အပိုင်း ၂၇၇-၂၇၈
Viewers 22k

Part 277


ကျန်းယန်ရှန့်က ကျောင်းသား‌သမဂ္ဂခေါင်းဆောင်ထံချဉ်းကပ်လိုက်သည်။


 “စီနီယာကြီး သမဂ္ဂရဲ့ ကျင့်ဝတ်နဲ့ ပတ်သက်ပြီး ပြဿနာရှိနေတယ်လို့ မထင်ဘူးလား ”


ခေါင်းဆောင်က အနည်းငယ်ရှက်သွားသည်။


 “အရမ်းတော့မဆိုးပါဘူး...အစ်ကို ခေါင်းဆောင်ဖြစ်​လာကတည်းက ဒီလိုမျိုးဖြစ်​​နေတာ "


“ညီမ သိပါတယ်  အရင်ခေါင်းဆောင် မရှိတော့ကတည်းက  ဒီလိုမျိုးဖြစ်သွားတယ်လို့ ကြားတယ်"


ကျန်းယန်ရှန့်က ဆက်ပြောသည်။


 "အရင်တုန်းက လူသစ်တစ်ယောက်က စီနီယာ့ကို group chat မှာ tag လုပ်တော့ တခြားသူတွေက ဝိုင်းပြောကြတယ်... စီနီယာကတော့ အေးအေးဆေးဆေးပဲပြောခဲ့တယ်နော်.. အဲ့ဒါကြောင့် စီနီယာလည်း အခုလိုအခြေအနေမျိုးကို သိပ်သဘောမကျဘူးလို့ ယူဆပါတယ် ”


" အမှန်တိုင်းပြောရရင်တော့ ဟုတ်တယ် "


"ညီမနားလည်တယ်" ကျန်းယန်ရှန့်က ပြောသည်။


 “စီနီယာက ဒီကိစ္စဖြစ်နေတာကို သတိထားမိတယ်...ဒါပေမဲ့ ပြောင်းလဲပစ်ဖို့က အများကြီးအားထုတ်ဖို့ လိုပြီးတော့ လိုချင်တဲ့ရလဒ်ကိုရမယ်လို့လည်း အာမ မခံနိုင်ဘူး.... အဲ့ဒါကြောင့် မလုပ်ချင်ဘူး....နောက်တစ်ချက်ကတော့ စီနီယာက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဖြစ်သလို လက်ရှိအနေအထားမှာ အကျိုးခံစားခွင့်လည်း ရှိပြီးသားဆိုတော့ အပြောင်းအလဲကိုမဖြစ်မနေလုပ်ဖို့ တွန်းအား မရှိဘူး...ဟုတ်တယ်မလား "


ဤကျောင်းသူသစ်က ဟာကွက်အားလုံးကို ချက်ကျလက်ကျပြောနိုင်သည်။


ခေါင်းဆောင်လည်း အနည်းငယ် အံ့သြသွား၏။


သူ့ထံ၌ ကျေကျေနပ်နပ်ကြီး ကိုင်တွယ်လိုသောစိတ်ရှိသော်လည်း တုံ့ဆိုင်းနေမိခဲ့သည်။


ခေါင်းဆောင်က ခဏတွေးပြီး ရှက်ကိုးရှက်ကန်း ဝန်ခံ၏။


" ဟုတ်တယ် "


“ ခေါင်းဆောင်ဟောင်းက ယွဲ့မျိုးရိုး...စီနီယာအစ်ကိုယွဲ့ ရှိတုန်းက ဒီလိုမဟုတ်ဘူး...နောက်ပိုင်း အစ်ကိုယွဲ့နုတ်ထွက်သွားတော့ စီနီယာအစ်ကိုရမ်က ခေါင်းဆောင်သစ်ဖြစ်လာတာ... ဒါကိုသူကသဘောတွေ့ပြီး စီနီယာအစ်မကျန်းကလည်း  အဖွဲ့ဝင်တွေကြားထဲမှာ အဆင့်ခွဲရတာကို ကြိုက်တယ်လေ...အဲ့ဒါကြောင့်ပဲ တဖြည်းဖြည်းနဲ့ ဒီလိုဖြစ်လာတာ "


