အပိုင်း ၂၄၁-၂၄၂
Viewers 28k

Part 241


 ကျန််းဟယ်လင်းသည် Kမြို့မှ Bမြို့သို့ သွားသည့် နှစ်နာရီကြာ ခရီးစဥ်တစ်ခုလုံးကို ဂိမ်းဆော့လျက်လိုက်ပါလာလေသည်။ 


ကျန်းယန်ရှန့်က သူမ၏ရှေ့မှ လူနှစ်ဦး စကားပြောဆိုနေကြသည်ကို ထိုင်နားထောင်နေခဲ့၏။


ယွဲ့စုန်သည် လူကြီးများ၏ စကားကို နားထောင်ကာ အဆင်ပြေပြေပေါင်းသင်းတတ်သူဖြစ်ကြောင်း ကျန်းယန်ရှန့် သတိထားမိလေသည်။


ကနဦးတွင် ကျန်းဟွမ်က  "ကျန်းမိသားစု နှင့် ယွဲ့မိသားစု "ဟူသော သဘောထားဖြင့် ခပ်တန်းတန်းနေလိုက်သေး၏။ သို့သော် ယွဲ့စုန်က စိတ်ရှည်လက်ရှည် နားထောင်ပေးပြီး မသိနားမလည်သည်များက်ို ရိုးသားစွာမေးသည်။သူသည် တစ်ဖက်လူကို ရိုးသားစွာ ဆက်ဆံတတ်သည်။


ထို‌ကြောင့်ကျန်းဟွမ်က "လူကြီးနှင့် လူငယ် "ဟူသည့်သဘောထားသို့ပြောင်းလဲခဲ့၏။


ထိုသဘောထားက နှစ်ယောက်သားအား ပိုမိုနီးစပ်လာစေသည်။ 


   "လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မင်းရဲ့ဝမ်းကွဲနဲ့ငါနဲ့…အရမ်းကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်…" 


ကျန်းဟွမ်က ဆက်ပြော၏။


"သူက လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့သူလေ….ယန်ထဲ့မြစ်ရဲ့ အရှေ့ရေလှိုင်းကို အနောက်မှာရှိတဲ့ရေလှိုင်းကတွန်းပို့ပေးတယ်ဆိုတဲ့စကားအတိုင်းပဲ အရှေ့ရေလှိုင်းဖြစ်တဲ့ ငါတို့က ကမ်းစပ်မှာ အဆုံးသတ်ရတော့မှာ…အခုကစပြီးတော့…မင်းတို့လို လူငယ်တွေရဲ့ ကမ္ဘာဖြစ်သွားပြီ…"


 "ကျွန်တော့်ရဲ့ ဝမ်းကွဲက ဦးလေးအကြောင်းကို တစ်ခါ ပြောဖူးပါတယ်…" ယွဲ့စုန်မှ ဖြေးညင်းစွာ ပြောလိုက်သည်။


 " ရှင်းနန်အုပ်စုက တည်တည်ငြိမ်ငြိမ်နဲ့ ကြီးထွားလာတယ်လို့ပြောတယ်…ဦးလေးရဲ့အမေက ပဲ့ကိုင်ရှင်ပဲတဲ့…အဲ့ဒီအဘွားက 'ထိုက်'တောင်လို ခိုင်မာတယ်…ကျွန်တော်တို့ဘက်ကလည်း ဦးလေးတို့ကို လျှော့တွက်လို့မရပါဘူး....ဂျင်းတက်တွေတောင်မှ သက်တမ်းရင့်လေ အစပ်အရသာပိုလေဆိုတော့ လူငယ်တွေဖြစ်တဲ့ ကျွန်တော်တို့က အရင်မျိုးဆက်တွေဆီကနေ သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်…"


  ထိုအခါ ကျန်းဟွမ်သည် သဘောကျသွားကာ ချီးကျူးလေသည်။


 "မင်းက နှိမ့်ချပြီးမမောက်မာတတ်ဘူးပဲ…" 


ကျန်းယန်ရှန့်သည် ထူးဆန်းသောခံစားချက်ကို ရလိုက်၏။တစ်ခါတစ်ရံတွင် ယွဲ့စုန်သည်  ကျန်းဟွမ်ထက်ပင် တည်ငြိမ်အေးဆေးစွာဖြင့် စကားပြောလေ့ရှိသည်။ သူက မူရာမာယာများသောသူ ဖြစ်နိုင်၏။


ကျန်းဟွမ်သည်လည်း အဘွားကြီး၏ရှေ့သို့ ရောက်သည်နှင့်တစ်ပြိုင်နက် လေသံကတိုးညင်းသွားသည်။ 


အိမ်သို့ပြန်ရောက်ပြီး မိန်းမနှင့် သားသမီးများအား စကားပြောသောအခါတွင်မူ သူ၏လေသံသည် လေးလေးပင်ပင်ရှိလှ၏။ 


