Emily Khin:
Chapter 1 မန့်မန့်
.
ပြတင်းပေါက်တွေ ဗြန်းခနဲပွင့်သွားကာ ပြတင်းပေါက်ဘောင်တွေကို ရိုက်ခတ်မိပြီး နားကွဲလုမတတ် ' တဂျိန်းဂျိန်း' အသံထွက်ပေါ်နေသည်။ စားပွဲပေါ်က မှင်တုံးတွေနဲ့ စာရွက်တွေသည် ကြမ်းပြင်ပေါ်တိုက်ချခံထားရသည်။ လေသည်အလေးချိန်မရှိတဲ့စာရွက်တွေကို မွှေ့ယမ်းသွားပြီး အရပ်မျက်နှာအနှံ့ပြန့်ကြဲသွားစေကာ စားပွဲခုံသည်ထက်ပိုင်းပြဲနေသည့် မှတ်တမ်းမိတ္တူတစ်ချို့ဖြင့် ရှုပ်ပွနေသည်။
လေထုသည် သွေးနံ့ပြင်းပြင်းနဲ့ ပြည့်နေပြီး ကြမ်းပြင်ပေါ်ရှိ သွေးအိုင်ထဲတွင် နန်းတွင်းဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ် လေးငါးယောက် လဲကျနေသည်။ ထိုအထဲကတစ်ယောက်သည် မသေသေးပဲ နဂိုလှပသည့်မျက်ဝန်းတွေသည် တစ်ဝက်ပွင့်ဟနေသည်။ နှုတ်ခမ်းလေးတွေ ဖွင့်လိုက်ပိတ်လိုက်နဲ့ ပါးစပ်ထောင့်မှာ သွေးပူပေါင်းအတန်းမျှင်လေး စီးကျနေကာ သွေးထဲမှာရုန်းကန်နေတဲ့ သေတော့မဲ့ငါးကလေးတစ်ကောင်အလား။
သူတို့တွေသည် ဧကရာဇ်လျှိုရဲ့ကြင်ယာတော်တွေဖြစ်သည်။ အငယ်ဆုံးတစ်ယောက်ဆို ဆယ့်သုံးနှစ်ပဲရှိသေးသည်။ သူမဖခင်က ထျန်းရွှေရဲ့ဘုရင်ခံဖြစ်ပြီး သူမသည် ဧကရာဇ်ချန်စန်းကို ဆုတ်ခွာချိန်တွင် နန်းတော်ထဲဝင်ခဲ့သည်။ နှစ်ဝက်လျော့လျော့တွင် ချန်စန်းကျသွားသည်။ သူမတို့တွေမှာ ဧကရာဇ်အနောက်လိုက်ပြီး ရှုကပေါင်မြို့ဖြစ်တဲ့ဒီနေရာသို့ တစ်လမ်းလုံးထွက်ပြေးလာကြသည်။ ဒါပေမဲ့အခုတော့ အရွယ်ကောင်းလေးမှာရှိတဲ့ ဒီနုနယ်တဲ့အမျိုးသမီးလေးတွေသည် သေဆုံးသွားကြလေပြီ။
ခုနလေးကပဲ လျှိုယန်သည်ဒီအမျိုးသမီးတွေကိုခေါ်ပြီး သူ့ရဲ့မိန်းမစိုးလျှိုဖန်းက သူမတို့ကို သတ်ပစ်သည်ကိုကြည့်ရှုခဲ့သည်။
" အရှင်မင်းကြီး! အရှင်မင်းကြီး! ကျွန်တော်မျိုးမကိုချမ်းသာပေးပါ ချမ်းသာပေးပါ! ကျွန်တော်မျိုးမရဲ့ဖခင်က အရှင်မင်းကြီးကိုလိုက်ပါစောင့်ရှောက်ဖို့ တပ်ကူတွေနဲ့လာတော့မှာပါ! အရှင်မင်းကြီး—"
ကြင်ယာတော်လျှိုရဲ့ မျက်နှာလေးသည် သွေးစက်တွေနဲ့ စွန်းထင်းနေပြီး ကြိုးပျက်ကျလာတဲ့ပုလဲလုံးတွေလို မျက်ရည်ဥတွေသည် သူမရဲ့ကလေးရုပ်မပျောက်သေးပဲ ကြောက်ရွံ့နေတဲ့မျက်နှာလေးတစ်လျှောက် ဆက်လက်စီးကျနေသည်။
