Chapter 32
Viewers 4k

🏝️ Chapter 32

ငွေချေးခြင်း



နာရီဝက်မျှ အလုပ်ရှုပ်ပြီးနောက် ရေဘဝဲအစပ်ကြော်နှင့်အတူ ကြက်သွန်ဖြူ ကမာကင် ဟင်းပွဲများ အသင့်ဖြစ်လေပြီ။ 


ရှန်းလေ့က ရေဘဝဲအစပ်ကြော်ကို ညစာစားပွဲထက်တွင် တင်လိုက်ပြီး ကဏန်းကြော် တစ်ပွဲကို ကြည့်ကာ နှာမှုတ်လိုက်သည်။

"ဒါဆို... သူတို့ကို ခွင့်မပြုဘဲ စားတာ ဘယ်သူလဲ…" 


ကလေးသုံးယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ချက်ချင်းဆိုသလို ပြောလိုက်ကြသည်။

"သားတို့ ခွင့်မပြုဘဲ မစားပါဘူး…" 


နင်ထန် ပြောလိုက်၏။

"နင့်အဖေကို အရူးလုပ်ဖို့ မစဥ်းစားနဲ့... ခိုးစားရင် စကေးနည်းနည်းတော့ ရှိဦးမှပေါ့... ထိပ်က မချွန်တော့ဘူးလေ... နောက်တစ်ခေါက် ခိုးစားမယ်ဆိုရင် ဘေးက ယူဖို့ သတိရ... ထိပ်ကယူမှတော့ တစ်ချက် ကြည့်ရုံနဲ့ သိနိုင်တယ်... နင့်အဖေက အကန်းမှ မဟုတ်တာ…" 


တဝါ နှုတ်ခမ်းဆူလိုက်သည်။

"ဘာလို့ ဒီလောက် အမြင်စူးရှနေရတာလဲ... ဒါကို သိနိုင်တယ်ပေါ့လေ…" 


နင်ထန် ပြန်ဖြေလိုက်သည်။

"နင်တို့ သုံးယောက်နဲ့ ယှဥ်ရင် ငါနဲ့ ဗိုလ်ကြီးရှန်းက နှစ်တွေအများကြီး ပိုနေလာခဲ့တာ... ငါတို့က မျက်စိပိုမလျင်ရတော့ဘူးလား... နင်တို့လည်း ငါတို့အရွယ်ရောက်လာရင် အရူးလုပ်ခံရဖို့ ဖြစ်နိုင်ချေ သေးသေးလေးပဲ ရှိတယ်…" 


ရှန်းလေ့က ကြက်သွန်ဖြူကမာကင်တစ်ကောင်ကို ယူလိုက်သည်။ ကြက်သွန်ဖြူ၏ ရနံ့လေးက နှာရိုးတလျှောက် ပြည့်နှက်သွားလေသည်။

"ရဲဘော်ရှောင်နင်... ဒါကို စားလို့ရပါ့မလား... ဒီလိုချက်နည်းမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး…" 


"မီးသွေးနဲ့ ကင်တဲ့ နည်းလမ်းက ပုံမှန်ထက် ပိုစားကောင်းတယ်... မီးသွေးပေါ် ကင်လိုက်ရင် အနံ့လေး ပိုသင်းပြီးတော့ ကြက်သွန်ဖြူရဲ့ အနံ့ကို ပိုထုတ်ပေးနိုင်တယ်... မယုံရင် စားကြည့်…"

နင်ထန် ပြောလိုက်သည်။ 


ရှန်းလေ့က တံတွေးမျိုချကာ ကြက်သွန်ဖြူ ကမာကင်တစ်ကောင်ကို ကိုက်ဝါးလိုက်သည်။ နူးညံ့ပြီး အရည်ရွှမ်းသော ကမာကောင်က ကြက်သွန်ဖြူအရသာနှင့် ပေါင်းစပ်သွားသည်။ လျှာကိုပင် မျိုချချင်သည်အထိ အနံ့လေးများ သင်းပျံ့သွားစေခဲ့လေသည်။ 


ရှန်းလေ့ မနေနိုင်ဘဲ လက်မထောင်မိသွားလေသည်။ "အရသာ ရှိတယ်... အခုကစပြီး ဒီလိုပဲ လုပ်ကြရအောင်…" 