ကျန်းယန်ရှန့်က စကားဖြတ်ပြောသည်။


 " စီနီယာအစ်မကျန်း ? "


"စီနီယာအစ်မကျန်းချီလေ" ခေါင်းဆောင်က ပြော၏။


 " အခုတော့ သမဂ္ဂမှာ မရှိတော့ဘူး.... ပြောပြရဦးမယ် ကျောင်းသူတွေကို ပစ္စည်းအတုတွေ ၀ယ်မသုံးဖို့  စည်းကမ်းချတာ သူပဲ "


ကျန်းယန်ရှန့်သည် သူမ၏ဝမ်းကွဲအစ်မ ကျန်းချီ၏စနက်ပါနေမည်ဟု မထင်ထားခဲ့ပေ။

သူမက အချိန်အတော်ကြာ စကားဆက်မပြောနိုင်ဘဲ ခေါင်းစဉ်လွှဲလိုက်သည်။


 “ကျောင်းသားသမဂ္ဂထဲ ဝင်လိုက်တာနဲ့ ခံစားချက်က မကောင်းတော့ဘူး... စီနီယာလည်း  နားလည်တယ်မလား"


ခေါင်းဆောင်က သက်ပြင်းချသည်။


 “အဆင်မပြေတာတော့ အမှန်ပါပဲ .... အစ်ကိုလည်း တစ်ခါတစ်လေ ရှက်မိတယ် "


" ညီမအဘွားနဲ့ စကားပြောကြည့်ခဲ့တာလေ...ညီမတို့မိသားစုစီးပွားရေးကို အဘွားက ဦးဆောင်တာ...ကျောင်းတုန်းက အပေါက်ဆိုးတဲ့ဌာနမှူးတွေကို HRက တစ်ချက်ကြည့်ရုံနဲ့ သိတယ်တဲ့ ... ပြီးတာနဲ့ အဲ့လိုလူတွေကို အလုပ်မခန့်တော့ဘူးတဲ့ " ကျန်းယန်ရှန့်က ခေါင်းဆောင်အားပြောသည်။


ခေါင်းဆောင်က အံ့အားသင့်သွားတော့၏။


"တကယ်လား"


" ဟုတ်ပါတယ် အမှန်ပါပဲ "


 ကျန်းယန်ရှန့်က ဆက်ပြောသည်။


 “ ခေါင်းဆောင်ပဲ တွေးကြည့်ပါ...ညီမတို့ ကျောင်းသားသမဂ္ဂက လူသစ်တွေရဲ့ပုံရိပ်ကို 

အရမ်းကြိုးစားပြီး စိတ်ရင်းကောင်းတဲ့ပုံစံဖြစ်စေချင်လား ဒါမှမဟုတ် တစ်ချက်ကြည့်လိုက်တာနဲ့ ရေသာခိုပြီး အကျင့်ယုတ်တဲ့ပုံစံ မြင်သွားစေချင်လား...ကျောင်းပြီးရင် လူတိုင်းက အလုပ်ရှာကြရမှာ... ဒီလိုပုံနဲ့ဆို ဘယ်ကုမ္ပဏီကမှ ခေါ်ချင်မှာ မဟုတ်ဘူး ”


“ ကျောင်းသားသမဂ္ဂမှာကျင့်သုံးနေတဲ့ လက်ရှိစနစ်ကအချင်းချင်း အာဏာပါဝါတွေ ပြနေရုံကလွဲရင် ဘာအကျိုးမှမရှိပါဘူး...အနာဂတ်မှာ လူတောတိုးလာရရင် အကုန်နှဖူးတွေ့ဒူးတွေ့ ဖြစ်ကုန်ကြမှာ...ကုမ္ပဏီတွေမှာရှိတဲ့ HR အဖွဲ့တွေက အချဉ်မဟုတ်ပါဘူး....စီနီယာကလည်း ဒီကျောင်းမှာ  အငယ်တန်းကျောင်းသား....ညီမတို့ရှေ့မှာတော့ လူကြီးပေါ့....ဒီကျောင်းကထွက်ပြီးလို့ အလုပ်ခွင်ဝင်ရတော့မယ်ဆိုရင်တော့ အလုပ်ရှင်တွေရဲ့ အမြင်မှာ ကလေးပဲ... ဇွတ်လူကြီးဖြစ်ချင်ဟန်ဆောင်နေလည်း ရယ်စရာကောင်းတာပဲ အဖတ်တင်မယ် "


