Chapter 30
Viewers 4k

🏝️ Chapter 30



နင်ထန်က အိုးထဲသို့ ပုစွန်နှင့် ငါးအသားလွှာများ ထည့်လိုက်ပြီး ကျက်သွားမှ တစ်ယောက်ချင်းစီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။


တဝါက ပုစွန်များကို အမြန် အခွံခွာ၍ အသားကို စားရင်း ပြောလာသည်။

"နူးညံ့နေတာပဲ…"


"ဒါပေါ့ နူးညံ့တာပေါ့... စားလိုက်ရင် ချဥ်ချဥ်စပ်စပ်လေး ဖြစ်နေတာ အချဥ်ဖောက်ထားတဲ့ ရှာလကာရည်ရဲ အရသာပဲလေ…အစ်မလောက ဒီလိုငါးဖမ်းသမား မိသားစုကနေ အချဥ်ဖောက်ထားတဲ့ ရှာလကာရည်ဆိုတာ ကျန်ခဲ့တဲ့ ဆန်အရက်အနယ်အနှစ်ကနေ အချဥ်ဖောက်ထားတာလို့ ပြောတယ်... ဟော့ပေါ့ဟင်းရည်အတွက် ကွက်တိပဲ... ဒီရှာလကာရည်ကို ပင်လယ်စာတွေ ချက်တဲ့နေရာမှာ ထည့်ရင် အရသာပိုကဲသွားတယ်…"

နင်ထန်က ပြောပြသည်။


ရှန်းလေ့က ပုစွန်နှင့် ဂဏန်းများကို မစားဘဲ ရှာလကာရည်ချဥ် ဟင်းရည်ကို ထည့်၍ တဖြည်းဖြည်း သောက်နေခဲ့သည်။ ယင်းက ချဥ်ချဥ်စပ်စပ်လေး ဖြစ်၍ ခံတွင်းမြိန်စေသည်။

"အနံ့နဲ့ပဲ အကဲဖြတ်လို့မရဘူး... အရသာ တော်တော်လေး ကောင်းတာပဲ…"


"အနံ့လည်း ကောင်းတယ်... သွားရည်တောင် ကျလာစေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို သိလား…"

နင်ထန် ပြောလိုက်သည်။

"ခုဏက အကြောင်းဆက်ပြော... တဝါ…"


တဝါက ငါးအသားလွှာကို ကိုက်စားလိုက်ပြီးနောက် ပြောလာသည်။

"ပြန်လာတော့ အန်တီရွှယ်နဲ့ တွေ့တယ်…"


နင်ထန်နှင့် ရှန်းလေ့တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ 

နေရာတိုင်း နင်ရွှယ်ချည်းပဲလား...


"သူနဲ့ ဘယ်လိုတွေ့သွားတာလဲ…"

ရှန်းလေ့ မေးလိုက်သည်။ 


"စုကွမ်းကျုံးနဲ့ စုယောင်ကျူးက သားနဲ့ တစ်တန်းတည်းပဲလေ... သားတို့သုံးယောက် ကျောင်းကနေ ပြန်လာတော့ အန်တီရွှယ်က သူတို့အိမ်ရှေ့မှာ ပေါ်လာတယ်... သူက သားတို့ကို တားပြီး ဒီနေ့ ကျောင်းက ဘာတွေ သင်လိုက်လဲလို့ မေးခဲ့တာ…"

တဝါ ပြောလိုက်သည်။


နင်ထန်: "ဆိုတော့ နင်က ဘယ်လို ပြန်ဖြေလိုက်တာလဲ…"


တဝါက ယုံကြည်ချက်ရှိရှိဖြင့် ပြန်ဖြေလိုက်သည်။

"အမှန်ကိုပဲ ပြောလိုက်တာပေါ့... ဆရာမကျိုးက ဒီနေ့ လူစာရင်းပဲကောက်ပြီး သားတို့နဲ့ အတူဆော့ပေးတာလေ... သားတို့က လက်ကိုင်ပုဝါ ကစားနည်း ကစားကြတာ... ပျော်စရာ အရမ်းကောင်းတယ်…"