ရှန်းမိသားစု စာစာနေစဥ် တစ်ဖက်မှ စုမိသားစုမှာ စားချင်စိတ်ပျောက်ဆုံးနေခဲ့သည်။


ကြက်သွန်ဖြူ ကမာကင်၊ ရေဘဝဲအစပ်ကြော်၊ ကဏန်းကြွပ်ကြွပ်ကြော် စသဖြင့် အနံ့အရသာ ပြင်းသော ဟင်းပွဲများက အချင်းချင်း နီးနီးကပ်ကပ် ချက်ပြုတ်ထားလေရာ ရှန်းမိသားစုမှတစ်ဆင့် စုမိသားစုထံ အဆက်မပြတ်ဆိုသလို မွှေးရနံ့များ လွင့်ပါလာတတ်သည်။ 


စုကျွင်းယန်က စားပွဲပေါ်မှ ဂေါ်ဖီရေလုံပြုတ်၊ ခရမ်းသီးနှင့် ပဲသီးမွှေကြော်ကို ကြည့်လိုက်သည်။ သူက တူကို စားပွဲပေါ်သို့ ရိုက်ချလိုက်ပြီးနောက် မကျေမနပ် ပြောလိုက်သည်။

"ဒီနေ့ ရှန်းလေ့အိမ်က ဘာတွေချက်နေတာလဲ... အနံ့က မွှေးနေတာပဲ…" 


သူက မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် နင်ရွှယ်ကို ကြည့်ကာ ပြောလိုက်သည်။

"မထင်ထားဘူး... မင်းညီမက ဟင်းချက်ကောင်းသားပဲ... ရှန်းကန်းရွာကို ကြင်ဖက်တွေ့ဖို့ သွားတုန်းက သူ့ရဲ့ ဟင်းချက်စွမ်းရည်ကို မှတ်မိပါသေးတယ်... သူက ဒါကို ဖုံးကွယ်ထားတာပဲ…" 


စုကွမ်းကျုံးက ပြောလိုက်သည်။

"အမေ... အန်တီထန်က တကယ်ဟင်းချက်ကောင်းတာလား…"


စုယောင်ကျူးက လှောင်ရယ်လိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အန်တီထန်သာ ဟင်းချက်ကောင်းရင် အရင်တစ်ခေါက်က တဝါ၊ အားနူနဲ့ စန်းဝါက ငါတို့အိမ်က ဟင်းတွေကို အနံ့တရှုံ့ရှုံ့ လုပ်နေပါ့မလား..." 


နင်ရွှယ်က စုယောင်ကျူး၏ နှုတ်ခမ်းပေါ်မှ ထမင်းစေ့များကို ခပ်ဖွဖွ သုတ်ပေးလိုက်ပြီးနောက် စုကျွင်းယန်ကို ကြည့်လိုက်သည်။

"ကျွန်မ ညီမက ဘယ်လိုလုပ် ဟင်းချက်တတ်ပါ့မလဲ.... ရှင်ရနေတဲ့အနံ့က ဗိုလ်ကြီးရှန်းရဲ့ ဟင်းချက်လက်ရာ ဖြစ်နေဦးမယ်…" 


"ရှန်းလေ့လား…"

စုကျွင်းယန် အံ့အားသင့်သွားသည်။

"ယောကျ်ားကြီးတစ်ယောက်က ဘယ်လိုဟင်းမျိုး ချက်တတ်မှာတဲ့လဲ…" 


နင်ရွှယ် ရပ်သွားပြီး ပြောလိုက်သည်။

"ရှန်းအိမ်မှာ နင်ရွှယ်က အမြဲတမ်း နေ့လည်စာပဲ ချက်တာ... ညစာချက်ပေးတာ ရှန်းလေ့ပဲ…" 


"မဖြစ်နိုင်တာ... ရှန်းလေ့က အမြဲတမ်း လေ့ကျင့်ရေး ဆင်းနေရတဲ့ စစ်သားကို နင်ထန်က အလုပ်မလုပ်ရဘူးလေ... ရှန်းလေ့က ဘာလို့ ဟင်းချက်ရတာလဲ…"

စုကျွင်းယန် မေးခွန်းထုတ်လိုက်သည်။ 


နင်ရွှယ် ပြန်ဖြေပေးလိုက်သည်။

"အမှန်ပဲ... ရှန်းလေ့ ခြံဝင်းထဲမှာ အရွက်ဆေးနေတာကို ခဏခဏ မြင်ဖူးတယ်…" 


