အပိုင်း ၁၁၁-၁၁၂
Viewers 27k

Part 111


ရှုလီချန်တစ်ယောက် ပါးစပ်အဟောင်းသားဖြင့်ကျန်နေခဲ့သည်။


ထို့နောက် ကျန်းယန်ရှန့်အနောက်သို့ပြေးလိုက်သွားတော့၏။


" ကျန်းယန်ရှန့် ! "


ရှုလီချန်၏မျက်နှာထားက စိတ်လှုပ်ရှားနေသည့်ပုံစံပင်။


" မင်းက ဒီလိုလူမျိုးအဖြစ်ပြောင်းလဲသွားတာပဲ " ရှုလီချန်ကပြောသည်။


" ငါထင်ထားတဲ့ပုံစံနဲ့အရမ်းကို ကွဲပြားနေတယ် "


ကျန်းယန်ရှန့်က ရှုလီချန်အား တစ်ချက်ဟောက်ပြီး ကိုယ့်လမ်းကိုယ်ဆက်သွားလိုက်သည်။


ကျန်းယန်ရှန့်ထံမှ လျစ်လျူမှုကြောင့် ရှုလီချန်မှာ တစ်ကိုယ်တည်းစကားပြောနေသည့်ပုံစံပေါက်သွားတော့၏။


သို့သော်လည်း ရှုလီချန်မှာ အရေထူနေပြီဖြစ်သည်။


" မင်းကို အရမ်းတည်ငြိမ်ပြီး‌တော့


တခြားသူတွေကိုကျိန်ဆဲတာမျိုးမလုပ်နိုင်တဲ့သူလို့ထင်နေတာ ဒါပေမဲ့ မင်းက ကျိန်ဆဲရုံတင်မကဘူး ရန်ပါဖြစ်တတ်နေတယ်... မနေ့တုန်းက ဝမ့်ချမ်တို့အုပ်စုတောင် မင်းကိုမကြောလိုက်နိုင်ဘူး " ရှုလီချန်က ရယ်လျက်ပြောသည်။


" ဒီလိုမှန်းသိ ငါဝင်မပါခဲ့ပါဘူး "


" ဒီလိုတွေလုပ်နေလည်း ဘာမှမထူးဘူးနော်


နင်ဘယ်လိုလူလဲ ငါသိပြီးသား " ကျန်းယန့်ရှန်က ခနဲ့သည်။


" အခုငါ့ကိုအရေးစိုက်တတ်နေပြီပေါ့ " ရှုလီချန်က မျက်ခုံးများကိုပင့်တင်လျက်ပြောလာ၏။


သူမ စကားပြောမှားသွားပြီဖြစ်ကြောင်း ကျန်းယန်ရှန့်သဘောပေါက်သွားသည်။


" အရေးစိုက်စရာလား နင့်လိုလူမျိုးတွေက တစ်ချက်ကြည့်ရုံနဲ့တင် သိသာနေပြီးသား "


ကျန်းယန့်ရှန်က သူမ၏စကားကို ပြန်ပြင်ပြော၏။


" မင်းအတွက် ဒီလောက်သိသာနေရင် .... "


ရှုလီချန်က ကျန်းယန့်ရှန်၏ရှေ့၌ ပိတ်ရပ်လိုက်ပြီး သူမ၏မျက်နှာနားသို့တိုးကပ်လာသည်။


ရှုလီချန်၏နှုတ်ခမ်းစွန်းများ အထက်သို့ ကော့ညွတ်တက်သွားသည့်ပုံစံမှာ မကောင်းဆိုးဝါးတစ်ကောင်နှင့်တူ၏။


" ပြောပြပါဦး ငါမင်းကို ဘယ်လောက်ထိသဘောကျနေလဲဆိုတာကို "


" ......"


