အခန်း _၁၁
Viewers 128

    ချွေးမကျန်းအားအသေးစိတ်ထပ်မံစစ်ဆေးပြီးသည်နှင့် တုန်မေ့ထံမှာစရာရှိသည်တို့ကိုမှာထားခဲ့ကာ ကျားလိလည်းအိမ်ပြန်လာခဲ့တော့သည်။မနက်ဖြန်တွင်စီရင်စုမြို့ဆီလိုအပ်သည့်ပစ္စည်းများ သွားဝယ်ရမည့်အပြင်ရှောင်စန်းအတွက်ဆရာတစ်ယောက်ကိုလည်း စုံစမ်းပေးရဦးမည်။သူမစိတ်ထဲအစီအစဉ်များဆွဲကာပြန်လာစဉ် အိမ်ရှေ့နားရောက်သည်နှင့် ခြံပေါက်ဝ၌လက်ဝှေ့ယမ်းကာအပြုံးဖြင့်ကြိုဆိုနေသောရှောင်စန်းအားတွေ့လိုက်ရသည်။သူသည်ကျားလိအားတွေ့သည်နှင့် ကျည်ဆံလေးလိုပြေးချလာကာသူမလက်ထဲရှိလက်ဆွဲအိတ်အား ကူသယ်ပေးလာ၏။ကျားလိမှာလည်း ရှောင်စန်း၏တက်ကြွမှုအရင်းခံကိုသိနေရာခေါင်းသာယမ်း၍ရယ်လိုက်မိသည်။


  "ကျားလိကျဲ ကျွန်တော်တို့ကျောင်းကဆောင်းဦးပွဲတော်အတွက်ပိတ်ပေးလိုက်ပြီ။အဲ့ဒါမနက်ဖြန် အစ်မဈေးသွားရင်ကျွန်တော့်ကိုပါခေါ်သွားပေးလို့ရမလား"


  ကျားလိမှာသူ၏တလက်လက်တောက်ပနေသော မက်မွန်လွှာမျက်ဝန်းအိမ်တို့မှ တောင်းဆိုနေဟန်တို့ကြောင့် အမြန်အကြည့်လွှဲလိုက်သည်။အမှန်တော့ ကျားလိမှာမနက်ဖြန်တွင် ရှောင်ဟွေ့အားခေါ်သွားရန်စီစဉ်ထား၏။အဓိကမှာဤကလေးရှောင်စန်းမှာ သူ့အတွက်ဆရာခေါ်သည့်အစီအစဉ်ပျက်သွားခဲ့ပါလျှင် လူလယ်ခေါင်၌ရုတ်တရက်ကြီးထငိုလိုက်မည်ကို စိုးရိမ်သောကြောင့်ပင်။သို့သော် အမှန်အတိုင်းပြောချလိုက်၍မဖြစ်သောကြောင့် ချော့မြူ‌ေပြာပြလိုက်သည်။


  "မနက်ဖြန်ကျရင် အစ်မမှာဝယ်စရာတွေကအများကြီးလေ အဲ့တော့သယ်ရမှာတွေကအရမ်းများမှာ။တစ်ကယ်လို့မင်းသာအထုတ်အပိုးတစ်စီတစ်တန်းနဲ့ ဖိုသီဖတ်သီဖြစ်နေခဲ့ရင် မင်းရဲ့ဆရာကအမြင်မကြည်ဖြစ်သွားလိမ့်မယ်။အရင်ဆုံးအစ်မကအရင်စကားပြောဆွေးနွေးခဲ့ပြီးမှ မင်းအနေနဲ့သီးသန့်သွားတွေ့လိုက်ပေါ့။ပြီးတော့ မင်းအစ်ကိုရှောင်ဟွေ့က မင်းထက်အရပ်ရှည်ပြီးသန်မာတော့ အစ်မလည်းသူ့ကိုအထုတ်အပိုးတွေသယ်ခိုင်းရမှာ စိတ်မလေးတော့ဘူးလေ။မဟုတ်လို့ မင်းသာကူညီပေးရင် အစ်မကမင်းကိုအားနာနေမိမှာ"