ငန်းဝါရောင်နန်းတွင်းဝတ်စုံရင်ဘတ်မှာ လည်တိုင်ဘေးကနေ စီးကျနေတဲ့သွေးတို့ဖြင့် စိုစွတ်နေပြီး အင်္ကျီကိုတောက်ပစူးရှတဲ့ လိမ္မော်နီရောင်ပြောင်းသွားစေသည်။
ခုနလေးကပဲ လျှိုဖန်းသည်သူမလည်ပင်းကို ဓားနဲ့လှီးခဲ့သည်။ ဓားသွားသည် လူတွေအများကြီးကို သတ်ဖြတ်ခဲ့ပြီး တုံးသွားသည်ထင့်။ သူမသည်ရုန်းထွက်ခဲ့ပြီး လည်ပင်းကဒဏ်ရာသည် မသေစေလောက်ပဲ ခေါင်းလေးစောင်းငဲ့ကာ ကြမ်းပြင်ပေါ်လဲကျသွားခဲ့သည်။ လည်ပင်းတစ်ဖက်ခြမ်းသည် သွေးပွက်ပွက်မြည်နေပြီး အရှေ့ကိုကြိုးစားတွားသွားကာ သွေးနံ့ပြင်းပြင်းတွေနဲ့ သေခြင်းရဲ့အေးစက်စက်အနံ့တွေ ပြည့်နှက်နေတဲ့ အိမ်တော်ထဲမှလွတ်မြောက်ရန်ကြိုးစားလိုက်သည်။
ဧကရာဇ်ရဲ့မျက်နှာသည် ချောမောခန့်ညားပေမဲ့ သူ့မျက်နှာထားသည် ရုပ်တုတစ်ခုလို မာကြောနေသည်။ သူ့မျက်လုံးတွေက အသနားခံနေတဲ့ ကြင်ယာတော်လျှိုကို မကြည့်ပဲ ကြင်ယာတော်လျှိုရဲ့ခေါင်းပေါ်ကနေကျော်ပြီး အဝေးကတကယ်မမြင်နိုင်တဲ့ မြို့ဂိတ်ရှိရာဆီကြည့်လိုက်သည်။ သူမအနောက်တွင် တွားသွားပြီးနောက် သွေးစွတ်ကြောင်းကြီးရှိနေသည်။
ပေါင်မြို့သည်လည်းထပ်မတောင့်ခံနိုင်တော့ပေ။ အဖျက်ဆီးခံလိုက်ရချေပြီ။
သူ့နားအတွင်းမှာ မြို့ကိုချိုးဖောက်ဝက်လာပြီးနောက် ယန်စစ်သည်တွေဆီမှကောင်းကင်ကိုကိုင်လှုပ်မတတ် အားပေးကြွေးကြော်သံတွေကို ကြားယောင်လို့ရနေပြီ။ သူတို့တွေဒီကိုအပြေးအလွှားရောက်လာကြဖို့ ကြာတော့မှာမဟုတ်ပေ။
လွန်ခဲ့တဲ့နှစ်နှစ်က ဟန်ပြည်ထောင်ရဲ့မြောက်ပိုင်းရှိ ယန်ယိုမှာအခြေစိုက်ထားတဲ့ စစ်အရှင်ဝေ့ရှောက်သည် လော့ယန်ကိုသုတ်သင်ခဲ့သည်။ ထို့နောက် သူ့လက်ထဲလော့ယန်ကျသွားသည်နှင့်အမျှ ကမ္ဘာကြီးသည်လည်းသူ့ထိန်းချုပ်မှုအောက်ကျရောက်သွားပြီး အခြေအနေတွေတည်ငြိမ်သွားသည်။ ဝေ့ရှောက်သည်ယိုကျိုးရဲ့ဧကရာဇ်ဖြစ်လာပြီး သူ့တိုင်းပြည်ကို ယန်ပြည်ထောင်အဖြစ် တည်ထောင်ကာ အဲ့ဒီနောက်မှာ အရင်ဧကရာဇ်လျှိုယန်သည် အနောက်ဖက်သို့တစ်လမ်းလုံး ဆုတ်ခွာခဲ့ရသည်။