အတွင်းရေးမှူးများအား အမိန့်ပေးသောအခါတွင်တော့ 


လေသံမာလေ့ရှိသည်ကို ကျန်းယန်ရှန့် လေ့လာမိခဲ့သည်။ 


 ယခုအချိန်တွင် ကျန်းဟွမ်နှင့် စကားပြောနေသော သူ့(ယွဲ့စုန့်) လေသံတွင် စိုးရိမ်‌ကြောင့်ကြမှုမပါသလို ထောင်လွှားမှုလည်းမရှိပေ။


လူငယ်လေးတစ်ယောက်ပြောနေသည်ဟုပင် မခံစားရချေ။ မျက်လုံးမှိတ်ကာ နားထောင်ကြည့်လျှင် အဘ်ိုးကြီးတစ်ယောက်ဟုသာ ခံစားမိပေမည်။ 


 လွန်ခဲ့သောရက်ပိုင်းက ကျန်းယန်ရှန့်သည် ယွဲ့စုန်နှင့် စားသောက်ဆိုင်တစ်ခုတွင် အမှတ်တမဲ့တွေ့ခဲ့၏။ထိုအချိန်က စကားပြောခဲ့သည့်ပုံစံနှင့် ယခု စကားပြောသည့် ပုံစံသည် လုံးဝ ကွဲပြားနေလျက်ရှိသည်။


အသေအချာခွဲခြမ်းစိတ်ဖြာကြည့်ပါက အမျိုးမျိုးသော လူများနှင့် ဆက်ဆံရသောအခါတွင် ယွဲ့စုန့်၏ စကားပြောသည့် ဟန်ပန်အမူအရာမှာ  အလိုလို ပြောင်းလဲသွားသည်။


ထိုအရာက အလွန် စိတ်ဝင်စားစရာကောင်းလှ၏။


ထို့ကြောင့်ပင် ယွဲ့စုန်သည် ကျန်းဟွမ်ရှေ့တွင် အဘိုးကြီးပေါက်စတစ်ယောက်ကဲ့သို့ပြုမူနေခြင်းဖြစ်မည်။


သူသည် အခြားသော အချိန်များတွင် မည်သည့်ပုံစံဖြင့်နေသနည်း။  


 နှစ်နာရီကြာလေယာဉ်ခရီးတွင် ယွဲ့စုန်က ကျန်းဟွမ်နှင့်သာ စကားပြောဆိုလျက် ရှိပြီး ကျန်းယန်ရှန့်ဘက်သို့ လှည့်ကြည့်ခဲသည်။


ကျန်းဟွမ်သည်လည်း စကားဝိုင်းကို စိတ်ဝင်တစား ဖြစ်နေ၏။ 


 လေယာဉ်ပေါ်မှ ဆင်းကြသောအခါ သူတို့၏ ပစ္စည်းများအား အသီးသီး ယူဆောင်ကာ ပြုံးပြလျက်နှုတ်ဆက် ခွဲခွါ ကြလေသည်။


ကားထဲသို့ပြန်ရောက်ချိန်တွင် ကျန်းဟွမ်ကပြော၏။


 " ယွဲ့မိသားစုက သူတို့ကလေးတွေကို သေချာ သင်ပေးထားတာ....ငါတို့ရှို့ရှို့သာ ဒီလူငယ်လေးလို ကြီးပြင်းလာမယ်ဆိုရင်ကျေနပ်ပါပြီ…"


ယခုဘဝတွင် ကျန်းယန်ရှန့်သည် ကျန်းရှို့ချန်အား ထိန်းကျောင်းခဲ့ရသည်။ ကျန်းရှို့ချန်သည် သူတစ်ပါးအား အနိုင်ကျင့်တတ်သည့်ကောင်ဆိုးလေး ဖြစ်မနေသည်ကိုပင် ကျန်းဟွမ်တစ်ယောက်ကျေးဇူးတင်နေရဦးမည်။   


ကျန်းယန်ရှန်က အပေါ်ကိုသာမော့ကြည့်လိုက်၏။


 ကျန်းဟွမ်က ထိုအရာကို အထင်လွဲလေသည်။


ကျန်းယန်ရှန့်သည် ယွဲ့စုန့်အား အထင်အမြင်သေးနေသည်ဟု ထင်သွားသောကြောင့် ကျန်းဟွမ်က ယွဲ့စုန်ဘက်မှ ကာကွယ်ပေး၏။


"အဲ့ဒီအပြုအမူက ဘာလဲ…အဖေပြောမယ်…အဲ့လိုလူမျိုးကို တည်ငြိမ်တယ်လို့ခေါ်တယ်…ဒါကို သမီးနားလည်သင့်တယ် …သမီးကတော့ လူတကာကို မျောက်‌လောင်းရှောင်ရှုလိုမျိုး ထင်နေမှာပေါ့ … 

