အခန်း _၁
Viewers 129

     "ထွက်စာတင်ဖို့ သေချာသွားပြီလား စတယ်လာ"


  ဆေးရုံရုံးခန်းတစ်ခုအတွင်းရှိ စားပွဲခုံနောက်ထိုင်နေသော သက်လတ်ပိုင်းလူတစ်ဦးမှာ စားပွဲရှေ့ရပ်နေသော အမျိုးသမီးအားလေးလေးနက်နက်မေးလိုက်သည်။သူ၏မျက်ဝန်းပြာများထဲတွင် နှမျောတသဖြစ်နေမှုအရိပ်အယောင်များလည်း ထင်ဟပ်နေ၏။


  "သေချာပါတယ် ဆရာ။ကျွန်မအဘွားနေမကောင်းဖြစ်စဉ်တည်းက သူမကကျွန်မကိုမွေးရပ်မြေဆီပြန်သွားကြဖို့ အလီလီပြောခဲ့ဖူးတယ်။အဲ့ကတည်းက ဒီအတွေးရှိနေပေမယ့် အဘွားကျန်းမာရေးအတွက်ဆက်နေ နေခဲ့တာပါ။အခုအဘွားလည်းဆုံးပါးသွားပြီဆိုတော့ ကျွန်မသူ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်တယ်။ဆရာ့စေတနာကိုလည်း ကျွန်မနားလည်ပါတယ်။တရုတ်ပြည်ထက် ဒီမှာဆက်နေတာက ကျွန်မအနာဂတ်ကိုပိုကောင်းသွားစေနိုင်မှန်းလည်း သိပါတယ်။ဒါပေမယ့် အဘွားလည်း မရှိတော့တဲ့နောက် ဒီနိုင်ငံရပ်ခြားမှာဆက်ရှိနေမယ့်အစား တရုတ်ပြည်ပြန်ပြီး သူ့အတွေးအရိပ်နောက်လိုက်သွားတာက ပိုကောင်းမယ်ထင်လို့ပါ။ကျွန်မတောင်းပန်ပါတယ် ဆရာ"


  အမျိုးသားကြီးမှာ မျက်မှန်အားချွတ်ကာ နှာရိုးအားအသာနှိပ်ရင်း သကပြင်းတစ်ချက်ချလိုက်သည်။ကြည့်ရသည်မှာ သူ့၌သူမအားဆွဲထားရန် အကြောင်းပြချက်မထုတ်နိုင်တော့သည့် အလားပင်။


  "ကောင်းပြီလေ။ဒါဆိုလည်းဒီထွက်စာကို လက်ခံလိုက်ပါ့မယ်။ဘာပဲဖြစ်ဖြစ် ဆေးပညာမိသားစုကြီးထဲကနေ ထွက်သွားတာမှမဟုတ်တာပဲလေ။မင်းရဲ့ခရီးလမ်း သာယာဖြောင့်ဖြူးပါစေ စတယ်လာ"


  အမျိုးသမီးလေးမှာ အသာပြုံးကာ ဦးညွှတ်လိုက်ရင်း


  "ကျေးဇူးတင်ပါတယ်ဆရာ။ဟိုကိုရောက်ရင်လည်း ဆရာနဲ့အဆက်အသွယ်လုပ်ဖြစ်နေမှာပါ"


  အမျိုးသားကြီးမှာခေါင်းသာ အသာငြိမ့်ပြလိုက်ရတော့သည်။


  ဆေးရုံမှထွက်လာပြီးနောက် စတယ်လာမှာသူမအထုတ်အပိုးများအား သိမ်းဆည်းကာအဘွားဖြစ်သူ၏ ပြာအိုးအားပိုက်လျက် လေဆိပ်ဆီထွက်လာခဲ့လိုက်တော့၏။