သူက ပုခုံးတွန့်ပြလိုက်သေးသည်။

"သားတို့က ပျော်ခဲ့ရပေမယ့် အန်တီရွှယ်ကတော့ ကျေနပ်ပုံမရဘူး... သားတို့ဆရာမက သူ့အလုပ်ကို ကောင်းကောင်းမလုပ်ဘဲ သားတို့နဲ့ ဆော့ဖို့ပဲ သိတယ်လို့ ပြောသေးတယ်... စုကွမ်ကျုံးနဲ့ စုယောင်ကျူးကိုလည်း အိမ်ပြန်ပြီး စာကောင်းကောင်း လုပ်ဖို့နဲ့ သူပေးထားတဲ့ အိမ်စာတွေ လုပ်ဖို့ပြောတယ်…"


တဝါက ဥာဏ်ကောင်းသဖြင့် တစ်လုံးချင်း ပြန်ပြောနိုင်လေရာ နင်ထန်နှင့် ရှန်းလေ့အား အချင်းချင်း ကြည့်မိသွားကြစေ၏။


သူက ခေါင်းနောက်လေးကို ထိကာ ရှုပ်ထွေးနေဟန်ဖြင့် ပြောလိုက်သည်။

"အဖေနဲ့ ဟို့မား... သားတို့ဆရာမက အန်တီရွှယ် ပြောသလိုပဲ အလုပ်ကောင်းကောင်း မလုပ်တာလားဟင်... ဒါက ပြောလို့ကောင်းတဲ့ စကား မဟုတ်ဘူးလို့ သားထင်တယ်... ဆရာမကျိုးက တကယ် သဘောကောင်းပြီး ရယ်ရတယ်... သားတော့ ဆရာမကို သဘောကျတယ်…"


နင်ထန် ပြောလိုက်သည်။

"ဆရာမကို သဘောကျတယ်ဆိုတာ ကောင်းတဲ့အရာပဲလေ... နင့်အန်တီ ဘာပြောပြော အရေးလုပ်မနေနဲ့... ဆရာမက နင်တို့ရဲ့ ပုံစံနဲ့ အဆင်ပြေပြီး ကစားရတာ စာလေ့လာရတာ ပျော်တယ်ဆိုရင် ကျောင်းသွားရတာ တန်တယ်…"


တဝါက တဝက်တပျက်သာ နားလည်လိုက်သော်ငြား ခေါင်းညိတ်ကာ အစားဆက်စားနေခဲ့သည်။ 


ရှန်းလေ့က အားနူနှင့် စန်းဝါတို့အတွက် ပုစွန်ခွာပေးနေရင်း နင်ထန်ကို တိုးတိုးပြောလိုက်သည်။

"ကိုယ်ကတော့ မင်းအစ်မ ကိုယ်တို့မိသားစုကို အမြဲတမ်း စောင့်ကြည့်နေတယ်လို့ ခံစားနေရတာပဲ…"


"ဘာထူးဆန်းလဲ... သူက ကျွန်မတိို့ကို မျက်စိဒေါက်ထောက် ကြည့်နေတယ်... ဒါပဲလေ... နင်ရွှယ် စောင့်ကြည့်တာ ရပ်သွားမှ ထူးဆန်းနေမှာ…"

နင်ထန် ပြန်ဖြေလိုက်သည်။ 


အများဆုံး နင်ရွှယ်က မလိုအပ်သော စကားအချို့ ပြောလာမည်သာ ဖြစ်သည်။ တစ်ဖက်နားက ဝင်ပြီး နောက်တစ်ဖက်က ပြန်ထွက်သွားမည်ပင်။ သူတို့အပေါ် သက်ရောက်မှု မရှိပေ။ သူတို့ကလည်း နင်ရွှယ် ပြောသည့်အတိုင်း လုပ်မည် မဟုတ်ပေ။ သူမ ကြည့်နေချင်လျှင် ကြည့်ခိုင်းထားလိုက်မည်။ ရှန်းမိသားစု၏ အိမ်တံခါးဝတွင် လာထိုင်လျှင်ပင် ကွဲပြားမှု မရှိပေ။ 


