အပိုင်း ၃၀၃-၃၀၅ (End)
Viewers 27k

Part 303


လူကြီးများက စိုးရိမ်ကြသော်လည်း ကျန်းယန်ရှန့်၏ ခန္ဓာကိုယ်သည် မနာလိုဖွယ်ကောင်းလောက်အောင်ပင်ကျန်းမာနေခဲ့သည်။

 သူမ  ပထမသုံးလလုံးလုံးကို ပျို့အန်ခြင်းမရှိဘဲ ကုန်ဆုံးခဲ့၏။


 ကျန်းယန်ရှန့်သည် အတန်းများတက်ပြီး ထုံးစံအတိုင်း ကုမ္ပဏီ၌အလုပ်ဆင်း၏။

သူမ၏အဘွားကမူ အိမ်၌သာ ကိုယ်ဝန်ကိုဂရုစိုက်၍ နေစေလိုသည်။ ကျန်းယန်ရှန့်ကုမ္ပဏီအလုပ်များ‌လုပ်နေသည်ကို သဘောမတွေ့ပေ။


 ထိုအခါကျန်းယန်ရှန့်က အားကစားခန်းမဘက်သို့ ဦးလှည့်သွား၏။

 မီးဖွားပြီးလျှင်ပြောင်းလဲသွားမည့် ခန္ဓာကိုယ်ပုံပန်းသွင်ပြင်ကို ကျန်းယန်ရှန့်တစ်ယောက် ထည့်သွင်းစဉ်းစားနေရသည်။


သူမက ပြည်တွင်းပြည်ပရှိ မော်ဒယ်များနှင့် မင်းသမီးအချို့ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း  အားကစားလိုက်စားခဲ့သော နည်းစနစ်များကို ဂရုတစိုက်လေ့လာခဲ့၏။

ထို့နောက် ကျွမ်းကျင်နည်းပြများ၏ လမ်းညွှန်မှုအောက်တွင်  သူမ၏ခန္ဓာကိုယ်ကို ထိန်းသိမ်းထားသည်။


 အဘွားကျန်းက ထိုအကြောင်းကို သိသွားသောအခါ မူးလဲ

မတတ်ဖြစ်သွားပြီး မြေးမ ဖြစ်သူကို မရမကပြန်ခေါ်၏။


နှစ်ယောက်သား ညှိနှိုင်းပြီးနောက်တွင် အဘွားကြီးက ခွင့်ပြုပေးခဲ့ပြီး ကျန်းယန်ရှန့်သည်လည်း  လေ့ကျင့်ခန်းပမာဏကို သင့်လျော်သလို လျှော့ချပါမည်ဟု ကတိပြုခဲ့ရသည်။


 "အဘွား အရမ်းစိတ်ပူနေတာလား "  ကျန်းယန်ရှန့်က မေး၏။

  "အတွင်းရေးမှူးယန်းကိုပဲကြည့်....သူဆိုအခု ကိုယ်ဝန် ရှစ်လနီးပါးပဲ...ဒါပေမဲ့ အလုပ်ဆက်လုပ်နေတုန်းပဲ မလား .... သူ့ကို မေးကြည့်တော့ အလုပ်ဘယ်တော့မှထွက်မှာမဟုတ်ဘူးလို့ ပြောတယ် "


ဤသည်မှာ အမှန်ပင်ဖြစ်သည်။

အတွင်းရေးမှူးယန်း၏ ရာထူးသည် လစာကောင်းသောကြောင့် သူမသည် အလုပ်ထွက်ရမည်ကို အလွန်စိုးရိမ်နေရှာ၏။


ယခုအချိန်မှစ၍ ကလေးများကိုပျိုး‌ထောင်ရတော့မည်ဖြစ်သောကြောင့် ဝင်ငွေကောင်းကောင်းရှာရန်လိုအပ်သည်။အတွင်းရေးမှူးယန်းသည် မီးဖွားပြီးပြီးချင်းပင် တတ်နိုင်သမျှ အလုပ်ခွင်ပြန်ဝင်ရန် စီစဉ်ထားသည်ဖြစ်ကြောင်း ကျန်းယန်ရှန့် သိခဲ့ရ၏။


 " အမှားလုပ်ထားတာကို စိတ်တိုနေတုန်းနော် " အဘွားကျန်းက မကျေမနပ်ပြောသည်။


 အဘွားဖြစ်သူမှာ သူမအတွက် အစိုးရိမ်လွန်ပြီး စိတ်ရှုပ်နေရသည်ကို ကျန်းယန်ရှန့်နားလည်၏။

ကျန်းယန်ရှန့်မဆိုထားနှင့် သာမန်အမျိုးသမီးလုပ်ငန်းရှင်များပင်လျှင် ကိုယ်ဝန်သိသာလာချိန်တွင် အလုပ်နားကြသည်။


သို့သော်လည်း နောက်ဆုံး၌အဘွားကျန်းမှာ မြေးမ ဖြစ်သူ၏ဆန္ဒကို လိုက်လျောပေးလိုက်ရ၏။

ကျန်းယန်ရှန့်သည် ကျောင်းချိန်၊ အလုပ်နှင့်ကိုယ်ဝန် အစရှိသော မည်သည့်အရာကိုမှ မလစ်ဟင်းခဲ့ပေ။


နောက်တစ်နှစ် နွေရာသီကုန်ဆုံးခါနီးတွင် 

 ကျန်းယန်ရှန့်သည် ကျန်းမာသောသားဦးကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။


 ကလေး၏နာမည်မှာယွဲ့ယန်ဖြစ်၏။

 နာမည်ပြောင်မှာ ကျောက်တုံးကလေးဖြစ်သည်။  ကျောက်တုံးကလေးသည် အထူးကျန်းမာ၏။  

မွေးစကတည်းက ထူထဲသော အနက်ရောင် ဆံပင်ရှိပြီး မျက်ခုံး၊ မျက်လုံးနှင့် နှာတံတို့သည် ယွဲ့စုန့်နှင့် အလွန်ဆင်တူသည်။  သူသည် အနာဂါတ်တွင် ကောင်ချောကလေး ဖြစ်လာမည်မှာ သေချာ၏။ 

