Chapter 5
Viewers 547

🍱Chapter 5



  

နောက်တစ်နေ့မနက်ခင်းတွင် မိုးလင်းသည်နှင့် သူနှင့်တစ်ခန်းတည်းအိပ်ကြသည့်အဘိုးချန်နှင့်ချန်ဟောက်တို့ အိပ်ရာထသံကိုကြားလိုက်ရသဖြင့် သူလည်းပဲအလျင်အမြန်ထလိုက်သည်။

  

"ငါ့ကြောင့်နိုးသွားတာလား...စောသေးတယ် ပြန်အိပ်ပြန်အိပ်"

အဘိုးချန်က သူထသည်ကိုမြင်လျှင် ကပျာကယာဆို၏။

  

အိမ်ရှင်မိသားစုက အကုန်လုံးထပြီဖြစ်၍ ယွီချင်းဇယ်ဆက်လှဲနေလျှင်မကောင်းသလိုခံစားရသည်။

  

သူ မနေ့ညက အဘိုးချန်တို့မြေးအဖိုးနှစ်ယောက်ကို ကုတင်ငယ်လေးပေါ်မှာ ထပ်ပြီးဖျစ်ညစ်အိပ်ခိုင်းရသည်ကိုတကယ်အားနာသဖြင့် သူ ကုတင်ငယ်လေးပေါ်မှာအိပ်ခဲ့သည်။ကုတင်ငယ်လေးက ခုံတန်းရှည်တစ်ခုလောက်သာကျယ်ပြီး အရှည်တစ်မီတာခန့်ပဲရှိပုံရသည်။မြေးအဖိုးနှစ်ယောက် သူသတိလစ်နေသည့်နှစ်ရက်လုံးလုံးထိုပေါ်မှာမည်သို့ဖျစ်ညစ်အိပ်ခဲ့သည်ကို သူစဥ်းစားမရပါချေ။ 

  

မနေ့ညက သူကောင်းကောင်းအိပ်မပျော်သည်မှာသဘာဝပင်။ပထမအချက်အနေဖြင့် မရင်းနှီးသောပတ်ဝန်းကျင်မှာရောက်နေသည်။သူက ဤကမ္ဘာကိုအခုမှရောက်လာခါစဖြစ်ပြီး သူ၏လောကကြီးအပေါ်အမြင်များ လှုပ်ခါခံလိုက်ရသည်။သူ့စိတ်ထဲမှာ အတွေးများဖြင့် ပြည့်နေပြီး သူ့ကိုယ်သူ အိပ်ပျော်သွားမသွားပင်မသိတော့ဘဲ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသလိုခံစားရသည်။


ဒုတိယအနေဖြင့် တကယ်ကိုပူလွန်းပြီး ကုတင်လိုက်ကာများက ဇာလိုက်ကာများမဟုတ်သည့်အတွက် လေဝင်လေထွက်မကောင်းပေ။ထို့အပြင် ခြင်တစ်ကောင်ဝင်လာပြီး မရပ်မနား တဝီဝီလုပ်နေသေးပြန်ကာ ဘယ်နေရာကမှန်းမသိသောတဝီဝီခြင်သံက သူ့ကိုအတော်လေးစိတ်ရှုပ်စေသည်။

  

ယခုအချိန်က နွေလယ်ဖြစ်သည်။ရှေးခေတ်မှာ အဲကွန်းတို့ပန်ကာတို့မရှိသဖြင့် သူကောင်းကောင်း အိပ်ပျော်နိုင်မှထူးဆန်းပေလိမ့်မည်။

  

အဘိုးချန်တို့မြေးအဘိုးတစ်စုကလယ်ကွင်းထဲသွားကာ စပါးရိတ်ကြမည်ကိုသိသွားချိန်မှာ သူ စေတနာအလျောက် ကူပေးချင်ခဲ့သည်။

  

အဘိုးချန်က သူ့ခြေထောက်ကိုတစ်ချက်ကြည့်ကာ ဆိုလာသည်။

"မလုပ်နဲ့...ဒဏ်ရာကိုအရင်ပျောက်အောင်လုပ်...ကူလုပ်ပေးချင်ရင် ပြီးမှရှောင်ဟောက်ကိုစပါးကူလှမ်းပေးလိုက်"


ယွီချင်းဇယ် အနေရခက်မည်စိုးသဖြင့်

အဘိုးချန်က သိပ်ပြီးအားသုံးစရာမလိုသောအလုပ်တာဝန်ကိုပေးလာသည်။

  

"....ကောင်းပါပြီ"