နင်ထန်က ငါးအသားလွှာကို ယူလိုက်ပြီး ရှန်းလေ့ကို ကျွေးလိုက်သည်။

"သူကြည့်ချင် ကြည့်ပါစေ... ကျွန်မတို့ဘဝက ကျွန်မတို့ရဲ့ ကိုယ်ပိုင်ပဲ... ကောင်းကောင်းဆိုးဆိုး သူနဲ့ မဆိုင်ဘူး…" 


စားသောက်ပြီးသွားသောအခါ ရှန်းလေ့က ပန်းကန်သွားဆေးချိန်တွင် နင်ထန်က စာရွက်နှင့် ဘောပင်တစ်ချောင်းကို ယူကာ စားပွဲကို မှီ၍ စာရေးနေသည်။ 


ရှန်းလေ့ ပန်းကန်ဆေးပြီးသွားသောအခါ သူမ စာရေးလက်စ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ဘာတွေ ရေးနေတာလဲ…" 


"စာပို့မလို့လေ… အရင်တစ်ခေါက်က ကျွန်မမိသားစုဆီ စာရေးပြီး ပင်လယ်စာတွေ ပို့လိုက်ပေမယ့် စာပြန်မလာကြဘူး... တစ်ခုခုများ ဖြစ်နေလား မေးမလို့…" 


ရှန်းလေ့ ပြောလိုက်သည်။

"မင်းရေးထားလေ... ပြီးမှ ကိုယ်ပို့ပေးမယ်…" 


စက်တင်ဘာ ၃ရက်နေ့တွင် ရှန်းလေ့က စာသွားပို့ခဲ့သည်။ 


သူတို့က 15ရက်နေ့အထိ စောင့်ခဲ့ကြသော်လည်း စာပြန်မလာခဲ့ပေ။ နင်ထန်မှာ တတိယစာတစ်စောင် ပို့ရန် စဥ်းစားနေစဥ်မှာပင် နင်ဝေ့ကောနှင့် စွန်းအိုက်ကျွီထံမှ "ပြန်စာ" ရောက်လာခဲ့သည်။


စက်တင်ဘာ ၁၇ နေ့လည်ပိုင်းတွင် နင်ထန်က အားနူနှင့် စန်းဝါတို့ကို တရေးအိပ်ခိုင်းရန် ပြင်နေခိုက် အိမ်ရှေ့မှ ဘဲလ်တီးသံကို ရုတ်တရက် ကြားလိုက်ရသည်။

"လူရှိပါသလား…" 


နင်ထန်က မျက်လုံးများကို မပွင့်တပွင့် ဖွင့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ရှိပါတယ်…"


သူမက ထရပ်ကာ ခြံတံခါးဆီသို့ လျှောက်လာခဲ့သည်။ 


တံခါးဝသို့ ရောက်သောအခါ စာတိုက်ဝန်ထမ်းများ ပုံစံ ဝတ်ဆင်ထားသည့် လူငယ်လေး နှစ်ယောက်က စက်ဘီးများစီး၍ ရောက်လာကြခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။ စက်ဘီးတစ်စီးတွင် နောက်ခုံ၌ ပစ္စည်းထုပ်ကြီးကြီး တစ်ခု ပါနေသော်ငြား မိုးကာစဖြင့် ပတ်ထားသဖြင့် နင်ထန်သည်လည်း သေသေချာချာ မမြင်ရပေ။ 


စာတိုက်ဝန်ထမ်းလေးတစ်ယောက်က စာတစ်စောင်ကို ထုတ်ကာ လိပ်စာကို ကြည့်လိုက်၏။

"ဒါက ချီစီရင်စုက ပို့လာတာပါ... လက်မှတ်ထိုးပေးလို့ရမလား…" 


"ချီစီရင်စုလား... "

နင်ထန် ကြောင်အသွားသည်။ ချီစီရင်စုက ရှန်းကန်ရွာ ရှိသော စီရင်စုပင်။ နင်ဝေ့ကောနှင့် စွန်းအိုက်ကျွီတို့ သူမအတွက် တစ်ခုခု ပို့လိုက်ခြင်းလားဟု တွေးလိုက်မိသည်။


အခြားစာတိုက်ဝန်ထမ်းလေးက စက်ဘီးနောက်ခုံမှ ပစ္စည်းကို ချလိုက်ပြီး နင်ထန်၏ အနောက်ကို လှမ်းကြည့်လိုက်သည်။

