Chapter 6
Viewers 73

🦋Chapter 6

ငယ်သူငယ်ချင်း



" တစ်ခုခုလုပ်စရာလေးတွေ ပေါ်လာခဲ့လို့..." ပိုက်ရှီးက တွန့်ဆုတ်ဆုတ်နှင့် ဖြေလိုက်သည် " ဒီရက်ပိုင်း အလုပ်များနေခဲ့တာ..." 


လျန်စုန့်က အလုပ်ကြောင့်ဖြစ်မည်ဟု တွေးပြီး သူ့စကားများကို ယုံသွားသည်။


" ဒါဆို မင်း ဒီနေ့ အားလား...ညစာ အတူတူစားကြအောင်လေ..."


 á€œá€ťá€”်စုန်အက မြူးကြွနေသည် " မင်းကို သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့...ငါ့ဝမ်းကွဲရဲ့ အတန်းဖော်ပါ...မင်းထက် နှစ်နှစ်ကြီးတယ်...အရမ်းချောတယ်...အရပ်က ၁၈၅စင်တီမီတာလောက် ရှိတာကွ...သဘောကောင်းတဲ့ ဒီဇိုင်နာပဲ...အားလုံးခြုံလိုက်ရင် အရမ်းကောင်းတာကွာ..."  


ပိုင်ရှီးက ထိုစကားနောက်ကွယ်က ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။


လျန်စုန့်က သူ ချီရွှင့်အပေါ် တွယ်ညှိနေသည်ကို သိပ်မကျေနပ်ပေ။ သူက ပထမနှစ်နှစ်လောက်ထိ သူ့ကိုယ်သူ ထိန်းနိုင်ခဲ့သေးသည်။ ထို့နောက် သူ့သူငယ်ချင်း၏ အချစ်ရေးက နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဘယ်မှမရောက်မှန်း မြင်ခဲ့ရချိန် နောက်ဆုံးအချိန်ထိ ဤအတိုင်းဆက်ဖြစ်နေတော့မည်မှန်း နားလည်သွား၍ စိုးရိမ်လာရသည်။


အချစ်ဟောင်းကို အချိန်အတော်ကြာ ဆွဲထားလျှင် သူ့သူငယ်ချင်း၏ နောက်လာမည့် အချစ်ရေးက မကောင်းနိုင်တော့ပေ။ သူက ပိုင်ရှီးကို နောက်တစ်ယောက်ကို သဘောကျပြီး ထိုခံစားချက်များကို ဖယ်ထုတ်နိုင်ရန် ချောချောလေးများနှင့် မိတ်ဆက်ပေးတော့သည်။


ပိုင်ရှီးက စပြီး ခေါင်းကိုက်လာရသည် " မလိုပါဘူး...စုန့်ကော...မင်းငါ့ကို လူတွေနဲ့ မိတ်ဆက်ပေးနေဖို့ မလိုပါဘူး...ငါတို့နှစ်ယောက်တည်း ညစာစားလို့ရတာပဲ...အပြင်လူတွေ ခေါ်မလာပါနဲ့...." 


လျန်စုန့်က မကျေနပ်သေးပေ " မင်း ဘာဖြစ်နေတာလဲကွာ...တွဲဖို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး...ပိုင်ရှီး...ငါပြောပြမယ်...မင်းမှာ အချစ်ရေးအတွေ့အကြုံက နည်းနည်းလေးပဲ ရှိတာ...ဒါကြောင့်မို့လည်း..."


လျန်စုန့်၏ နောက်ထပ် ဆုံးမသြဝါဒများကို ကြားလိုက်၍ ပိုင်ရှီးက သူ့သူငယ်ချင်းပါးစပ်ကို အမြန်ပိတ်ရတော့သည်။


“တကယ် မလိုတာ...ဒီရက်ပိုင်းအတွင်း ပါတနာတစ်ယောက် ရှာတွေ့ထားပြီးပြီ..."