စကားပြောရင် မျက်ခုံးကို လေးငါးခါလောက်ပင့်ပြီး…ပါးစပ်ကလည်းထောင့်ဖြတ်ကျကျပြုံးမှ ဖမ်းစားနိုင်တယ်လို့ထင်နေတာပေါ့…"


ကျန်းဟွမ်က ထိုထောင့်ဖြတ်ကျကျ အပြုံးအား  တစ်ပါတည်း သရုပ်ဖော်ပြလေသည်။


နှုတ်ခမ်းထောင့် တစ်ဖက်က မလှုပ်ရှားပဲ အခြားတစ်ဖက်ကသာ အပေါ်ရောက်နေ၏။ထိုအပြုံးသည် လူယုတ်မာပြုံးဖြစ်သည်။


 " ဇာတ်ကားတွေထဲက ဗီလိန်ကောင်ကြီးကျနေတာပဲ…" ကျန်းဟွမ်က စောဒက တက်သည်။


မည်သို့ပင်ဆိုပါစေ ကျန်းဟွမ်သည် ရှုလီချန်အား သေသေ ရှင်ရှင် သဘောမကျပေ။မျက်လုံးထဲတွင် တစ်စက်မှ ကြည့်မရဘဲ လူမဆိုထားနှင့် အမြီးပင်မမြင်ချင်ချေ။


  "အဲ့လိုကြီးမလုပ်စမ်းပါနဲ့…"


ကျန်းယန်ရှန့်က အေးစက်စွာပြောလိုက်သည်။


 "အဖေ အဲ့လိုပြုံးလိုက်ရင် ဇာတ်ကားထဲက လူကြမ်းနဲ့တူတယ်…"


  "ဟုတ်တယ်…ဟုတ်တယ် "


ကျန်းဟယ်လင်းကလည်း အားတက်သရော ‌ဝင်ထောက်ခံ၏။


  " <ကောင်းကင်ယံကိုအုပ်စိုးသူ>ဆိုတဲ့ဇာတ်ကားထဲက ဗီလိန်နဲ့ပိုတူတယ်…အဲ့တစ်ယောက်က သခင်ကြီးရဲ့တပည့်ဆိုတော့ ဇာတ်လမ်းအစထဲက မင်းသားကို အထင်သေးတာ…သူရယ်တဲ့ပုံစံကလည်း အဲ့လိုကြီးပဲ...ပါးစပ်ကြီးကို ရွဲ့ရွဲ့ပြီးတော့ရယ်တာ…ဇာတ်သိမ်းမှာတော့ အရမ်းသနားစရာကောင်းတယ်…မင်းသားက သူတို့တစ်မိသားစုလုံးကို သတ်ပစ်လိုက်တာလေ"


 " ဘာ…ဘာ…ဘာဖြစ်တယ်…"


ကျန်းဟွမ် စိတ်ဆိုးသွားသည်။


"သမီး ဘာတွေပြောနေတာလဲ…"


ဟော်တယ်သို့ရောက်သောအခါ ရှုလီချန်က ဝင်ပေါက်ဝမှ စောင့်ဆိုင်းနေသည်။


  "အန်ကယ်ကျန်း…မတွေ့ရတာကြာပါပြီခင်ဗျာ…"


ရှုလီချန်က အားရပါးရနှုတ်ဆက်၏။


 "ကျွန်တော် အတန်းတက်နေရလို့ လာမကြိုနိုင်တာစိတ်မကောင်းပါဘူး …ဒါပေမဲ့ ညစာ‌တော့အတူစားကြရအောင်ဗျာ  "


ငါကလည်း မင်းကို ဘယ်တုန်းကမှ လာမကြိုစေချင်ဘူး။ 


ဤသည်မှာ ကျန်းဟွမ်၏အတွေးသပ်သပ်ဖြစ်သည်။


 


သို့သော်လည်း ကျန်းဟွမ်သည် နှုတ်ခမ်းအား စိတ်မပါလက်မပါကွေးကာ ပြောရှာ၏။


" ရပါတယ်…အတန်းသာ သေချာတက်ပါ…ဒါနဲ့မင်းက ဘာအတန်းတက်နေတာလဲ…"


ယခုအချိန်သည် နွေရာသီကျောင်းပိတ်ရက်ဖြစ်သလို Kcityတွင်လည်း မဟုတ်ပါ။


ရှုလီချန်က သရုပ်ဆောင်သင်တန်းတက်နေကြောင်းပြန်ဖြေသည်။


ထိုအခါကျန်းဟွမ်က ဟန်ဆောင်ပန်ဆောင်ဖြင့် " ကောင်းသားပဲ…ကောင်းတယ်…သေချာကြိုးစား…ဦးလေးကတော့ မင်းစတားဖြစ်မဲ့ဇာတ်ကားကြည့်ဖို့ စောင့်နေတယ်နော်…"