“ဒီလိုမဟုတ်ဘဲနဲ့ K တက္ကသိုလ်က ပထမတန်းစား ကျောင်းဆိုရင်ရော....ကျောင်းသားသမဂ္ဂဝင်ဖြစ်ခဲ့တဲ့လူတိုင်းက စိတ်ရင်းကောင်းပြီး အလုပ်ကြိုးစားတယ်ဆိုရင် သတင်းကောင်းတွေ ပြန့်သွားမှာပဲ....

ညီမပြောပြမယ်... အတွင်းရေးမှူးတွေမှာ အတွင်းရေးမှူးနယ်ပယ်ရှိတယ်... အရောင်းပိုင်းလုပ်တဲ့သူတွေမှာ  သက်ဆိုင်ရာအရောင်းနယ်ပယ်ရှိတယ်....HR ဝန်ထမ်းတွေမှာလည်း သူ့အဆက်အသွယ်နဲ့သူ ရှိကြတာပဲ....ဂုဏ်သတင်းက သူ့အလိုလို ပြန့်သွားမှာ "


ခေါင်းဆောင်၏ နဖူးတွင် ချွေးအနည်းငယ် စို့လာ၏။


 သူသည်ကျောင်းသူသစ်ရှေ့တွင် မတ်တပ်ပင် ရပ်မနေဝံ့တော့ပေ။


 " ညီမပြောတာမှန်ပေမဲ့…” ခေါင်းဆောင်က တုံ့ဆိုင်းသွားသည်။


"ညီမနားလည်တယ်....စီနီယာ့ကို အမှန်တရားကို နားလည်သွားစေချင်ရုံပါပဲ... ဘယ်လိုလုပ်မယ်ဆိုတာက စီနီယာ့ရဲ့ ဆုံးဖြတ်ချက်ပါ...ညီမလည်း ကိုယ်စား ဆုံးဖြတ်ပေးလို့မရဘူး... ညီမတတ်နိုင်တာက အကြံပေးရုံပဲရှိတယ် "


ကျန်းယန်ရှန့်က ဆက်ပြောသည်။


" ဒါပေမဲ့ ညီမသဘောထားကိုတော့ ပြောပြပါ့မယ်...ညီမကတော့ ဒီလိုမျိုးအာဏာကို အလွဲသုံးစားလုပ်နေတဲ့သူမှန်သမျှကို ပြန်ကန်ထုတ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး ...စီနီယာလည်း အားလုံးကို သတ်ိပေးမယ်လို့ မျှော်လင့်ပါတယ် "


ကျန်းယန်ရှန့်က ပြောစရာရှိသည်ကိုပြောပြီး လှည့်ထွက်သွား၏။ 


ခေါင်းဆောင်က ခေါင်းကုတ်လိုက်သောအခါ ချွေးများစို့လျက်ရှိနေသည်ကို သတိထားမိသည်။


ဤကျောင်းသူသည် စိတ်မာလှ၏။


လူသစ်ဖြင့်ပင် မတူပေ။ 


သို့သော် ကျန်းယန်ရှန့်၏စကားကို သူနားထောင်ခဲ့သည်။


 သူသည် ချက်ချင်း သိသိသာသာမစတင်ခဲ့ပေ။


ဤလမ်းကြောင်းကို တိတ်တဆိတ် တွန်းလှန်၍ ကျောင်းသားသမဂ္ဂသည် စံနမူနာဖြစ်လာစေရန် သတိရှိရှိ ဆောင်ရွက်တော့သည်။


တကယ်တမ်း သေချာတွေးကြည့်မည်ဆိုလျှင်

ကျင့်ဝတ်မရှိသောသူမှာ များများစားစားမရှိလှပေ။ထိုသူများထဲတွင် မာယွင်တို့အတွဲလည်း ပါဝင်သည်။


