Chapter 1
Viewers 539

🍱Chapter 1 




ယွီချင်းဇယ် သတိပြန်ရလာသည်နှင့် ပူနွေးသောအရည်ခါးခါးများ သူ့ပါးစပ်ထဲကိုလောင်းထည့်ခံနေရသည်ကိုသတိပြုမိလိုက်သည်။အရသာက အတော်ခါးကာ တရုတ်တိုင်းရင်းဆေးလိုပါပင်။သူ မသိစိတ်ဖြင့် မျက်မှောင်ကြုတ်ကာ ခေါင်းလှည့်လိုက်မိသည့်အတွက်အရည်များက သူ့နှုတ်ခမ်းထောင့်မှ သူ့နားဆီစီးကျကုန်၏။

  

နောက်အခိုက်အတန့်မှာပဲ ကြွတ်ဆတ်ဆတ် အသံလေးတစ်ခုက သူ့နားထဲကိုဝင်လာသည်။ 

  

"ဟေး အစ်ကို ကြည့် သူသတိရလာပြီလားမသိဘူး"

  

ယွီချင်းဇယ် ဖြေသံကိုမကြားရဘဲ သူ့လည်ပင်းနှင့်ပါးပြင်များကို အဝတ်ကြမ်းတစ်ခုဖြင့်ပွတ်သုတ်ပေးနေသည်ကိုသာခံစားလိုက်ရသည်။

  

"ဟေး ကိုကိုကြီး ထတော့"

 

သူ့လက်မောင်းကို ဆွဲလှုပ်ခံလိုက်ရသဖြင့် ယွီချင်းဇယ် မျက်လုံးဖွင့်လိုက်သည်။သူ့ရှေ့မှာ သူ့ကိုကုန်းကြည့်နေသည့် ရှစ်နှစ်ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက်၏မျက်နှာကို နီးနီးကပ်ကပ်မြင်လိုက်ရ၏။


ကောင်လေးက အသားမည်းမည်း မျက်လုံးဝိုင်းဝိုင်းနှင့်ဖြစ်ကာ ခေါင်းတစ်ဖက်တစ်ချက်မှာ ရှေးခတ်အရွယ်ငယ်ငယ်ယောကျာ်းကလေးများ၏ဆံပင်ပုံစံ ဆံထုံးသေးသေးလေးနှစ်ခုထုံးထားသည်။သူက မီးခိုးရောင်ရှေးဝတ်စုံကိုလည်းဝတ်ထားပြီး အလွန်ကိုမှပိန်ပါး၏။

  

ဘာတွေဖြစ်နေတာလဲ...ယွီချင်းဇယ် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ချိန်မှာ 

ကောင်လေးကသူ့ကိုသွားဖြီးပြနေသည်ကိုမြင်လိုက်ရသည်။

  

ယွီချင်းဇယ်အနည်းငယ် ရှုပ်ထွေးသွားသည်။သူ့အဘိုး၏အုတ်ဂူကိုလည်ပတ်ရန် ကျေးလက်သို့သူ့ပြန်လာခဲ့သည်ကိုသူမှတ်မိသည်။အကွေ့အကောက်များသောတောင်တက်လမ်းပေါ်မှာ ပြင်းထန်သော မိုးသက်မုန်တိုင်းတစ်ခုနှင့်တွေ့ကြုံခဲ့ရပြီး မြေပြိုခဲ့သည်။


သူ... အရှင်လတ်လတ် မြေမြုပ်ခံလိုက်ရပုံရတယ်...

  

မြေမြုပ်ခံရတယ်...

  

ယွီချင်းဇယ် ထိတ်လန့်တကြားထထိုင်လိုက်ပြီး သူ၏မီးခိုးဖြူရောင်အင်္ကျီလက်တိုနှင့်ဘောင်းဘီပြာတို့ကိုကြည့်လိုက်သည်။သူ ရွံ့များအောက်မှာပိပြီးအသက်မရှုနိုင်ဖြစ်ကာ မွန်းနေချိန်ရှိ စိတ်ပျက်အားငယ်သည့်ခံစားချက်ကို မှတ်မိနေဆဲဖြစ်သည်။ထိုအချိန်တုန်းက မိုးသက်မုန်တိုင်းကြောင့် ဖြတ်သွားဖြတ်လာယာဥ်များမရှိသဖြင့် သူ...သေသွားလောက်ပေပြီ။

  

ဒါဆို အခုဘာတွေဖြစ်နေတာလဲ...ငါ ပြန်အသက်ရှင်လာတာလား...

