အပိုင်း ၆၁-၆၂
Viewers 28k

Part 61


ကျန်းယန်ရှန့် ကားထဲသို့ ဝင်လိုက်သည်နှင့် ရှောင်ကျိုးက ကားကိုစက်နှိုးလိုက်သည်။ 


“မမ‌လေးယန်ယန်...ဘယ်သွားမလို့လဲ...” 


“ဘယ်နေရာဖြစ်ဖြစ် သွားလိုက်.. ကားမောင်းဖို့ နေရာရှိရင် ပြီးရော...”


ကျန်းယန်ရှန့် သည် အပြင်ထွက်ချင်၍ မဟုတ်ဘဲ လျန့်ကျန်းကို ကားမစီးစေချင်၍ ဖြစ်သည်။


 


ရှောင်ကျိုး က ပြုံးပြီး ချီးမွမ်းလိုက်သည်။


"မမ‌လေးယန်ယန်က အရမ်းတော်တာပဲ...အဲဒီလူက အရမ်းဆိုးတယ်...သူက ဒီအိမ်မှာစား ၊ ဒီအိမ်မှာနေတယ်.. ကုမ္ပဏီ လစာကလည်း ယွမ် ၂၅,၀၀၀ ကနေ ၈၀,၀၀၀ ကြား ရတာကိုများ သူ့ကိုယ်သူ ဘာထင်နေလဲမသိဘူး...."


"ကျွန်မက ရှင့်ကို လျန့်ယင်းယင်း နောက် အမြဲလိုက်နေရလို့ လျန့်ကျန်း ဘက်က ပါမယ်လို့ ထင်ထားတာ..." 


ရှောင်ကျိုး က ပြုံး၍ပြောလိုက်သည်။


"မမ‌လေးရဲ့ အဖေက ကျွန်တော့်ကို လစာပေးထားတာပါ....ဆရာကြီးက ကျွန်တော့်ကို သူ့မိန်းမနဲ့ မမ‌လေးအတွက် ကားမောင်းပေးဖို့ တာဝန်ပေးတာ....ဒါ ကျွန်တော့်တာဝန် ပါ...ကိုယ်ပိုင်ဆုံးဖြတ်ချက်  မဟုတ်ရပါဘူး....” 


ယခင်ဘဝက အန်တီလော ကလွဲ၍ မည်သူမှ သူမကို ဂရုမစိုက်ခဲ့ကြပေ။သို့သော် သူမသိပ်ချစ်သော အန်တီလော အလုက်ထွက်သွားချိန်တွင် သူမသည် အထီးကျန်မှုကို စတင်ခံစားခဲ့ရပြီး လူတိုင်းအပေါ် ရန်လိုစွာ ပြုမူခဲ့သည်။


ယခု တွေးကြည့်လျှင် ရယ်စရာကောင်း‌ နေပြန်သည်။တကယ်တမ်းတွင် ရှောင်ကျိုး နှင့် အန်တီဝမ် တို့သည် ပိုက်ဆံအတွက်သာ အလုပ်လုပ်နေကြခြင်း ဖြစ်သည်။


လူတစ်ယောက်အတွက် အခြားတစ်ယောက်က ထာဝရ တည်ရှိရန်  မဖြစ်နိုင်ပေ။


သူမကသာ မသိနားမလည်စွာဖြင့် 

'ကမ္ဘာကြီးက ငါ့ရန်သူပဲ' 

ဆိုသည့် စကားကို လက်ကိုင်ထားပြီးမိခင်ဖြစ်သူ၏ အမှတ်တရများ ရှိသည့်အိမ်ကို စွန့်ခွာခဲ့သည်။


ထို့ကြောင့် နောက်ဆုံးတွင် လျန့်ယင်းယင်း ကသာ အောင်မြင်သူ ဖြစ်လာခဲ့သည်။ 


လျန့်ယင်းယင်း သည် အိပ်ရာမထသေးမီ ဖုန်းသံကြောင့် နိုးလာပြီးဖုန်းကို ကိုင်လိုက်သည်။


 


"ဟဲလို..." 


"ယင်းယင်း... နင့်ရဲ့ ကျန်း မိသားစုက ဘာသ‌ဘောလဲ...နင်က ငါတို့ကို ဒီလောက်ထိ နှိမ့်ချနေတာလား...."