နှစ်ဖက်မိသားစုစလုံး အလွန်ပျော်ခဲ့ကြသည်။


 အဘိုးကြီးယွဲ့က ယွဲ့စုန့်အား တိတ်တဆိတ်ပြောခဲ့၏။


"မင်းမိန်းမလိုချင်တယ်မလား...ဒီအချိန်ကို အခွင့်ကောင်းယူလိုက်တော့.... မိန်းကလေးတွေက ဒီအချိန်မျိုးဆို စိတ်ပျော့တယ်.... မြန်မြန်လက်ဦးလိုက် " 


  " ရပါတယ် ...စိတ်မပူပါနဲ့ " ယွဲ့စုန့်က ခပ်တိုးတိုးဖြေသည်။


 " ငါတို့မျိုးရိုးထဲမှာ မင်းအသုံးမကျဆုံး....လက်ထပ်ဖို့လောက်ကိုတောင် မစွမ်းဆောင်နိုင်ဘူး "


 အဘိုးယွဲ့မှာ အလွန်အမင်း စိတ်အနှောက်အယှက်ဖြစ်သွားတော့၏။


ကျန်းယန်ရှန့် နိုးလာသောအခါ ယွဲ့စုန့်က သူမလက်ကို ဆုပ်ကိုင်ပေးထားလျက် ကုတင်ဘေးတွင် ထိုင်နေသည်။  အိပ်မက်ထဲတွင် သူမ၏လက်ကိုတစ်စုံတစ်ယောက်က ကိုင်ထားပေးသည်ဟု ခံစားခဲ့ရသည်မှာ အံ့သြစရာမရှိချေ။


 "နိုးပြီလား ရေနည်းနည်းသောက်လိုက် "  

ယွဲ့စုန့်က သူမအား ရေအနည်းငယ် ငှဲ့ပေးသည်။


 ကျန်းယန်ရှန့်သည် အမှန်တကယ်ပင် အာခေါင်ခြောက်နေသည်ဖြစ်၏။ ယွဲ့စုန့်ပေးသော ရေနွေးနွေးတစ်ခွက်ကို ကုန်အောင် သောက်ပစ်လိုက်သည်။


ယွဲ့စုန့်သည် ဖန်ခွက်ကိုချလိုက်ပြီး ကျန်းယန်ရှန့်၏လက်ကို ထပ်မံဆုပ်ကိုင်၏။


 " ကြိုးစားပေးလို့ ကျေးဇူးတင်တယ်နော် "


 ယွဲ့စုန့် သူမအား အကြင်နာမျက်ဝန်းများဖြင့်ကြည့်နေမိသည်။


 နှစ်ယောက်သားက ချစ်သူစုံတွဲများသာဖြစ်ကြသော်လည်း မီးဖွားပြီးချိန်တွင် ယခင်ကနှင့် ကွဲပြားသွားသလိုပင်။


  "ကျွန်မကိုပြောစရာရှိလို့လား" ကျန်းယန်ရှန့်က ယွဲ့စုန့်၏မျက်နှာရိပ်မျက်နှာကဲကို သတိထားမိသောကြောင့် မေးလိုက်၏။


 ယွဲ့စုန့်က သူမ၏လက်ကို အချိန်အတော်ကြာပွတ်သပ်ပြီး ခပ်တိုးတိုးပြောလာသည်။

 "ကိုယ်က အရမ်းစိတ်ရှည်တဲ့သူပါ... မင်းကိုလက်မလျှော့ဘူး" 


 ကျန်းယန်ရှန့်က ယွဲ့စုန့်ကို စိုက်ကြည့်နေ၏။


 မျက်စိရှေ့ရှိ ငယ်ရွယ်ချောမောသောပူပူနွေးနွေးကလေးအဖေက ပြုံးပြလာသည်။


“မင်းဆန္ဒရှိတဲ့နေ့အထိ ကိုယ်စောင့်နေမယ် "


ကျန်းယန်ရှန့်က အချိန်အတော်ကြာ နှုတ်ဆိတ်နေရင်းမှ ခပ်တိုးတိုးပြောလာ၏။

"တောင်းပန်ပါတယ်"


ကလေးအဖေက ကျန်းယန်ရှန့်၏နှဖူးပြင်ပေါ်ရှိ ချွေးများဖြင့်စိုစွတ်နေသော ဆံနွယ်အချို့ကို သပ်တင်ပေးနေလျက်။


 "မတောင်းပန်ပါနဲ့...ကိုယ်တို့နှစ်ယောက် ဆုံးဖြတ်ထားတဲ့အရာပဲ "


ကျန်းယန်ရှန့်၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်စွာ ပြန်လည် နားလန်ထူလာသည်။

 ကိုယ်ဝန်ရှိနေချိန်ကတည်းက ဗိုက်ဖောင်းသည်မှလွဲ၍တခြားအရာများက မာမာချာချာရှိခဲ့၏။

နားလန်ထူပြီးကာလနောက်တွင် သူမထံ၌ ကလေးအမေလက္ခဏာမျိုးကို လုံးဝ မတွေ့ခဲ့ရဘဲ အပျိုစင်တစ်ဦးသဖွယ် နုထွတ်နေဆဲပင်ဖြစ်သည်။


 ရှုလီချန်က ကျန်းယန်ရှန့်နှင့်တွေ့ရန် ပြန်လာခဲ့၏။

 သူပြန်ရောက်လာသောအခါ ကျန်းယန်ရှန့်အား ဖောက်သည်ချစရာ အကြောင်းအရာများပါလာသည်။


 " ဝမ့်ချမ်‌အကြောင်းပြောပြမယ် " ရှုလီချန်က ပြော၏။


ရှုလီချန် နှင့် ကျန်းယန်ရှန့် တို့တွင် ကိုယ်ပိုင်ဘဝအသီးသီးရှိသည်။ရှုလီချန်သည် အချိန်အတော်ကြာစဉ်းစားပြီးနောက် ထိုအိပ်မက်ထဲမှ ရုန်းထွက်၍  လက်တွေ့ဘဝတွင်သာနေထိုင်ရန် ဆုံးဖြတ်ခဲ့၏။