  

သူ့ခန္ဓာကိုယ်အခြေအနေကိုစစ်ဆေးကြည့်လိုက်သည်။ညာဘက်ခြေကျင်းဝတ်မှာ စူးရှသောနာကျင်မှုတစ်ခုခံစားရပြီး ယင်းကို အဝတ်စတစ်ခုဖြင့်ပတ်ထားသည်။အနားစွန်းများမှာ ဆေးဖက်ဝင်အပင်များ အုံထားသည့်ခြေရာလက်ရာများရှိနေသည်။အဆစ်လွဲထားပုံရ၏။သူ့လက်မောင်းများနှင့်ခန္ဓာကိုယ်ပေါ်မှာ ခြစ်ရာတချို့ရှိနေပေမဲ့ ၎င်းအပြင် ဘာဒဏ်ရာကြီးကြီးမားမားမှရမထားပေ။အနည်းငယ်အားနည်းနေပြီးအားမရှိဖြစ်နေရုံကလွဲ၍ပင်။

  

"အိုက်ယိုး လန့်သွားတာပဲ"


ယွီချင်းဇယ်က ရုတ်တရတ်ထထိုင်လိုက်သဖြင့်ကောင်လေးကလန့်ပြီး ထခုန်လိုက်၏။ထို့နောက် သူကသူ့ဘေးကလူဘက်လှည့်ပြီးပြောလေသည်။

"အစ်ကို သူတကယ်သတိရလာပြီ"

  

အစ်ကို...ကောင်လေး၏စကားများကိုကြားပြီးနောက် ယွီချင်းဇယ် သူ့ဘေးမှာလူငယ်လေးတစ်ယောက်ထိုင်နေသည်ကိုသတိပြုမိလိုက်သည်။

  

ထိုလူငယ်က အသက်နှစ်ဆယ်ခန့်ရှိကာ

အလွန်ကိုမှ ပိန်ပါးပြီး နဖူးပေါ်တွင်ဆံမြိတ်ထူထူချထားသည်မှာ မျက်လုံးများကိုပင်အုပ်လုနီးပါးဖြစ်နေသည်။ဆံပင်ကိုခေါင်းနောက်မှာဖြစ်သလိုစည်းနှောင်ထားပြီး ချောမောသောမျက်နှာလေးကပေါ်နေ၏။သူက ယွီချင်းဇယ်ကို ပါးစပ်ကလေးအဟောင်းသားနှင့်မျက်လုံးပြူးကာကြည့်နေပြီး အံ့ဩနေပုံရသည်။သူက လက်တစ်ဖက်မှာမီးခိုးဖြူရောင်အဝတ်စတစ်ခုကိုကိုင်ထားပြီး တခြားတစ်ဖက်မှာ အထဲမှာအရည်အနည်းငယ်ပဲကျန်တော့သောဆေးပန်းကန်ကိုကိုင်ထားသည်။

  

ယွီချင်းဇယ်က သူ့ကိုကြည့်နေသည်ကိုမြင်လျှင် လူငယ်လေးကရှက်သွားသလိုမျိုး အလျင်အမြန်အကြည့်လွှဲသွားလေသည်။သူက နှုတ်ခမ်းလေးကိုအနည်းငယ်စုဝိုင်း၍ လက်ထဲက အဝတ်စနှင့်ဆေးပန်းကန်ကိုချပြီး ယွီချင်းဇယ်ကို လက်ညှိုးထိုးလိုက်သည်။ထို့နောက် သူ့လက်များကိုအချင်းချင်းပွတ်ကာ လက်ဟန်အမူအရာတစ်ခုလုပ်လိုက်သည်။သူ၏နက်မှောင်သောမျက်လုံးတစ်စုံက ထူထဲရှည်လျားသောဆံမြိတ်များကိုဖြတ်ကျော်၍ ယွီချင်းဇယ်ကို နူးညံ့ကြင်နာစွာနှင့်စိုးရိမ်ပူပန်စွာကြည့်နေသည်။

  

ယွီချင်းဇယ် မျက်တောင်ခတ်လိုက်ပြီး လူငယ်လေးကိုနားလည်စွာကြည့်လိုက်သည်။

  

"ကျွန်တော့်အစ်ကိုကမေးနေတယ် ...ခင်ဗျားသက်သာလား တစ်နေရာရာအဆင်မပြေတာရှိလားတဲ့"

ကောင်လေးက ခေါင်းလှည့်ကာပြောလာသည်။

  

"...."