"အိမ်မှာ ယောကျ်ားသား မရှိဘူးလား... ဒီပစ္စည်းကို မရွှေ့နိုင်မှာ စိုးရတယ်…" 


နင်ထန်က ပစ္စည်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆုံးဖြတ်ချက် ချကာ ပြောလိုက်၏။

"ရဲဘော်တို့ ကူပြီး ရွှေ့ပေးနိုင်မလား…" 


ရှန်းလေ့ စစ်တပ်မှ အိမ်သို့ ပြန်လာသောအခါ ဧည့်ခန်း၏အလည်တည့်တည့်တွင် ပစ္စည်းထုပ်ကြီးတစ်ခုကို တွေ့လိုက်ရလေသည်။ သူ လန့်သွားသည်။

"ဘာတွေ ဝယ်ထားတာလဲ…" 


"ဒါ ကျွန်မ ဝယ်ထားတာ မဟုတ်ဘူး... ကျွန်မ မိဘတွေ ပို့လိုက်တာ... အခုထိ မဖွင့်ရသေးဘူး…"

နင်ထန် ပြန်ဖြေလိုက်၏။ 


သူမက အားနူနှင့် စန်းဝါကို တစ်ချက်ကြည့်ကာ သူတို့ကို ရှင်းပြလိုက်၏။

"ဒါ နင်တို့ရဲ့ အဘိုးနဲ့အဘွားဆီကလေ…" 


အားနူက ခေါင်းလေးကို စောင်းလိုက်သည်။

"အဘိုးနဲ့ အဘွားဆီကလား…" 


နင်ထန် ပြောလိုက်၏။

"အရင်တစ်ခေါက် နင်တို့စားတဲ့ စွန်ပလွံသီးက အဘိုးနဲ့ အဘွား ပေးလိုက်တာလေ…" 


စွန်ပလွံသီး၏ ချိုမြမွှေးပျံ့သည့် အရသာလေးကို တွေးမိသွားသောအခါ အားနူက တံတွေးမျိုချလိုက်ပြီး ပစ္စည်းထုပ်ကြီးကို ကြည့်လိုက်သည်။

"အထဲမှာ စွန်ပလွံသီးတွေ အများကြီး ထည့်ထားသလား မသိဘူးနော်…" 


စန်းဝါတစ်ယောက် စွန်ပလွံသီး ဟူသည့် အသံကို ကြားသည်နှင့် ခြေတံတိုလေးများဖြင့် ပြေးလာကာ အုပ်ထားသော မိုးကာစကို ဆွဲဖယ်ရန် ပြင်လိုက်သည်။ 


သို့သော်ငြား တင်းတင်းကျပ်ကျပ် ထုပ်ထားသဖြင့် ဆွဲမဖွင့်နိုင်ခဲ့ပေ။ 


ရှန်းလေ့က တိုးတိုးရယ်ကာ စန်းဝါကို ချီလိုက်ပြီးနောက် ချည်ထားသော ကြိုးကို ဖြုတ်ပေးလိုက်သည်။ အသစ်စက်စက် လျှပ်စစ်ပန်ကာတစ်ခုက မျက်စိရှေ့မှောက် ပေါ်ထွက်လာခဲ့သည်။ 


"လျှပ်စစ်ပန်ကာလား…"

ဤတစ်ကြိမ်တွင် နင်ထန်တစ်ယောက် အမှန်ပင် အံ့သြသွားခဲ့ရသည်။ နင်ဝေ့ကောနှင့် စွန်းအိုက်ကျွီတို့ သူမထံ လျှပ်စစ်ပန်ကာတစ်လုံး ပို့ပေးလာမည်ဟု အမှန်ပင် မထင်ထားခဲ့ပေ။ 