ဒီလိုရည်းစားစကားမျိုးက ဘာလဲဟ ! ပေါတောတောနဲ့


ဘာကိစ္စ အရမ်းစိုးမိုးချင်ယောင်ဆောင်နေတာတုန်း


ကျန်းယန်ရှန့် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။


ကျန်းယန်ရှန့် မိမိလက်မောင်းကိုယ်မိမိ ရိုက်ပစ်လိုက်၏။


အသိစိတ်ဝင်စေရန်ဖြစ်သည်။


သို့သော်လည်း ပြန်တွေးကြည့်ပါက


ရှုလီချန်မှာ ဤကဲ့သို့သော လူစားမျိုးပင်ဖြစ်၏။


အထက်တန်းကျောင်း၌ ရှိနေစဉ်ကတည်းက 


သူ၏တစ်စွတ်ထိုးဂျစ်ကန်ကန်ပုံစံကြောင့် မိန်းကလေးအများစုက သဘောကျကြသည်။


ထိုမိန်းကလေးများထဲတွင် ကျန်းယန်ရှန့်လည်း အပါအဝင်ဖြစ်သည်။


ကျန်းယန်ရှန့်၏မျက်နှာက ထူးထူးခြားခြား နီမြန်းနေသည်။


နံနက်စောစောဖြစ်၍ ပိုသိသာနေ၏။


ရှုလီချန်က ကျန်းယန်ရှန့်ကို အောင်နိုင်သူအပြုံးဖြင့် ကြည့်နေသည်။


ကျန်းယန်ရှန့် ရှက်သွေးဖြာနေရသော အဓိကအကြောင်းအရင်းကို သူမသိရှာပေ။


အတိတ်၌ တစ်ဖန်ပြန်လည် မတွေ့ကြုံချင်သည့် မှတ်ဉာဏ်များစွာရှိသည်။


မိမိ တုံးအခဲ့သော အချိန်များကို ပြန်တွေးကြည့်ပါက မခံမရပ်နိုင်အောင်ဖြစ်ရသည်။


အလွန်တရာပင်မှောင်မိုက်သည့်အချိန်များကို သူမနောက်ထပ်တစ်ကြိမ် ကြုံဆုံလိုစိတ်မရှိတော့ချေ။


ရှုလီချန်၏ ချောမောသောမျက်နှာပေါ်၌ " ကန့်လန့်တိုက်ကောင် " ဟူသောစာကို ကျန်းယန်ရှန့်မြင်နေရသည်။


လူ့ဂွစာကောင်အား ကျန်းယန်ရှန့် ကြည့်မနေချင်တော့ပေ။


ထို့ကြောင့် ရှုလီချန်အား ချန်ထားခဲ့ပြီး အနောက်တွင်ရှိနေသည့်တစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။


" အတန်းဖော်ရေ ! "


ရှုလီချန်လှည့်ကြည့်လိုက်သောအခါ ကျန်းယန်ရှန့်ထံ မှခေါ်သံကြောင့် ဇဝေဇဝါဖြစ်နေပုံရသည့် ယောက်ျားလေးတစ်ယောက်ကို တွေ့ ရသည်။


ကျန်းယန်ရှန့် ထိုတစ်ယောက်၏မျက်နှာကို ရင်းနှီးနေသည်။


သူမတို့နှစ်ယောက်လုံး အတန်းတူကြသည်။


သို့သော်လည်း သူ့နာမည်ကို ကျန်းယန်ရှန့်မမှတ်မိပေ။


ထို့ကြောင့်ပင် အတန်းဖော်ဟုခေါ်လိုက်ခြင်းဖြစ်သည်။


ကျန်းယန်ရှန့်က ရှုလီချန်ကိုချန်ထားခဲ့ပြီး


အနောက်၌ရှိနေသော ထိုတစ်ယောက်ထံ ခပ်မြန်မြန် လမ်းလျှောက်သွားသည်။


" မင်္ဂလာနံနက်ခင်း " ကျန်းယန်ရှန့်က နှုတ်ဆက်၏။


" အ-အင်း... မင်္ဂလာနံနက်ခင်းပါ "


ထိုသူမှာ စိတ်လှုပ်ရှားနေပုံရပြီး ကျန်းယန်ရှန့်အား မဆိုင်းမတွပင် ပြန်လည်နှုတ်ဆက်သည်။


ကျန်းယန်ရှန့် သူ့နာမည်ကို မမှတ်မိပေ။

နောက်ဆုံးတန်း၌ထိုင်သည့် အရပ်ရှည်ရှည်နှင့်တစ်ယောက်ဟုသာ သိထားသည်။


သူထိုင်သောနေရာမှာ ကျန်းယန်ရှန့်၏ခုံတန်းဆီမှ 

သိပ်မဝေးပေ။


ကျန်းယန်ရှန့်မှာ အတန်းခေါင်းဆောင်အချို့နှင့်အတန်းသားအနည်းစုဖြင့်သာ ရင်းနှီး၏။


" မနေ့က ရူပဗေဒ မှတ်စုလေး နည်းနည်းလွတ်သွားလို့... ပြီးရင် နင့်မှတ်စုလေး ခဏငှားပေးမလားဟင် "