ရှုလီချန် ကောလိပ်တက်နေစဉ်က ပါဝင်ရိုက်ကူးခဲ့သည့် ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းတွဲများသည် အလွန်လူကြိုက်များပြီး သူသည် ၁၀၀ရာခိုင်နှုန်းကျော်ကြားသူတစ်ဦး ဖြစ်လာခဲ့သည်။


 ရီအထက်တန်းကျောင်း အတန်း(၈) မှ အတန်းဖော်များသည် အချိန်အတော်ကြာမှ ပြန်လည်တွေ့ဆုံခဲ့ကြ၏။ သူတို့အားလုံးက တိုင်ပင်ပြီး ရှုလီချန်ကိုလည်း တွေ့ဆုံပွဲသို့ ဖိတ်လိုက်ကြသည်။

သို့သော် ကျိန်းသေပေါက်လာမည်ဟု မျှော်လင့်မထားကြပေ။


စူပါစတားကြီးရှုလီချန်က အမှန်တကယ်ပင် ရောက်ရှိလာသောအခါ အားလုံးက ဟာခနဲဟင်ခနဲဖြစ်သွားကြ၏။တွေ့ဆုံပွဲ၌ ချိုက်ယန်းသည် သူမ၏ရည်းစားအား လုယူသွားခဲ့သော ဝမ့်ချမ်အကြောင်းကို စကားဟလာတော့သည်။


  " ဝမ့်ချမ်က ဘယ်သူတုန်း ... "  


အတန်းဖော်အများစုသည် ဝမ့်ချမ် ကို လုံးဝမမှတ်မိကြပေ။ဝမ့်ချမ် ကျောင်းမပြောင်းမီ စာသင်နှစ်ဝက်ခန့်ကိုသာ  အတူကုန်ဆုံးခဲ့ရသောကြောင့်

အများစု၏မှတ်ဉာဏ်မှာ ဝါးတားတားဖြစ်နေခဲ့၏။


 သို့သော်ရှုလီချန်၏မျက်ခုံးများက ရုတ်တရက် လှုပ်သွားတော့သည်။

 " ဝမ့်ချမ်က ဘာဖြစ်လို့လဲ " ရှုလီချန်က မေးသည်။


 ချိုက်ယန်းသည် ဝမ့်ချမ်အား မှတ်မိသူ ရှိနေသေးသည့်အတွက် အလွန်တရာပင် ဝမ်းမြောက်မိ၏။

 မဟုတ်လျှင် သူမပြောသောအ‌ကြောင်းများကို မည်သူမှ ဇာတ်ရည်လည်မည်မဟုတ်ပေ။

ပန်းချည်ထိုးထားသော ပိုးဖဲဇာကိုဝတ်ပြီး ညဘက် လမ်းထွက်လျှောက်သကဲ့သို့ဖြစ်နေမည်။


[ ' ပန်းချည်ထိုးထားသော ပိုးဖဲဇာကိုဝတ်ပြီး ညဘက် လမ်းထွက်လျှောက်သည် ' ဆိုသည်မှာ မိမိ၏လုပ်ရပ်တစ်ခုခုကို

ကို အခြားသူများက နားမလည်နိုင် ဟူသော အဓိပ္ပာယ်မျိုး သက်ရောက်သည်။ ]


ချိုက်ယန်းက ဆက်ပြော၏။

“သူနဲ့ငါက နိုင်ငံတစ်ခုတည်းမှာ ကျောင်းတက်နေတာလေ... နောက်ပိုင်းကျတော့ အဲ့ဒီဝမ့်ချမ်က တရုတ်အသိုင်းအဝိုင်းကနေ ရုတ်တရက်ကြီး ပျောက်သွားတယ်...  သူက အပျော်အပါးအရမ်းမက်တဲ့သူလေ...အဲ့လိုပျောက်သွားတာကြီးက ထူးဆန်းတယ်... အဲ့ဒါနဲ့ ငါလည်းစုံစမ်းကြည့်လိုက်တော့  သူဆေးစွဲနေတာကို သူ့အိမ်က မိသွားတယ်တဲ့... သူ့မိသားစုက ဆေးဖြတ်ဖို့ တရုတ်ပြည် ပြန်ခေါ်သွားတယ်လို့ကြားတယ် "


ချိုက်ယန်း၏စကားအဆုံးတွင် လူတိုင်းက နှာခေါင်းရှုံ့ကြပြီး အချို့က သက်ပြင်းချကြသည်။


Xxxxxx


Part 304


 ရှုလီချန်တစ်ယောက်သာလျှင် သူ့ဖန်ခွက်ကို  မြှောက်ပြီး ဝိုင်အားလုံးကို မော့ချလိုက်၏။

အခွင့်ကြုံချိန်ရောက်မှ ကျန်းယန်ရှန့်ကိုပြောပြရဦးမည်။


 "ငါနဲ့ဘာဆိုင်လို့လဲ " ကျန်းယန်ရှန့်က ဘောက်ဆတ်ဆတ်ပြော၏။


 "ဝမ့်ချမ်ဘာပဲဖြစ်ဖြစ် ငါတို့ကိစ္စမဟုတ်ဘူး ...ဟဲ့ ကလေးမျက်နှာကို သွားမထိနဲ့ လေ ...လက်ရောဆေးပြီးပြီလား "


 ရှုလီချန်က ပြုံးပြီး လက်သွားဆေးသည်။

ထို့နောက် သူက ကျောက်တုံးကလေးကို နောက်ပြောင်ကျီစယ်ရန် ပြန်လာ၏။


 " ငါ ခေါင်းကိုင်အဖေလုပ်ချင်တယ် "


  " စာအိတ်အနီ အရင်ယူလာခဲ့ "


 ကျန်းယန်ရှန့်သည် မိခင်နို့တိုက်ကျွေးရန်အတွက် အိမ်တွင် တစ်နှစ်ခွဲနေခဲ့သည်။ ကျောက်တုံးကလေး နို့ပြတ်ပြီး နောက်ပိုင်းတွင် သူမသည် မိသားစုစီးပွားရေးသို့ တရားဝင်ဝင်ရောက်ခဲ့၏။