အခြားတစ်ဖက်တွင်မူ စောဒဂမတက်ဘဲ အခြေအနေဖြင့် လိုက်လျောညီထွေစွာ နေနေသူ များစွာရှိ၏။


သို့သော် ယခုနှစ်မှ အသစ်ဝင်လာသော


ကျန်းယန်ရှန့်မှာမူ ကွဲပြားသည်။


ကျန်းယန်ရှန့်သည် ဌာနမှူးနှင့် အကြိမ်ပေါင်းများစွာ ပဋိပက္ခဖြစ်ပြီးနောက် တစ်စုံတစ်ဦးမှ ကျန်းယန်ရှန့်ကို ထုတ်ပယ်ရန် အဆိုပြုခဲ့သော်လည်း ခေါင်းဆောင်က သဘောမတူခဲ့ပေ။


ကျန်းယန်ရှန့်နှင့်ပြောခဲ့သောစကားဝိုင်းက သူ့ကို အမှန်တကယ် စိတ်လှုပ်ရှားစေခဲ့သည်။


ထို့နောက် သူသည် ဂုဏ်ထူးတန်းတက်နေပြီဖြစ်သော ခေါင်းဆောင်ဟောင်းထံ သွားရောက်ကာ လတ်တလော အခြေအနေများကို မေးမြန်းခဲ့၏။


စက်တင်ဘာလမှစတင်၍ ကုမ္ပဏီကြီးအသီးသီးအတွက် အလုပ်သင်ခေါ်ယူမှုကိုစတင်ခဲ့သည်။


ဂုဏ်ထူးတန်းကျောင်းသူကျောင်းသားများမှာ ကိုယ်ရေးရာဇဝင်များ ထုတ်ပြီး အင်တာဗျူးဝင်ရခြင်းဖြင့်အလုပ်များနေကြသည်။


ခေါင်းဆောင်ဟောင်းက လက်ရှ်ိခေါင်းဆောင်အား ကြွား၏။


“ကျောင်းသားသမဂ္ဂမှာရခဲ့တဲ့ အတွေ့အကြုံက ကိုယ်ရေးအကျဉ်းမှာ ထင်းခနဲပဲလေ...ဒီလထဲ အင်တာဗျူးသုံးကြိမ်ရှိသေးတယ် ”


" စီနီယာအစ်ကိုကြီး အလုပ်ရပြီးရင် အတွေ့အကြုံလေးဘာလေး မျှပေးသင့်တယ် " လက်ရှိခေါင်းဆောင်က အရွှန်းဖောက်၏။


" ပြန်လာပြီး လက်ချာပေးမယ် " ခေါင်းဆောင်ဟောင်းက သဘောကျစွာ ရယ်မောသည်။


သို့သော်လည်း လက်ရှိခေါင်းဆောင်က တစ်ချက်တွေးကြည့်သည်။


နောက်ပိုင်းတွင်‌ ခေါင်းဆောင်ဟောင်းသည် ကုမ္ပဏီကြီး အများအပြားသို့ အင်တာဗျူးများသွားဖြေခဲ့ကြောင်း ကြားသိရသော်လည်း တစ်ခါမှ အရွေးမခံရသေးပေ။


 ကျောင်း၌ပြန်တွေ့ကြသောအခါ အခြေအနေမှာ အားရကျေနပ်စရာ သိပ်မရှိ။


ထိုကုမ္ပဏီများ၏ HR အဖွဲ့သည် ပွင့်လင်းမြင်သာမှုမရှိဟု ခံစားလာရသည့်အထိဖြစ်သည်။


 မည်သည့်ရာထူးမှ မထမ်းဆောင်ဖူးသော ကျောင်းသားများကို ခေါ်ယူထားသော်လည်း သမဂ္ဂခေါင်းဆောင်လုပ်ခဲ့ဖူးသော ကျောင်းသားများကိုမူ ငြင်းပယ်ကြ၏။


လက်ရှိခေါင်းဆောင်သည် ကျန်းယန့်ရှန်ပြောခဲ့သော" HR အဖွဲ့သည် အချဉ်မဟုတ် " ဟူသည့် စကားကို သတိရမိသည်။