ထိုစကားပြောလိုက်ချိန် အနည်းငယ် မသက်မသာဖြစ်သွားရသည်။ သူ့လက်ချောင်းကြားထဲထဲ လှည့်နေသည့် ဖောင်တိန်က စားပွဲပေါ် ကျသွားသည်။


တစ်ဖက်ကလည်း စက္ကန့်အနည်းငယ်ကြာသည်ထိ တိတ်ဆိတ်နေပြီးမှ လျန်စုန့်၏ အော်သံအကျယ်ကြီးကို ကြားလိုက်ရသည်။  


“ဘယ်သူလဲ...သောက်ကျိုးနည်း...ဘယ်ကလဲ...အတည်ကြီးလား ပိုင်ရှီး..."


ရုတ်တရက် တိုးမြင့်လာသည့် အသံကြောင့် ပိုင်ရှီးက ဖုန်းကို ချက်ချင်း နားကနေ ခွာလိုက်ရသည်။


လျန်စုန့်က သိသိသာသာကို ထိတ်လန့်သွားပုံပင် " အဲ့ဒီလူက ငါသိတဲ့သူလား...ပိုင်ရှီး....ငါမယုံနိုင်သေးဘူး...မင်းဘာလို့ ငါ့ကို မပြခဲ့ရတာလဲ....အမြန် သူ့ကို ခေါ်ထုတ်လာခဲ့...." 


ပိုင်ရှီးက ရယ်စရာကောင်းသလို ခံစားမိသည်။ လျန်စုန့်က သူ့အတွက် သိသိသာသာကို ပျော်ပေးနေမှန်း သိသော်လည်း သူ့ပါတနာ ဘယ်သူမှန်း သိသွားလျှင် သူရယ်နိုင်တော့မည် မဟုတ်ပေ။


" သူကလည်း အရမ်း အလုပ်များနေတာ...သူ့ကို တွေ့ဖို့ ခေါ်လာမပေးနိုင်သေးဘူး....ဒါပေမယ့် ငါတို့ ဒီည အတူတူ ညစာစားလို့ရနိုင်ပါသေးတယ်...ငါ့မှာလည်း မင်းကို ပြောစရာ ရှိတယ်...အို့...မင်း ဟိုဒီဇိုင်နာကို ခေါ်မလာရင် ပိုကောင်းမယ်..."


လျန်စုန့်က ကတိပေးလာသည်။


 " မင်းမှာ ပါတနာရှိနေမှတော့ ဘာလို့ ဒီအတိုင်း တည့်မပြောလိုက်တာလဲ...ငါမင်းကို ဆွဲထားမှာ မဟုတ်ဘူးလေ...ဒါဆို ရပြီနော်...ဒီည ငါတို့တက္ကသိုလ်နားက အသားကင်ဆိုင်မှာ တွေ့မယ်..." 


ထို့နောက် လျန်စုန့်က ဖုန်းချသွားလေသည်။


ပိုင်ရှီးက အလုပ်ဆက်လုပ်နေပြီး စာမူများကို စိစစ်နေလိုက်သည်။ သူက ညနေတွင် လျန်စုန့်၏ စစ်မေးခံရတော့မည်မှန်း သူသိနေ၏။


သူ အလုပ်ဆင်းတော့မည့်အချိန် ချီရွှင့်ကို ဖုန်းခေါ်ပြီး လျန်စုန့်နှင့် ညစာစားမည့်အကြောင်း ပြောပြလိုက်သည်။


ချီရွှင့်နှင့် လျန်စုန့်က တစ်ယောက်နှင့်တစ်ယောက် သိကြသည်။ သူတို့က သာမန်လောက်သာ သိကြသော်လည်း နယ်ပယ်တစ်ခုတည်းမှာ အလုပ်လုပ်ကြ၍ မကြာခဏတွေ့ဖြစ်ကြသည်။ လျန်စုန့်က ပိုင်ရှီးကိစ္စနှင့် ချီရွှင့်ကို သိပ်သဘောမကျသော်လည်း ချီရွှင့်ဘက်က သိပ်မရင်းနှီးသည့်သူအဖြစ်သာ သတ်မှတ်ထားလေသည်။ 


သို့သော်လည်း သူက ပိုင်ရှီးနှင့် လျန်စုန့်က ဆက်ဆံရေးကောင်းမှန်း သိထား၏။


" ကောင်းပြီလေ...ကောင်းကောင်း ပျော်ခဲ့ပါ...မင်းကို အပြန်လာကြိုစေချင်လား..."