လျန့်ယင်းယင်း ၏ အစ်ကိုဖြစ်သူသည် သူ့သား၏ မကျေနပ်ချက်အားလုံးကို သူမအား ပြောနေလေ၏။


"ဘာဖြစ်တာလဲ....ဒီကောင်မလေးက နင့်လက်ခုပ်ထဲကရေ လို့ ပြောခဲ့တယ်မဟုတ်လား...ရှောင်ကျန်းက‌ ပြောတော့ နင်သူမကို ကြောက်နေရတယ်ဆို...” 


လျန့်ယင်းယင်း စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူမသည် မိသားစုထဲတွင် မျက်နှာပျက်ရမည်ကို အကြောက်ဆုံးဖြစ်သည်။


ကျန်းယန်ရှန့် က သူမအ‌ကြောင်းကို တိုင်လိုက်သည်နှင့်  ကျန်းဟွမ် သည် သူမအား ပို၍ မုန်းတီးလာပြီး သမီးဖြစ်သူကိုသာ မျက်နှာသာပေးတော့သည်။ 


 “‌ရှောင်ကျန်း ရဲ့ စကားကို နားမယောင်ပါနဲ့...ကျွန်မက လူကြီးလေ...ကလေးနဲ့ ရန်ဖြစ်လို့ မဖြစ်ဘူးလေ...”


 


"ပြီးတော့ လျန့်ကျန်း က ကျန်းမိသားစုနဲ့ နေရတာ အဆင်မပြေဘူးလို့လည်း ပြောတယ်....” 


အစ်ကိုဖြစ်သူ၏ စကားကိုကြားပြီးနောက် ကျန်းဟွမ်က လျန့်ကျန်းကို ကားပေါ်မတင်ချင်မှန်း သူမ သိလိုက်သည်။


"ဪ..အလုပ်သွားဖို့ ကိစ္စကို ဖြေရှင်းဖို့က အလွယ်လေးပါ..."


လျန့်ယင်းယင်း  နှင့် ကျန်းယန်ရှန့် တို့သည် အရင်က ကား နှင့်ယာဉ်မောင်းကို လုခဲ့ကြပြီး သူမကအမြဲ ရှုံးနိမ့်ခဲ့သည်။သို့သော် ယခု ကျန်းဟွမ် က သူမကို ဖရာရီ တစ်စီးကို ဝယ်ပေးခဲ့သည်။လျန့်ယင်းယင်း ၏ စိတ်ထဲတွင် ကျန်းဟွမ် သည် သူမကို ချစ်သည် ဟု ထင်သွားသည်။


ယခု သူမ နားလည်သွား‌လေသည်။ကျန်းဟွမ်သည် သူသမီးဖြစ်သူ ကားကို ကောင်းကောင်းစီးနိုင်ရန် ဖရာရီကို ဝယ်ပေးခဲ့ခြင်း ဖြစ်သည်။ကျန်းယန်ရှန့် ၁၈ နှစ် ပြည့်လျှင် ဈေးပိုကြီးသော ကားကို ဝယ်ပေးလိမ့်မည်။


" လျန့်ကျန်း မှာ ယာဉ်မောင်းလိုင်စင်ရှိလား....အိမ်မှာ ကားတွေ အများကြီးရှိတယ်...သူ့ကို တစ်စီးပေးလို့ရတယ်....”


အစ်ကို လျန့် ၏ဒေါသသည် ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။


 "ရှိတယ်... တက္ကသိုလ်က ဘွဲ့မရခင်ကတည်းက ယာဉ်မောင်းလိုင်စင် စာမေးပွဲဖြေခဲ့တာ...နင် ငါ့သားအတွက် ကားတစ်စီး အသစ်ဝယ်ပေးသင့်တယ်.....ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းတွေအားလုံးက ငါ့သားနဲ့လည်း ဆိုင်တာပဲ….” 


လျန့်ယင်းယင်း က ဒေါသတကြီး ပြောလေသည်။


 "ကျန်း မိသားစုမှာ ဟောင်းနွမ်းနေတဲ့ ကားတစ်စီးမှ မရှိပါဘူး...အသစ်ဝယ်ပေးစရာ မလိုဘူး...အဆင်ပြေတယ်..."


 "ဒါပေါ့..." 


အစ်ကို လျန့် က သူ့ပါးစပ်ကို ရိုက်လိုက်ပြီး ဆက်ပြောလေသည်။


 “နင်အသစ်ဝယ်ထားတဲ့ ဖရာရီ အကြောင်း နင်ပို့စ်တင်ထားတာ ငါမြင်တယ်... အဲ့ဒီကားက သန်းချီတန်တယ်မဟုတ်လား ...." 


