေသည်ကို ရှီကျားဤအတိုင်းကြည့်မနေနိုင်ပါချေ။


အစ်ကိုကျားမှာ သူများတကာ၏ကိစ္စများတွင် ၀င်ပါရခြင်းကိုမနှစ်သက်သလို ကမ္ဘာကြီးငြိမ်းချမ်းစေရန်အလို့ငှာ သူရဲကောင်း၀င်လုပ်ကာ မကောင်းဆိုး၀ါးများ သရဲများကိုလိုက်ဖမ်းနေမည်မဟုတ်ချေ။ သို့သော် သူ၏တံခါးရှေ့ရောက်လာသော ကိစ္စကိုတော့မျက်ကွယ်ပြုထားလိမ့်မည်မဟုတ်။ 


သူတို့သည်ပိတ်ထားသောတံခါးကိုခေါက်ကြည့်လိုက်ကြသည်။ သို့သော် အခန်းထဲမှ မည်သည့်တုန့်ပြန်သံမှမကြားရချေ။ 


ရိုက်ကွင်းထဲတွင် မည်သူမျှသိပ်မကျန်တော့ချေ။ မည်သူမှလည်း သူတို့ကို အာရုံစိုက်မနေခဲ့ချေ။


ရှီကျားမှာ တံခါးကိုနောက်တစ်ကြိမ်ခေါက်ကြည့်လိုက်သည့်တိုင် မည်သည့်တုန့်ပြန်မှုကိုမှမရသေးချေ။ သူလှည့်ကြည့်လိုက်လျှင် ရိုက်ကွင်းထဲ၌ လောင်လီနှင့် ဇာတ်ညွှန်းဆရာတို့သာကျန်တော့သည်ကို တွေ့လိုက်ရလေသည်။ သူသည်တွေးတောလျက် ယဲ့ကျင်းကျီကိုပြောလိုက်သည်။ 


"ဒီအခန်းထဲမှာယင်စွမ်းအင်ကအရမ်းပြင်းထန်လွန်းနေတယ် လောင်လီနဲ့ကျန်တဲ့သူတွေကိုဆွဲထည့်မိမှာစိုးတယ်..ဆရာယဲ့အထဲကမကောင်းဆိုး၀ါးလွတ်မသွားအောင် အစီအရင်လေးကြိုချပေးထားလို့ရမလား"  


ယဲ့ကျင်းကျီမှာ သူ၏လက်ကိုလှုပ်ရှားလျက် အစီအရင်ချလိုက်သည်။


ရှီကျားမှာ တံခါးလက်ကိုင်ကိုဖိလျက် အတင်းတွန်းထည့်လိုက်လေသည်။ ထူးဆန်းသည်က တံခါးလက်ကိုင်မှာ အနည်းငယ်မျှလှုပ်ရှားမသွားခဲ့ချေ။ အနက်ရောင်ယင်စွမ်းအင်အချို့မှာ တံခါးအဟနှင့် သော့ပေါက်ကြားမှစိမ့်ထွက်လာပြီး ရှီကျားလက်ကိုရစ်ပါတ်လာခဲ့သည်။


ယဲ့ကျင်းကျီ၏ မျက်ဆံများတုန်လှုပ်သွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ယင်စွမ်းအင်မှာ ပြိုကွဲသွားခဲ့လေသည်။


အတွင်းမှအရာမှာ ရှီကျားကိုပင်စတင်တိုက်ခိုက်လာခဲ့လေပြီ။ ယဲ့ကျင်းကျီမှာ အေးစက်သောအမူအယာနှင့် ရှီကျား၏လက်ကိုဆုပ်ကိုင်ထားလိုက်လေသည်။ ရှီကျားသူ့အားခေါင်းညိတ်ပြလာခဲ့သည်။ ရွှေရောင်အလင်းတစ်ခုမှာ သူ၏လက်ချောင်းများကြားမှထွက်လာပြီး ရှီကျား၏လက်ကိုဆုပ်လိုက်လေသည်။ ထို့နောက်တံခါးလက်ကိုင်ကိုဖိလိုက်သည်နှင့် တံခါးမှခပ်သာသာပွင့်လာလေသည်။


ဘန်း....