" ရပါတယ်..." ပိုင်ရှီးက ပြုံးမိသည် " ကျွန်တော် သောက်မှာ မဟုတ်လို့ ကိုယ်တိုင် ကားမောင်းနိုင်ပါတယ်..."


နှစ်စက္ကန့်မျှ စဥ်းစားလိုက်ပြီးနောက် ချီရွှင့်ကို ပြောလိုက်သည်။


 " ကျွန်တော်တို့ အကြောင်းကို လျန်စုန့်ကို ပြောလိုက်တော့မလို့...ခင်ဗျား ကန့်ကွက်ချင်တာ ရှိလား...ခင်ဗျား မပြောစေချင်ရင် ကျွန်တော် မပြောတော့ဘူး..." 


ချီရွှင့်က သူ့နားက လူများကို သူတို့အကြောင်း မကြေညာသေးမှန်း သူသိသည်။


သူတို့လို မိတ်ဆွေကနေ ချစ်သူဖြစ်သွားသည့်သူများက သူတို့အကြောင်း ပေါက်သွားသည်နှင့် လူ့အဖွဲ့အစည်းအလွှာများအရ သူတို့နားကလူများလည်း သိဖို့ သိပ်မကြာလောက်ပေ။


ချီရွှင့်က အလုပ်လုပ်နေဆဲဖြစ်၍ ပိုင်ရှီးက ကီးဘုတ်ရိုက်သံများကို ကြားနေရသည် " ကိုယ်က ဘာလို့ စိတ်ရှိရမှာလဲ...သူက မင်းရဲ့ သူငယ်ချင်းမို့လား..."


သူ ပြောတာ မှန်သားပဲ။ ပိုင်ရှီးက စက္ကန့်အနည်းငယ်ထိ စိတ်လွတ်သွားရသည်။


" ကျွန်တော်က ခင်ဗျား ဒီကိစ္စကို လူမသိစေချင်ဘူးလို့ ထင်မိတာပါ....လူတွေ ပိုသိလေလေ ပိုပြီး အဆင်မပြေလောက်တော့ဘူးလေ..." 


ပိုင်ရှီးက ပြောလိုက်သော်လည်း ရင်ထဲ ပျော်သွားရသည် " ဒါပေမယ့် လျန်စုန့်က အတင်းပြောတတ်တဲ့သူမျိုး မဟုတ်ပါဘူး..." 


“ကိုယ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အပြစ်ရှိနေတာမှ မဟုတ်တာ...ဘာလို့ အလင်းထဲ မပြနိုင်ရမှာလဲ..." ချီရွှင့်အသံက တည်ငြိမ်နေပြီး သူ့ကို မေးလာသည် 


" ကိုယ်က မင်းရဲ့ သူငယ်ချင်းတွေကို ပြောပြဖို့ထိ မလုံလောက်သေးဘူးပေါ့..."


" ခင်ဗျား မှားနေပါပြီ..." ပိုင်ရှီးက ရယ်လိုက်သည်။


 " ခင်ဗျားသာ မသင့်တော်ဘူးဆိုရင် ကမ္ဘာပေါ်မှာ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး...ခင်ဗျားက အရမ်းကောင်းတာပါ..."  