 "ယွမ် ၃ သန်းထဲပါ...." 


Xxxxxx


Part 62


အစ်ကို လျန့် က မနာလိုဖြစ်၍ ပြောလိုက်သည်။


"နင့် ဘဝကတော့ မိုက်လိုက်တာ...နင့် လက်ချောင်းကြားက ယိုစိမ့်တာလေးနဲ့တင် ငါတို့ မိသားစုကြီး အတွက် ထမင်းစားလို့ ရတယ်..…အဲ့တော့ နင့်ယောင်းမ ရဲ့ မောင်လေးကိုလည်းလေ....”


လျန့်ယင်းယင်း က အော်ဟစ်၍ ပြောလိုက်သည်။


 "တော်တော့....လျန့်ကျန်း က ကျွန်မရဲ့ တူလေးမို့ ကျွန်မ သူ့ကို စောင့်ရှောက်ပေးနိုင်တယ်....တခြားလူတွေကိုတော့ လုပ်ပေးမှာမဟုတ်ဘူး...ကျွန်မအဲ့‌လောက်မအဘူး....ယောင်းမရဲ့ မောင်လေးက အလုပ်ရှာချင်နေတာ ဟုတ်လား... ဒါဆိုလည်း.... လျန့်ကျန်း ကို ပြန်‌ခေါ်ပြီး အဲ့ဒီကောင့်ကို အလုပ်ပေးလိုက်မယ်လေ.... အဆင်ပြေတယ်မလား...."  


"အဲ့လို ပြောတာ မဟုတ်ဘူးလေ...."


လျန့်ယင်းယင်း က စကားဆုံးအောင် နားမထောင်တော့ဘဲ ဖုန်းချပစ်လိုက်သည်။


ထို့နောက် နေ့လည်စာစားရန် အောက်ထပ်သို့ ဆင်း‌သောအခါ ကလေးနှစ်‌ယောက်ကိုသာ တွေ့ရပြီး ကျန်းယန်ရှန့် ကို မတွေ့ပေ။ 


“သူမက ဘယ်မှာလဲ...” 


 


ကျန်းဟယ်လင်း ကအံ့ဩစွာ ပြန်မေးလိုက်သည်။


"ဘယ်သူလဲ..."


လျန့်ယင်းယင်း က အော်ပြောလိုက်သည်။ 


“ကျန်းယန်ရှန့်...” 


"အမေက သမီးရဲ့ အစ်မလို့ ဘာလို့ အစကတည်းက မပြောလဲ...အဲ့တော့ 'ဘယ်သူလဲ' လို့မေးတာပေါ့...."


"နင် သူမကို အစ်မတစ်ယောက်လို တကယ် ဆက်ဆံတာလား..." 


ကျန်းဟယ်လင်း သည် ခဏမျှ တိတ်ဆိတ်သွားပြီး အံ့သြစွာ မေးလိုက်သည်။


"သမီးက အဖေ့ရဲ့သမီး မဟုတ်ဘူးလား...."


လျန့်ယင်းယင်း သည် နွားနို့သောက်ရင်း သီးသွားလေသည်။ 


"ဘာတွေ ပြောနေတာလဲ..." 


"သမီးတို့က အဖေ တစ်ယောက်တည်းမွေးခဲ့တာဆိုတော့  ညီအစ်မတွေလေ...."


ကျန်းဟယ်လင်း က အခိုင်အမာ ပြောလိုက်သည်။ 


"ကောင်းပြီ... နင့်အစ်မဘယ်မှာလဲ...." 


"အစ်မ အပြင်ထွက်သွားတယ်..."


နောက်ဆုံးတွင် လျန့်ယင်းယင်း သဘောပေါက် သွားလေသည်။အစ်ကိုကြီးက သူမကို ဖုန်းဆက်ရခြင်းမှာ ကျန်းယန်ရှန့် က လျန့်ကျန်း စီးမည့်ကားကို စီးသွားခြင်းကြောင့် ဖြစ်နိုင်သည်။


မကြာမီ သူမသည် ၀တ်စားဆင်ယင်ပြီးနောက် ဖရာရီကားဖြင့် အပြင်ထွက်သွားလေ၏။


ကျန်းယန်ရှန့် သည် ရှောင်ကျိုး ၏ကားကို စီးနေရင်း ခဏမျှစဉ်းစားပြီး ရှောင်ကျိုးကို ပြောလိုက်သည်။


"လိုင်လီ စင်တာကို မောင်းပါ...." 