  ရှောင်စန်းမှာကျားလိစကားကြောင့်တွေဝေသွားသော်လည်း သူ့အမြင်ကိုထုတ်ပြောလာသည်။


  "ဒါပေမယ့် ကျွန်တော့်ကိုသင်ပေးမယ့်ဆရာက ကျွန်တော်ကိုယ်တိုင်မတောင်းဆိုခဲ့ရင် ဘယ်လိုလုပ်အမြင်ကြည်မှာလဲ"


  "ကိစ္စမရှိပါဘူး အစ်မမင်းကိုအာမခံတယ်နော် ဟုတ်ပြီလား"


  ကျားလိ၏မျိုးစုံဖြောင်းဖြမှုတို့ကြောင့် ရှောင်စန်းလည်းအင်တင်တင်ဖြင့်လက်ခံလိုက်ရတော့၏။ကျားလိလည်း ရှောင်စန်းကလက်လျှော့ပါမှ သက်ပြင်းချမိလိုက်သည်။နောက်နေ့မနက်ရောက်သော် သူမမှာစီရင်စုဆီမသွားခင်ချွေးမကျန်း၏ အခြေအနေကိုစစ်ဆေးပေးကာ နေ့လည်တွင်အိမ်ပြန်၍ရပြီဖြစ်ကြောင်း ပြောပြ၍ဆောင်ရန်ရှောင်ရန်တို့ကို ဂရုတစိုက်ဖြင့်အ‌ေလး‌ေပးပြောပြပေးလိုက်၏။


  ကျားလိမှစီရင်စုမြို့ထဲသွားမည်ကိုသိသောခေါင်းဆောင်ကျိမှာ သူမအတွက်ထွန်စက်ငှားပေးလိုက်သည်။ထွန်စက်ဖြင့်ဆို သူမတို့လည်းမပင်မပန်းမြန်မြန်သွား မြန်မြန်ပြန်လာ၍ရလေရာ ကျားလိမှာခေါင်းဆောင်ကျိအားကျေးဇူးတင်စကားပြောခဲ့၏။ကျားလိတို့မှာထွန်စက်ဖြင့်စီရင်စုမြို့ဆီသွားမည်ဖြစ်ကြောင်းကိုသိသွားသော ရှောင်စန်းနှင့်ရှောင်စစ်တို့မှာ သူတို့ပါလိုက်မည်ဟုပူဆာနေကြပြန်ရာ အမေယီကဆူငေါက်ထားရသည်။


  ကျားလိတို့သွားခါနီးတွင် အမေယီမှာ၃ယွမ်နှင့်လက်မှတ်များအားထည့်ပေးကာ အိမ်အတွက်လိုအပ်သည်တို့အားထိုငွေထဲမှသာသုံးခဲ့ရန်သတိပေးခဲ့၏။ကျားလိမှ ငြင်းမနေဘဲလက်ခံလိုက်မှသာအမေယီလည်းစိတ်သက်သာရာရသွားသည်။ကျားလိမှာလည်း အမေယီ၏ထိုကဲ့သို့အခွင့်အရေးအားရသလောက်မယူတတ်သည့်အကျင့်ကိုနှစ်သက်လေ၏။ထို့နောက်ကျားလိနှင့်ရှောင်ဟွေ့တို့လည်း ထွန်စက်ပေါ်တက်ကာစီရင်စုမြို့ဆီဦးတည်သွားတော့သည်။စီရင်စုမြို့ထဲရောက်သော် ထွန်စက်မောင်းသူအားဆင့်၂၀ပေးကာတစ်ခုခုစားရင်းစောင့်နေရန်ပြောခဲ့ကာ ကျားလိလည်းရှောင်ဟွေ့အားခေါ်၍သမဝါယမဆိုင်ဆီသွားလိုက်၏။ထွန်စက်မောင်းသူမှာတော့ ကျားလိပေးခဲ့သောဆင့်၂၀ကိုဝမ်းသာအားရသိမ်းဆည်းကာ ပါလာသောမန်ထိုတို့ကိုသာစားနေခဲ့သည်။