ကျန်းယန်ရှန့်က သူမနှင့်အတူရှိနေသောတစ်ယောက်အား နေရခက်ခြင်းမရှိဘဲ ပြောလိုက်သည်။


" ရတာပေါ့...စာသင်ခန်းထဲရောက်ရင်ငှားပေးမယ် " တစ်ဖက်လူက လိုလိုလားလားပင် သဘောတူလာသည်။


ကျန်းယန်ရှန့်က ရှုလီချန်အားအရေးမစိုက်ဘဲ ထိုတစ်ယောက်နှင့် ဘေးချင်းကပ်လျက် ကျောင်းထဲသို့ အတူဝင်သွားကြ၏။


မကျေမနပ်ဖြစ်နေပုံရသောရှုလီချန်လည်း ကျောင်းထဲသို့ဝင်ရန်ပြင်လိုက်သည်။


သို့သော် အနောက်တွင် " ဝမ့်ချမ် " ဟုခေါ်‌သည့်အသံကိုကြားလိုက်ရ၍ ရှုလီချန် လှည့်ကြည့်လိုက်သည်။


ဝမ့်ချမ် မည်သည့်အချိန်ကတည်းက ရောက်နေသည်ဖြစ်ကြောင်း ရှုလီချန်မသိပေ။


ဝမ့်ချမ်က ရှုလီချန်၏ မနီးမဝေး၌ ရှိနေသည်။


သူမ၏မျက်ဝန်းများထဲတွင် ဖုံးကွယ်၍မရသောဒေါသများဖြင့် ပြည့်နှက်နေ၏။


ရှုလီချန်နှင့် ကျန်းယန်ရှန့်၏ အခြေအနေအစအဆုံးအား သူမ မြင်လိုက်သည့် သဘောရှိသည်။


ကျောင်းစတက်စဥ်အချိန်၌ ရှုလီချန်တစ်ယောက် ဝမ့်ချမ်ကို မျက်စိကျခဲ့၏။


သို့သော်လည်း ကျန်းယန်ရှန့်၏အလှတရားကသာ ပိုမိုသာလွန်ကြောင်းသိလိုက်ရသဖြင့် နောက်ပိုင်းတွင် ကျန်းယန်ရှန့်ကို လိုက်ရန်ဆုံးဖြတ်ခဲ့သည်။


မည်သို့ပင်ဆိုပါစေ ရှုလီချန်သည် ဝမ့်ချမ်နှင့်ပတ်သတ်၍ လည်း ပြတ်ပြတ်သားသားမရှိခဲ့ပြန်ပေ။


ရှုလီချန်သည် ဘဝကြီးအား ပေါ့ပေါ့ပျက်ပျက်နှင့် 

အပျော်ရှာလျက် ဖြတ်သန်းနေသူသာဖြစ်သည်။


သို့သော်လည်း ယခုအချိန်၌ ရှုလီချန်အနေဖြင့် ဝမ့်ချမ်အပေါ်တွင် မည်သည့်ခံစားချက်မျိုးမှ မရှိတော့ချေ။


ထိုသို့ဖြစ်ရသည်မှာ သူ၏နှိုင်းယှဉ်တတ်သည့်စိတ်ထားကြောင့်ဖြစ်သည်။


ဝမ့်ချမ်သည် အခြားမိန်းကလေးများထက် သာလွန်ကောင်းသာလွန်လိမ့်မည်။


သို့သော်လည်း ကျန်းယန်ရှန့်နှင့်နှိုင်းယှဉ်လိုက်ပါက ဖွဲနှင့်ဆန်ကွဲကဲ့သို့ ဖြစ်သွားရှာသည်။