 ထိုကဲ့သော ချီးကျူးစကားကို ကြားရသောအခါ လူအများစုသည် ကိုယ့်ကိုကိုယ် နှိမ့်ချတတ်ကြပေသည်။


ကျန်းဟွမ်သည် ရှုလီချန်ထံမှ  "ဦးလေး မျှော်နေပါ…သေချာပေါက် အလုပ်ကြိုးစားပါမယ်…"ဟူသည့်စကားများကို နားထောင်ရန် စောင့်ဆိုင်းနေလေသည်။


 သို့သော် ရှုလီချန်သည်  နှိမ့်ချမှု ဟူသည့် စကားလုံးကို မည်သည့်အချိန်ကမှ သိခဲ့သူမဟုတ်ချေ။သူသည် မျက်ခုံးပင့်ကာ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကို ကော့ချိုးသည်။ ထို့နောက် ယုံကြည်မှု အပြည့်နှင့်


"ဒါပေါ့ဗျာ…သေချာတာပေါ့…"


ကျန်းဟွမ် ကြားလိုက်ရသည့်စကားကြောင့် ဆို့နင့်သွားလေသည်။


ရှုလီချန်သည် သူ၏မျက်လုံးထဲတွင် တစ်စက်ကလေးမှ အချိုးမပြေပေ။ 


ရှုလီချန်သည်လည်း အရူးမဟုတ်‌ပေ။


ကျန်းဟွမ်၏ အမူအရာကိုကြည့်ကာ အခြေအနေကိုနားလည်လိုက်သည်။


ထို့နောက်တွင် သူသည် ကျန်းယန်ရှန့်ကို


 တိတ်တဆိတ်မေးတော့၏။


 "နင့်အဖေကြီးက သွေးဆုံးကိုင်နေတာလား…"


ကျန်းယန်ရှန့် ဆွံ့အသွားသည်။ 


"တကယ်ပြောနေတာ တကယ်ဆုံးနေပြီထင်တယ်နော်…ငါက ဒီတိုင်းပြောပြတာပါ…" 


ရှုလီချန်က သူမအား ရှင်းပြသည်။


 "ငါနဲ့သိတဲ့ အသက် ၄၀ - ၅၀ အရွယ်ယောက်ျားတွေထဲမှာ ငါမကိုင်တွယ်နိုင်တာ နှစ်ယောက်ပဲရှိတယ်…တစ်ယောက်က ငါတို့ရဲ့ ဌာနမှူး…နောက်တစ်ယောက်က နင့်အဖေ…ငါ့ကိုကြည့်ပြီးပြုံးနေတဲ့ အပြုံးကို ကြည့်စမ်းပါ… "


 " ဌာနမှူးနဲ့ကျောင်းသားဆိုတာမျိုးက အရင်ထဲက ရန်သူတွေဆိုတာ ပြောစရာတောင်မလိုဘူး…ဒါပေမဲ့ နင့်အဖေကတော့ တကယ် ထူးဆန်းတယ်…ခံစားချက်မကောင်းဘူးလုံးဝ…"


 "တကယ်ပြောတာ…တခြားသူတွေကို ငါ ရင်းရင်းနှီးနှီး ဆက်ဆံလို့ရတယ်…ဒါပေမယ့် နင့်အဖေကတော့ မဟုတ်ဘူး…"


ရှုလီချန်သည် ပတ်ဝန်းကျင်အသစ်နှင့် လျင်မြန်စွာ ရောထွေးနိုင်စွမ်းရှိသည်။ယခင်ဘဝကတည်းက ထိုသို့ပင် ဖြစ်၏။ ယခုဘဝတွင်လည်း တစ်ထေရာတည်းပင်။


သူသည် အတန်း(၈)မှ အတန်း(၅)သို့ရောက်ပြီး

များမကြာမီပင် သူငယ်ချင်းအသစ်များ ရရှိခဲ့သည်။


သူကိုယ်တိုင်သည်လည်း အခြေအနေတစ်ခုခုကြုံလာရသောအခါတွင် တစ်ဖက်လူအား အမှန်တစ်ကယ်စိတ်ပူပေးမည့် သူငယ်ချင်းမျိုးဖြစ်သည် ။


Xxxxx


Part 242


ထို့ကြောင့်ပင် ဒါရိုက်တာရှဲ့ကဲ့သို့သော လူကြီးများနှင့် လည်း စောစောစီးစီး ဆက်ဆံနိုင်ခဲ့ပြီး အဆင်ပြေခဲ့၏။