မှန်သည်။ HRအဖွဲ့များသည် အချဉ်မဟုတ်ပေ။ 


အမှိုက်ဆန်လျှင် ဆန်သည့်အ‌လျောက် ကုမ္ပဏီများရှိHRအဖွဲ့များထံမှ နာမည်ပျက်စာရင်းသွင်းခံထိမည်ဖြစ်၏။


 ရှေ့ရေးကိုသေချာစဉ်းစားမိ‌သောလက်ရှိ ခေါင်းဆောင်သည် ကျောင်းသားသမဂ္ဂ၏ ခြစားနေသော စနစ်ကို ပြုပြင်ပြောင်းလဲရန် ဉာဏ်အလင်းဝင်လာတော့၏။


သို့သော် ပြောင်းလဲမှုကိုမစတင်ခင်၌ပင် ကျောင်းသားသမဂ္ဂ၌ ကိုယ်ထိလက်ရောက်ပဏ္ဍိပက္ခ ဖြစ်ပွားလိမ့်မည်ဟု သူ မထင်ထားခဲ့။ 


ကိုယ်ထိလက်ရောက်မှုမှာ ယခင်ကလည်း အနည်းအကျဉ်းရှိသည်။


သို့သော် ကျောင်းသားအချင်းချင်း ကတောက်ကဆဖြစ်ကြခြင်းသာ။


ယခုတစ်ကြိမ်ဖြစ်ရပ်မှာမူ ကျောင်းသူနှင့် ကျောင်းသားကြားတွင် ဖြစ်ပွားသွားခြင်းဖြစ်၏။


Xxxxxxx


Part 278


ကျောင်းသားသမဂ္ဂတွင် အပြင်းထန်ဆုံးအနိုင်ကျင့်လိုစိတ်ရှိသည့် ကျောင်းသားသည် ကျန်းယန်ရှန့်ကို ပါးရိုက်ရန် လက်ကိုမြှောက်ကာ  ဒေါသတကြီး ပြေးသွားခဲ့သည်။


မိန်းကလေးများက အော်လျက်တားနေကြပြီး

ယောက်ျားလေးများသည်လည်း ဝင်ဆွဲချိန်မရလိုက်ကြချေ။


ကျန်းယန်ရှန့် ရိုက်နှက်ခံရတော့မည်ဟု အားလုံးက ထင်ခဲ့ကြပြီး အချို့မှာ မျက်လုံးမှိတ်ထားကြသည်။


သို့သော် မထင်မှတ်ထားဘဲ ကျန်းယန်ရှန့်က ထိုသူကို နောက်ပြန်တွန်းကာ လက်မောင်းကို စားပွဲပေါ်တင်ပြီး ချုပ်ထားလိုက်၏။ကျောင်းသားသည် အလွန်ဒေါသထွက်နေပုံဖြင့် ရုန်းကန်ခဲ့သော်လည်း ကျန်းယန်ရှန့်၏ လက်မှ မလွတ်နိုင်ပေ။


လူတိုင်းက အံ့ဩသွားပြီး ရန်ပွဲကို တားဆီးရန် ကြိုးစားခဲ့သည်။


သို့သော် ကျန်းယန်ရှန့်က လက်မခံ။


 “ဆရာ ခေါ်ပြီး ဆက်ပြောကြတာပေါ့ "


ကျောင်းသားသမဂ္ဂတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြင့်မားပြီး ဆရာများသည် ယေဘုယျအားဖြင့် ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ မေးခွန်းများသာ မေးလေ့ရှိကြသည်။ 


ကျန်းယန်ရှန့်သည် ပြဿနာပိုကြီးအောင် တမင်ဖန်တီးကြောင်း ထင်ရှား၏။


သို့သော်လည်း ခေါင်းမာနေသော ကျန်းယန်ရှန့်မှာ မိန်းကလေးတစ်ဦးဖြစ်၍ ယောက်ျားလေးများမှာ ဝင်ဆွဲရန် ခပ်တန်းတန်းဖြစ်နေကြသည်။