စက်တင်ဘာ ၈ ရက်နေ့တွင် ရှန်းလေ့က လစာနှင့် ပင်လယ်သို့ ထွက်ရသည့်အတွက် အပိုဆုကြေး ရရှိခဲ့သည်။ စုစုပေါင်း ယွမ်တစ်ရာထက် ပိုများပေသည်။ သူက သူမထံသာ အပ်ထားခဲ့သည်။ သူမက မူလတွင် မြို့ထဲမှ သမဝါမယဆိုင်သို့ စက်လှေစီး၍ သွားရောက်ကာ ပန်ကာတစ်လုံး ဝယ်ရန် စီစဥ်ထားခဲ့သည်။ သို့သော်လည်း သူမတို့ မလှုပ်ရှားရသေးမီမှာပင် နင်ဝေ့ကောနှင့် စွန်းကျွီအိုက်တို့က ဦးစွာပို့ပေးလာခဲ့မည်ဟု မထင်ထားခဲ့ပေ။ 


"ဒါက ဘာလဲ…"

အားနူက သူမရှေ့မှ 'သတ္တုမီးအိမ်'ကြီးကို သတိထား၍ ထိလိုက်သည်။

"စားလို့ရလား…"


"စားလို့မရဘူးလေ... ဒါကို လျှပ်စစ်ပန်ကာလို့ ခေါ်တယ်... လေရဖို့ သုံးတာ ထန်းရွက် ယပ်တောင်ကြီးတွေလို အတူတူပဲ... လက်နဲ့ ခပ်စရာ မလိုတော့ဘူးပေါ့... သူ့ဘာသာ လည်နေမှာ…"

ရှန်းလေ့ ရှင်းပြလိုက်သည်။ 


နင်ထန်က လျှပ်စစ်ပန်ကာကို ပုတ်ကာ ပြောလိုက်သည်။ 

"ဒါနဲ့သာဆိုရင်... အိပ်တဲ့အခါ အပူကို ကြောက်စရာ မလိုတော့ဘူး…" 


ရှန်းလေ့ ပြောလိုက်သည်။

"ဒါပေမယ့် တစ်ခုတည်း ရှိတာလေ... ဘယ်အခန်းထဲ ထည့်ကြမလဲ…" 


"ဧည့်ခန်းထဲပဲ ထားလိုက်ရအောင်…"

နင်ထန် အကြံပြုလိုက်သည်။ 


တစ်ခုတည်းသာ ရှိသဖြင့် သီးသန့်ခန်းထဲတွင် ထားရန် မသင့်တော်ပေ။ ဧည့်ခန်းထဲ ထားလိုက်မှသာ သူမသာမက၊ အားနူနှင့် စန်းဝါပါ နေ့လည်ခင်း တစ်ရေးအိပ်ချိန်၌ အသုံးပြုနိုင်ပေမည်။ 


နင်ထန် အားတက်သရော ပြောလိုက်သည်။

"မြန်မြန် ပလပ်တပ်ပြီး စမ်းကြည့်ရအောင်…" 


ရှန်းလေ့က လျှပ်စစ်ပန်ကာကို ရွှေ့ကာ နေရာချိန်ညှိလိုက်ပြီး ပလပ်တပ်လိုက်သောအခါ ပန်ကာက တဖြည်းဖြည်း စလည်လာပြီး လေနုအေးလေးများ ထုတ်ပေးလာသည်။ နင်ထန်၏ ပါးပြင်လေးပေါ်မှ ဆံချည်မျှင်လေးများကိုပါ လွင့်သွားစေကာ သူမက မှတ်ချက်ပြုလိုက်၏။

"တကယ်အေးတာပဲ…" 


တစ်နေ့လည်လုံး လေ့ကျင့်ပြီးနောက် ရှန်းလေ့မှာ ချွေးများ စိုရွှဲ၍ နေပေသည်။ ယခုတွင် ပန်ကာရှေ့၌ ထိုင်ကာ လေအေးအေးလေးကို ခံစားနေရသဖြင့် မျက်လုံးမှိတ်ကာ အရသာမခံဘဲ မနေနိုင်တော့ချေ။


အားနူက မျက်လုံးလေးများ ပြူးကျယ်လျက် ပန်ကာရှေ့တွင် လက်ကလေးကို ယမ်းခါလိုက်သည်။

"ဝိုး .. လေတွေ ရနေတယ်…" 


"လျှပ်စစ်ပန်ကာက တကယ် အသုံးဝင်တာပဲ... ပိုက်ဆံသာရှိရင် တစ်ခန်းစီ တပ်ထားလို့ရတယ်…"