နောက်ဆုံးစာလုံးများက စိတ်ရင်းနှင့် ပြောလိုက်ခြင်းဖြစ်သည်။ သူ့လေသံထဲတွင် ငှက်သိုက်မုန့်လို နူးညံ့ချိုအီနေသည့် အရိပ်ယောင်ပင် ပါနေသေးသည်။


ကီးဘုတ်ပေါ် ရိုက်နေသည့် လက်ချောင်းများက ရပ်တန့်သွားသည်။ ချီရွှင့်က ပိုင်ရှီး၏ ယခုလိုပုံစံကို သဘောကျမိသည်။


ယခင်က ပိုင်ရှီး သူ့အပေါ် ထိန်းထိန်းသိမ်းသိမ်းနေခဲ့မှန်း နားလည်သွားပြီ ဖြစ်၏။ လူငယ်လေးက တွယ်ကပ်တတ်သည့် စရိုက်ရှိသော်လည်း သူ့ကိုယ်သူ တွန်းအားပေးပြီး လူကြီးဆန်ဆန်နေခဲ့သည်။ သူက အခြားသူများကို အနှောင့်အယှက်မပေးမိအောင် သတိထားပြီး နေခဲ့သည်။


အကျဥ်းချုပ် ပြောလိုက်ကြပြီးနောက် ပိုင်ရှီးက ဖုန်းချလိုက်ပြီး ပစ္စည်းသိမ်းကာ လျန်စုန့်နှင့်တွေ့ရန် သွားလိုက်သည်။


ညစာစားမည့် နေရာက သူတို့တက္ကသိုလ်တက်ခဲ့စဥ်က မကြာခဏ သွားစားတတ်သည့် အသားကင်ဆိုင်ဖြစ်ပြီး သူတို့တက္ကသိုလ်ဘေးက စားသောက်တန်းများရှိသည့် လမ်းမပေါ်တွင် ရှိသည်။ 


လျန်စုန့်က အရင် ရောက်နှင့်နေသည်။ သူက ပြတင်းပေါက်ဘေးတွင် ထိုင်နေပြီး ဂျာကင်အင်္ကျီအပါး ဝတ်ထားပြီး ဦးထုပ်ဆောင်းထားသည်။ သူ့တွင် မျက်နှာလှလှလေးနှင့် ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးရှိ၍ သူ၏ ပေါက်ကွဲလွယ်သည့် အကျင့်စရိုက်နှင့် လားလားမှ မအပ်စပ်ပေ။


ပိုင်ရှီးက သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။


လျန်စုန့်က သူဝင်လာသည်ကို တွေ့သည်နှင့် လယ်သမားတစ်ယောက်က သူစိုက်ပျိုးပြီး ရိတ်သိမ်းခဲ့သည့် ဂေါ်ဖီထုတ်ကို တစ်စိမ့်စိမ့်ကြည့်သလိုမျိုး ကြည့်လာသည်။ 


“ ငါ မှာထားပြီးပြီ...ဒါပေမယ့် မင်းထပ်မှာချင်လည်း ရတယ်..." လျန်စုန့်က သူ့သူငယ်ချင်းဆီ မီနူးနှင့် အမှာစာကို တွန်းပို့ပေးလာသည်။


ပိုင်ရှီးက ကြည့်လိုက်ပြီး သူတို့နှစ်ယောက်စာ လောက်သည်ဟု တွေးမိသည် " အခုလောက်ဆို အဆင်ပြေပါတယ်...နောက်ထပ်မှာဖို့ မလိုပါဘူး..."


သူက လည်ပင်းနားက ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်ရင်း ကိုလာဗူးကို ဖွင့်လိုက်ကာ သူ့ခွက်ထဲ လောင်းထည့်လိုက်သည်။ အခန်းထဲက အနွေးစက်က တော်တော်မြင့်သည်ဟု ပြောရမည်။ နည်းနည်း အိုက်နေသလို ခံစားရသည်။


လျန်စုန့်က ထိန်းမထားနိုင်တော့ပေ။ ပိုင်ရှီးက နှစ်လုတ် သောက်ပြီးသည်နှင့် နောက်မကျခင် အမြန်ထွက်ပြေးချင်နေသလိုမျိုး မေးခွန်းများက သူ့ပါးစပ်ကနေ လွတ်ထွက်လာသည် 