 အချိန်ကြာလာသည်နှင့်အမျှ ကျန်းချီသည် ဌာနချုပ်မှ ကျန်းယန်ရှန့် ၏နေ့စဉ်ဘဝအကြောင်းကို အဆက်အသွယ်များမှတစ်ဆင့် သိရှိခဲ့သည်။

သူမက ကျန်းယုအား စိုးရိမ်စွာဖြင့်မေး၏။


 "အဘွားက ယန်ယန့်ကို ဘာလို့အရမ်းသည်းသည်းလှုပ်တယ်လို့ ခံစားနေရတာပါလိမ့် "


  "ဘာတွေပြောနေတာလဲ" ကျန်းယုက ပြောသည်။


 " အဖေရောမသိလို့လား " ကျန်းချီက စိတ်မကြည်ဖြစ်နေသော လေသံဖြင့်မေး၏။


 မှန်ပါသည်။ကျန်းယုလည်း သတိထားမိသည်။

သူသည် ရုံးချုပ်တွင် ရှိသည့်အတွက် ထိုနှစ်ယောက်နှင့် အမြဲဆိုသလိုမြင်တွေ့နေရသည်။

သတိမထားမိစရာအကြောင်းမရှိပေ။


 အဘွားကျန်းက ကျန်းယန်ရှန့်အား အနီးကပ် သင်ကြားပြ‌သပေးသည်။ 

ကျန်းချီအား သင်ကြားပေးသောပုံစံနှင့် အမှန်တကယ်ပင်ကွဲပြား၏။


ကျန်းယု၏စိတ်ထဲတွင်လည်း အဖုအထစ်များရှိသည်။

သို့သော် သူသည် ကျန်းမိသားစု၏ သားတစ်ယောက်ဖြစ်၏။ထင်မြင်ချက်ကို မပွင့်လင်းနိုင်ပေ။

စိတ်ထဲရှိသည့်အတိုင်းထုတ်ပြောလိုက်ပါက ကျန်းမိသားစု၏တတိယမျိုးဆက်သည် လိုက်လျောညီထွေရှိတော့မည် မဟုတ်ချေ။


တစ်ချိန်တည်း၌ပင် သူ၏သမီးနှင့် နှိုင်းယှဉ်လိုက်ပါက ကျန်းယန်ရှန့်သည် စိတ်အေးလက်အေးရှိကြောင်းကိုလည်း သိရသည်။


သူမသည် အောက်ခြေမလွတ် ၊ စိတ်လည်းမကြီး ၊ အရည်အချင်းအား ထုတ်ဖော်ရန်လည်း အလျင်စလိုမလုပ်တတ်ပေ။

အဘွား၏အနားတွင် ဖြည်းဖြည်းချင်းစီသင်ယူ၏။


မိသားစုလုပ်ငန်းသို့ စတင်ဝင်ရောက်စဉ်က ကျန်းချီ၏စိတ်အားထက်သန်ပုံကို ကျန်းယုအမှတ်ရနေသေးသည်။ထိုအချိန်က ကျန်းယုသည် သမီးဖြစ်သူအား အလွန်အကြူးစိတ်မပူရန်မှာကြားခဲ့၏။


သို့သော် ကျန်းချီက အဘွားကျန်းထံမှ

အထင်ကြီးခြင်းကိုရရှိရန်သာ စိုင်းပြင်းနေသည်။

ထို့ကြောင့်ခရီးပေါက်သင့်သလောက်မပေါက်ပေ။  

ကျန်းချီ၏ပြဿနာမှာ အားစိုက်ထုတ်လွန်းခြင်းဖြစ်၏။


အဘွားက သူမကို အခွင့်အရေးမပေးသည်လည်း မဟုတ်ချေ။ကျန်းချီသည် တတိယမျိုးဆက်တွင် အသက်အကြီးဆုံးဖြစ်သည်။

 သို့သော်လည်း လုပ်ငန်းခွဲတစ်ခုအား ဦးစီးရသောအခါ  ကျန်းချီသည် ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲ ဝန်ထမ်းများကြားတွင်သာ ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့သည်။


ဇနီးသည်က ဤအဖြစ်အပျက်ကို ကံဆိုးမိုးမှောင်ကျခြင်းဟု သတ်မှတ်ခဲ့သော်လည်း ကျန်းယုသည် အစကတည်းက ကံကောင်းခြင်းနှင့် လုံးဝအပ်ဆက်မနေကြောင်း နားလည်ခဲ့သည်။

  

ကျန်းချီးသည်အာဏာပြရသည်ကို ခုံမင်သောကြောင့် အလုပ်လုပ်သည့်အပိုင်းတွင် အရည်အသွေးကျသွားကာ  ကွဲလွဲမှုများ ပြင်းထန်လာခြင်းဖြစ်သည်။


 ထိုအချိန်မှစ၍ ကျန်းယုသည်  သမီးဖြစ်သူကို သွန်သင်ဆုံးမရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း အချိန် နှောင်းခဲ့ပြီဖြစ်၏။


 ယခု၌ အဘွားကျန်း၏စိတ်ထဲတွင် အခြားအစီအစဉ်များ ရှိနေသည်ကြောင်း ထင်ရှားသည်။


ရှင်းနမ်အုပ်စုတွင် အလုပ်လုပ်သော ကျန်းမိသားစု၏ ဆွေမျိုးများနှင့် ကုမ္ပဏီတွင်းရှိ ဝါရင့်ပုဂ္ဂိုလ်အချို့သည် နောက်နှစ်များတွင် တစ်စုံတစ်ရာကို တဖြည်းဖြည်း သတိပြုမိလာသည်။ 

 ကျန်းမိသားစု တတိယမျိုးဆက်တွင် အဘွားကြီးသည် ဒုတိယသား၏ အကြီးဆုံးသမီးဖြစ်သူ ကျန်းယန်ရှန့် ကိုအားကိုးအားထားပြုကြောင်းကိုပင် ဖြစ်၏။


 ကျန်းယန်ရှန့်၊ ကျန်းချီတို့နှင့်ပတ်သတ်၍

သဘောထား ကွဲလွဲမှုများရှိလာခဲ့သည်။


 ထို့ပြင် ၎င်းသည် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သော်လည်းကျန်းယန်ရှန့်သည် တက္ကသိုလ်မှဘွဲ့ရသောအခါတွင် ကလေးတစ်ဦးမွေးဖွားခဲ့ကြောင်း အထက်လူအများစုက ကြားဖူးသည်။