"ဒါပေမယ့် အရွက်ဆေးရုံပဲလေ... တကယ်ဟင်းချက်တာနဲ့ ဘယ်တူမလဲ... ကွာခြားချက် အကြီးကြီးကို…"

စုကျွင်းယန် ငြင်းခုံလိုက်သည်။ 


"မယုံရင် နောက်မှ ရှန်းလေ့ကို ကိုယ့်ဘာသာမေးလိုက်လေ…"

နင်ရွှယ်က သူ့ကို တစ်ချက်ကြည့်ကာ ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်လေသည်။

"ကျွန်မမှာလည်း ဟင်းချက်ကူမဲ့သူတစ်ယောက် ရှိရင် ကောင်းမှာပဲနော်…" 


စုကျွင်းယန် သူ့နှာခေါင်းကို ထိလိုက်၏။

"ကိုယ်က ဟင်းမချက်တတ်ဘူး…"


သူက ဂေါ်ဖီရေလုံပြုတ်တစ်ဖတ်ကို တူဖြင့် ကောက်ယူ၍ ကသိကအောက် ပြုံးလိုက်သည်။

"မင်းချက်တဲ့ ဟင်းတွေက ဒီလောက်အရသာရှိနေတာကို... ကိုယ်ရော ကလေးတွေရော မင်းချက်ထားတဲ့ဟင်းကို ကြိုက်ကြတယ်လေ…" 


နင်ရွှယ် သူမဘာသာ တွေးလိုက်မိသည်။ 

နင်ထန်ရဲ့ ဟင်းချက်စွမ်းရည်က အရမ်းဆိုးတယ် မဟုတ်ဘူးလား... ရှန်းလေ့နဲ့ သူ့ကလေးတွေ သူချက်တာတောင် စားဖူးကြရဲ့လားပဲ... 


သူမ သက်ပြင်းချလိုက်သည်။

"ကြည့်ရတာ ကျွန်မက နင်ထန်လို ကံမကောင်းဘူး ထင်ပါရဲ့... နင်ထန်က အိမ်မှာတုန်းကလည်း ဟင်းချက်စရာ မလိုဘူး... အိမ်ထောင်ကျတော့လည်း ကူညီပေးမဲ့သူက အဆင်သင့်ပဲ…" 


×××××


အောက်တိုဘာ ၂၉ရက်နေ့တွင် နင်ထန် စောစော နိုးလာခဲ့သည်။ 


တဝါ အံ့အားသင့်သွားလေသည်။

"ဟို့မား... ဒီနေ့ ထပ်မအိပ်တော့ဘူးလား…" 


"နင်ပြောတဲ့ပုံက ငါကပဲ နေ့တိုင်းအိပ်နေတဲ့ပုံနဲ့... ငါ ဒီနေ့ လုပ်စရာ ရှိလို့ အပြင်သွားရမယ်…" 


အားနူက အံ့သြတကြီး ပြောလာ၏။

"ဟို့မား ဘာသွားလုပ်မလို့လဲ…" 


နင်ထန် ပြန်ဖြေလိုက်သည်။

"အစ်မလောကို သူ့ခြံထဲမှာ စိုက်ထားတဲ့ အသီးအရွက်တွေ ကူခူးပေးမလို့လေ... အခု အဲ့ဒါတွေ မှည့်နေပြီ…" 


စန်းဝါက ခေါင်းလေးစောင်း၍ မေးလာ၏။

"သားတို့က ဘာလို့ အန်တီလောကို ကူပြီး အသီးအရွက်တွေ ခူးပေးရတာလဲဟင်…" 


နင်ထန်က ကလေး၏ ခေါင်းလေးကို ပုတ်ပေးကာ ပြောလိုက်သည်။

"ငါတို့က အိမ်နီးချင်းတွေ ဖြစ်နေလို့လေ... အစ်မလောက ငါတို့ကို အများကြီး ကူညီပေးထားတာ... နင်တို့ ဝတ်တဲ့ အဝတ်အစားတွေလည်း အစ်မလော ချုပ်ပေးထားတာတွေပဲ…" 


စန်းဝါက ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်သည်။

"ဒါဆို စန်းဝါလည်း လိုက်ပြီး အန်တီကို ကူညီပေးမယ်..." 


"လိမ္မာလိုက်တာ..."