  မြင်ကွင်းတစ်ဆုံးတိမ်လွှာဖြူများအားကြည့်ကာ ပေါင်ပေါ်ရှိပြာအိုးအားအသာအယာပွတ်ရင်း


  "ဘွားဘွား လိလိအခုအဘွားအမြဲသတိရနေခဲ့တဲ့ တရုတ်ပြည်ဆီပြန်နေပါပြီ။အဲ့ကိုရောက်ရင်လည်း ဘိုးဘိုးရဲ့နေရာဘေးချန်ထားတဲ့နေရာမှာ ဘွားဘွားနေရမှာမလို့ အရမ်းစိတ်လှုပ်ရှားနေရောပေါ့။နှစ်(၂၀)ကျော်ခွဲနေခဲ့ရတာဆိုတော့ ဘွားဘွားတို့မှာ ပြောစရာတွေအများကြီးရှိနေမှာပဲနော်။အချိန်ဆွဲထားခဲ့မိတဲ့အ‌တွက်လည်း လိလိတောင်းပန်ပါတယ် ဘွားဘွား"


   လေယာဉ်ထိုင်ခုံပေါ်မှီကာ မျက်စိများမှိတ်ရင်းထိုစကားများအား တီးတိုးရေရွတ်ကာ ဤရက်ပိုင်းတွင်းပင်ပန်းမှုအားမလွန်ဆန်နိုင်တော့ဘဲ အိပ်မောကျသွားတော့သည်။သို့သော်သူမသတိမထားမိသည်မှာ သူမမျက်ဝန်းမှကျဆင်းသွားသော မျက်ရည်စက်လေးမှာ ပေါင်ပေါ်ရှိပြာအိုးပေါ်ကျကာ ပြာအိုးမှတောက်ပသောအလင်းလုံးလေးထွက်လာသည်ကိုပင်။ထိုအလင်းလုံးလေးမှာ တစ်စတစ်စကြီးမားလာပြီး သူမတစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားပါတော့၏။


- - - - - - - -


  "ခရီးသည်များရှင် မကြာမီအချိန်အတွင်း ရှန့်ရှီးစီရင်စုဘူတာဆီ ဆိုက်ရောက်ပါတော့မယ်ရှင်"


  မှေးခနဲအိပ်ပျော်သွားသောကျားလိမှာ ရုတ်ခြည်းထွက်ပေါ်လာသော လော်စပီကာမှအသံကြောင့် ဆတ်ခနဲနိုးလာသည်။ထို့နောက်နားတွင်းသို့ဝင်ရောက်လာသော စကားသံပေါင်းများစွာနှင့် စက်သံတစ်ဂျုန်းဂျုန်းကြောင့် ကြောင်အမ်းသွားတော့၏။သူမမှာလေယာဉ်ပေါ်ရှိနေသည်ကို ဤဆူညံသံများကမည်သည့်နေရာမှ ရောက်လာပါသနည်း။ထိုစဉ်လေတစ်ဝှေ့က မျက်နှာအားဖြတ်တိုက်သွားလေရာ ကြောင်အမ်းမှုအား အံ့အားသင့်မှုကအစားထိုးလိုက်ကာ ဘေးလှည့်ကြည့်လိုက်ချိန်တွင်တော့ လိပ်ပြာလွင့်မတတ်ဖြစ်သွားရပါတော့သည်။


  ကျားလိမှာအမြင်မှားသည်အထင်ဖြင့် မျက်ဝန်းများအားပွတ်သပ်မည့်ဟန်ပြင်လိုက်သော် သူမကိုယ်ပေါ်ရှိအဝတ်အစားများကြောင့်  ကြောင်အသွားရပြန်၏။အပေါ်ဝတ်ရုံစဖြင့် ဤအဝတ်အစားများမှာ အဘွားဖြစ်သူဝတ်ဆင်နေကျဖြစ်သည့် ချီဖောင်ဆိုသည့်ဝတ်စုံဖြစ်ကာ စီးထားသော ဒေါက်ဖိနပ်မှာလည်း သူမအပိုင်ဟုတ်မနေပေ။ထိုအခါမှ အဘွားဖြစ်သူ၏ ပြာအိုးအားသတိရသွားကာ ပျာပျာသလဲလိုက်ရှာပါသော်ငြား မတွေ့ရပါတော့ချေ။အပြင်ဘက်ရှိမြင်ကွင်းများအရ သူမမှာရထားတစ်စင်းပေါ်ရောက်နေဟန်ရသည်။သူမအတွေးထဲ ပထမဆုံးဝင်လာသည့်အတွေးမှာ သူမတို့လေယာဉ်ပြန်ပေးဆွဲခံလိုက်ရသည်ဟူ၍။ခဏတာမျှ ဟိုဟိုဒီဒီရှာဖွေကြည့်ရာ ကြီးမားသောဘီးတပ်ခရီးဆောင်အိတ်ကြီးတစ်လုံး၊လက်ဆွဲအိတ်တစ်လုံး၊ကတ်ထူသေတ္တာတစ်လုံး၊ကြိုးရှည်အမျိုးသမီးသားရေအိတ်တစ်လုံးအပြင် အထုတ်ကြီးတစ်ထုတ်နှင့် ခုံတန်းပေါ်တွင် တင်ထားသော ခေတ်ဟောင်းပိုလာရွိုက်ကင်မရာတစ်လုံးနှင့် မှန်ဝိုင်းတစ်ချပ်အား တွေ့ရှိလိုက်သည်။