သန်မာသောယင်စွမ်းအင်မှာ အတွင်းမှာရုတ်ချည်းထိုးထွက်လာခဲ့လေတော့သည်။ ရှီကျားမှာ အလိုအလျောက်ရှောင်ရှားလိုက်လေသည်။ ယဲ့ကျင်းကျီမှာ သူ၏လက်ချောင်းကိုဆန့်လျက်ထိုယင်စွမ်းအင်ထုကို တားဆီးလိုက်လေသည်။


ယဲ့ကျင်းကျီတွင် ပြင်းထန်ယင်စွမ်းအင်ခန္ဓာကိုယ်မရှိချေ။ ထိုသို့ပြင်းထန်သောယင်စွမ်းအင်မှာ သူ၏ကိုယ်ကိုတိုက်ခိုက်နိုင်လေသည်။ သို့သော်ထိုအနက်ရောင်ယင်စွမ်းအင်မှာ သူ၏အရေပြားကိုဖောက်၀င်ရန်ကြိုးစားလာလျှင် သူ၏ညာဘက်မျက်လုံးထဲမှ အနက်ရောင်မှည့်ကလေးမှာ ရုတ်ချည်းအနီရောင်ပြောင်းသွားခဲ့လေသည်။ ထို့နောက်သူ၏လက်ဖ၀ါးမှပြင်းထန်သောစွမ်းအင်တစ်ခုထွက်လာပြီး ထိုအနက်ရောင်ယင်စွမ်းအင်များမှာ တမဟုတ်ချင်းပြိုကွဲသွားခဲ့သည်။


တံခါးမှာပွင့်သွားခဲ့ချေပြီ။ သို့သော်အတွင်း၌ပိန်းပိတ်အောင်မှောင်မည်းနေခဲ့သည်။ ရှီကျားနှင့် ယဲ့ကျင်းကျီမှာတစ်ယောက်ကိုတစ်ယောက်ကြည့်လျက် အခန်းတွင်းသို့၀င်သွားခဲ့ကြလေသည်။


သူတို့အခန်းထဲသို့လှမ်း၀င်လိုက်သည်နှင့် တံခါးမှာဘန်းခနဲအသံနှင့်အတူပိတ်ကျသွားခဲ့သည်။


အမှောင်ထုထဲ ယဲ့ကျင်းကျီမှာ ၀ူရှန်းရှင်းလီကိုထုတ်ယူလိုက်လေသည်။ သူလက်ချောင်းများနှင့် ညင်သာစွာထိလိုက်လျှင် ၀ူရှန်းရှင်းလင်းမှ တောက်ပသောအလင်းတစ်ခုကိုထုတ်လွှတ်လာခဲ့သည်။ သို့သောိ ထိုအလင်းမှာ အခန်းတစ်ခုလုံးကိုလင်းထိန်မသွားစေခဲ့ချေ။ တခန်းလုံးမှာ သိပ်သည်းသောယင်စွမ်းအင်များဖုံးလွှမ်းနေပြီး မှောင်မည်းနေလွန်း၍ မိမိရှေ့မှလက်ကိုပင်မမြင်နိုင်ချေ။


အခန်းကိုလင်းစေရန်မဖြစ်နိုင်လေရာ ရှီကျားနှင့်ယဲ့ကျင်းကျီလည်း ထိုအကြံကိုလက်လျှော့ကာ ယင်ယန်မျက်လုံးကိုဖွင့်လိုက်ကြလေသည်။


ထိုအခိုက်အတန့်တွင် ရှီကျားမှာ လေးနက်စွာဆိုလာခဲ့သည်။ 


"ဆရာယဲ့..ကျွန်တော်မကောင်းဆိုး၀ါးကိုမမြင်ဘူး"


ယဲ့ကျင်းကျီကလည်းဆိုလာသည်။


"ဒီမှာမကောင်းဆိုး၀ါးမရှိဘူး..ကိုယ့်အထင်မမှားဘူးဆို ကုမန်သုန်ပဲဖြစ်လိမ့်မယ်"


ရှီကျားနှုတ်ခမ်းကိုတင်းတင်းစေ့လိုက်မိသည်။


ထင်တဲ့အတိုင်း..အဲဒီကုမန်သုန်က ဖန်းမော့ထင်နဲ့ဆက်စပ်နေတာပဲ..