နင်ထန်က ချီးကျုးလိုက်ပြီးနောက် တဝါနှင့် အားနူကို လှည့်မေးလိုက်သည်။

"နင်တို့ရော လိုက်ဦးမှာလား..." 


တဝါနှင့် အားနူတို့ တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။

"လိုက်မှာ..." 


နင်ထန်က ကလေးသုံးယောက်ကို အစ်မလော၏ အိမ်သို့ ခေါ်လာခဲ့ပြီးနောက် လှမ်းအော်လိုက်သည်။

"အစ်မလောရေ... ကျွန်မတို့ ရောက်ပြီ…" 


အစ်မလောက ခြံဝင်းထဲတွင် အလုပ်များနေလေသည်။ သူမက လက်ထဲမှ မြေမှုန့်များကို ခါချရင်း ပြောလိုက်၏။ 

"ကောင်းလိုက်တာ... တဝါ၊ အားနူနဲ့ စန်းဝါတို့အားလုံး ရောက်လာကြတာကိုး…" 


အားနူက ပြောပြလာခဲ့သည်။

"အန်တီ... သမီးတို့က ဟို့မားနဲ့ အတူတူ အသီးအရွက်တွေ ကူကောက်ပေးဖို့ လာခဲ့တာ…"


"ဝိုး... အားနူက လိမ္မာလိုက်တာ…"

အစ်မလောက ပြုံး၍ ပြောလိုက်သည်။

"ဒါဆိုရင် အသီးအရွက်ခင်းထဲက မုန်လာဥလေးတွေ ကူတူးပေးကြမလား... ကလေးတို့အတွက် ချိုချဥ်ဟင်းလေးတွေ လုပ်ပေးမယ်လေ…" 


အစ်မလော၏ အသီးအရွက်ခင်းက မကြီးလှပေ။ သူမက နှစ်ထပ်အဆောက်အဦးရှေ့တွင် မြေကွက်အနည်းငယ်လောက်ကို စိုက်ပျိုးထားခြင်းသာ ဖြစ်သည်။ သို့သော်လည်း သူမက အကျယ်အဝန်းကို ကောင်းကောင်း အသုံးပြုတတ်သည်။ မြေဧရိယာ သေးငယ်သည့်တိုင် သစ်သီးနှင့် ဟင်းသီးဟင်းရွက် အမျိုးအစားပေါင်းများစွာ စိုက်ပျိုးထားလေသည်။ နင်ထန် လှမ်းကြည့်လိုက်ရာ အနည်းဆုံး အမျိုးအစား ခုနစ်မျိုး ရှစ်မျိုးလောက်ကို တွေ့မြင်နေရ၏။ 


တဝါက အသီးအရွက်ခင်းရှေ့တွင် ငုတ်တုပ်ထိုင်ကာ စိမ်းလန်းနေသည့် မုန်လာဥအရွက်များကို ကြည့်လိုက်သည်။

"ဒါက အန်တီလောပြောတဲ့ မုန်လာဥဖြူတော့ ဟုတ်ပါတယ်နော်…" 


"အစ်ကိုကြီးက အရူးပဲ... မုန်လာဥရဲ့ အပေါ်ပိုင်းက တစ်ဝက်လောက် ထွက်နေပြီကို... သိသာနေတာပဲဟာ…" 

အားနူ ပြောလိုက်သည်။ 


တဝါက မုန်လာဥဖြူ၏အရွက်စိမ်းများကို လှမ်းဆွဲလိုက်ပြီး အားပြင်းပြင်းဖြင့် ဆွဲနှုတ်လိုက်သည်။ မကြာမီ အရွက်စိမ်းများ ကိုင်လျက် ဖင်ထိုင်ရက် ကျသွားလေသဖြင့် ငြီးတွားရလေတော့သည်။ 


နင်ထန် ရယ်လျက် ပြောလိုက်သည်။

"ဒီလိုဆွဲလို့ မရဘူးလေ... နင်တို့သုံးယောက် အတူတူ အလုပ်လုပ်ကြရမှာ... အရင်ဆုံး မုန်လာဥဖြူကို တစ်ဝက်လောက် ပေါ်လာတဲ့အထိ ဘေးနားက မြေကြီးတွေကို ဖယ်ပေးရမယ်... ပြီးမှ အတူတူ ဆွဲထုတ်ကြရမှာ... ဒါက မုန်လာဥဖြူကို ရိတ်သိမ်းတဲ့ နည်းလမ်းပဲ…" 