  သူမမှာ မှန်အားကောက်ကာ ကြည့်လိုက်သော် မှန်ထဲရှိမျက်နှာလေးမှာ မျက်စိမလွှဲရက်စရာ‌ပင်။ဘဲဥသဏ္ဍာန် မျက်နှာသေးသေးလေး၊မျက်ဝန်းနက်ဝိုင်းဝိုင်း‌ေလးများ၊မိုးမခကိုင်းနှယ် သွယ်လှသော မျက်ခုံးတန်း၊ယပ်တောင်တစ်ချပ်ဖြန့်ထားသလို ဖြစ်နေသည့် ထူထဲနက်မှောင်သော မျက်တောင်မွှေးများ၊‌ေဖြင့်စင်းကာ‌ေနသည့်နှာတံချွန်ချွန်၊မထူမပါးလုံးဝန်း‌ေသာ နှုတ်ခမ်းသေးသေးလေးနှင့် အနက်ရောင်ပေါင်မုန့်ခွက်ဦးထုပ်‌ေအာက်မှ ငှက်မွှေးသဏ္ဍာန်အလွှာအထပ်များဖြင့် အညို‌ေဖျာ့‌ေဖျာ့ဆံပင်အ‌ေကာက်များဖြင့် သူမမှာသူမပင်ဖြစ်လင့်ကစား လွန်စွာငယ်ရွယ်လွန်းနေပုံပေါက်နေ၏။သူမမှာ ၂၆နှစ်ရှိနေပြီဖြစ်သော်ငြား လက်ရှိရုပ်သွင်မှာ ဆယ်ကျော်သက်သာသာပင် ပုံထွက်နေသည်။ထို့အပြင် အလုပ်ရှုပ်နေရသည့်နေ့ရက်များကြောင့် ဖြစ်သလိုနေရသည့်အတွက် သူမအသားအရည်မှာ ဖြူသည်ဆိုသော်ငြား ကြည်လင်မနေချေ။လက်ရှိသူမအသားအရည်မှာတော့ အခွံခွာလိုက်သည့် ကြက်ဥဖြူဖြူလေးအလား ကြည်လင်တောက်ပနေကာ လက်ဖြင့်ထိလိုက်လျှင်ပင် ရေများစီးကျလာတော့မည့်အလားပင်။လက်ရှိအခြေအနေမှာ ဘာမှန်းမသိရသေးပေသိ သူမမှာသတိလက်လွတ်ပီတိဖြစ်သွားလိုက်မိသည်။