သူတို့၂ဦးသားအခန်းထဲတွင် စတင်ရှာဖွေလိုက်ကြလေသည်။


အပြင်မှကြည့်လျှင် အခန်းလေးမှာ အလွန်သေးငယ်လေသည်။ ဤအခန်းမှာ စတုရန်းမီတာအနည်းငယ်မျှသာရှိကာ ဖန်းမော့ထင်၏နားနေခန်းဖြစ်သည်။ သို့သော်ယခုမူ သူနှင့်ယဲ့ကျင်းကျီမှာ ဤအခန်း၏အဆုံးအထိပင်မရောက်နိုင်သေးချေ။


ယဲ့ကျင်းကျီကဆိုသည်။ 


"ကိုယ်အသိကမလုံလောက်သေးဘူး..ကိုယ့်ဆရာချန်ထားပေးခဲ့တဲ့ မန္တာန်စာအုပ် ၃ပုံ၁ပုံလောက်ပဲပြီးသေးတာ..ထိုင်းစုန်းအတတ်နဲ့ပါတ်သတ်ပြီး ကိုယ်သိတာနည်းနည်းလေးပဲရှိတော့ သိပ်မသေချာဘူး..ဒါပေမယ့် ဒီဟာက သရဲ၀င်္ကပါချည်းသက်သက်တော့မဟုတ်ဘူး"


သူဆိုလိုချင်သည်မှာ သူကိုယ်တိုင်လည်း မည်သည်တို့ဖြစ်ပျက်နေသည်ကို နားမလည်ဟူ၍ပင်။ 


ရှီကျားအနည်းငယ်တွေးလိုက်သည်။


"ဖေးယွီများ သိလောက်လား..သူ့ကိုမေးကြည့်လိုက်မယ်"


ယဲ့ကျင်းကျီကဆိုသည်။ 


"စစ်ဝေ့ရှင်းခန်းမက ထိုင်းစုန်းအတတ်နဲ့ပတ်သက်ပြီး လေ့လာဖူးတယ်..တာအိုရောင်းရင်းနန်ရိသိလောက်တယ်..ကိုယ်မေးကြည့်လိုက်မယ်"


ပြောပြောဆိုဆိုပင် ယဲ့ကျင်းကျီမှာ ဖုန်းကိုထုတ်ယူလိုက်လေသည်။ သို့သော်wechatကိုမဖွင့်ရသေးခင်မှာပင် သူကငိုင်သွားခဲ့လေသည်။


ရှီကျားနားမလည်ခဲ့ချေ။ 


"ဆရာယဲ့?" 


အခန်းထဲမှ ယင်စွမ်းအင်မှာပြင်းထန်လွန်း၍ သူသည်ယဲ့ကျင်းကျီကို မမြင်နိုင်လုနီးပါးပင်။ သူတို့သည်တစ်ယောက်နှင့်တစ်ယောက်လူချင်းကွဲမသွားရစေရန် တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ထားခဲ့ကြလေသည်။


မိနစ်၀က်ခန့်ကြာပြီးနောက် အေးစက်စက်အရာတစ်ခုမှာ သူ၏လက်ထဲသို့ထိုးထည့်ခံလိုက်ရလေသည်။ သူ၏ကိုယ်မှာတောင့်တင်းသွားလျက် စိတ်လှုပ်ရှားရန် အချိန်မရလိုက်ခင်မှာပင် သူသတိထားမိသွားခဲ့သည်။ 


"အာ..ဖုန်းလား"


သူ၏နံဘေးမှ ယဲ့ကျင်းကျီ၏ လေသံတိုးတိုးကိုကြားလိုက်ရလေသည်။


"ကျားကျား..စခရင်ပေါ်ကစာကိုဖတ်လို့ရလားဟင်" 


ရှီကျားမှာအဘယ်ကြောင့်မှန်း နားမလည်ခဲ့ချေ။ သူကဖုန်းကိုယူလျက် ပါ၀ါခလုတ်ကိုနှိပ်လိုက်လေသည်။ 


ထို့နောက်ရှီကျား "....."



👻