တကယ်တမ်းမှာ လူငယ်လေးက စကားမပြောနိုင်ဖြစ်နေသည်ပင်။ယွီချင်းဇယ်သူ့မျက်လုံးများထဲက အံ့ဩမှုကိုဖိနှိပ်ကာ ထိုနှစ်ယောက်ကိုပြောလိုက်သည်။


"အဆင်ပြေပါတယ်...မင်းတို့ငါ့ကိုကယ်ခဲ့တာလား...ကျေးဇူးတင်ပါတယ်"


ကောင်လေးကအလျင်အမြန်ပဲဆိုလာသည်။

"ကျွန်တော့်အစ်ကိုက ခင်ဗျားကိုကယ်ခဲ့တာ...အဲဒါကဘယ်လောက်အန္တရာယ်များမှန်းခင်ဗျားမသိဘူး...မိုးတွေသည်းပြီး အနောက်ဘက်တောင်ပေါ်မှာ တောင်စောင်းတစ်ခုပြိုသွားတယ်...ကျွန်တော့်အစ်ကိုကခင်ဗျားကိုတွေ့တော့ ခင်ဗျားက ကျောက်တုံးကြီးနှစ်ခုကြားမှာညှပ်နေပြီး မြုပ်နေတာ ခေါင်းလေးပဲပေါ်တယ်...ကျွန်တော့်အစ်ကိုကသာ ကျောက်တုံးတွေကိုရွှေ့နိုင်အောင်သန်မာပြီး ခင်ဗျားကိုတူးထုတ်ခဲ့လို့မဟုတ်ရင် ခင်ဗျားသေနေလောက်ပြီဗျ"


ကောင်လေးက စကားပြောရင်း လက်နှစ်ဖက်ကိုဖြန့်ကားပြီး ကျောက်တုံး၏အရွယ်အစားကိုပုံဖော်ပြလိုက်သေးသည်။ယင်းက တကယ်ကိုကြီးမည့်ပုံပင်။သူ့လက်နှစ်ဖက်က တစ်မီတာကျော်ကျော်ခွဲထားပြီး 180°နီးနီးဖြစ်သည်။

  

ယွီချင်းဇယ် ကျောက်တုံး၏အရွယ်အစားကိုသိလိုက်ပါသည်။ဒါပေမဲ့ ကောင်လေးရေ မင်းချဲ့ကားလွန်းမနေဘူးလားကွာ...ကျောက်တုံးကသာတကယ်အဲလောက်ကြီးရင် မင်းအစ်ကိုရဲ့ခန္ဓာကိုယ်သေးသေးလေးနဲ့ရွှေ့နိုင်ပါ့မလား...

  

ယွီချင်းဇယ်၏စိတ်ထဲမှာ ထိုသို့ ကွန်ပလိန်းတက်မိလိုက်ခြင်းမှာလည်းမဆန်းပေ။လူငယ်လေးက တကယ်ပိန်ပါးပြီး လေတိုက်လျှင်ပင်လွင့်ပါသွားမည့်ပုံဖြစ်သည်။ထိုကောင်လေးပုံဖော်ပြသလောက်ကြီးသည့်ကျောက်တုံးနှစ်တုံးကို သူမရွှေ့နေသည့်မြင်ကွင်းအား ယွီချင်းဇယ်ပုံဖော်ကြည့်၍မရပေ။

  

သေချာသည်ပင်၊သူ အနှီစကားများကိုပြောလိမ့်မည်မဟုတ်ပါချေ။အသက်ကယ်ကျေးဇူးကြွေးက သံသယရှိရန်မလိုပါချေ။သို့သော်လည်း ကောင်လေးက ချဲ့ကားမနေဘူးဆိုသည်ကိုသူမသိခဲ့ပေ။

  

သူကလှည့်ကာ လူငယ်လေးကိုစိတ်ရင်းဖြင့်ကျေးဇူးတင်လိုက်သည်။


"ငါ့ကိုကယ်ပေးလို့ကျေးဇူးတင်ပါတယ်...မင်းနာမည်ကိုသိလို့ရမလား"


လူငယ်လေးက မဖြေနိုင်သဖြင့် ကောင်လေးကသူ့အစ်ကိုအစားဖြေပေးသည်။


"ကျွန်တော့်အစ်ကိုရဲ့နာမည်က ချန်လဲ့...ကျွန်တော့်နာမည်က ချန်ဟောက်"

  

"ကျေးဇူးအများကြီးတင်ပါတယ်"

ယွီချင်းဇယ်က ထိုင်ပြီး ဦးညွှတ် ထပ်၍ကျေးဇူးတင်စကားဆိုလိုက်သည်။ထို့နောက်သူကသူ့ကိုယ်သူမိတ်ဆက်လိုက်သည်။


"ငါ့နာမည်ကယွီချင်းဇယ်ပါ...ကြည်လင်သောရဲ့ချင်း ရေကန်ရဲ့ဇယ်"

  