ကျန်းယန်ရှန့်၌သူမတူသော ဆွဲဆောင်မှုမျိုးရှိ၏။


ထိုအရာက ရှုလီချန်အား အခြားမိန်းကလေးများကို မမြင်စေနိုင်တော့သည်အထိ ပြင်းထန်သည်။


ဝမ့်ချမ်အား ပြန်ကြည့်လိုက်ချိန်တွင် သူမထံ၌ ဒေါသဆန်သည့်အကြည့်မျိုး မရှိတော့ပေ။


သူမက အောက်နှုတ်ခမ်းအား ခပ်ဖွဖွကိုက်ကာ စိတ်လျှော့လိုက်ပုံရသည်။


သို့သော်လည်း ဤတစ်ကြိမ်၌ သူမကြည့်လိုက်သောပုံစံတွင် ရှုလီချန်တစ်ဦးတည်းအပေါ်ကိုသာ စိတ်ခုနေသည့်အငွေ့အသက်များပါဝင်နေ၏။


ရှုလီချန်၏နေရာတွင် အခြားတစ်ယောက်ဖြစ်ခဲ့လျှင် ဝမ့်ချမ်၏အပြုအမူကြောင့် စိတ်ပျော့သွားလိမ့်မည်။


သို့သော်လည်း ရှုလီချန်က မွေးရာပါသွေးအေးသည့်မျိုးစိတ်ဖြစ်သည်။


ဝမ့်ချမ်၏ဟန်ဆောင်ကောင်းမှုက ရှုလီချန်အား မတုန်လှုပ်စေနိုင်ပေ။


အတိတ်ဘဝတွင် ဝမ့်ချမ်နှင့် ကျန်းယန်ရှန့်တို့ အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်ခဲ့ဖူးသည်ကို မည်သူမျှမသိကြပေ။


ထိုသို့ဖြစ်ခဲ့သည်မှာလည်း ဝမ့်ချမ်၏ဟန်ဆောင်ကောင်းမှုကြောင့်သာဖြစ်သည်။


ဝမ့်ချမ်၏အပြောချိုမှုကြောင့် ကျန်းယန်ရှန့်က ရှုလီချန်ကို ငြင်းခဲ့ရ၏။


နောက်ဆုံး၌ သုံးပွင့်ဆိုင်ဇာတ်လမ်းပင်ဖြစ်လာခဲ့သည်။


အချိန်ကြာလာသည်နှင့်အမျှ 


တစ်ဦးနှင့်တစ်ဦး အတွင်းသိအဆင်းသိများဖြစ်လာကြသည်။


ရှုလီချန်သည် ကနဦးတွင်ဝေခွဲမရဖြစ်ခဲ့သော်လည်း နောက်ပိုင်း၌ ကျန်းယန်ရှန့်အပေါ် စိတ်ယိုင်လာခဲ့၏။


ဝမ့်ချမ်အပေါ် အလုံးစုံယုံကြည်ခြင်းမပြုရန်ပင် ကျန်းယန်ရှန့်အား သတိပေးခဲ့သေးသည်။


မကောင်းဆိုးဝါးအိုမကြီးသဖွယ်ဖြစ်သော လျန့်ယင်းယင်း၏ ဆိုးကွက်များနှင့် မွေးစားမောင်နှမများအပေါ်ထားရှိသည့်အမုန်းတရားများအား အတူမျှဝေမိသည်အထိ ကျန်းယန်ရှန့်ဘက်မှ ဝမ်ချမ့်အား ခင်တွယ်ယုံကြည်ခဲ့သည်။


ကျန်းယန်ရှန့်တစ်ယောက် ဝမ့်ချမ်နှင့်သူငယ်ချင်းဆက်ဆံရေးအား မဖြတ်တောက်နိုင်ခဲ့သည်မှာ သနားစရာကောင်းလွန်း၏။


ထိုအချိန်က ကျန်းယန်ရှန့်မှာ ဆယ်ကျော်သက်အရွယ်သာရှိသေးသည်။


အခြားသောရွယ်တူများကဲ့သို့ ပညာရေးအတွက် ကြပ်မတ်ပေးသည့်အမေမျိုးလည်း သူမထံ၌မရှိခဲ့ပေ။


ရှုပ်ထွေးလှသော မိသားစုရေးက သူမကို စိတ်ဒုက္ခပေးသည်။


လူသားများသည် စိတ်ပျက်အားငယ်ချိန်တွင် 

မိမိကြားလိုသည့်စကားများကိုသာ နားဝင်တတ်ကြလေ့ရှိ၏။


ဝမ့်ချမ်က မကောင်းမှုများစွာကိုကျူးလွန်ခဲ့‌ကြောင်း ကျန်းယန်ရှန့် သိသည်။


သို့သော်လည်း ဝမ့်ချမ်အား သူငယ်ချင်းအဖြစ်မှ 

မစွန့်လွှတ်နိုင်ခဲ့ပေ။


Xxxxx


Part 112


ယခုဘဝ၌မူ အနှစ်သာရမရှိသောအပေါ်ယံသူငယ်ချင်းဆက်ဆံရေးအား ကျန်းယန်ရှန့်နောက်ထပ်မလိုအပ်တော့ပါ။