မနက်ခင်း အလုပ်လုပ်ချိန်က တိုတောင်းပြီး သူ့ခြေထောက်ကအတင်မပြေသည်ကိုသူသိသည်။လယ်ကွင်းထဲရောက်ချိန်မှာ ချန်လဲ့တို့တတွေက ပြန်လာနေလောက်ပြီဖြစ်သည်။ထို့ကြောင့် သူသဘောတူလိုက်ခြင်းဖြစ်သည်။ 


သူအပြင်ထွက်လာချိန်တွင် ချန်လဲ့ကစပါးလှန်းရန်ဖျာပင်ခင်းပြီးနေပြီဖြစ်ကး စပါးများကိုဖျာပေါ် တစ်ဖျာလျှင်တစ်ပုံစီ သွန်ချနေသည်။

  

ပြီးလျှင် သူကချန်ဟောက်ကိုမီးကြည့်ထားရန်ပြောလိုက်သည်။မီးဖိုးချောင်ထဲမှာဆန်ပြုတ်အိုးတည်ထားသည်။ထို့နောက် သူက ဆွဲပုံးကြီးနှစ်ပုံးကိုထမ်းကာ အဘိုးချန်နှင့်ထွက်သွားလေသည်။


"ရှောင်ဟောက် မင်းအစ်ကိုကစပါးကို ပုံးနဲ့သယ်တာလား...သူ့မှာခြင်းတောင်းမရှိဘူးလား"


သစ်သားဆွဲပုံးက သူကလေးတုန်းက သူ့အဘိုးကသူ့ကိုရေချိုးရန်ပေးသော ဆွဲပုံးလောက်ကြီးသည်။သစ်သားဆွဲပုံးနှစ်ပုံး၏အသားတင်အလေးချိန်ကချည်း 20ကတ်တီကနေ30ကတ်တီလောက်ထိရှိလောက်သည်။စပါးထည့်လိုက်ရင်ဘယ်လောက်လေးသွားမလဲ...

  

ချန်ဟောက်က တဝါးဝါးသန်းကာ ရေတစ်ဇလုံထုတ်လာပြီး မီးဖိုချောင်တံခါးဝက ကျောက်တုံးဘေးမှာချလိုက်သည်။သူကပြန်ဖြေသည်။

"မဟုတ်ပါဘူး...အဲဒါကရေပုံးတွေ...အစ်ကိုပြန်လာရင်ရေသယ်လာမှာ"

  

"...ဪ ...အဲဒီသစ်သားပုံးကတော်တော်ကြီးတယ်နော်"


ဘယ်လောက်လေးလိုက်မလဲ...

ယွီချင်းဇယ်ကျိတ်ပြီးသက်ပြင်းချလိုက်ပြန်သည်။

  

"အမ်း အဲဒါကအထူးတလည်လုပ်ထားတာလေ...တစ်ခေါက်တည်းနဲ့ရေတိုင်ကီပြည့်တယ်...ပုံမှန်ရေပုံးတွေက သေးလွန်းလို့နည်းနည်းပဲပါတယ်၊သွားလိုက်ပြန်လိုက်နဲ့ဒုက္ခများတယ်လို့အစ်ကိုကမြင်တယ်လေ"

  

ယွီချင်းဇယ်: ...ဘယ်လိုတောင် အင်အားကြီးလိုက်တဲ့အကြောင်းပြချက်လဲ


"မင်းအစ်ကိုကမိုက်တယ်ကွာ"


ယွီချင်းဇယ် စိတ်ရင်းဖြင့်ချီးမွမ်းလိုက်သည်။ခန္ဓာကိုယ်သေးသေးလေးနဲ့ သန်လိုက်တာ...

  

အစ်ကိုချစ်ပုဂ္ဂိုလ်ဖြစ်သော ချန်ဟောက်က ဂုဏ်ယူစွာပဲ ယွီချင်းဇယ်ကို သူ့အစ်ကို၏"ကြီးကျယ်ခမ်းနားသောအောင်မြင်မှုများ"ကိုမိတ်ဆက်ပေးတော့သည်။


"ဟုတ်တယ် ကျွန်တော့်အစ်ကိုက လုံးဝကိုအလုပ်နိုင်ဆုံးပဲ...ဘယ်ယောကျာ်းမှ ကျွန်တော့်အစ်ကိုကိုမယှဥ်နိုင်ဘူး...ယောကျာ်းသုံးယောက် မ မနိုင်တဲ့သစ်ပင်ကြီးကိုကျွန်တော့်အစ်ကိုကတစ်ယောက်တည်းမနိုင်တယ်"

  

ယွီချင်းဇယ်:"...တကယ်မိုက်တာပဲ"

  