  စိတ်ကိုပြန်ထိန်းကာ ထိုကိစ္စအားနောက်ပို့၍ မျက်စိရှေ့ရှိအထုတ်အပိုးများအားကြည့်ကာ ပထမဆုံးအထုတ်ကြီးအား ဖွင့်ကြည့်လိုက်‌ေသာ် ‌မကြားဖူး‌ေသာတံဆိပ်များဖြင့် ချောကလက်များ၊ချိုချဉ်ထုတ်ကြီးများ၊ကွတ်ကီးများနှင့် ပေါင်မုန့်ထုတ်များဖြင့် ပြည့်နှက်နေသည်။တစ်ဖန်ဘီးတပ်ခရီးဆောင်အိတ်ကြီးအား ဖွင့်လိုက်ရာချည်ထည်စကပ်ရှည်လေးများ၊မန်ဒရင်းကော်လံနှင့်တံတောင်ဆစ်ဖုံး‌ေခါင်း‌ေလာင်းလက်ဖြင့်ချည်ထည်အင်္ကျီလေးများ၊ရေမွှေးပုလင်းများ၊အလှကုန်ပစ္စည်းများ၊ချီဖောင်ပုံစံအစုံ၊အတွင်းခံများ၊သားရေဖိနပ်တစ်စုံ၊အားကစားဖိနပ်တစ်စုံ၊ခြေအိတ်လက်အိတ်များ၊ဦးထုပ်များနှင့် ဆေးပညာစာအုပ်အပြင် အခြားအင်္ဂလိပ်စာအုပ်ပေါင်းစုံရှိနေ၏။တစ်ဖန် ကတ်ထူပုံးကြီးအား ဖွင့်လိုက်ရာ ပုံးအပြည့် လစဉ်သုံးပစ္စည်းများနှင့် ရေချိုးပစ္စည်းအစုံများဖြင့်ပြည့်‌ေနသည်။ထို့နောက် လက်ဆွဲအိတ်အားဖွင့်လိုက်ရာ ဆရာဝန်ဝတ်ကုတ်အဖြူတစ်ထည်၊နားကြပ်၊အရေးပေါ်ဆေးဝါးပစ္စည်းများ၊ဘောပင်ဘူးများ၊မှတ်စုစာအုပ်များအပြင် စာရွက်စာတမ်းများတွေ့လိုက်ရ၏။


  စိတ်စေရာအတိုင်းထိုစာရွက်စာတမ်းများထံ သူမလက်လှမ်းလိုက်သည်။စာရွက်စာတမ်းအိတ်အား ဖွင့်လိုက်ရာ ဦးဆုံးမြင်ရသည်မှာ သူမကိုယ်ရေးအကျဉ်းပင်။ကိုယ်ကိုတိုင်၏ ကိုယ်ရေးအကျဉ်းအားဖတ်ရသည်မှာ ဤမျှကြောက်စရာကောင်းမှန်းမသိခဲ့ရပေ။ခေါင်းမာမာဖြင့် ကျန်သည့်စာရွက်စာတမ်းများအားကြည့်လိုက်ရာ သူမအမည်ပေါက်ဖြင့် ရှန်ဟိုင်းရှိဝင်ပေါက်သုံးခုပါ ဗီလာ၂လုံး၏စာချုပ်များဖြစ်ကာ ကျန်သည်မှာ ယွမ်တစ်သိန်းပါငွေစုစာအုပ်ဖြစ်၏။တုန်ယင်နေသောလက်အစုံဖြင့် နောက်ဆုံးကျန်သည့်စာအိတ်လေးအား ကောက်ကာဖွင့်ဖတ်လိုက်သည်။ထိုစာအားဖတ်ပြီးသည့်နောက်တွင်တော့ သူမမှာအချိန်အတော်ကြာသည်ထိ ငြိမ်သက်သွားတော့၏။


  ခဏအကြာတွင် သားရေအိတ်လေးအားဖွင့်လိုက်ရာ ဖလင်စက္ကူများ၊ဆယ်ယွမ်တန် ငါးသောင်းအပြင် မည်မျှပါမှန်းမသိသည့်အကြွေစေ့တစ်အိတ်နှင့် စုံလင်လှသောလက်မှတ်များအား တွေ့လိုက်ရသည်။ထိုသည်တို့အားကြည့်ကာ သူမသည်ရယ်မောမိလိုက်တော့၏။ရယ်မောနေရင်းပင် မျက်ရည်များကျလာပြန်သည်။သူမ၏တရုတ်ပြည်ပြန် ခရီးမှာအတိတ်သို့ခေါ်ဆောင်သွားပေးမည်ဟု ထင်မထားခဲ့ဖူးပေ။အဆိုးထဲမှကောင်းသည်မှာ သူမ၌အနာဂတ်ကာလတွင် နောက်ဆံတင်းစရာကျန်မနေခဲ့ခြင်းပေ။ယူကျုံးမရဖြစ်ရသည့် တစ်ခုတည်းသောအရာမှာ အဘွားဖြစ်သူအားသူမခင်ပွန်းထံပြန်မပို့ပေးလိုက်နိုင်ခြင်းသာ။