" မင်း ဘယ်လိုလုပ် ဒီအတိုင်း ရည်းစားရသွားရတာလဲ...အဲ့ဒါ ဘယ်သူလဲ....မင်းမှာ ဓါတ်ပုံရှိလား...သူ့နာမည်က ဘာလဲ...အသက်ရော...အရပ်ကရော....." ပုလိပ်စစ်သလို လိုက်မေးနေတော့သည်။ 


ပိုင်ရှီးက ဖြေဖို့ အမြန်မလိုချေ။ သူက ကုတ်ဗူးတစ်ဝက်လောက်ထိ သောက်ပြီးမှ ဖြေးဖြေးချင်း ချထားလိုက်သည်။


သူက လျန်စုန့်ကို မျက်လုံးချင်းဆုံအောင် ကြည့်လိုက်ရင်း စိတ်ပါလက်ပါ ပြောလိုက်သည်


 " သူငယ်ချင်း...မင်းကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ခဲ့ပါဘူး...မင်း လက်မခံမှာ ကြောက်လို့ပါ... ငါ့ရည်းစားကို မင်းသိပါတယ်..." 


လျန်စုန့်က သူ့သူငယ်ချင်းလေသံက တည်ငြိမ်မှုကို သဘောမပေါက်သေးပဲ ပျော်နေသေးသည်။


 " အို့...ငါ သူ့ကို သိတယ်လား...ဘယ်သူလဲ...ဖန်းဝမ်ယွီတော့ မဟုတ်လောက်ဘူးမို့လား..."


သူ့သူငယ်ချင်း ပြောလိုက်သည့်သူက သူတို့ ဂေးအဖြစ် သိထားကြသည့်သူထဲမှ တစ်ယောက် ဖြစ်သည်။


" သူတော့ မဖြစ်နိုင်ပါဘူး...ရဲဘော်လေးဖန်းက ရုပ်ရည် ကြည့်ကောင်းပေမယ့် သူ့အခြေအနေက မင်းနဲ့ သိပ်မလိုက်ဘူး..." လျန်စုန့်က စိတ်ပူလာသလို မျက်မှောင်ကြုပ်လိုက်သည် 


" မင်းတို့ ချစ်ကြတဲ့အချိန်မှာ မင်းက အပေါ်ကလား..." 


ဒါက ဘယ်လိုမျိုးကြီးလဲ။


ပိုင်ရှီးက ပြောစရာစကား မဲ့သွားရသည်။ သူက လည်ချောင်းရှင်းလိုက်ပြီး လျန်စုန့်ကို ရင်တမမနှင့် တားလိုက်ရသည် 


" ငါ ချီရွှင့်နဲ့ တွဲနေတာ...အတည်ပြောတာ...ငါတို့တွဲနေတာ ခြောက်ရက်ရှိပြီ..."


လျန်စုန့်က အတည်မယူသလိုမျိုး ရယ်လာသည်


 " အို့...အဲ့ဒါ မဖြစ်နိုင်ပါဘူး...ငါ့ကို နောက်နေတာပဲ....မင်းရဲ့ ကောင်လေးက ချီရွှင့် ဖြစ်နိုင်စရာ အကြောင်းမှ မရှိတာ...ငါလည်း အတည်ပြောမယ်...အရူးလုပ်နေတာ ရပ်လိုက်တော့....မင်း တကယ်ရော ရည်းစားရှိရဲ့လား..."


ပိုင်ရှီးက သူ့သူငယ်ချင်း ထိုသို့ဖြစ်မည်မှန်း မျှော်လင့်ထားပြီးသား ဖြစ်သည်။


သူက ထပ်ပြီး ပြောရပြန်သည် " ငါလိမ်နေတာ မဟုတ်ဘူး...ချီရွှင့်နဲ့ကတကယ်ပါ...ငါတို့ တွဲနေကြပြီ..."