သုံးပွင့်ဆိုင်ဇာတ်လမ်းဖြစ်ရန်လည်း အကြောင်းမရှိတော့ပေ။


ရှုလီချန်ကဲ့သို့ မရင့်ကျက်သည့်လူမျိုးအား ကျန်းယန်ရှန့်ခေါင်းထဲထည့်မည်မဟုတ်တော့။


သို့သော် ယခုဘဝတွင်လည်း ရှုလီချန်က သူမအား သဘောကျနေဆဲဖြစ်သည့်အပြင် အတိတ်ဘဝမှ အခြေအနေထက်ပင် ပိုဆိုးသေး၏။


ဝမ့်ချမ်သည်လည်း အတူတူပင်ဖြစ်၏။


ရှုလီချန် သူမအစား ဝမ့်ချမ်ကိုသာ ကြိုက်လိုက်သင့်သည်။


ဝမ့်ချမ်၏စိတ်ထဲတွင်မူ ကျန်းယန်ရှန့်က ရှုလီချန်အား လုယူသွားသကဲ့သို့ခံစားနေရသည်။


ထို့ကြောင့် သူမအနေဖြင့် ကျန်းယန်ရှန့်အား အခဲမကြေနိုင်ပေ။


ဝမ်းနည်းကြေကွဲနေပုံရသည့်ဝမ့်ချမ်အား ရှုလီချန်တစ်ချက်ကြည့်လိုက်သော်လည်း အားနာစိတ် တစ်စိုးတစ်စိမျှမခံစားရပေ။


ရှုလီချန်က ဝမ့်ချမ်အားလျစ်လျူပြီး ကျောင်းထဲသို့ဝင်သွားတော့သည်။


ဝမ့်ချမ်၏မျက်ဝန်းများထဲတွင် ဒေါသမီးများတောက်လောင်လာခဲ့သည်။အလွန်အမင်းစိတ်မကြည်ဖြစ်သွားသည်မှာ သိသာလွန်း၏။သူမ၏ဘဝတွင် ငယ်စဉ်မှစ၍အရွယ်ရောက်သည်အထိလိုချင်သောအရာအား မရခဲ့သည်ဟူ၍ မရှိဖူးပေ။


သူမ နှစ်သက်သောသူနှင့် သူငယ်ချင်းဖြစ်ခွင့်ရှိသည်။


သူမ မနှစ်မြို့သောသူရှိခဲ့လျှင်လည်း ထိုသူကို

အခြားသူများကပါ ရှောင်ကြဉ်လာအောင် စည်းရုံးနိုင်စွမ်းရှိ၏။


သို့ရာတွင် ဤအခြေအနေမျိုးကို သူမစိတ်မကူးဖူးပေ။


" ဟဲ့ နင်အဆင်ပြေရဲ့လား ငါတော့ဖျားနေသလိုပဲ "


ယမန်နေ့က ကျန်းယန်ရှန့်ရေထဲသို့တွန်းချလိုက်သည့်သူများထဲမှ တစ်ယောက်က ဝမ့်ချမ်ကို လာမေး၏။


ထိုအခါ ဝမ့်ချမ်၏အခဲမကြေမှုမှာ နှစ်ဆတိုးသွားတော့သည်။ကနဦးထက်ပင် ပို၍စိတ်တိုမိသောအခြေအနေသို့ရောက်သွားသည်။


" ငါမဖျားဘူး ! "


ဝမ့်ချမ်က ခပ်ပြတ်ပြတ်ပြော၍ ကျောင်းထဲသို့ ဆောင့်ကာအောင့်ကာ ဝင်သွားတော့သည်။


ကျန်းယန်ရှန့်နှင့် အမည်မသိကောင်လေးကတော့ စာသင်ခန်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပြီဖြစ်သည်။


ထိုတစ်ယောက်က လွယ်အိတ်ကိုဖွင့်ပြီး ကျန်းယန်ရှန့်ဆီသို့ မှတ်စုစာအုပ်ကို ကမ်းပေးလာ၏။