  စာအိတ်လေးထဲရှိ စာမှလျိုဇီရွေ့ဆိုသူပြောပုံအရဆိုလျှင် သူမမှာမတည်မငြိမ်ကာလတွင် မိဘနှစ်ပါးအားဆုံးရှုံးလိုက်ရပြီး အဘွားဖြစ်သူနှင့်နိုင်ငံခြားသို့လိုက်သွားခဲ့ရကာ ထိုနိုင်ငံတွင်ပင် ပညာသင်ယူရင်း ဆေးပညာမဟာဘွဲ့ကိုငယ်ငယ်ရွယ်ရွယ်ဖြင့်ရခဲ့ခြင်းဖြစ်သည်။မကြာသေးသော ကာလပိုင်းက တရုတ်ပြည်တွင်ကျန်ခဲ့သောအဘိုးဖြစ်သူဆုံးပါးသွားသည်ဆိုသည့် သတင်းရသွားသော အဘွားမှာလည်း တရှောင်ရှောင်ဖြစ်လာကာ ဆုံးပါးသွားခဲ့၍ တစ်ဦးတည်းကျန်ခဲ့သော ၁၉နှစ်အရွယ်သူမကို အဘိုးဖြစ်သူမှစောင့်ရှောက်‌ေဖးမကာ ကူညီပေးခံခဲ့ရသည့် လျိုဇီရွေ့မှ နည်းလမ်းရှာကာ နိုင်ငံတွင်းပြန်လည်ခေါ်ဆောင်ခဲ့သည်။သို့သော်နိုင်ငံရပ်ခြားမှလာသည့်သူဖြစ်၍ သူမအားရှန်ဟိုင်းတွင် တန်း၍တာဝန်ထမ်းဆောင်ခိုင်း၍ မရခဲ့ပေ။ထို့ကြောင့်အချိန်ခဏတာ ကျေးလက်ဘက်သွားကာတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။လျိုဇီရွေ့မှာ နည်းလမ်းပေါင်းစုံသုံးကာ အသက်သာဆုံးစီရင်စုထုတ်လုပ်ရေးဆီ သူမအားစီစဉ်ပေးခဲ့သည်။မကြာမီအချိန်တွင် သူမအားရှန်ဟိုင်းဆီ ရာထူးမြင့်မြင့်ဖြင့် ပြန်လည်ခေါ်ယူကာတာဝန်ပေးမည်ဟု ကတိပေးခဲ့၏။


   ကျားလိမှာသက်ပြင်းခဏခဏချနေမိသည်။သူမမှာငယ်စဉ်ကတည်းက နိုင်ငံရပ်ခြားတွင်ကြီးပြင်းလာသူဖြစ်၍ အဘွား၏နှုတ်ထွက်စကားများမှအပ တရုတ်ပြည်အကြောင်းစုံစုံလင်လင်သိမထားပေ။သို့သော်ငြား သူမဘေးရှိအထုတ်အပိုးများထဲမှ အသုံးအဆောင်၊ငွေပမာဏနှင့် နေထိုင်စရာများအပြင် လက်ရှိအလုပ်အကိုင်အားတွေးလိုက်မိကာ တော်သေးသည်ဟု ပြောရပေမည်။ကျားလိမှာ ငယ်စဉ်မှအဘွားဖြစ်သူနှင့်သာ ကြီးပြင်းလာသူဖြစ်၍ ရင့်ကျက်သူပီပီအရာတစ်ခုအပေါ်အကောင်းဘက်မှသာ တွေးတတ်သူဖြစ်၏။ယခုအစီအစဉ်မှာလည်း အဘွားဖြစ်သူ၏ဆန္ဒဖြစ်ချင်ဖြစ်လောက်ပေမည်။စာရွက်စာတမ်းများအရလည်း သူမမှာနိုင်ငံရပ်ခြားမှလာသူဖြစ်သည်မို့ ဒုက္ခရောက်စရာသိပ်ရှိမည်မထင်ပါချေ။ထိုသို့တွေးကာဖြင့် သူမရှုပ်ထားခဲ့သည်တို့အား ပြန်လည်သိမ်းဆည်းလိုက်တော့သည်။