ရှန်းလေ့ ပြောလိုက်သည်။

"စကားမစပ်... ပန်ကာအပြင် ယောက္ခမတို့က စာပို့လိုက်သေးလား... ဘာတွေ ရေးထားလဲ…" 


နင်ထန်က သူမ၏ပေါင်ကို ရိုက်ချလိုက်သည်။

"ဒါကို သိချင်စိတ်များနေတာနဲဲ့ ဖွင့်ဖောက်ဖို့ မေ့သွားတယ်... စာက စားပွဲပေါ်မှာ... ဖွင့်ကြည့်ရအောင်…" 


ရှန်းလေ့ ဖွင့်ကာ အမြန် ဖတ်ကြည့်လိုက်သည်။

"ယောက္ခမတွေ ရေးထားတာ သူတို့က ကိုယ်တို့ ပို့လိုက်တဲ့ ပင်လယ်စာတွေကို ရတယ် ကြိုက်လည်း ကြိုက်တယ်လို့ ပြောတယ်... ဒါပေမယ့် အကုန်အကျများမှာစိုးလို့လို့ နောက်ထပ်မပို့နဲ့တော့တဲ့... ကျွန်းပေါ်မှာ ပူတယ်ကြားလို့ ကိုယ်တို့ဆီ ပန်ကာပို့ပေးလိုက်တာလို့ ရေးထားတယ်…" 


နင်ထန်က မဆိုသလောက် ဝမ်းနည်းသွားလေသည်။

"ဘာတွေ ကုန်မှာ မို့လို့လဲ... သူတို့ကြိုက်ရင် ပြီးပြီကို... ကျွန်းပေါ်မှာ ပင်လယ်စာက စျေးပေါလွန်းလို့... နောက်မှ ထပ်ပြီး ပို့ပေးရဦးမယ်…" 


ရှန်းလေ့က စာကို သေသေချာချာ သိမ်းထားလိုက်သည်။

" ပင်လယ်စာနဲ့ လျှပ်စစ်ပန်ကာကို လဲတယ်ပေါ့လေ... ကိုယ်တို့က ခေါင်းတစ်လုံး ပိုသာနေတာပဲကွာ... ဟုတ်တယ်မလား... ရဲဘော် ရှောင်နင်…" 


"ချွေတာမနေချင်စမ်းပါနဲ့…တဝါ ဘာလို့ ပြန်မရောက်သေးလဲ ဆိုတာ သွားကြည့်စမ်းပါ…" 


ရှန်းလေ့က သဘောတူလက်ခံကာ တံခါးဝမှ ထွက်တော့မည်အပြုတွင် တဝါက နင်ရွှယ်နှင့် မရင်းနှီးသော မိန်းမတစ်ယောက်တို့နှင့် အတူ အိမ်ထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။ 


ရှန်းလေ့ အံ့သြသွားလေသည်။

"ဝမ်းကွဲ... ဘာလို့ ရောက်လာတာလဲ.... ကိစ္စတစ်ခုခု ရှိလို့လား…" 


နင်ရွှယ်က နူးနူးညံ့ညံ့ ပြုံးပြလိုက်သည်။

"မဟုတ်ဘူး... ရှင်တို့အိမ်ကို ပစ္စည်းပို့သမား ရောက်လာတယ်ကြားလို့ သူတို့တွေ တစ်ခုခု ပို့ပေးလာပုံရတယ်ဆို... ချီစီရင်စုက ပို့လာတာလို့ ကြားလို့…" 


"အိုး... ကျွန်မ မိဘတွေက လျှပ်စစ်ပန်ကာ ပို့ပေးလိုက်တာလေ... ဒီဘက်က အပူချိန် မြင့်တယ်ကြားလို့ ကျွန်မ ပူအိုက်နေမှာ စိုးလို့ ပန်ကာ ပို့ပေးလိုက်ကြတာ…"

နင်ထန် ရှင်းပြလိုက်သည်။" 


"လျှပ်စစ်ပန်ကာလား…"

နင်ရွှယ် နောက်မှ လိုက်လာသည့် မရင်းနှီးသော အမျိုးသမီးက တအံ့တသြ ပြောလိုက်သည်။ 


နင်ထန် မေးလိုက်သည်။

"ဘယ်သူများလဲ မသိဘူး…" 