သူ့အစ်ကိုချီးမွမ်းခံရသဖြင့် ပျော်နေသော ချန်ဟောက်က လှည့်ကာ မီးဖိုချောင်ထဲက အဝတ်တဘက်နှင့်မိုးမခကိုင်းများကိုထုတ်လာသည်။အကုန်လုံးကိုချန်လဲ့ကကြိုတင်ပြီးပြင်ဆင်ထားခြင်းဖြစ်သည်။

  

"အစ်ကိုကြီးယွီ ခဏလောက်အိပ်လိုက်ပါ့လား...ဒီလောက်အစောကြီးထစရာမလိုပါဘူး...ကျွန်တော့်အစ်ကိုနဲ့အဘိုးက နေထွက်မှမနက်စာစားဖို့ပြန်လာကြမှာ"


ထိုသို့ပြောပြီးနောက် ချန်ဟောက်က မိုးမခကိုင်းတစ်ကိုင်းကိုကောက်ယူကာ ယွီချင်းဇယ်ကို ကမ်းပေးသည်။သူကိုယ်တိုင်လည်း တစ်ကိုင်းယူကာပါးစပ်ထဲထည့်လိုက်ပြီး အကြိမ်ရေအနည်းငယ် ကိုက်၍သစ်ခွံကိုခွာလိုက်သည်။အထဲက မိုးမခသားမျှင်များပေါ်လာချိန်မှာ သူက ၎င်းနှင့်သူ့သွားကိုတိုက်လေသည်။


"ရပါတယ်...ငါကစောစောထနေကျပါ"

ယွီချင်းဇယ်က သွားဘယ်လိုတိုက်ရမလဲစိတ်ပူနေခြင်းဖြစ်သည်။ချန်ဟောက်၏လုပ်ရပ်များကိုမြင်ချိန်မှာ သူချက်ချင်းဆိုသလိုပဲနားလည်သွားသည်။

  

သူသာ၎င်းကိုမမြင်ခဲ့လျှင် ရှေးခေတ်မှာ 

လူတွေက ယခုလိုသွားတိုက်ကြကြောင်းကိုယွီချင်းဇယ် တကယ်မသိပေ။သူအနည်းငယ်သိချင်နေသဖြင့် ချန်ဟောက်လုပ်သည့်အတိုင်းလိုက်ပြီး သူ့သွားကိုမိုးခမကိုင်းဖြင့်တိုက်လိုက်သည်။မိုးမခသား၏တမူထူးခြားသော စိမ်းတိမ်းတိမ်း ဖန်တန်တန်အနံ့ကိုရပြီးအရသာမှာမဆိုးလှပေ။

  

မျက်နှာသစ်ကိုယ်ဘက်သန့်စင်ပြီးနောက် ယွီချင်းဇယ်က ချန်ဟောက်ကို မီးကိုအာရုံစိုက်ရန်ပြောလိုက်ပြီး သူကထွန်ခြစ်ကိုယူကာ ကောက်ရိုးဖျာကြီးလေးချပ်ပေါ်ကစပါးပုံများကိုဖြန့်သည်။ပြီးလျှင် အထဲကကောက်ရိုးမြက်ရိုးအစအနများကို ထွန်ခြစ်သုံး၍ဆွဲထုတ်၏။

  

သူငယ်ငယ်တုန်းက သူ့အဘိုးအိမ်မှာ ဤအရာများကိုသူလုပ်ခဲ့ဖူးသဖြင့် ဘယ်လိုလုပ်ရမည်ကိုသူသိသည်။


မြက်စမြက်နများကို ထွန်ခြစ်ဖြင့် အကြမ်းဖျင်းတစ်ချက်ဆွဲထုတ်ပြီး စပါးများအနည်းငယ်ခြောက်သွားအောင်ခဏလောက်ထား၊ပြီးလျှင် ခုနကလိုပဲ ထွန်ခြစ်နှင့်ပြန်ထုတ်ဆွဲရသည်။အလုံးစုံခြောက်သွားသည်နှင့် ကောက်လှေ့ပန်ကာဖြင့် အဖျင်းများကိုမှုတ်ထုတ်ရသည်။ကျန်သည်များက အဆံပြည့်သေားစပါးစေ့များဖြစ်သည်။

  

စပါးလှမ်းပြီးနောက် ယွီချင်းဇယ် မီးဖိုချောင်ထဲဝင်သွားသည်။ဆန်ပြုတ်ကကျက်နေပြီဖြစ်ကာ ရေအေးထဲမှာထည့်၍အအေးခံထားသည်။ချန်ဟောက်က ရေစိမ်ထားသော မုန်လာဥခြောက်များကိုရေဆေးနေလေသည်။ 

  

"မနက်စာအတွက်လား"

ယွီချင်းဇယ်က မေးလိုက်သည်။

  