" ဒီမှာ "


" ကျေးဇူးပါ မြန်မြန်ကူးပြီးတာနဲ့ ပြန်ပေးပါ့မယ် " ကျန်းယန်ရှန့်က မှတ်စုစာအုပ်ကိုယူလျက် ပြောသည်။


" အလျင်မလိုပါဘူး ရတယ် ရူပဗေဒချိန်က လေးချိန်မြောက်ကျမှရှိတာ... အခုတော့ မနက်ခင်း စာမေးပွဲကိုပဲ အာရုံစိုက်လိုက်ဦး "


ကျောင်းသားများအားလုံးသည် တစ်နေ့တာအား တင်းကြပ်သော စာလေ့လာမှုဖြင့် စတင်ရလေ့ရှ်ိ၏။


နံနက်တိုင်း၌ တတ်မြောက်မှုစစ်ဆေးသော စာမေးပွဲငယ်တစ်ခုရှ်ိသောကြောင့်ဖြစ်သည်။


" ဟုတ်ပါပြီ ကျေးဇူးပဲ " ကျန်းယန်ရှန့်က ရယ်လျက်ပြောသည်။


" ငါ့နာမည်က ကျန်းကျစ်ယွမ်ပါ " ကျန်းကျစ်ယွမ်က ခပ်တိုးတိုးပြော၏။


ကျန်းယန်ရှန့်တစ်ယောက် ကျန်းကျစ်ယွမ်၏နာမည်အားမသိခဲ့သော်လည်း ကြားလိုက်ရချိန်၌ တည်ငြိမ်စွာနေနိုင်ခဲ့သည်။


" တိုက်ဆိုင်တယ်နော်.. ငါ့မျိုးရိုးနာမည်ကလည်း ' ကျန်း ' ပဲ....ငါ့နာမည်က ... "


" ကျန်းယန်ရှန့်မလား ငါသိပါတယ် " ကျန်းကျစ်ယွမ်က စကားဖြတ်ပြော၏။


ကျစ်ယွမ်၏ နှားရွက်ထိပ်ဖျားများက အနည်းငယ်နီရဲလာသည်။


ကျန်းကျစ်ယွမ်သည် ဆယ့်ငါးနှစ်သားအရွယ် သာမန်ကောင်လေးတစ်ယောက်ဖြစ်၏။


သို့သော်လည်း အလွန်ချစ်စရာကောင်းသည်။


မိမိကိုယ်ကို ပျိုတိုင်းကြိုက်သောနှင်းဆီခိုင်ဟူ၍ ဘဝင်လေဟပ်နေသည့် ရှုလီချန်လိုလူမျိုးနှင့် လားလားမှမသက်ဆိုင်ပေ။


ထိုအကြောင်းကိုတွေးမိသောအခါ ကျန်းယန်ရှန့် မျက်ဖြူစိုက်မတတ်ဖြစ်သွားတော့သည်။


ကျန်းကျစ်ယွမ်က သူ့ကိုယ်ပိုင်နေရာသို့ပြန်သွားသည့်အချိန်တွင် ကျန်းယန်ရှန့်တစ်ယောက်

ကျန်းကျစ်ယွမ်ဟူသောနာမည်နှင့် ရင်းနှီးနေသော ခံစားချက်မျိုးရလိုက်သည်။


သို့သော်လည်း ထိုခံစားမှုက ကြာရှည်မခံလိုက်ပေ။

အတန်းထဲ၌ စာမေးခံရသည့်အချိန်များတွင် ကြားဖူးနေသည်သာဖြစ်မည်။


ကျန်းယန်ရှန့် မေ့ထားလိုက်၏။


ကျန်းကျစ်ယွမ်၏စာအုပ်ကိုဖွင့်လိုက်ပြီး သူမလွတ်သွားခဲ့သော မှတ်စုများကို ကူးယူရန် အသင့်ပြင်လိုက်သည်။


ရှုလီချန်အား ပထုတ်လိုခြင်းသပ်သပ်ဖြင့် လိမ်ညာပြောခဲ့ခြင်းမဟုတ်ပေ။


သူမ အမှန်တကယ်ပင် စာအချို့လွတ်သွားခဲ့ခြင်းဖြစ်သည်။


ကျောင်းသို့ရောက်လျှင် အနီးအနားရှိအတန်းဖော်များထံမှမှတ်စုများကူးယူရန် စိတ်ကူးထားခဲ့သော်လည်း 