သူက လျန်စုန့်ကို တည့်တည့်ကြည့်လိုက်သည်။


ဆယ်မိနစ်ကြာပြီးနောက် လျန်စုန့်မျက်နှာပေါ်က အပြုံးက တဖြေးဖြေး ပျောက်ကွယ်သွားပြီး သူက ပိုင်ရှီးကို မယုံသလို ကြည့်လာသည်။ သူ့သူငယ်ချင်းက နောက်မနေမှန်း နားလည်သွားချိန် မိုးခြိမ်းသံလို အသံနှင့် ပြောလာသည် " သောက်ကျိုးနည်း..."


စားပွဲကို ရိုက်လိုက်ရင်း အော်ပြောလာသည် " မင်း ဖန်းဝမ်ယွီနဲ့ တွဲတာမှ ကောင်းဦးမယ်..."


ဒေါသကြီးသူတစ်ယောက် ဖြစ်သည့် လျန်စုန့်အတွက် ထိုသတင်းကို ကြားပြီးပြီးချင်း စိတ်အေးသွားဖို့ ဆယ်မိနစ်အချိန်ယူလိုက်ရသည်။


ပိုင်ရှီး၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သည်အတွက် သူ့သူငယ်ချင်းနှင့် ချီရွှင့်တို့ကြားက အခြေအနေကို သေချာပေါက် သိထားလေသည်။


အထက်တန်းနောက်ဆုံးနှစ်အတွင်း ပိုင်ရှီးမှာ နေ့စဥ်နေ့တိုင်း ချီရွှင့် ချီရွှင့်ဆိုပြီး ပါးစပ်ကမချပေ။ ပြောပေါင်းများလွန်း၍ သူ့နား အသားမာတက်သွားလျှင်တောင် သူအံ့သြမိမှာ မဟုတ်ပေ။ သူ့သူငယ်ချင်းက ချီရွှင့်နောက် လိုက်ချောင်းသည့်အခါ သူလည်း လိုက်ပေးခဲ့ရသည်။


ပိုင်ရှီးက ချီရွှင့်၏ စင်ပေါ်က သြဇာအပြည့်နှင့် ပုံစံကို စွဲလမ်းသွားခဲ့သည်။ သူကတော့ သူ၏ အချစ်ရူးသူငယ်ချင်းလေးကို နှောင့်ယှက်မည့်အစား လှပသည့် ကောလိပ်ကျောင်းသူလေးများကို သဘောကျနေခဲ့သည်။


နောက်ပိုင်းတွင် သူက ပိုင်ရှီး၏ စိတ်ဝင်စားမှုကို အတည်မယူတော့ပေ။


ငယ်ရွယ်သည့် အချစ်က ကဗျာတစ်ပုဒ်လို လှပသော်လည်း ရောက်လာပြီးလျှင် စောစော ပြန်ထွက်သွားတတ်သည်။


သူက အထက်တန်းတွင် ရည်းစားများစွာ ထားခဲ့သော်လည်း တစ်ယောက်မှ သုံးလထက် မပိုခဲ့ပေ။ သူက ခက်ခက်ခဲခဲ လမ်းခွဲခဲ့ခြင်းမျိုး မရှိပဲ သူတို့ကို နောက်ထပ် ပါတနာအသစ် ရသွားဖို့လည်း ဆုတောင်းပေးလိုက်သေးသည်။ သူက ပိုင်ရှီး ချီရွှင့်အပေါ် ထားသည့် ခံစားချက်က သိပ်မကြာလောက်ဟု ထင်ခဲ့မိသည်။


သို့သော်လည်း ပိုင်ရှီးက တစ်ယောက်တည်းကိုပဲ စိတ်ရှိနေခဲ့မည်ဟု မတွေးခဲ့မိပါချေ။ သူ့သူငယ်ချင်း၏ အချစ်က မာရသွန်ပြိုင်ပွဲက အပြေးသမားတစ်ယောက်လို ဇွဲကောင်းခဲ့ပြီး ခြောက်နှစ်ကြာသွားသည့်တိုင် ခိုင်မြဲနေခဲ့သည်။