ချန်ဟောက်က ခေါင်းညိတ်သည်။

"အင်း ကျွန်တော်ကသိပ်မချက်တတ်သေးလို့ အရသာကကောင်းမှာမဟုတ်ဘူး...အရင်ရေဆေးထားပြီး အစ်ကိုပြန်လာမှ တန်းချက်လိုက်တာပေါ့"

 ă€€

ယွီချင်းဇယ်က ပြောလိုက်သည်။

"ငါချက်လိုက်မယ်"

 

ချန်ဟောက်၏မျက်လုံးများက တောက်ပသွားပြီးယွီချင်းဇယ်ကို ကြည့်လိုက်သည်။

"ခင်ဗျားကချက်တတ်တာလား"

  

ယွီချင်းဇယ်က ခေါင်းညိတ်သည်။

"အင်း"

အတော်လေးကျွမ်းသည်၊သူယခင်က စာဖိုမှူးတစ်ယောက်ဖြစ်ပြီး ထိုပညာဖြင့်အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။

 

ချန်ဟောက် အပျော်ကြီးပျော်သွားပြီး ဆို၏။ 

"ဒါဆိုရင် ချက်ပေးပါလားအစ်ကိုကြီးယွီ...ကျွန်တော်မီးမွှေးလိုက်မယ်...အဘိုးနဲ့အစ်ကိုပြန်လာတာနဲ့စားလို့ရပြီ"

 

နှစ်ယောက်သား အလျင်အမြန်ပဲသဘောတူညီမှုရသွားကြ၏။

  

ယွီချင်းဇယ် ကြည့်လိုက်သည့်အခါ စားပွဲပေါ်မှာဆီ၊ဆား၊ပဲငံပြာရည်နှင့်ရှာလကာရည်ပဲရှိလေသည်။စဥ်းတီးတုံးနံဘေးမှာ ငရုတ်သီးအနည်းငယ်နှင့်သခွားသီးလေးလုံးလည်းရှိပြီး ထောင့်နားက မြေဆွေးခြင်းတောင်းထဲတွင် ကန်းစွန်းဥနွယ်ပင်တစ်ပင်တွေ့သည်။အကုန်လုံးက အလွန်ကိုမှလတ်ဆတ်နေသေးသည်။မနက်ခင်းတုန်းက ချန်လဲ့ပြန်ယူလာခြင်းဖြစ်မည်။


သူလန့်သွားသည်။ဝက်စာအတွက်မြက်ရိတ်သည်၊ဟင်းရွက်ခူးသည်၊မီးမွှေးပြီးဆန်ပြုတ်အိုးတည်ခဲ့သည်၊ကောက်ရိုးဖျာခင်းပြီး စပါးများလည်းထုတ်ပုံခဲ့သေးသည်။ဤအရာအားလုံးပြီးအောင် ချန်လဲ့ဘယ်အချိန်ကတည်းကထရမလဲမသိဟုသူတွေးမိသွားသည်။

  

ဘယ်လိုတောင်အလုပ်ကြိုးစားလိုက်တဲ့ကောင်လေးလဲ...


ချန်ဟောက်နှင့်တိုင်ပင်ကြည့်ပြီးနောက် သူတို့က အစပ်ကိုပိုကြိုက်သည်ကိုသူသိသွားသည်။


ယွီချင်းဇယ် သခွားသီးနှစ်လုံးယူပြီး နုတ်နုတ်လှီးပြီးသားငရုတ်သီးအနည်းငယ်နှင့်သခွားသီးသုတ်လုပ်လိုက်သည်။ထို့နောက်မှာ လတ်လတ်ဆတ်ဆတ်ကန်စွန်းဥနွယ်ရွက်လက်တစ်ဆုပ်စာခူးခဲ့ပြီး အရွက်များပြောင်ပြီး ရိုးတံပဲကျန်နေသည်အထိခြွေလိုက်သည်။

 ă€€ă€€

ချန်ဟောက်က ဘေးကနေကြည့်နေသည်။ယွီချင်းဇယ်ကခဏလေးအတွင်းမှာသခွားသီးသုတ်လုပ်လိုက်ပြီး အလျင်အမြန်ပဲ ကန်စွန်းရိုးများကို အပိုင်းပိုင်းဖြတ်သည်။ပြီးလျှင် မုန်လာဥခြောက်ကို နုတ်နုတ်စင်းပြီး ပန်းကန်ထဲထည့်လိုက်သည်။သူ၏ဓားကိုင်စွမ်းရည်ကိုမြင်ရသည်ကတင် အလွန်ကို ယုံကြည်ရလောက်သည်။သို့သော်လည်း ချန်ဟောက်က ကန်စွန်းရိုးများကို ရှုပ်ထွေးသောအမူအရာဖြင့်ကြည့်နေလေသည်။


***🍱