မိန်းကလေးများကလည်း အနိုင်ကျင့်တတ်သောယောက်ျားလေးကို မနှစ်မြို့ကြပေ။


မည်သူမှ မပါဝင်ကြသည့်အလျောက် နောက်ဆုံးတွင် ဆရာရောက်လာတော့သည်။


အကျိုးအကြောင်း သိသွားသောဆရာသည် ကျောင်းသားသမဂ္ဂ၏ အကျင့်ဆိုးများကို ပြတ်ပြတ်သားသား ဝေဖန်ခဲ့၏။


ယောက်ျားလေးတစ်ယောက်က မိန်းကလေးအား တိုက်ခိုက်ရန် ကြံစည်ခြင်းသည် သီးခြားစီခွဲထားပြီး ကိုင်တွယ်ရမည့်ကိစ္စဖြစ်သည်။


နောက်တစ်နေ့တွင် ကျောင်းသားသမဂ္ဂမှ ကြေငြာချက်ထုတ်ပြန်ပြီး ထို‌ကျောင်းသားအား သမဂ္ဂမှ ထုတ်ပယ်ခဲ့၏။သူသည် မူလက ဌာနမှူးဖြစ်ခဲ့သော်လည်း ယခုအခါ ကျောင်းသားသမဂ္ဂမှ ထွက်ခွာသွားခဲ့ရသည်။


ထို့နောက် ဆရာဖြစ်သူ၏ကြီးကြပ်မှုဖြင့် ခေါင်းဆောင်က အစည်းအဝေးကျင်းပပြီး ကျောင်းသားသမဂ္ဂ သန့်ရှင်းစေရန် လှုပ်ရှားမှုကို စတင်ခဲ့သည်။


မာယွင်၏ရည်းစားဖြစ်သူက သူမအား တိတ်တဆိတ်ပြောခဲ့၏။


 "ကျန်းယန်ရှန့်နဲ့ ထိပ်တိုက်ရှင်းကြမယ်ဆိုပြီး မင်းပြောခဲ့တာလေ... မင်းစကားနားမထောင်မိလို့ တော်ပါသေးတယ် "


မာယွင်တစ်ယောက်ဒေါသထွက်သွားသည်။


ကျန်းယန်ရှန့်က ယွဲ့စုန့်အား ဖြစ်ကြောင်းကုန်စင်ကို

ပြောပြခဲ့သည်။ အများစုမှာ ယွဲ့စုန့်သိပြီးသား ကျောင်းသားများပင်ဖြစ်၏။


" ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား " ယွဲ့စုန့်က မေးသည်။


“ဟုတ်တယ် ...တချို့လူတွေက ဒီလိုပဲ... ပြောင်းလဲပေးလို့ မရဘူး...အဲ့ဒါကြောင့် ကန်ထုတ်ပေးရတယ် " ကျန်းယန်ရှန့်က ပြန်ဖြေသည်။


ထိုအခါ ယွဲ့စုန့်က မျက်ခုံးပင့်လိုက်ပြီး 


"ဘာလို့ သူ့ကို ဒီလောက်ထိ ပစ်မှတ်ထားရတာလဲ"


ယွဲ့စုန့်၏စကားဆုံးချိန်တွင် ကျန်းယန်ရှန့်က   ခေါင်းကို မော့လိုက်သည်။


"သူက ကျွန်မလမ်းကို လာပိတ်နေလို့" 


“ကျွန်မ အငယ်တန်းနှစ်မှာ ခေါင်းဆောင်ဖြစ်လာဖို့ စိတ်ကူးထားတယ်...ဒါပေမဲ့  လက်ရှိကျောင်းသားသမဂ္ဂ မှာတော့မဟုတ်ဘူး ” 


ကျန်းယန်ရှန့်က ဆက်ပြောသည်။ 


“ တက္ကသိုလ်ကျောင်းသားဘဝအတွက် ကျွန်မမျှော်မှန်းထားတာတွေ ရှိတယ်...စာရင်းတောင်လုပ်ထားတာ...ကျွန်မလမ်းကို လာပိတ်ရင်တော့ ထွက်သွားရမှာပဲ "