 ထိုကလေးသည် ချင်းထင်းအုပ်စု၏စတုတ္ထမျိုးဆက် အမွေဆက်ခံသူဖြစ်သည်။

 ဤသည်က ခိုင်မာသော မဟာမိတ်ပင်။


 မျက်စိတစ်မှိတ်အတွင်း၌‌ ကျောက်တုံးကလေးသည် အသက် 4နှစ်ရှိလာသည်။

ကျောက်တုံးကလေးသည် ကျန်းမာထက်မြက်ပြီး ချောမော၏။ 

သူငယ်တန်းတွင်ပင် သူနှင့်ကစားရန်အတွက် အပြိုင်အဆိုင် ငြင်းခုံနေကြရသည့် မိန်းကလေးငယ်များ ရှိနှင့်နေပြီဖြစ်သည်။


 သားလေးက ချောသော်လည်း အဖေဖြစ်သူက ပိုခန့်၏။  

ကျောက်တုံးကလေးက အရမ်းငယ်လွန်းသေးသည်။


သူငယ်တန်းဆရာ ဆရာမများအားလုံးသည်  ကျောက်တုံးကလေးအား အဖေဖြစ်သူလာကြိုမည့်အချိန်ကို စောင့်မျှော်နေကြ၏။အဖေဖြစ်သူ၏ ချောမောမှုကို မျက်ဝါးထင်ထင်တွေ့မြင်လို၍ဖြစ်သည်။


 သူတ်ို့အားလုံး သက်ပြင်းတစ်ချက်ချလိုက်ကြ၏။

“ကျောက်တုံးကလေးက ဘယ်လိုလုပ်ပြီး ဒီလိုဝင်စားနိုင်ရတာလဲ "


 ချောမောသောဖခင်နှင့်လှပသောမိခင်တို့ ရှိရုံသာမက ရွှေဇွန်းကိုက်၍မွေးဖွားလာရသည်။

ဤသည်မှာ… လူဝင်စားခြင်းစွမ်းရည်၏ ဒသမအဆင့်ပင်။


 ကျန်းယန်ရှန့်သည် ရှင်းနမ် ၏ 'သခင်မလေးကျန်း ' ဖြစ်ခဲ့ပြီဖြစ်၏။

ဤနာမည်အား ကျန်းဟွမ် ပိုင်ဆိုင်ဖူးခဲ့သော်လည်း ယခုအချိန်၌ သူမအပိုင်ဖြစ်သည်။


 သခင်မလေးကျန်းသည် စိတ်ကြီးဝင်ခြင်းမရှိဘဲ အေးအေးဆေးဆေး အလုပ်လုပ်ပြီး အလွန်စိတ်မာ၏။

ထို့ကြောင့် သက်ကြီးရွယ်အို မျိုးဆက်ဟောင်းများ၏ ချီးကျူးမှုကို ခံရသည်။


 ယခုနှစ်တွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းများသည် ထူးထူးခြားခြား ရလဒ်များ ရရှိခဲ့၏။  ရှင်းနမ်အုပ်စုသည် K မြို့ရှိ ထိပ်တန်း လူငယ်စွန့်ဦးတီထွင်သူ ၁၀ ဦးထဲမှ တစ်ဦးအဖြစ် ကျန်းယန်ရှန့်ကို ရွေးချယ်ရန် လျာထားခဲ့သည်။ 

 အနိုင်ရနှုန်းက အလွန်မြင့်မား၏။


တစ်နေ့တွင် မနက်မိုးလင်းကတည်းက တိမ်ထူထပ်နေပြီး တစ်မနက်လုံး ထိုပုံစံအတိုင်းဖြစ်၏။ 

မွန်းတည့်ချိန်နီးလာသည်နှင့်အမျှ မိုးက ရွာချလာသည်။  မိုးသည်းထန်စွာရွာသည်ဟု မပြောလောက်သော်လည်း 

သာမန်မိုးတော့မဟုတ်ချေ။


ကျန်းယန်ရှန့်သည် ထိပ်စီးပိုင်းခေါင်းဆောင်တစ်ဦးနှင့် တွေ့ဆုံရန် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်သို့ သွားရောက်ခဲ့သည်။  


တွေ့ဆုံပြီးနောက် သူမထွက်လာသောအခါ အပြင်၌ မိုးရွာပြီး ရေများအိုင်နေ၏။


 ဝန်ထမ်းများသာ ရုံးဝင်းအတွင်းရှိ ကားပါကင်တွင် ရပ်နားနိုင်သည်။  

အနီးတစ်ဝိုက်တွင် ခြံဝန်းတစ်ခုရှိပြီး ပြင်ပကားပါကင်လည်းရှိသည်။  ကျန်းယန်ရှန့်သည် သူမ၏ကားကို ထိုနေရာတွင် ရပ်ထားခဲ့၏။