နင်ရွှယ် ပြန်ဖြေလိုက်၏။

"ဒါက အစ်မလိီယွင်... ကျွင်းယန်ရဲ့ လက်ထောက် ဒုခေါင်းဆောင်လျိုရဲ့ ဇနီးလေ... ငါတို့က ဒီနေ့လည် သူ့ရဲ့ အိမ်မှာ အဝတ်ချုပ်နေကြတာ... ဒါကြောင့် ငါနဲ့ အတူ လိုက်လည်တာလေ…" 


သူတို့ ကျွန်းပေါ် ရောက်လာသည်မှာ သုံးလ ရှိပြီ ဖြစ်သောကြောင့် နင်ထန်က အစ်မလော၊ ကျန်ရှင်းလန် တို့နှင့် သိကျွမ်းခဲ့ပြီး နင်ရွှယ်ကလည်း သူမ၏ ဆိုရှယ်စကေးများကို ဖြန့်ကျက်လျက် စစ်တပ်အိပ်ရာအတွင်းမှ စစ်တပ်အရာရှိကတော်များနှင့် မိတ်ဖွဲ့ခဲ့ရာ လီယွင်က ထ်ိုသူများထဲမှ တစ်ယောက် ဖြစ်သည်။ 


လီယွင်၏ မျက်လုံးများက ပန်ကာတွင် ကော်လိုကပ်နေကာ လက်လှမ်း၍ပင် နှစ်ကြိမ်ခန့် ထိကြည့်လိုက်သေးသည်။ "ဒါက စျေးကြီးမဲ့ပုံပဲ…" 


"ဟုတ်တာပေါ့…"

နင်ထန် ပြန်ဖြေလိုက်သည်။ 


နင်ရွှယ် ချောင်းဟန့်ကာ မေးလိုက်၏။

"သူတို့က တစ်ခုပဲ ပို့လိုက်တာလား…" 


ကျွန်းက ပူလောင်လှပြီး အိပ်သည့်အချိန်တွင်လည်း သံအိုးပူပေါ်၌ လှဲနေရသည့်အတိုင်းပင်။ သူမကလည်း ဤလျှပ်စစ်ပန်ကာအပေါ် အတော်လေး စိတ်ဝင်စားနေခဲ့သည်။ 


နင်ထန်က ယင်းမှာ နင်ဝေ့ကောနှင့် စွန်းအိုက်ကျွီတို့ ပို့ပေးသည်ဟု ပြောလာလေရာ နင်ရွှယ်သည်လည်း နင်ဝေ့တန့်နှင့် ကျိုးယင်တို့ သူမထံ တစ်ခု ပို့ပေးလာမည်လားဟု တွေးမိလိုက်သေးသည်။ 


"အမ်... ဒီဟာပဲလေ…"

နင်ထန်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ 


လီယွင်က မျက်လုံး လှိမ့်ကာ ပြောလိုက်သည်။

"ရှင်တို့က ဝမ်းကွဲတွေဆိုတာ ကျွန််မ မှတ်မိပါသေးတယ်... ဘယ်လိုလုပ်ပြီး ပစ္စည်းတွေကို ဒီအိမ်ပဲ ပို့ပေးရတာလဲ... ဒါက ဘက်လိုက်တာပဲ…"


သူမက နင်ရွှယ်ကို တံတောင်ဖြင့် တွတ်လိုက်သည်။

"ကြည့်ရတာ တစ်ယောက်ယောက်က ဝှက်ထားတာများလား…" 


နင်ရွှယ်က ပြန်မပြောလိုက်သော်လည်း သူမ၏ မျက်လုံးများက နင်ထန်ထံ ဝေ့ဝဲ ကြည့်လာပြီး သူမသည်လည်း ထိုအတွေးကိုပင် တွေးနေမိလေသည်။ 


ရှန်းလေ့က စိတ်အနှောင့်အယှက် ဖြစ်သွားသဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်... ဒီတစ်ခုပဲ ကျွန်တော့်ယောက္ခမတွေ ပို့ပေးတာ... မင်းလည်း တစ်ခုလိုချင်ရင် သူတို့ကို ကိုယ်တိုင် တောင်းလိုက်လေ…" 