 ယွဲ့စုန့်က သူမကို စိုက်ကြည့်နေသောကြောင့် ကျန်းယန်ရှန့်က မျက်ခုံးပင့်လိုက်ပြီး ပြောသည်။


 " ဘာဖြစ်လို့လဲ ?? " 


ယွဲ့စုန့်သည် ကျန်းယန်ရှန့်၏ ရှည်လျားသော ဆံနွယ်အချို့ကို ညင်သာစွာကိုင်တွယ်လျက် သူ့လက်ချောင်းများဖြင့် ထိုးဖွ ‌နေသည်။


" ပြောင်းလဲသွားတာပဲ "


 ကျန်းယန်ရှန့် ခဏတာ တိတ်ဆိတ်သွားပြီး ပြန်ဖြေ၏။


 “ အင်း .... "


သူမ၏ နှုတ်ခမ်းစွန်းများက ကော့ချိုးနေသည်။


အထက်တန်းကျောင်း၌ သင်ယူမှုသည် လုပ်ကိုလုပ်ရမည့်အရာဖြစ်သည်။


ကောလိပ်ဝင်ခွင့် စာမေးပွဲများအတွက် စာကျက်ရန်လို၏။


သို့သော် ယခုအချိန်တွင် ကျန်းယန်ရှန့် လုပ်နေသည့်အရာများမှာ မည်သည့် ပယောဂမှ မပါဝင်ဘဲ သူမကိုယ်တိုင်က ဆန္ဒရှိ၍ဖြစ်သည်။


" ဘာလို့လဲ " ယွဲ့စုန့်က စိတ်ဝင်တစား မေး၏။


 "ကောလိပ်ကျောင်းသားဘဝက 

အထက်တန်းကျောင်းနဲ့ မတူဘူး ထင်လို့လား "


“ အင်း... မတူဘူး ဒါပေမဲ့ ကောလိပ်မှာက သက်တူရွယ်တူတွေချည်းပဲ "


ယွဲ့စုန့်သည် ကျန်းယန်ရှန့်၏စကားကို နားမလည်နိုင်ပေ။


 “ဘာလို့လဲ? မင်းရဲ့အထက်တန်းကျောင်းနေဖက်တွေကရော သက်တူရွယ်တူ မဟုတ်လို့လား "


ကျန်းယန်ရှန့်က ပြုံးသည်။


သူမသည် ပြန်လည်မွေးဖွားလာသူဖြစ်၏။အထက်တန်းကျောင်းသူကျောင်းသားများသည် သူမ၏မျက်လုံးထဲတွင် မောင်နှင့်ညီမလေးများသကဲ့သို့ ဖြစ်သည်။


ထို့ကြောင့်ပင် အထက်တန်းကျောင်း၌ သူမအား ရန်စခဲ့သော ဆိုးသွမ်းသည့် မိန်းကလေးအချို့နှင့် အတန်းဖော်များအား သည်းခံ၍ ဆက်ဆံပေးခဲ့၏။


အနည်းဆုံးတော့ သူမသည် ထိုသူတို့ထက် နှစ်အနည်းငယ်ကြာ ပို၍အသက်ရှင်ခဲ့သူဖြစ်သည်။


သို့သော် ကောလိပ်ကတော့ မတူ‌ပေ။ 


အရင်ဘဝက ဆုံးပါးသွားခဲ့ချိန်၌ သူမသည် ကောလိပ်ကျောင်းသူ အရွယ်သာရှိသေး၏။


အထက်တန်းကျောင်းသုံးနှစ်သည် အတိတ်ကို ပြန်လည်ပြုပြင်ခြင်းမည်ပါက တက္ကသိုလ်ကျောင်းဝင်းထဲသို့ ဝင်ရောက်ခြင်းသည် အနာဂတ်ကို ပြန်လည်ဖွင့်လှစ်ခြင်းပင်ဖြစ်သည်။


ကျန်းယန်ရှန့် ဂရုတစိုက်လုပ်လို‌သောအရာများသည် အထက်တန်းကျောင်းနေ့ရက်များနှင့် မတူညီချေ။