ကားဆီရောက်ဖို့က အနည်းငယ် ဝေးကွာနေသေးသည်။


 ကျန်းယန်ရှန့်အတွက် ဤအခြေအနေသည် ကြုံထောင့်ကြုံခဲပင်။

သူမသွားသည့်နေရာအများစုတွင် မြေအောက်ကားပါကင်သို့မဟုတ် ကားပါကင်များရှိတတ်၏

သော့ပျောက်ဆုံးလျှင် အကူအညီပေးမည့်

သီးသန့်ကားပါကင်အစောင့်များပင် ရှိသေးသည်။ 

ယခုကဲ့သို့သောအခြေအနေကို ဤနေရာ၌သာ ကြုံရသည်ဖြစ်၏။


ကျန်းယန်ရှန့်သည် ဝင်ပေါက်တွင် ရပ်ကာ မိုးတိတ်အောင် စောင့်ဆိုင်းနေခဲ့သည်။

 ပျင်းရိငြီးငွေ့စွာဖြင့် စိတ်ထဲတွင် အမျိုးမျိုးတွေးနေမိ၏။


 ယခုလေးတင်ပြုလုပ်ခဲ့သည် အစည်းအဝေးသည် အဆင်ပြေချောမွေ့စွာပြီးဆုံးခဲ့သည်။

ကျန်းယန်ရှန့်သည် ကုမ္ပဏီ၏လောလောလတ်လတ် ရန်ပုံငွေအ‌စီအစဉ်အကြောင်းကို စဉ်းစား၏။

ထို့နောက် ကိုယ်ပိုင် ရင်းနှီးမြုပ်နှံမှုများအကြောင်း တွေးသည်။


 နိုင်ငံခြားသို့ကျောင်းသွားတက်သည့် ကျန်းဟယ်လင်း၏အကြောင်းလည်း ခေါင်းထဲပေါ်လာသေး၏။

ကျန်းဟယ်လင်းသည် နွေရာသီကျောင်းပိတ်ရက်တွင်

လမ်းပေါ်၌ကျင်းပသည့် စွမ်းဆောင်ရည်ပြရှိုးပွဲတစ်ခု၏  ဆွဲဆောင်မှုကိုခံခဲ့ရပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

သူမသည် အတားအဆီးအားလုံးကို ကျော်ဖြတ်ပြီး ဖိုင်နယ်သို့ရောက်ရှိကာ 'အရည်အချင်းရှိသော မိန်းကလေး' အဖြစ် သတ်မှတ်ခြင်းခံခဲ့ရ၏။

 ထို့နောက် ကျောင်းမှ ခေတ္တအနားယူကာ  ဖျော်ဖြေရေး အသိုင်းအဝိုင်းသို့ ဝင်ရောက်ခဲ့သည်။


Xxxxxxx


Part 305 (End)


ကျန်းဟယ်လင်းသည် ဖျော်ဖြေရေးနယ်ပယ်တွင် အလွန်ရေပန်းစားသော လူငယ်သရုပ်ဆောင်ရှုလီချန်နှင့်  အလွန်ရင်းနှီးသော ဆက်ဆံရေးရှိ၏။

 ရှုလီချန်က  ကျန်းဟယ်လင်းကိုဂရုစိုက်ပြီး သူ၏ကိုယ်ပိုင် တီဗီစီးရီး၌ ပါဝင်ခွင့်ပေးမည်ဟု ခေါင်းမော့ရင်ကော့၍ပြောကြားခဲ့သည်။

သို့သော် များမကြာမီတွင် ကျန်းယန်ရှန့်ထံ အလောတကြီးဖုန်းဆက်၍ ညီမဖြစ်သူအားပြန်လည်ခေါ်ဆောင်သွားရန် ခယရတော့၏။

ရှုလီချန်သည် သူ၏တီဗီစီးရီးကို မပျက်စီးစေချင်သေး။


 ထိုအခါ ကျန်းယန်ရှန့်က အံ့ဩသွားသည်။

" သူကဆိုးရွားတယ်ပေါ့ "


မဖြစ်နိုင်သောအရာပေ။

 ကျန်းဟယ်လင်းသည် ရုပ်ရည်ချောမောလှပ၍ စိတ်ထားကောင်းရုံသာမက စန္ဒယားလည်းတီးတတ်ပြီး ဗဟုသုတလည်း ကြွယ်ဝသေးသည်။

သူမနှင့်အတူ ပွဲဦးထွက်ခဲ့သည့် အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းအရွယ် မိန်းကလေးများနှင့်ယှဉ်ကြည့်ပါက အစစအရာရာအပုံကြီးသာ၏။


ကျန်းဟယ်လင်းသည် ဤလိုအခွင့်အရေးမျိုးနှင့်ထိုက်တန်သည်။


 ထို့ကြောင့် ဤသို့သောအခြေအနေမျိုးက မဖြစ်နိုင်ပေ။


 ရှုလီချန်က ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချသည်။

 "သရုပ်ဆောင်တာက အရည်အချင်းရှိဖို့ လိုတယ်"


 ရှုလီချန်သည် မွေးရာပါအရည်အချင်းရှိသူဖြစ်သည်။  ကျန်းဟယ်လင်းမှာမူ ထိုအရာနှင့်ဆန့်ကျင်ဘက်ဖြစ်၏။


 “သူက အဆိုအက ကောင်းတယ်... ဒါပေမယ့် သရုပ်ဆောင်ပိုင်းမှာတော့ ဒီလောက်ထိ ချာတူးလန်နေမယ်လို့ ထင်မထားဘူး...ရယ်ရတယ်အရမ်း... အစက ခေါင်းဆောင်မင်းသမီးရဲ့  စီနီယာအစ်မလိုမျိုး ဇာတ်ရုပ်က သူ့အတွက် နည်းသေးတယ်ထင်ခဲ့ပေမဲ့ မဟုတ်ဘူး

.... သူ ပေါ်လာသမျှ sceneမှန်သမျှက သုံးစားမရတော့တာ ...သေလိုက်ပါတော့ "


"ဒါဆို ဟယ်ဟယ့်ကိုပြောလိုက်လေ သူက နားလည်မှုရှိပါတယ် "


 "ငါကလည်း နားလည်မှုရှိလွန်းလို့ မပြောရက်တာပေါ့ "  ရှုလီချန်က ခေါင်းကို ကုတ်သည်။


 "သူ ဘယ်လောက်ကြိုးစားပမ်းစားလုပ်‌နေလဲ... နင်မသိဘူး  .....ငါ့ကို ဒါရိုက်တာက တောင်းပန်နေပြီ ​​နည်းလမ်းရှာပါတဲ့...ဒါရိုက်တာကြီးတောင် သူ့ကိုတိုက်ရိုက်မပြောရက်ဘူး "


နောက်ဆုံး၌ ကျန်းယန်ရှန့်က ကျန်းဟယ်လင်းကို

ဖုန်းဆက်လိုက်တော့သည်။


ကျန်းဟယ်လင်းမှာ အလွန်ပင်စိတ်ပေါ့သွား၏။


 "ညီမလည်း အလုပ်ဖြစ်မယ်လို့ မထင်ပါဘူး...ဒါပေမဲ့ ဘယ်သူမှဘာမှမပြောကြတော့ ဆက်လုပ်နေရတာ " ကျန်းဟယ်လင်းက အနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။

  