ပရိုဂျူဆာဝမ့် မှစ၍ ဒါရိုက်တာ ရှဲ့အထိသာမက လက်ထောက်ဒါရိုက်တာများ ၊ မီးအလင်းအမှောင်နှင့် မိတ်ကပ်ပညာရှင်များအထိ ပခုံးဖက် ပေါင်းနိုင်ခဲ့လေသည်။ 


ရှုလီချန်သည် လူအများနှင့် ဆက်ဆံနိုင်သော်လည်း ကျန်းဟွမ်နှင့်တော့ ထိုသို့မဟုတ်ချေ။


ရှုလီချန်ကဲ့သို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိသောသူသည် ဤအခြေအနေမျိုးကို မထင်မှတ်ထားသည်မှာ သေချာပေသည်။ 


ပြဿနာရှိနေသူက ကျန်းယန်ရှန့်၏ ဖခင်သာဖြစ်မည်။   


 ကျန်းယန်ရှန့်၏ နှုတ်ခမ်းစွန်းများ တွန့်ချိုးသွားသည်။


 "ဟုတ်မှာပေါ့..."


 သူမ၏ အဖေအကြောင်းပြောဆိုကြပြီးသောအခါ ရှုလီချန်အဖေ၏အကြောင်းက်ိုလည်း မေးမြန်းခဲ့သည်။


 "နင့်အဖေအခြေအနေရော ဘယ်လိုလဲ…"


ရှုလီချန်၏မျက်လုံးများသည် မှေးမှိန်သွားသော်လည်း သူကအမူအရာကို ချက်ချင်းထိန်းလိုက်လေသည်။ ထို့နောက် ဘာသိဘာသာ ပြော၏။


 "အင်း ဒီလိုပါပဲ…နေ့တိုင်း ဆေးနှစ်ကြိမ်ထိုးနေရပြီးတော့ သောက်ဆေးတွေလည်း အများကြီး သောက်နေရတယ်…အခုတော့ စိတ်ပါလွတ်နေပြီ…ငါ့ကိုမြင်ရင်တောင် မမှတ်မိတော့ဘူး…"


 


"နင့်အဖေ ရုတ်တရက် အဲ့လိုဖြစ်သွားတော့ ဟိုနှစ်ယောက်က ဘယ်လို တုံ့ပြန်ကြလဲ…"  


ကျန်းယန်ရှန့်က ထပ်မေးလိုက်သည်။ 


 "ဘယ်လိုတုံ့ပြန်ရမှာလဲ…" 


ရှုလီချန်မှ နှာခေါင်းရှုံ့လေသည်။


 "ငါ့အမေနဲ့ အစကတည်းက ယှဉ်လို့မရဘူး…သူတို့က ငါ့အမေနဲ့ တိုက်ခိုက်ချင်ကြသေးတာလား…"


လွန်ခဲ့သော လအနည်းငယ်လောက်ကပင် ရှုလီချန်၏အမေသည် ကိစ္စအဝဝကိုပြီးစီးသွားခဲ့၏။


ရှုလီချန်၏အဖေသည် သူ၏လရောင်ဖြူကလေးနှင့် အဆက်အသွယ်မရသောအခါ  ကြောင်တောင်တောင် ဖြစ်လာခဲ့သည်။


တစ်ဖက်မှလရောင်ဖြူကလေးမှာမူ သူမအားစွန့်ပစ်သွားလေသလားဟူ၍ သံသယ ဝင်နေရှာ၏။ 


သူမသည် ရှုလီချန်အဖေ၏ အတွင်းရေးမှူးအား အားကြိုးမာန်တက် ဖုန်းခေါ်သည်။အတွင်းရေးမှူးသည် ရှုလီချန်၏ အမေအား အရှုံးပေးခဲ့ရ၏။ပိုင်ဆိုင်မှုများနှင့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးလိုက်ရကာ သူသိထားသော သတင်းအချက်အလက်များကိုလည်း ဝန်ခံခဲ့ရသည်။ ထို့နောက် လျော်ကြေးငွေယူကာ ရာထူးမှနှုတ်ထွက်ခဲ့ရ၏။ 


အတွင်းရေးမှူးဟောင်းသည် လရောင်ဖြူကလေး၏ ဖုန်းနံပါတ်ကိုပင် ဘလော့ထားသည်။


လရောင်ဖြူကလေးသည် ရှုလီချန်၏ဖခင်မှ သူမအား စွန့်ပစ်တော့မည်ဟု ပို၍ပင်‌သေချာလာကာ ပြိုလဲခဲ့ရ၏။


အဆုံးတွင် ရှုမူလင်သည် အများသုံးတယ်လီဖုန်းနှင့် အတွင်းရေးမှူးအား ဖုန်းခေါ်ခဲ့သော်လည်း အချိန်အတော်ကြာအထိ ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။