သူမ၏ စိတ်နေစိတ်ထား တစ်ခုလုံးမှာလည်း ကွဲပြားသွားသည်။ 


သူမသည် အချိန်အတော်ကြာအောင် ထိန်းချုပ်လျက် အားမွေးနေခဲ့၏။


ယခုအချိန်၌ အားလုံးကို ချပြရတော့မည်။


“ဘာပဲဖြစ်ဖြစ် နောက်အပတ်က ခရစ္စမတ်အကြိုနေ့နော်…” 


ကျန်းယန်ရှန့်က ယွဲ့စုန့်ကို ခပ်ဖွဖွ တစ်ချက်နမ်းသည်။


“ကျွန်မ လုပ်စရာရှိတယ် အတူတူရှိနေလို့မရဘူးပဲ” ကျန်းယန်ရှန့်ကပြော၏။


"ရှင်ရော အလုပ်ရှိလား " ကျန်းယန်ရှန့်က မေး၏။


“အင်းးး” ယွဲ့စုန့် က သူမကို ပွေ့ဖက်လာသည်။


 "အဲဒီနေ့မှာပဲ.....ပြီးတော့ လူကြီးတွေနဲ့ ညစာအတူ စားရမှာမလို့ ချိန်းထားတာကို ဖျက်လို့မရဘူး "


လူကြီးများနှင့် ခရစ္စမတ်အကြိုနေ့တွင် ချိန်းဆိုထားခြင်းဖြစ်ပြီး ယွဲ့စုန့်သည် မအားလပ်တော့ပေ။


“အဆင်ပြေပါတယ် ” 


ကျန်းယန်ရှန့်က ယွဲ့စုန့်၏ နှာဖျားကို ခပ်ဖွဖွဆွဲလိုက်ပြီးပြော၏။


 " ဒါပေမဲ့ တစ်ခါအကြွေးတင်သွားပြီနော် "


နှစ်ယောက်သားက ကြားလေမသွေးနိုင်အောင်ပူးကပ်နေကြသည်။


 "ခရစ်စမတ်အကြိုနေ့ ဘယ်သွားမှာလဲ" ယွဲ့စုန့်ကမေး၏။


" အတန်းဖော်တွေနဲ့ ဘားသွားမလို့ "


“ဟုတ်ပါပြီ မမူးစေနဲ့ဦး...ကားဆရာကိုလာခေါ်ခိုင်း... အဲ့အချိန်ကျတွေ့ကြမယ်....ကိုယ်မင်းကို လာခေါ်ရရင်တော့ အကောင်းဆုံးပေါ့ "


ကျန်းယန်ရှန့်က သဘောတူညီစွာခေါင်းညိတ်လိုက်သည်။


.......


ခရစ္စမတ်အကြိုနေ့၌ စီးပွားရေးခရိုင်ရှိ နေရာတိုင်းတွင် ခရစ္စမတ်သစ်ပင်များရှိ၏။


ဘားလမ်းသည်လည်း လူများဖြင့်ပြည့်နှက်နေသည်။


ကျန်းယန်ရှန့်က ခရစ္စမတ်အကြိုအစီအစဉ်အဖြစ် အတန်းဖော်များနှင့် ဘားအတူတူသွားရန်စီစဉ်ထားကြောင်းဆိုခဲ့ခြင်းက  လိမ်ပြောခြင်းမဟုတ်ပေ။


သူမသည် အစောပိုင်းတွင် ဘားအတွင်းရှိ အလင်းရောင်မဲ့သောထောင့် ဝိုင်းတစ်ခု၌ ထိုင်နေခဲ့သည်။


စားပွဲပေါ်ရှိ ဖယောင်းတိုင်လေးများကို ဝိတ်တာက မီးလာမညှိပေးသေးပေ။


စိတ်ရှည်ရှည်ဖြင့်စောင့်ဆိုင်းပြီး 


နောက်ပိုင်းတွင် အတန်းဖော်များ ရောက်ရှိလာတော့သည်။


ထိုသူများမှာ  ယခင်ဘဝက သူမ၏ကောလိပ်အတန်းဖော်များပင်ဖြစ်၏။


Xxxxxxx