" အစ်ကိုရှု...  အစောကတည်းက ဘာလို့မပြောတာလဲ တကယ်ကို ထွက်သွားချင်နေတာ ....  သရုပ်ဆောင်ရတာ မကြိုက်ဘူး...စင်ပေါ်တက်ရတာပဲကြိုက်တယ်"


 ကျန်းဟယ်လင်းသည် နောက်ဆုံးတွင် အခြားမိန်းကလေးအချို့နှင့်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး သရုပ်ဆောင်အစား အချိန်ပြည့် idol ဖြစ်လာခဲ့သည်။


 ဖျော်ဖြေရေးအသိုင်းအဝိုင်း၌ သူမကိုကာကွယ်ရန် ရှုလီချန် ရှိသည်။  


ဖျော်ဖြေရေးအသိုင်းအဝိုင်းအပြင်ဘက်၌ ကျန်းဟယ်လင်း၏အဘွား ၊ဖခင်နှင့် အစ်မတို့က  ကျောထောက်နောက်ခံအဖြစ် တည်ရှိနေ၏။ 

အကောင်းဆုံးအရင်းအမြစ်များရှိသောကြောင့် ထိုအဖွဲ့သည် အလွန်အောင်မြင်သည်။


ကျန်းယန်ရှန့်သည် ကျန်းရှို့ချန်အကြောင်းကို တွေးနေမိ၏။ ကျန်းဟွမ်သည် ကျန်းရှို့ချန်တစ်ယောက် အိမ်တွင်းအောင်းနေသည်ကို လုံးဝသဘောမတွေ့ချေ။ လူများနှင့်တွေ့ဆုံရန် အပြင်ခေါ်သွားချင်သော်လည်း  ရှို့ချန်က မလိုက်ပေ။

နိုင်ငံခြားသို့ပညာတော်သင်လွှတ်တော့လည်း ငြင်းသည်။


 နောက်ဆုံးတွင် ကျန်းဟွမ်သည်  ကျန်းရှို့ချန်အား

ကျန်းယန်ရှန့်တက်ရောက်ခဲ့သော ကျောင်းသို့သာပို့လိုက်ရ၏။ကျန်းရှို့ချန်ကိုယ်တိုင်က ဆန္ဒရှိနေသည်ဖြစ်သည်။


 ကျန်းဟွမ်သည် ကျန်းယန်ရှန့်အားစကားပြောရန် အမြဲအကြောင်းရှာနေခဲ့ပြီး တစ်နေ့တွင် ပြောစရာရှာတွေ့သွား၏။


 " လီမိသားစုက ကောင်လေးကိုသိတယ်မလား

သူ ထောင်ကျသွားတယ် ...သူ့အိမ်ကလူတွေက သူ့ကို ထုတ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ အမှုက ကြီးနေတော့ မလွယ်ဘူးတဲ့ ...  ဒီလိုမျိုး နှိုင်းကြည့်တော့လည်း သမီးမောင်လေးက တော်သေးတယ်....ဘာအပြစ်မှလုပ်မထားဘူး "


ကျန်းဟွမ်က သူ့အတွေးနှင့်သူ ဟန်ချက်ညီနေ၏။


 ကျန်းယန်ရှန့်သည် ကျောက်တုံးကလေး အကြောင်းကို တွေးတောရင်း ယနေ့သည် ကလေးကျောင်းကြိုရမည့်နေ့ဖြစ်သည်ကို သတိရသွားသည်။


ခုံတန်းပေါ်၌ တန်းစီထိုင်နေသောကလေးများက မိဘများ၏ရင်ခွင်ထဲသို့ အပြေးအလွှားသွားကြသည့်

မြင်ကွင်းသည် ချစ်စရာကောင်းလွန်း၏။

ချစ်စရာအကောင်းဆုံးကတော့ သူမ၏သားလေးဖြစ်သည်။

သူထွက်သွားတိုင်း မိန်းကလေးများက နှုတ်ဆက်ရန် အနောက်မှကပ်လိုက်လာကြလေ့ရှိ၏။


 ကျန်းယန်ရှန့်၏နှုတ်ခမ်းစွန်းများ ကော့ချိုးသွားသည်။ ရုတ်တရက် မိုးရေထဲတွင်အရိပ်ကျနေသော ရင်းနှီးသည့်အသွင်အပြင်တစ်ခုကို တွေ့လိုက်ရသည်။


ထိုသူသည်ခန္ဓာကိုယ်အချိုးအစား သွယ်လျပြီး အရပ်ရှည်၏။ ဘောင်းဘီရှည်က ခြေသလုံးအထိ ဖြာကျနေသည်။ ဝတ်ဆင်ထားသောအနက်ရောင် သားရေဖိနပ်က မိုးရေများ စိုရွှဲနေ၏။

ထိုသူကထီးကို မြှောက်လိုက်သောအခါ ချောမောသော မျက်နှာက ပေါ်လွင်လာသည်။

ယွဲ့စုန့်က သူမကိုပြုံးပြနေ၏။


  "ရှင်က ဘာလို့ဒီရောက်နေတာလဲ" ကျန်းယန်ရှန့်အံ့ဩသွားသည်။


 “ကားမောင်းနေတုန်း မိုးရွာလာတော့ မင်းဒီရုံးကိုလာတာသတိရမိသွားလို့....  ဒီရုံးက ကားပါကင်က ဝေးတယ်လေ...ကိုယ်ထင်တာမမှားဘူးပဲ "


 ယွဲ့စုန့်က သူ၏လက်မောင်းပေါ်သို့ ထီးရိုးကိုတင်လိုက်သည်။

 " အတူတူထမင်းသွားစားရအောင် "


 ကျန်းယန်ရှန့်က သူ့လက်မောင်းကိုချိတ်ကာ မိုးရေထဲရှိ ထီးအောက်သို့ တိုးဝင်လာ၏။

 မိုးရေစက်များက  ထီးအောက်သို့ တစ်စက်ချင်းလျှောကျသွားကြသည်။


  “ကျောက်တုံးကလေးကို ပြီးမှ အတူသွားကြိုကြမယ်...ကိုယ်တို့နှစ်ယောက် လာကြိုတာကို သူသဘောအကျဆုံးပဲ... ရက်နည်းနည်းလောက် ဂုဏ်ယူလို့ပြီးတော့မှာမဟုတ်ဘူး "