တဝါနှင့် ကလေးနှစ်ယောက်က သူမ၏ လမ်းညွှန်ချက်အတိုင်း လိုက်လုပ်ခဲ့ကြသည်။ တစ်ခဏလေးအတွင်း ကလေးသုံးယောက်မှာ မျက်နှာနှင့် တစ်ကိုယ်လုံး ရွှံ့များ ပေကျံကာ ကြောင်ပေါက်လေး သုံးကောင်အလား ဖြစ်သွားကြလေတော့သည်။ သို့သော်လည်း ရလဒ်က အသိအမှတ်ပြုလောက်စရာပင်။ ခြင်းတစ်ဝက်နီးပါး ပြည့်သွားခဲ့လေပြီ။ 


နင်ထန်က ကလေးများ တပျော်တပါး မုန်လာဥဆွဲထုတ်နေသည်ကို ကြည့်ကာ မုန်လာဥ ရိတ်သိမ်းသည့် လုပ်ငန်းစဥ်ကို ခွဲဝေပေးလိုက်သည်။ သူမက အစ်မလောထံ ရောက်လာပြီး မေးလိုက်သည်။

"အစ်မလော... မုန်လာဥတွေအပြင် ရိတ်သိမ်းဖို့လိုတဲ့ တခြားအသီးအနှံတွေ ရှိသေးလား…" 


အစ်မလော ပြန်ဖြေရန်အပြု ရုတ်တရက်ဆိုသလို ခြံထဲသို့ အလောတကြီး ဝင်လာသည့် ခြေသံများကို ကြားလိုက်ရလေသည်။ 


ကျန်ရှင်းလန်က ခြံထဲသို့ အူယာဖားယား အပြေးဝင်လာလေသည်။ သူမက အစ်မလော၏ လက်ကို အပူတပြင်း ဆွဲကာ ပြောလိုက်သည်။

"အစ်မ... ငွေရှိလားဟင်... ကျွန်မကို နည်းနည်းလောက် ချေးပေးလို့ ရမလား…" 


နင်ထန်လည်း လန့်သွားလေသည်။

"ဘာဖြစ်နေတာလဲ... ရှင်းလန်... ဘာလို့ အလောတကြီး ဖြစ်နေရတာလဲ…" 


ကျန်ရှင်းလန်က ခေါင်းညိတ်ပြကာ ပူပန်နေသော အမူအရာ ရှိနေသည်။

"ရှောင်နင်... နင်လည်း ရောက်နေတာကိုး... အချိန်ကိုက်ပဲ... အစ်မမှာ ငွေအလုံအလောက် မရှိရင် နင့်ဆီက ငွေချေးဖို့ ဒုက္ခပေးရတော့မှာပဲ…" 


အစ်မလောက အိတ်ထဲမှ လက်ကိုင်ပုဝါတစ်ခု ထုတ်လိုက်သည်။

"အရင်ဆုံး.. ချွေးတွေကို သုတ်လိုက်... ဖြည်းဖြည်းပြောလေ... တဟူတစ်ခုခု ဖြစ်လို့လား…" 


ကျန်ရှင်းလန်က လက်ကိုင်ပုဝါကို ယူ၍ လက်ထဲတွင် ဖျစ်ညှစ်လိုက်သည်။

"မဟုတ်ပါဘူး... ကျွန်မရဲ့ ယောက္ခပါ... သူအခု ဂေါက်ရောဂါ ထပြီးတော့ နာလွန်းလို့ အိပ်ရာကနေ မထနိုင်ဘူးတဲ့... သူက ဆေးခန်းသွားပြဖို့အတွက် ငွေအမြန် ပို့ပေးဖို့ ပြောနေတယ်…" 


အစ်မလော ပြောလိုက်သည်။

"အစ်မသိပြီ... ဒါပေမယ့် ဗိုလ်ကြီးချီ မကြာသေးခင်ကမှ လစာ ရထားတာမလား... နင်တို့က လတိုင်း ငွေပြန်ပို့တာပဲကို ဒီအတိုင်းသာဆို ငွေလောက်ပါတယ်…" 