 "ကောင်းပါပြီ..." 


ကျန်းယန်ရှန့် သည် မနေ့က လူငယ်နှင့် တွေ့ခဲ့သည့် စက်လှေကားအဝင်ဝသို့သွားကာ စက်လှေကား အနားတစ်ဝိုက်တွင် လှည့်ပတ်ရှာနေသည်။ 


သို့သော် ထိုလူငယ်ကို လွယ်လွယ်နဲ့ ပြန်တွေ့ရန် မဖြစ်နိုင်မှန်း သူမသိပါ၏။ ထို့နောက် ဆက်မရှာတော့ဘဲ ကျန်းဟယ်လင်း နှင့် ကျန်းရှို့ချန်အတွက် ကိတ်မုန့်ဝယ်ရန် 'ဘုရင်မ' ကိတ်မုန့်ဆိုင်သို့ သွားလိုက်သည်။ 


ကျန်းယန်ရှန့် အိမ်ပြန်ရောက်သောအခါ အိမ်အကူအဒေါ်တစ်ဦးကို အချိုရည်ဖျော်ခိုင်းလိုက်ပြီး ကျန်းဟယ်လင်း နှင့် ကျန်းရှို့ချန် တို့ကို မုန့်စားရန် လှမ်းခေါ်လိုက်သည်။ 


"စားလို့ကောင်းလိုက်တာ..."


ကျန်းရှို့ချန် သည် "ဘုရင်မ"ကိတ်မုန့်တံဆိပ်ကို ချက်ချင်းပင် သဘောကျသွားသည်။ 


"ဒါဆို...အစ်မ"


ကျန်းဟယ်လင်း က မဝံ့မရဲပြောသည်။ 


"ဒီနေ့ မုန့်စားလိုက်ပြီ ဆိုတော့ မနက်ဖြန်... သွားဦးမှာလား..." 


မူလက သူတို့သည် ဗုဒ္ဓဟူးနေ့တွင် မုန့်စားပြီး VR ဂိမ်း ကစားကြရန် စီစဉ်ထား၍ ယခု မုန့်စားလိုက်သဖြင့် မနက်ဖြန် အပြင်မထွက်မည်ကို သူမက စိတ်ပူနေခြင်း ဖြစ်သည်။


“သွားမှာ‌‌ပေါ့....”


နှစ်ယောက်သား ရွှင်မြူးသွားကြသည်။ 


ထိုအချိန်တွင် အိမ်အကူအဒေါ်တစ်ယောက်က မုန့်များယူလာသည်။ကျန်းယန်ရှန့် က မုန့်စားပြီးနောက် အခန်းထဲသို့ပြန်လာခဲ့သည်။အခန်းထဲတွင် အန်တီလော သည် လျှော်ဖွပ်ထားသည့် အဝတ်အစားများကို မီးပူတိုက်နေရင်း နှုတ်မှ တတွတ်တွတ် ရေရွတ်နေသည်။


“ငါ ဒီလိုအမေမျိုး တစ်ခါမှ မမြင်ဖူးဘူး....ကလေးတွေကို ရန်တိုက်ပေးပြီးသားသမီးတွေကို မကောင်းတာတွေ သင်ပေးနေတာ...” 


ကျန်းယန်ရှန့် က မျက်ခုံးပင့်လိုက်ပြီး


အန်တီလော ကို မေးလိုက်သည်။


 "ဘာသင်ပေးတာလဲဟင်..." 


“အင်း သင်ပေးတာတော့ မမြင်မိဘူး...ဒါ‌ပေမဲ့ ကျန်းဟယ်လင်းကို မမလေးအနား မကပ်ဖို့ပြောသံကြားတယ်....သူတို့အမေက မိခင်ကောင်း မဟုတ်ပေမယ့် ကလေးတွေကတော့ လိမ္မာကြပါတယ်....” 


ကျန်းယန်ရှန့် က ဘာမှပြန်မပြောဘဲ ဖုန်းကိုထုတ်၍ ကျန်းဟွမ် ထံ မက်ဆေ့ချ်ပို့လိုက်သည်။


'အဖေ့တူလေးက အဖေက အလုပ်ကို ကားနဲ့မခေါ်သွားလို့ အရမ်းစိတ်ဆိုး‌နေတယ်' 


နောက်ဆုံးစာကြောင်း နောက်တွင် လျှာထုတ်နေသည့် အီမိုဂျီပါ ထည့်လိုက်သည်။


Xxxxxxx