ဤအတွက်ကြောင့် သူ ချီရွှင့်ကို တော်တော်လေး မကျေမနပ်ဖြစ်ခဲ့ရသည်။


သူ မကျေနပ်သည်က သူ့စိတ်နှင့် နှိုင်းမိခြင်းဖြစ်သည်။ ချီရွှင့်က ပိုင်ရှီးလို လှပပြီး နာခံတတ်သည့် ကောင်လေးကို သတိမထားမိအောင် စုံလုံးကန်းလွန်းနေခဲ့သည်လေ။ 


သို့သော်လည်း ယခုတွင် သူက ဆူညံနေသော အသားကင်ဆိုင်တွင် ထိုင်နေရင်း သူ့သူငယ်ချင်းက ချီရွှင့်နှင့် တွဲနေကြောင်း ပြောလာသည်ကို ကြားလိုက်ရ၏။


လျန်စုန့်က လက်ပိုက်ထားရင်း ပိုင်ရှီး၏ အပြစ်ရှိသလို မျက်နှာလေးကို စစ်ဆေးကြည့်မိသည်။


သူက ပိုင်ရှီး၏ မျက်လုံးထဲ စိုက်ကြည့်လိုက်သည် " ငါ့ကို အရင်ဆုံး ရှင်းပြ...မင်းကို ရက်နည်းနည်းလောက် မတွေ့မိတာနဲ့ ဘယ်လိုလုပ် မင်းက ချီရွှင့်နဲ့ အတူနေဖို့ ဖြစ်သွားတာလဲ....မင်း သူ့ကို ဖွင့်ပြောလိုက်တာလား..."


ပိုင်ရှီးက သူ့ပန်းကန်ပြားထဲက အာလူးကင်ကို တူနှင့် ထိုးဆွနေသည်။ သူက လျန်စုန့်၏ မျက်လုံးကို တည့်တည့် မကြည့်ရဲချေ 


" တကယ်က ဖွင့်ပြောခဲ့တာ မဟုတ်ပါဘူး..."


သူက ချောင်းဟန့်လိုက်သည်။ တက်ကြွနေသော စားသောက်ဆိုင်ထဲတွင် သူက လွန်ခဲ့သည့်ရက်က အဖြစ်အပျက်များအား လျန်စုန့်ကို ဇာတ်ကြောင်းပြန်ပြလိုက်သည်။ သူ ထိုလူကြီး၏ အိမ်တွင် အိပ်မိသည့်အချိန်ကနေ လွတ်ခဲ့သည့်ရက်က ချီရွှင့်၏ တောင်းဆိုချက်ကို လက်ခံလိုက်ချိန်ထိ ပြောပြလိုက်သည်။


တဖြေးဖြေး ပြောနေရင်း နောက်ပိုင်း သူ့အသံက ပိုပိုတိုးလာသည်။ လျန်စုန့်၏ မျက်လုံးများက သူ့မျက်နှာပေါ် အပေါက်ဖြစ်မတတ် လောင်ကျွမ်းနေပြီး မျက်ခုံးများ ကျုံ့ထား၍ ယင်ကောင်ကိုပင် သတ်လို့ရနေသည်။


" ကိစ္စတွေက ဒီလို ဖြစ်သွားတော့ ငါတို့လည်း တွဲကြည့်ပြီး အခွင့်အရေးပေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်...ငါတို့..." ပိုင်ရှီးက စကားရပ်လိုက်ရင်း စကားအသုံးအနှုံးကောင်းကောင်း ရှာလိုက်သည် " သံယောဇဥ် ကြိုးထုံးလေး ချည်နိုင်ကောင်း ချည်နိုင်မလားလို့လေ..." 


ထိုစကားကို ကြားသောအခါ လျန်စုန့်မှာ မျက်ဖြူလှန်လိုက်မိတော့သည်။(🙄 ဒီလို)




🦋🦋