ကျန်ရှင်းလန်က နှုတ်ခမ်းတင်းတင်းကိုက်လိုက်သည်။ "ဗိုလ်ကြီးချီက ၈ ရက်နေ့မှာ လစာနဲ့ အပိုဆုကြေး ရလို့ ယွမ်လေးဆယ် ပြန်ပို့ပေးပြီးသွားပါပြီ... ဒါပေမယ့် ကျွန်မ ယောက္ခမ ရုတ်တရက်ကြီး နာမကျန်း ဖြစ်သွားမယ်လို့ မထင်ထားခဲ့ဘူးလေ... သူတို့က ယွမ်လေးဆယ်ကို သုံးပြီးသွားကြပြီ... ဆေးကုဖို့ မလောက်တော့ဘူး... ကျွန်မတို့ နောက်ထပ် ယွမ်နှစ်ရာ လိုနေတုန်းပဲ…" 


"ယွမ်နှစ်ရာလား…"

နင်ထန် နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။

"ဒါက လစာနှစ်လစာ သုံးလစာနီးပါး ဖြစ်သွားပြီလေ…" 


ကျန်ရှင်းလန် သက်ပြင်းချလိုက်သည်။

"တခြားနည်း မရှိတော့ဘူး... ဒီတစ်ခေါက် ကျွန်မ ယောက္ခထီးရဲ့ ဂေါက်ရောဂါက တော်တော်လေး ပြင်းတယ်... ကျွန်မ ယောက္ခမပြောတာ ယွမ်နှစ်ရာက အနည်းဆုံးပဲ ရှိသေးတာတဲ့... အရှင်းပျောက်ဖို့ဆို အနည်းဆုံး ယွမ်ငါးရာလောက် လိုလိမ့်မယ်…" 


"အစ်မ သိပြီ…"

အစ်မလောက ကျန်ရှင်းလန်၏ လက်ကို ပုတ်ပေးလိုက်သည်။

"အစ်မ အိမ်ပြန်ပြီး ယူပေးမယ်…" 


ကျန်ရှင်းလန်က သူမကို ထပ်ကာထပ်ကာ ကျေးဇူးတင်နေခဲ့သည်။

"အမလေး... ကျေးဇူးပါ... အစ်မလောရယ်…" 


နင်ထန် မျက်ခုံးကြုံ့လိုက်ပြီးနောက် ပြောလိုက်သည်။ 

"ခဏလေး နေပါဦး... အစ်မ... ငွေကို အရင် သွားမယူနဲ့ဦး... ရှင်းလန် အကြောင်းစုံကို ပြောပြ... ဂေါက်ရောဂါကို ယွမ် ရာဂဏန်း နည်းနည်းလောက်နဲ့ အပြတ်ကုနိုင်တယ်ဆိုတာ ယုံရခက်ခက်ပဲ... သံသယဝင်စရာ ကောင်းတယ်…"


နင်ထန်ထံမှ အတားခံရပြီးနောက် အစ်မလောသည်လည်း တစ်ခုခု မှားနေကြောင်း ခံစားမိသွားပြီး ခြေလှမ်း ရပ်သွားလေသည်။

"နင့်ရဲ့ ယောက္ခမက ဂေါက်ရောဂါကို ကုနိုင်တယ်လို့ ပြောတာ သေချာလား... ငါ့မှာ အရင်က ဂေါက်ရောဂါ ရှိတဲ့ ဆွေမျိုးတစ်ယောက် ရှိဖူးတယ်... ဘယ်ဆေးရုံ ဘယ်ဆရာဝန်ဆီသွားသွား မကုသနိုင်ခဲ့ဘူး…" 


ကျန်ရှင်းလန် ကြောင်အသွားလေသည်။

"ကျွန်မ ယောက္ခမကတော့ အဲ့လိုပြောသွားတာပဲ…" 


"ကြည့်ရတာ မဟုတ်သေးဘူးနော်…"

အစ်မလော ပြောလိုက်သည်။

"ငါ့ဆွေမျိုးတစ်ယောက်က သူတို့လို လူကြီးတွေဆို ဂေါက်ရောဂါဆိုတာ အပြည့်အဝ မကုသနိုင်တဲ့ နာတာရှည် ရောဂါပဲလို့ ပြောခဲ့တာ... တစ်သက်လုံး ဒါနဲ့ အတူ နေသွားရမှာပဲတဲ့…" 