“မိုးက  တော်တော်နဲ့တိတ်ဦးမှာမဟုတ်ဘူး... "

 

နှစ်ယောက်သား အသေးအဖွဲ သာမန်ကိစ္စအချို့ကို ခပ်တိုးတိုးပြောနေရင်း မိုးရေထဲသို့ လျှောက်သွားကြသည်။


ခါတိုင်းရက်များလိုပင်။အံ့သြစရာတော့ မရှိချေ။


 ကျန်းယန်ရှန့်သည် ထီးပေါ်မှ မြေကြီးထက်သို့ လိမ့်ဆင်းလာသော မိုးရေတစ်စက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်

ရသည်။ ရိုက်ခတ်သံက ကျယ်လောင်၏။


 ကျန်းယန်ရှန့် ခေါင်းကိုလှည့်ပြီး ကလေးဖခင်၏မျက်နှာကို ကြည့်လိုက်သည်။

ဖြောင့်စင်းသောမျက်ခုံးမွှေးနှင့် 

ခပ်မြင့်မြင့်နှာတံများဖြင့် အလွန်တရာပင်ချောမော၏။


ကျန်းယန်ရှန့် တစ်ခုခုကိုရုတ်တရက်ခံစားလိုက်ရသည်။


 အိမ်ထောင်ရေး၌ စိတ်ပျက်ဖွယ်ကောင်းသောအရာများစွာ ရှိနေသော်လည်း ဤကမ္ဘာပေါ်၌ သာယာပျော်ရွှင်သည့် အိမ်ထောင်ရှင်ဘဝအတွက် ကြိုးစားနေသော လူပေါင်းမျာစွာရှိနေဆဲပင်။


  ကျန်းယန်ရှန့် အတွေးပေါက်သွားတော့၏။


 ဤလိုလူမျိုးဖြင့် ကံကောင်းထောက်မစွာနှင့် တွေ့ဆုံနိုင်သေးသည်။

အစောပိုင်းတွင် အိမ်ထောင်ရေး၌ အဖုအထစ်များရှိနိုင် သော်လည်းကို ထိုသူနှင့်အတူ ဘဝကို အချိန်အကြာကြီး ဖြတ်သန်းချင်သေး၏။


 လက်ထပ်ခြင်းမည်သည် 'ရေရှည်' အတွက်ဖြစ်သည်။

ဘဝအားအတူကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ချက်အားကောင်းလာသောအခါ ထိုဆန္ဒကို ကမ္ဘာသိအောင်ကြေညာပြီး လူအများရှေ့တွင် ကတိကဝတ်ပြုခြင်းတစ်မျိုးလည်းဖြစ်သည်။


 ထိုကဲ့သို့သော ချိုမြိန်မှုသည် တုန်လှုပ်ဖွယ်အတိပင်။


ယွဲ့စုန့်သည် ရုတ်တရက် လက်မောင်းဘက်မှ တင်းကြပ်မှုကို ခံစားလိုက်ရသည်။


ကျန်းယန်ရှန့်က လမ်းဆက်မလျှောက်တော့ဘဲ ရပ်နေ၏။


"ဘာဖြစ်လို့လဲ" ယွဲ့စုန့်က ကျန်းယန်ရှန့်အား မေးသည်။


 ယွဲ့စုန့်၏မျက်ဝန်းများထဲတွင် ကျန်းယန်ရှန့်သည် မိမိကိုယ်ကိုမိမိ ပြန်မြင်နေရ၏။ထိုမျှသာမက ယုံကြည်၍ရသော အငွေ့အသက်တစ်ခုလည်းသေချာပေါက်ရှိနေသည်။


ထို့ကြောင့် ယွဲ့စုန့်သည် သူမအတွက်အသင့်တော်ဆုံးဖြစ်ကြောင်း ကျန်းယန်ရှန့်သိလိုက်၏။


 ကျန်းယန်ရှန့်က ချိတ်ထားသောလက်ကိုလွှတ်လိုက်သည်။


 " ယွဲ့စုန့်... ကျွန်မနဲ့  လက်ထပ်ချင်လား"


 အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရသော ယွဲ့စုန့်သည် ခေတ္တဆွံ့အသွားပြီး ချက်ချင်းပြန်မတုံ့ပြန်နိုင်ဘဲ မျက်လုံးလေးကလည်ကလည်ဖြစ်နေရှာ၏။


  “ ရော့....ကိုင်ထား”

ယွဲ့စုန့်က ထီးရိုးကို ကျန်းယန်ရှန့်ဆီလွှဲပေးသည်။


 ထို့နောက် အခြားလက်တစ်ဖက်ဖြင့် အင်္ကျီအတွင်းအိတ်ကပ်ထဲမှ အမွေခံလက်စွပ်ကိုထုတ်ယူလိုက်ပြီး ကျန်းယန်ရှန့်၏လက်ထဲထည့်ပေးသည်။


 သူမ၏လက်ထဲမှ  အရည်အသွေးကောင်း‌သော ကျောက်မျက်ရတနာသည် မိုးရေထဲတွင် တလက်လက်တောက်ပနေ၏။


 "ဘယ်လိုလုပ် ယူလာတာလဲ"  ကျန်းယန်ရှန့်က အံ့သြသွားသည်။


 " အမြဲဆောင်ထားတာလေ "  ယွဲ့စုန့်က ဂုဏ်ယူနေဟန်ဖြင့် ခပ်ပြေပြေကလေးပြုံး၏။


 "ကိုယ်သွားလေရာကို အမြဲဆောင်သွားခဲ့တာ.... မင်း yesလို့ပြောမဲ့နေ့ကို စောင့်နေရင်းနဲ့... "  


ယွဲ့စုန့်က သူ၏နဖူးကိုလက်ဖြင့်အုပ်ကာ ရှက်သွေးဖြာလျက်ရယ်တော့သည်။


 "အင်း....ကျွန်မရှင့်ကိုလက်ထပ်မယ် ....အကြာကြီးစောင့်ခိုင်းမိသွားပြီ "


Xxxxxxxx❤️ပြီးပါပြီ❤️xxxxxxxxX