ကျောင်းဂိတ်ပေါက်ဝ၌ ကျန်းကျစ်ယွမ်အားတွေ့လိုက်ရသောအခါ အချိန်မရတော့ကြောင်း သူမနားလည်လိုက်သည်။


ထို့ကြောင့် ကျန်းကျစ်ယွမ်ဆီမှ မှတ်စုစာအုပ်ငှားလိုက်ရခြင်းဖြစ်၏။


ကျန်းကျစ်ယွမ်၏စာအုပ်ကိုဖွင့်ကြည့်မိချိန်တွင် ကျန်းယန်ရှန့် ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။


စာရွက်များအား တစ်ရွက်ပြီးတစ်ရွက် လှန်လှောကြည့်သည်။


သူမ၏ဘဝတစ်လျှောက်လုံး မြင်ဖူးခဲ့သမျှထဲတွင် အသေသပ်ဆုံးမှတ်စုပင်ဖြစ်၏။


အလွန်လှပသည့်လက်ရေးကြောင့် ကျန်းယန်ရှန့် အံ့ဩသွားမိသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။


ကျန်းယန်ရှန့်သည်လည်း လက်ရေးလှသည့်သူများထဲတွင်ပါဝင်၏။ကျန်းယန်ရှန့်၏အမေ သက်ရှိထင်ရှားရှိနေစဉ်က သမီးဖြစ်သူအား လက်ရေးလှကျင့်ခြင်းကို တစ်စိုက်မတ်မတ်လုပ်ဆောင်ပေးခဲ့သည်။မူလတန်းအရွယ်တွင်ပင် ကျန်းယန်ရှန့် ၌ သေသပ်လှပသည့်လက်ရေးမျိုးရှိနေပြီဖြစ်၏။

အခြေခံကောင်းသဖြင့် ကောင်းစွာတိုးတက်လာပြီး 

ကျန်းယန်ရှန့်၏လက်ရေးမှာ တစ်နေ့ထက်တစ်နေ့ ပိုပိုကြည့်ကောင်းလာခဲ့၏။


ရှုလီချန်၏လက်ရေးမှာတော့ တွားသွားနေသည့်ခွေးနှင့်ပင် တူသည်။အတိတ်ဘဝ၌ ထိုလက်ရေး‌ကို ကျန်းယန်ရှန့်အကြိမ်ကြိမ်လှောင်ပြောင်ခဲ့ဖူး၏။


သို့သော်လည်း ကျန်းကျစ်ယွမ်၏လက်ရေးက သူမထက် ပိုမိုသာလွန်သည်။သူ၏မှတ်စုများမှာ လွန်စွာ ‌ရှင်းလင်းသေသပ်၍ ယောက်ျားလေးတစ်ဦးမှ ရေးထားသည်ဟုပင် ထင်ရက်စရာမရှိပေ။


ထိုမျှသာ မကသေး ခွဲခြမ်းစိတ်ဖြာမှုမှာလည်း ပြီးပြည့်စုံလွန်းသည်။အဓိကအချက်များအား မှင်ရောင်မတူသည့်ဘောပင်များဖြင့် အမှတ်အသားပြုလုပ်ထား၏။အများစုမှားယွင်းတတ်ကြသည့်နေရာများကိုလည်း သေချာမှတ်သားထားသည်။

လွန်စွာပင် မျက်စိပဒါဿဖြစ်စေ၏။


ကျန်းယန်ရှန့်က မှတ်စုစာအုပ်အား ရုတ်တရက်ပိတ်ချလိုက်သည်။စာအုပ်အဖုံးပေါ်၌ ကျန်းကျစ်ယွမ်ဟူသောနာမည်က အထင်းသားဖြစ်နေ၏။ယခု သူမ မှတ်မိသွားပြီဖြစ်သည်။


အတိတ်ဘဝ၌ ကျန်းကျစ်ယွမ်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အမှတ်အများဆုံးရရှိခဲ့ပြီး

နိုင်ငံ့အဆင့်နှစ် ထိပ်တန်း‌တက္ကသိုလ်၌ ဝင်ခွင့်ရရှိခဲ့သည်။


ကျန်းယန်ရှန့်ကတော့ ရီအထက်တန်းကျောင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ထို့ကြောင့် ကျန်းဟွမ်က သူမအတွက် ကိုယ်ပိုင်ကျောင်းတစ်ကျောင်းရှာပေးခဲ့ရသည်။