အနောက်ဖက်သို့ တစ်လျှောက်လုံးဆုတ်ခွာရာ ဒီခရီးရှည်ကြီးမှာ သူ့ဖက်တွင်အမတ်တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးသွားကြပြီး စစ်တပ်ကလည်းသေရင်သေ မသေရင်အညံ့ခံသွားကြသည်။ ပေါင်မြို့ကိုရောက်သည်အထိ သစ္စာရှိအမတ်ဆယ်ယောက်ပဲ ကျန်ရှိသည်။
အခုတော့ နောက်ဆုံးလက်ကျန်စစ်သည်နှစ်ထောင်လည်းမရှိတော့ပြီ။
သူ့မှာဆုတ်ခွာစရာလမ်းမရှိတော့ပေ။
လျှိုဖန်းရဲ့မျက်နှာမှာ သွေးတွေစင်ထားပြီး ကြမ်းတမ်းတဲ့တစ္ဆေတစ်ကောင်လိုပင်။ သူသည်အံကြိတ်ကာ တံခါးဝကိုသူရောက်သွားချိန်အထိ တောင်းပန်နေဆဲဖြစ်သည့် ကြင်ယာတော်လျှိုဆီ အားတင်းသွားပြီး အနောက်ကနေခုတ်ပိုင်းချလိုက်သည်။
ခပ်အုပ်အုပ် 'ရွှပ်' ခနဲအသံမြည်သွားသည်။ မိန်းကလေးမှာ အော်တောင်မအော်လိုက်ရပေ။ ဦးခေါင်းသည်လည်တိုင်ရဲ့မူလအနေအထားမှ ဘေးသို့တွဲလောင်းကျသွားပြီး ထူးဆန်းတဲ့ကိုယ်နေဟန်ထားတစ်ခုအသွင် တွန့်လိမ်ကာ ပျော့ပျောင်းတဲ့ကိုယ်လေးသည် ခေါက်ဆွဲတစ်ဖတ်လိုပဲ ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။
လည်တိုင်အပေါက်မှ သွေးနွေးနွေးတွေသည် ထိန်းချုပ်မှုကင်းမဲ့သွားသလို ပန်းထွက်လာပြီး နံရံကိုပက်ဖြန်းသွားသည်။ ကြင်ယာတော်လျှိုရဲ့ ခြေလက်တွေသည် အစ၌ တဆတ်ဆတ်တွန့်နေသေးပေမဲ့ နောက်တော့ဖြေးညင်းစွာ ရပ်တန့်သွားကာ လုံးဝမလှုပ်ရှားတော့ပေ။
ရှုပ်ပွနေတဲ့ဆံနွယ်ဘုတ်သိုက်မှ ပြူထွက်နေတဲ့မျက်ဝန်းတွေကသာ အခန်းတစ်ဖက်သို့စိုက်ကြည့်နေလျက်ရှိသည်။ မျက်ဝန်းထဲကရွှန်းလဲ့တောက်ပမှုတို့ မှေးမှိန်ပျောက်ကွယ်သွားသည်။
" အရှင်မင်းကြီး ဧကရီ......"
လျှိုဖန်းသည်ကော့တတ်နေပြီး သွေးတစက်စက်စီးကျနေဆဲဖြစ်သည့် ဓားသွားကိုတရွတ်တိုက်ဆွဲကာ သလွန်ပေါ်မှာတုန်ယင်နေသည့် ရှောင်ချောင်ဘက်ကိုကြည့်လိုက်သည်။
လျှိုယန်လှည့်လာပြီး သူ့ရဲ့အာရုံစိုက်မှုမဲ့နေတဲ့အကြည့်တွေသည် ရှောင်ချောင့်ကိုယ်ပေါ်ရောက်လာပြီး သူမကိုငေးမောကြည့်ရင်း သူ့မျက်လုံးတွေသည်မမာကြောတော့ပဲ ဝမ်းနည်းမှု၊ တွန့်ဆုတ်မှုနဲ့ ပြင်းပြတဲ့နာကျင်မှုတို့ တဖြေးဖြေးချင်းစုပေါင်းလာသည်။