နင်ထန်က မနေနိုင်ဘဲ ပြုံးမိသွားပြီး တစ်ပြန်ထပ်မေးလိုက်သည်။

"ဝမ်းကွဲအစ်မ... ဒီကို ရောက်တာဖြင့် ကြာလှပြီ... အိမ်ကို စာတစ်စောင်တောင် ပို့ဖြစ်ရဲ့လား…" 


သေချာပေါက်ပင် နင်ရွှယ်က ယခုတလော စုကျွင်းယန်နှင့် စုမိသားစုအမြွှာသားနှစ်ယောက်အပေါ်တွင်သာ အာရုံစိုက်ထားလေသည်။ သူမက သူမ၏ အိမ်အကြောင်းကို လုံးလုံး မေ့လျော့နေကာ နင်ဝေ့တန့်နှင့် ကျိုးယင်ကို စာရေးဖို့ရန်ကား သာ၍ ဝေးပေမည်။


နင်ရွှယ်က မလုံမလဲ ရယ်လိုက်သည်။

"ငါလည်း အရမ်းအလုပ်များနေတာနဲ့ မေ့သွားတာ... ပြန်ရောက်တာနဲ့ စာရေးပြီး ပို့လိုက်မယ်နော်…" 


လီယွင်က ထပ်ပြောချင်နေသေးသော်လည်း နင်ရွှယ်က သူမ၏ လက်မောင်းကို ဆွဲကာ ပြောလိုက်၏။

"ကျွန်မတို့ လုပ်စရာတွေ ရှိသေးတယ်လေ... အရင်ပြန်ရအောင်ပါ…" 


နှစ်ယောက်သား ထွက်သွားသည်နှင့် ရှန်းလေ့က နင်ထန်အား မေးလိုက်သည်။

"လျှပ်စစ်ပန်ကာအတွက်နဲ့တော့ စာမရေးလောက်ပါဘူးနော်... ဟုတ်တယ်မလား…" 


"မဖြစ်နိုင်တာ..."

နင်ထန် ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"စာရေးရင်တောင် ရမှာမဟုတ်ဘူး... ဒုတိယဦးလေးနဲ့ ဒုတိယအဒေါ်မှာ ပိုက်ဆံမှ မရှိတာ…" 


ရွာသူကြီး ဖြစ်သည့်အပြင် လစာကို အိမ်ပြန်ပို့ပေးတတ်သည့် စစ်သား သားတစ်ယောက် ရှိသဖြင့် ပိုက်ဆံအတော်လေး စုထားနိုင်သည့် နင်ဝေ့ကောနှင့် မတူဘဲ နင်ဝေ့တန့်နှင့် ကျိုးယင်တို့က ပိုက်ဆံကျပ်တည်းလှသည်။ နင်သဲကိုလည်း ထောက်ပံ့ပေးနေရသေးလေရာ ငွေကြေးသာမက လက်မှတ်ပါ လိုအပ်သည့် လျှပ်စစ်ပန်ကာကဲ့သို့ စျေးကြီး ပစ္စည်းများကို မတတ်နိုင်ပေ။ 


နင်ရွှယ်ကလည်း ထိုအကြောင်းကို သိနေသည်။ သို့သော်လည်း သူမ ထိုအကြောင်းကို လာမေးခြင်းက ရယ်စရာကောင်းလှသည်။ 


သူမက နင်ထန်က သူမ ပိုင်ဆိုင်သင့်သော လျှပ်စစ်ပန်ကာကို ဖွက်ထားသည်ဟုပင် သံသယဝင်နေသေးသည်။ သို့သော်လည်း သူမက အစကတည်းက နင်ထန်ထံ ထိုပစ္စည်းကို မည်သူက ပို့လိုက်သည့်အကြောင်း မတွေးမိဘဲ မနေနိုင်ခဲ့ပေ။ 


ရက်ပေါင်းများစွာကြာသည်အထိ နင်ရွှယ်က နင်ထန်ကို တွေ့တိုင်း နေ့စဥ်ရက်ဆက် ရှောင်ရှားနေခဲ့သည်။ နင်ထန်မှ အိမ်ကို စာပို့ပြီးပြီလားဟု လာမေးမည်ကို ကြောက်နေပုံရလေသည်။



🏝️🏝️🏝️