ဖုန်းဆက်နေသည်မှာ ရှုမူလင်ဖြစ်ကြောင်း သိလိုက်ရပြီး သူ့ဘက်မှ စိတ်ရင်းအမှန်ဖြင့် တောင်းပန်နေသည့် လေသံအား ကြားလိုက်ရသောအခါ အတွင်းရေးမှူးသည် အနည်းငယ် စိတ်ပျော့သွားသည်။


ထို့ကြောင့် ရှုမူလင်နှင့် သူ့အမေအား အမှန်အတိုင်း ပြောပြလိုက်တော့၏။


ထိုသားအမိသည် ရဲစခန်းသို့ လျှပ်စီးအဟုန်ဖြင့် သွားကာ ရှုလီချန်၏ ဖခင်အား ဇနီးသည်ဖြစ်သူမှ အကွက်ချကြံစည်ခဲ့သည်ဟု စွပ်စွဲအမှုဖွင့်လေသည်။ 


ရဲစခန်းမှ ရှုလီချန်၏ဖခင်နှင့် သူတို့နှစ်ဦး၏ပက်သတ်မှုကြောင်းမေးလာသောအခါ ထိုအမျိုးသမီးက


"ကျွန်မက သူချစ်တဲ့သူပါ…" ဟုပြောချင်နေ၏။


ကံကောင်းထောက်မစွာဖြင့် ရှုမူလင်သည် သတိထားမိသွားကာ အမေဖြစ်သူ၏ပါးစပ်ကို လှမ်းပိတ်ထားလိုက်သည်။ 


 "ကျွန်တော့်အမေနဲ့ ဦးလေးရှု တို့က အတန်းဖော်တွေပါ…သူတို့နှစ်ယောက်သိကြတာ တော်တော်ကြာပြီးတော့ သူငယ်ချင်းကောင်းတွေပါ "


ရဲသားမှ သူတို့ သားအမိအား နှစ်ကြိမ်ခန့်ပြန်ကြည့်ကာခေါင်းငြိမ့်လေ၏။သူတို့နှစ်ယောက်သည် အိမ်သို့ပြန်ကြကာစောင့်ဆိုင်းကြလေသည်။ရက်အနည်းငယ်အကြာတွင် ရဲစခန်းမှ သူတို့အား ဖုန်းဆက်၍ စခန်းသို့ဆင့်ခေါ်၏။


 "မစ္စတာရှုက တကယ်ကို စိတ်ရောဂါဖြစ်နေတာပါ... အကွက်ချကြံစည်ခံရတာမဟုတ်ပါဘူး…"


ထိုအခါ လရောင်ဖြူကလေးသည် အော်ဟစ်ကာ


 " မဖြစ်နိုင်ဘူး…သူ့မိန်းမက သူ့ကို မတရားအကျဥ်းချထားတာ …အဲ့ဟာမက သူ့ကိုမုန်းနေတာ…ငါတို့နှစ်ယောက်လုံး ကို မုန်းနေတာ…ငါတို့ကို သေစေချင်နေတာ…အဲ့ဒါမှ ပိုင်ဆိုင်မှုတွေအကုန် သူလက်ဝါးကြီးအုပ်လို့ရမှာ…"


သို့သော်ရဲများသည် စိတ်အေးအေးထားရန်ပြောကာ တာဝန်ဝတ္တရားအရ စုံစမ်းစစ်ဆေးမှုများကို တရားဝင် လုပ်ဆောင်သွားမည်ဟု ပြောလေသည်။


ထိုမျှသာမက မစ္စရှုသည် မစ္စတာရှု၏ တရားဝင်ဇနီးဖြစ်သည့်အတွက် တရားဝင်အုပ်ထိန်းခွင့်ရရှိထားသည်ဟု ဆက်ပြော၏။


 "တရားဝင်ဇနီး "ဟူသည့် စကားသည် လရောင်ဖြူကလေး အား တီကောင်ဆားပက်သကဲ့သို့ ထွန့်ထွန့်လူး သွားစေသည်။


  


 "သူက ကျွန်မတစ်ယောက်ထဲကိုပဲချစ်တာ…ဟိုတစ်ယောက်ကို စိတ်မပါပဲလက်ထပ်ခဲ့ရတာ…" 


လရောင်ဖြူကလေးက မျက်ရည်များကျကာ သွေးရူးသွေးတန်း အော်ငိုနေသည်။


"သူက ကျွန်မကိုချစ်တာ…ကျွန်မကိုပဲချစ်တာ…"


 ရဲများက မအံ့ဩပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်က စုံစမ်းစစ်ဆေးမှုများအ‌တောအတွင်း တရားခံနှင့် တိုင်ကြားသူတို့၏ဆက်ဆံရေးကို သိရှိပြီးဖြစ်ကြကြောင်း ထင်ရှားသည်။