နင်ထန် ဝင်ပြောလိုက်သည်။

"ရှင်းလန် သေချာစဥ်းစားနော်... ယွမ်နှစ်ရာက ငါတို့ကျွန်းပေါ်က လစာတစ်ဝက်နဲ့ ညီမျှတယ်... ဒေသတွင်း ဆရာဝန်နဲ့ ပြဖို့ ဆင့်ငါးဆယ်ပဲ လိုတာ... မြို့ဆေးရုံမှာဆို နှစ်ယွမ်လောက်ပဲ... နင့်ယောက္ခမက ဘယ်လို ဆေးရုံကို သွားပြီး ဘယ်လို အံ့ဖွယ်သမားတော်နဲ့ တွေ့ခဲ့လို ယွမ်နှစ်ရာနဲ့ ဂေါက်ရောဂါ အမြစ်ပြတ်အောင် ကုပေးပြီး အနာသက်သာအောင် လုပ်ပေးမယ်လို့ ပြောရတာလဲ…" 


နင်ထန်နှင့် အစ်မလောထံမှ မေးခွန်းထုတ်ခံရပြီးနောက် ကျန်ရှင်းလန်ကလည်း တစ်ခုခု မှားနေကြောင်း ခံစားလာရလေသည်။ သူမက ဘေးပတ်လည်ကို တုံ့ဆိုင်းဆိုင်းဖြင့် လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ပြောလိုက်သည်။

"ကျွန်မရဲ့ ယောက္ခမတွေ လှည့်စားနေတာလား မသိဘူး…" 


နင်ထန် မျက်ခုံးပင့်လိုက်သည်။

"ရှင်းလန် အကြောင်းစုံကို အသေးစိတ် ပြောပြ…" 


ကျန်ရှင်းလန်က ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။ 

"ဗိုလ်ကြီးချီရဲ့ လစာက ယွမ်ငါးဆယ်နီးပါးပဲ... လတိုင်း အိမ်ကို ယွမ်လေးဆယ် ပြန်ပို့တယ်... ဒီလလည်း ခြွင်းချက် မရှိဘူး... ၈ ရက်နေ့မှာ လစာနဲ့ အပိုဆုကြေးတွေ ရတာနဲ့ ချက်ချင်း လှမ်းပို့လိုက်တာပဲ... ၁၂ ရက်နေ့ကျ ကျွန်မရဲ့ ယောက္ခမတွေဆီကနေ ကျွန်မရဲ့ မတ်လေးက လက်ထပ်တော့မှာမို့ မင်္ဂလာပွဲတက်ဖို့ ဖိတ်ခဲ့ကြတယ်…" 


အစ်မလော ပြောလိုက်သည်။

"မင်္ဂလာဆောင်လား... ဒါပျော်စရာ ကိစ္စပဲလေ…" 


ကျန်ရှင်းလန် ခါးသက်သက် ပြုံးလိုက်သည်။

"ကျွန်မလည်း အစကတော့ အဲ့လို ထင်တာပဲလေ... ဒါကြောင့် ဗိုလ်ကြီးချီနဲ့အတူ လက်ခံလိုက်ကြတာ... ဒါပေမယ့် ယောက္ခမက သတို့သမီးက မြို့သူ ဖြစ်ပြီးတော့ မိဘနှစ်ယောက်လုံးက အလုပ်လုပ်နေပြီး ငွေရေးကြေးရေး အဆင်ပြေကြတယ်လို့ ပြောတယ်... ဒါကြောင့် သူတို့က လိုက်လျောပေးရမယ်တဲ့... တင်တောင်းငွေကို ငွေချောင်းလေးဆယ့်ရှစ်ချောင်း ပြင်ဆင်ပေးဖို့ တောင်းဆိုတယ်... ကျွန်မယောက္ခမက ကျွန်မတို့က အိမ်ရဲ့ အခြေအနေကို သိပြီးတော့ အိမ်က မတတ်နိုင်တာလည်း သိနေမှာမို့ တင်တောင်းငွေကို ထည့်ဝင်ပေးရမယ်လို့ ပြောခဲ့တယ်…" 


"တင်တောင်းငွေကို ငွေ ၄၈ချောင်းတဲ့…"

ကျန်ရှင်းလန် ထေ့ငေါ့လိုက်သည်။


"ဒါကို ပြင်ဆင်ဖို့ အနည်းဆုံး ယွမ်ရာနဲ့ချီ ကုန်ကျမှာပဲ... အိမ်မှာ ရှိတဲ့ ပစ္စည်းအားလုံး ရောင်းရင်တောင် တတ်နိုင်မှာ မဟုတ်ဘူး…"



🏝️🏝️🏝️