သူသည်ရှောင်ချောင်ဆီတစ်လှမ်းချင်းလျှောက်သွားပြီး နောက်ဆုံးတွင် သူမဆီရောက်သွားသည်။ သူ့ရဲ့အေးစက်စက်လက်ချောင်းတွေသည် မတင်းတိမ်နိုင်တဲ့အချစ်တို့ဖြင့် သူမမျက်နှာလေးကိုပွတ်သပ်ကာ ရင်ခွင်ထဲမှာပွေ့ဖက်လိုက်ပြီး သူမကိုချေမွ၍ သူ့အသွေးအသားတွေထဲ တစ်လက်မချင်းနစ်မြုပ်ချင်သည့်အလား သူ့ခွန်အားသည်ပြင်းထန်လွန်းလှသည်။
" မန့်မန့်! မန့်မန့်! မင်းမိသားစုကိုဝေ့ရှောက်သတ်ပစ်လိုက်ပြီ မင်းအစ်မလည်းနန်းချခံရပြီး သေဆုံးသွားပြီ ဝေ့သူပုန်ကို မင်းရဲ့အရိုးထဲအထိမုန်းတယ်ဆိုတာ ကိုယ်သိပါတယ် သူတို့အတွက်လက်စားချေပေးပြီး ပုန်ကန်မှုကိုနှိမ်နင်းဖို့ စစ်တပ်တစ်ခုစေလွှတ်ပေးချင်ပေမဲ့ တာ့ဟန်ပြည်ထောင်ကြီးက အသက်ရှူပေါက်မရှိတော့ဘူး ကိုယ်ကအာဏာကင်းမဲ့သွားပြီ မင်းကိုသူပုန်တွေရဲ့လက်ထဲကျပြီး အရှက်တကွဲဖြစ်ခွင့် ကိုယ်မပြုနိုင်ဘူး မန့်မန့် ကိုယ်မင်းကိုအရင်သတ်မယ် ပြီးရင်မင်းကိုအဖော်လာပြုပေးမယ်နော် နောက်ဘဝမှာလည်း ကိုယ်တို့ဇနီးမောင်နှံပြန်လုပ်ကြမယ်"
" အရှင်မင်းကြီး ကျွန်မကအရှင်မင်းကြီးရဲ့ဇနီးပါ အရှင်မင်းကြီးကကျွန်မကို ကြီးမားတဲ့ချစ်ခြင်းမေတ္တာနဲ့ မျှမျှတတဆက်ဆံခဲ့တယ် အရှင်မင်းကြီးရဲ့အနောက်ကို ကျွန်မထာဝရလိုက်ဖို့ဆန္ဒရှိပါတယ် ဘယ်တော့မှမခွဲခွာပါဘူး"
မန့်မန့်လို့ချစ်စနိုးအမည်ရှိတဲ့မိန်းကလေးမှာ နှင်းလိုအသားအရေနဲ့ လှပတဲ့ရုပ်ရည်သွင်ပြင်ရှိပြီး ကျောက်စိမ်းလိုပြစ်မျိုးမှဲ့မထင်တဲ့ မျက်နှာလေးဖြင့် မွေးဖွားလာခဲ့သည်။ အခုချိန်မှာ သူမမျက်နှာလေးသည်သွေးမရှိပဲ မျက်ရည်တွေနဲ့စွန်းထင်းနေသော်ငြား သူမသည်စိတ်ပိုင်းဖြတ်ထားပြီး ခိုင်မာပြတ်သားမှုအပြည့်အကြည့်နဲ့ ဧကရာဇ်ကိုကြည့်လိုက်သည်။
သူမသည်လျှိုယန်ကိုတွန်းဖယ်၍ သူမဘာသာရပ်လိုက်ပြီး မျက်ဝန်းတွေမှိတ်စက်လျက် မေးလေးမော့ထားသည်။ ထိုအခိုက်တွင် လေပြေလေးသည်သူမအဝတ်တွေကို တိုက်ခတ်သွားရာ သူမကမျောလွင့်နေပြီး ပျံသန်းရန်အသင့်ဖြစ်နေသည့်အလား စကတ်စသည်အရိုင်းဆန်စွာကခုန်နေသည်။
လျှိုယန်အသံပျောက်ဆုံးသွားပြီး သူမကိုလွှတ်ပေးကာ ထရပ်ပြီးသူ့ဓားရှည်ကိုဆွဲထုတ်လိုက်သည်။
" အားး...."
လျှိုယန်ဆီမှနှလုံးကွဲကြေဖွယ် အက်ရှတဲ့မာန်သွင်းသံဖြင့်အတူ အေးစက်ပြီးထက်ရှတဲ့ဓားရှည်သည် သူမရဲ့နွေးထွေးနူးညံ့တဲ့နှလုံးသားထဲ ဖောက်ထွင်းသွားလေသည်။
........