ကျန်းယန်ရှန့်ထံတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲအား ဖြေဆိုလိုသည့်ဆန္ဒမရှိခဲ့သော်လည်း မလွဲရှောင်သာ၍ သွားရောက်ဖြေဆိုခဲ့ရ၏။


ကျန်းယန်ရှန့်၏စာမေးပွဲရလဒ်မှာ ဆိုးရွားသည်။

ထို့ကြောင့် ပြည်တွင်းရှိ ဘောင်မဝင်သောတက္ကသိုလ်တစ်ခုသို့သာ ရောက်သွားခဲ့သည်။


ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်များထွက်လာချိန်တွင် ဝမ်းကွဲအစ်မဖြစ်သူ ကျန်းချီက ကျန်းယန်ရှန့်အား ဆက်သွယ်ခဲ့သည်။


အထက်တန်းတက်‌နေသည့် သုံးနှစ်တာကာလအား ကျန်းယန်ရှန့် မည်ကဲ့သို့ဖြတ်သန်းခဲ့သည်ကို ကျန်းချီမသိနိုင်စရာအကြောင်းမရှ်ိပေ။


ကျန်းချီသည် ဂုဏ်သတင်းမွေးပျံ့သည့် K တက္ကသိုလ်မှ ထက်မြက်သောကျောင်းသူတစ်ဦးဖြစ်သည်။


သူမဖုန်းဆက်ရသောအကြောင်းအရင်းမှာ ကျန်းယန်ရှန့်အား ထေ့ငေါ့ရန် ဖြစ်သည်မှာ သိသာလွန်း၏။


သို့သော် ဖုန်းပြောနေချိန်၌ ကျန်းချီကပြောသည်။


" ဒီနှစ်ရဲ့ ထိပ်ဆုံးအဆင့်တစ်ယောက်က ငါတို့မြို့ကပဲ... သူက ရီ အထက်တန်းကျောင်းကတဲ့ ... နာမည်ကဘာပါလိမ့်...ဪ ကျန်းကျစ်ယွမ်တဲ့ ... သူ့အမှတ်က တော်တော်မြင့်တယ်... ချင်တက္ကသိုလ်ဝင်ခွင့်ရသွားတယ်ကြားတယ်... နင် ရီအထက်တန်းကျောင်းကနေ မထွက်လာခဲ့သင့်ဘူး ဟူးးး "


ထိုအချိန်က ဆက်၍နားထောင်နိုင်စွမ်းမရှိသဖြင့် ကျန်းယန်ရှန့်ဖုန်းချပစ်ခဲ့သည်။


သူမသည် အတန်းလည်းပျက်သည်။

ကျောင်းလည်းလစ်သည်။

ရန်ကလည်းဖြစ်သေးသည်။

နောက်ဆုံးတွင်မူ ကျောင်းထုတ်ခံခဲ့ရသည်။


သို့သော်လည်း သူမ၏စိတ်ထဲတွင် ကျေနပ်နေသည်မဟုတ်ခဲ့ပေ။ပထမထပ်ရှိ အခန်းငယ်ကလေးသို့ရောက်သည့်အချိန်တိုင်း တစ်ချိန်ကရရှိခဲ့သည့်ဆုလက်မှတ်များဖြင့် ဖုံးလွှမ်းနေသောနံရံအား အတတ်နိုင်ဆုံး မကြည့်မိအောင် ရှောင်တိမ်းနေရသည်။


သူမငယ်စဉ်အခါက အမေဖြစ်သူထံတွင် နိုင်ငံ့အဆင့်နှစ် ထိပ်တန်းတက္ကသိုလ်အား ကျိန်းသေတက်မည်ဟူ၍ ကြွားလုံးထုတ်ခဲ့ဖူးသည်။


နောက်ပိုင်း၌ သူမ လမ်းလွဲနေပြီဖြစ်ကြောင်း သဘောပေါက်လာ၏။သို့သော်လည်း ပြင်ဆင်ရန်အချိန်နှောင်းသွားခဲ့သည်။


‌ကံကောင်းထောက်မစွာဖြင့် ကျန်းယန်ရှန့်တစ်ယောက် ဘဝအသစ်စရန် အခွင့်အရေးရလာခဲ့သည်။


Xxxxxxx