သို့သော် သူတို့၏ ကြည့်ပုံကြည့်နည်းသည် ရှုမူလင်အား အမှန်တကယ် အရှက်ရစေခဲ့၏။ 


လရောင်ဖြူလေးသည် မျက်ရည်များဖြင့် ဒေါသတကြီး ငိုကြွေးနေလေသည်။


သူမအား ချစ်မြတ်နိုးသည့် ယောကျ်ား၏ မျက်လုံးထဲတွင်သူမသည် အားနွဲ့ကာ သနားစရာကောင်းလှ၏။ မိန်းကလေးဆန်သည့် အရိပ်အယောင်သည်လည်းပျောက်ပျက်မသွားဘဲ ငယ်ရွယ်စဉ်မှ ချစ်ခြင်းမေတ္တာလက်ကျန်ကလည်း ရှိသေးသည်။


သို့သော် အခြားသူများ၏ မျက်လုံးထဲတွင်မူ စိတ်ဂနာမငြိမ်သည့် သက်လတ်ပိုင်း အဒေါ်ကြီးတစ်ယောက်သာ ဖြစ်လေသည်။ ရှုမူလင်သည် သူ့အမေအား ဝေးရာအရပ်သို့ ဆွဲခေါ်လာခဲ့လိုက်သည်။


 သူတို့သားအမိ ရဲစခန်းထဲမှထွက်သွားသောအခါတွင် ရဲသားကြီးသည် ဦးထုပ်ကို ချွတ်လျက် ငြီးငြူလေသည်။


 "အဲ့တစ်ယောက်ကိုတော့ စိတ်ကျန်းမာရေး ဆေးရုံပို့လိုက်သင့်နေပြီ…"


အမှန်တရားသည် ရှင်းလင်းနေခဲ့ပြီးဖြစ်သည်။


မစ္စရှုသည် သူ့အဖေအား ချုပ်ကိုင်လိုက်ပြီးနောက် 

ကိစ္စအရပ်ရပ်အား စတင်လိုက်ခဲ့ခြင်းသာ ဖြစ်၏။


ရှုမူလင်သည် အထက်တန်းကျောင်းသားအရွယ်သာရှိသေးသည်။သူလည်းဘာမှမတတ်နိုင်ပေ။


သူသည်အတွင်းရေးမှူးအား အကူအညီတောင်းခံရန် ဖုန်းခေါ်ခဲ့သည်။


ထိုအတွင်းရေးမှူးသည် သူတို့ သားအမိနှင့် မကြာခဏ ဆက်သွယ်ခဲ့ရသောကြောင့် ရင်းနှီးနေ၏။


  "ငါက ဘာလုပ်နိုင်မှာလဲ…မစ္စရှုက မင်းတို့ကို အလွတ်ပေးဖို့သာ မြန်မြန်ဆုတောင်းကြတော့…သွားမရှုပ်နဲ့ သူက မင်းတို့ပြိုင်ဘက်မဟုတ်ဘူး …မင်းမှာ ပိုက်ဆံမရှိတော့ဘူးမလား…အိမ်ကလည်း မင်းအမေနာမည်နဲ့ပဲ…ဒီတိုင်းပိုက်ဆံယူပြီး မင်းဘဝနဲ့မင်းနေလိုက်…မင်းအဖေအကြောင်း မစဉ်းစားနဲ့တော့…သူက ဇာတ်လမ်းဆုံးပြီ…ငါဒီဖုန်းနံပါတ်ကို ပြောင်းပစ်တော့မှာမို့လို့ ဖုန်းမဆက်နဲ့တော့ …ငါအလုပ်ပြောင်းလိုက်ပြီ…အခုကစပြီး ဒီကိစ္စတွေက ငါနဲ့ဘာမှ မဆိုင်တော့ဘူး…"


လူတို့၏ကြင်နာမှုသည် ထူးထူးခြားခြားတည်တံ့မနေပေ။


 ထိုသူသည် ယခင်က ရှုမူလင်အား "မင်းအဖေက အလုပ်များနေတယ်…ကိစ္စတစ်ခုခုရှိရင် ဒီက ဦးလေးကိုပြော…ဦးလေးက ကူညီပေးမယ်…"ဟူ၍ ကြင်နာစွာပြောလေ့ရှိသည်။


 


ယခုတွင် သူ၏အဖေသည် ဇာတ်သိမ်းရှာလေပြီ။


သူတို့သားအမိလည်း ဝေးရာသို့ ထွက်ခွာသင့်ပြီဖြစ်သည် ။သို့သော် အမေဖြစ်သူက အမှန်တရားကို လက်မခံနိုင်သေးဘဲ