ချန်ဟောက်က အလွန် ချောချောမွေ့မွေပဲ သူ၏အခေါ်အဝေါ်ကိုပြောင်းကာ သူ့ကိုခေါ်လာသည်။

"အစ်ကိုကြီးယွီ"

  

ချန်လဲ့ကလည်း ခပ်ဖျော့ဖျော့ပြုံးကာ နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြသည်။ထို့နောက် သူ့ညီကိုလက်ဟန်ပြပြီး အဝတ်တဘက်နှင့်ဆေးပန်ကန်ကိုယူကာထွက်သွားသည်။

  

ယွီချင်းဇယ်က သူ၏လက်ဟန်ဘာသာစကားကိုနားမလည်သဖြင့် ကောင်လေးကိုရှုပ်ထွေးစွာကြည့်လိုက်ပြီး သူ့အတွက်ဘာသာပြန်ပေးမည်ကိုစောင့်နေသည်။

  

ချန်ဟောက်က သူ့အစ်ကိုကိုခေါင်းညိတ်ပြကာ ယွီချင်းဇယ်ကိုဆိုလာသည်။


"အစ်ကိုကပြောတယ် ကျေးဇူးတင်စရာမလိုပါဘူးတဲ့ ...သူသမားတော်သွားပင့်မလို့တဲ့လေ...ခင်ဗျားမသိလို့ခင်ဗျားသတိလစ်နေတာနှစ်ရက်ရှိပြီ...ပြီးတော့တစ်ချိန်လုံးကိုယ်တွေပူပြီး ဖျားနေတာ...ဒီနေ့ အပူချိန်ကျမသွားရင်အန္တရာယ်တယ်လို့သမားတော်ကပြောတယ်"

  

"ကျေးဇူးပါ ငါသက်သာနေပါပြီ"

ယွီချင်းဇယ် သူ့နဖူးသူထိကြည့်ရာ အဖျားငွေ့မရှိတော့ကြောင်းတွေ့ရသည်။ထို့နောက်သူက ပတ်ပတ်လည်ကိုဝေ့ကြည့်ရင်းဤနေရာအကြောင်း မေးလိုက်သည်။


"ညီလေး ဒါကဘယ်နေရာလဲ"


သူ့ခေါင်းပေါ်မှာ မီးခိုးရောင်ကုတင်လိုက်ကာတစ်ခုရှိကာ သူ့အောက်မှာ ဝါးဖျာတစ်ချပ်နှင့်သစ်ကုတင်အိုတစ်လုံးရှိနေသည်။သစ်တံခါးအိုတစ်ချပ်၊အဝါရောင်ရွှံ့အုတ်များနှင့်သက်ကယ်မိုးတစ်ခု။မျက်နှာချင်းဆိုင်က နံရံဘေးမှာလည်း'ကုတင်'အဖြစ် တစ်လုံးရှိသည်။ထိုသည်က ခုံတန်းရှည်နှစ်ခုပေါ်မှာ အတိုအရှည်မတူညီသောသစ်သားပြားအနည်းငယ်ကိုတင်ပြီး ကောက်ရိုးအုပ်ဖျာခင်းထားခြင်းဖြစ်သည်။ထိုအပေါ်မှာခေါင်းအုံးနှစ်လုံးရှိကာ ခုံတန်းရှည်၏ခြေထောက်လေးဘက်မှာ ဝါးလေးလုံးထောင်လျက်တွဲချည်ထားပြီး အထက်မှာကုတင်လိုက်ကာချိတ်ရန် နောက်ထပ် နှစ်လုံးတွဲချည်ထားသည်။ထောင့်မှာ နံရံကပ်စင်လေးတစ်ခုရှိပြီ ထိုပေါ်မှာလေးထောင့်ဘူးတစ်ခုတင်ထားသည်။


အင်မတန်ကို ရိုးရှင်းလေသည်။

  

သူမွေးကတည်းက သက်ကယ်မိုးအိအ်မှာနေသည့်သူကိုမတွေ့ဖူးပေ။ညီအစ်နှစ်ယောက်၏အဝတ်အစားများနှင့် ပုံပန်းသွင်ပြင်ကိုကြည့်လျှင် သူတို့ကအလွန်ရှေးကျမှန်းသိသာလှသည်။

  

သူ့ရှေ့ရှိအရာရာတိုင်းက သူ့ကိုမကောင်းသောခံစားချက်တစ်ခု ပေးနေလေသည်။


ယွီချင်းဇယ်၏စိတ်ထဲမှာ သိပ်ကိုအဓိပ္ပါယ်မရှိသောအတွေးတစ်ခုပင်ရှိနေပြီဖြစ်သည်။

  

သူအချိန်ခရီးသွားခဲ့တာများလား...



  🍱