ရှုမူလင်အား အတွင်းရေးမှူးထံ ဖုန်းဆက်ရန် အမြဲအငြင်းပွါးနေလေသည်။


သူတို့သားအမိသည် မစ္စတာရှု နှင့် တွေ့ဆုံရန် စိတ်ကျန်းမာရေးဆေးရုံသို့ သွားခဲ့၏။


သို့သော် အုပ်ထိန်းသူများက


ဆွေမျိုးများဖြင့်သာ ဧည့်တွေ့ခံရန် သဘောတူထားသောကြောင့် တွေ့ခွင့်မရခဲ့ကြပေ။    


ရှုမူလင်သည် အနည်းငယ် ဥာဏ်နီဥာဏ်နက်များသည်။ သူသည် သူနာပြုအား လာဘ်ထိုးကာ အဖေဖြစ်သူ၏အခြေအနေကို မေးမြန်း၏။


ထိုသူနာပြုသည် အထဲရှိ မစ္စတာရှု၏ အခြေအနေအား တရားမဝင်မှတ်တမ်းရိုက်ကူးယူခဲ့ကာ ရှုမူလင်အား ပြသလေသည်။ 


ဗွီဒီယိုမှာ မိနစ်ပိုင်းမျှသာ ကြာမြင့်သော်လည်း  သူတို့သားအမိသည်  ထိုအကျဉ်းထောင်ကဲ့သို့သောဆေးရုံမှ အဖေရှုအား ကယ်ထုတ်နိုင်စွမ်း မရှိကြောင်း ရှုမူလင်သိလိုက်ရ၏။


 အဖေဖြစ်သူသည် အမှန်တကယ်ပင် ဇာတ်သိမ်းရှာလေပြီ။


သို့သော်လည်း အဆက်အသွယ်မကောင်းသည့်အထက်တန်းကျောင်းသားတစ်ဦးတွင် တတ်နိုင်သည့်အရာမရှိချေ။ သူ၏အမေသည် ကြေကွဲစွာဖြင့် နေ့စဉ်နေ့တိုင်း ငိုကြွေးလေသည်။


ကျောင်းမှ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ဒေါသူပုန်ထနေသည့် မိန်းမတစ်ယောက်အား အိမ်၌ ရင်ဆိုင်ရလေ့ရှိ၏။


သူသည် အထက်တန်းဒုတိယနှစ်ရောက်နေပြီဖြစ်၍  ပညာရေးဝန်ထုပ်ဝန်ပိုးမှာလည်း လေးလံ လှပေသည်။


ရှုမူလင်သည် နေ့စဥ်နေ့တိုင်း ပင်ပန်းနွမ်းနယ်စွာဖြင့် အမေဖြစ်သူအား နှစ်သိမ့်ပေးရှာ၏။


"အမေ့မှာ သားတစ်‌ယောက်လုံးရှိပါသေးတယ်...သားရှိတယ်နော်…"


 ရှုမူလင်သည် ဘဏ်ကဒ်ထဲမှ လက်ကျန်ငွေအား ကြည့်ခဲ့လေသည်။ ကံကောင်းထောက်မစွာဖြင့် ပိုက်ဆံအနည်းငယ်ရှိနေသေးပြီး နေထိုင်ရန်လုံလောက်သေး၏။ရှုမူလင်သည် သူတို့သားအမိ၌ ဖခင်အား ကယ်ထုတ်ရန်အတွက် အစွမ်းအစမရှိကြောင်း လက်သင့်ခံလိုက်တော့သည်။


သူသည် အတွင်းရေးမှူး၏စကားအတိုင်း လက်ထဲရှိသောပိုက်ဆံဖြင့်သာ ဘဝကို ကောင်းမွန်စွာ နေထိုင်ရန် ဆုံးဖြတ်ထား၏။


အနည်းဆုံးတော့ သူသည် ကောလိပ်ဝင်ခွင့် စာမေးပွဲအား ဦးစွာ ဖြေဆိုရမည် ဖြစ်သည်။ 


လရောင်ဖြူသည် တရားရုံးမှ ဆင့်ခေါ်စာအား လက်ခံ ရရှိခဲ့၏။ သူမနေထိုင်သည့် အိမ် ၊ အသုံးပြုနေသောကား နှင့်ဘဏ်အကောင့်ထဲမှ ပိုက်ဆံအားလုံးသည် မစ္စတာရှုမှ ပေးကမ်းထားခဲ့ခြင်းဖြစ်လေသည်။


မစ္စရှုသည် ဘဏ္ဍာရေးမှတ်တမ်းများအား သေချာစစ်ဆေးခဲ့ပြီး  သူမ၏သဘောဆန္ဒမပါရှိဘဲ နှစ်ဦးနှစ်ဖက်ပိုင်ဆိုင်မှုများထဲမှ လက်ဆောင်ထုတ်ပေးခဲ့သည်များကို ပြန်လည်ရယူလိုပါသည်ဟု တရားရုံးတွင်လျှောက်လဲ စွဲချက်တင်ခဲ့သည်။


ဤသည်မှာ နွေခေါင်ခေါင်တွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။


Xxxxx