  စီရင်စုမြို့မှာပွဲတော်ရက်နားနီးလေ လူစည်ကားလေဖြစ်နေရာ ကျားလိတို့သမဝါယမဆိုင်ဆီရောက်သည့်အချိန်တွင် မနက်၁၀နာရီတောင်ထိုးနေလေပြီ။အပြင်ဘက်တွင် လူများရှုပ်ယှက်နေပေသိ သမဝါယမဆိုင်ထဲတွင်တော့ လူဦးရေမှာအရမ်းကြီးများပြားမနေဘဲ ရှင်းလင်းနေ၏။သမဝါယမဆိုင်ထဲသူမတို့ဝင်လာသည်နှင့် အရင်တစ်ခေါက်ကသူမအားဈေးရောင်းပေးခဲ့သော အရောင်းစာ‌ေရးမက ဦးဆုံးမြင်သွားခဲ့ကာ ဝမ်းသာတကြီးလာနှုတ်ဆက်တော့သည်။ပြီးခဲ့သည့်‌အခေါက်ကသူမရခဲ့သည့်ချောကလက်ကြောင့်သူမမှာအပေါင်းအသင်းများကြားအတော်လေးနာမည်ကောင်းရသွားခဲ့၏။ထို့ကြောင့်သူမမှာတစ်ခါတစ်ခါစားလျှင် ချောကလက်များကုန်မည်စိုး၍အရသာသိရုံလောက်ပမာဏမျှသာစားပြီး သိမ်းထားရသည်။


  လက်ရှိသူမတွင် ချောကလက်နည်းနည်းသာရှိ‌ေတာ့ရာ ထိုဝယ်သူမိန်းကလေးအားနေ့စဉ်မျှော်နေရ၏။ယခုတွင်တော့သူမစိတ်ကူးထဲရှိလူမှာအကောင်လိုက်ကြီးရောက်ချလာရာ ပျော်မဆုံးဖြစ်နေတော့သည်။ထို့ကြောင့်သူမမှာကောင်တာနောက်မှအမြန်ပြေးထွက်လာကာ ကျားလိအားမျက်နှာချိုးသွေးလိုက်၏။


  "ညီမရေ မတွေ့တာကြာပြီနော်။အရင်တစ်ခေါက်ကအစ်မပြင်ဆင်ပေးလိုက်တဲ့ပစ္စည်းတွေကအဆင်ပြေရဲ့လား"


  ကျားလိလည်းဤအ‌ေရာင်းဝန်ထမ်းမှ သူမအားပျူငှာနေရသည့်အရင်းခံကိုသိနေရာသိပ်ထူးဆန်းမနေပါသော်ငြား ရှောင်ဟွေ့နှင့်အခြားဝယ်သူများမှာတော့ အံ့ဩတကြီးဖြစ်ကုန်တော့သည်။ကျားတစ်ကောင်ကိုပင် လေသံဖြင့်သတ်ဖြတ်နိုင်သည်ထိ အပြောကြမ်းသောအရောင်းဝန်ထမ်းတစ်‌ေယာက်သည် အဘယ်ကြောင့်ဤမိန်းကလေးအား ချိုချိုသာသာဆက်ဆံပေးနေသည်ကို မသိကြသော်လည်း သိချင်စိတ်တော့ရှိကြလေရာ အချို့ဈေးဝယ်များသည် ကျားလိအား မသိမသာလှမ်းအကဲခတ်ကြည့်လိုက်ကြရာ ငိုင်ငေးကုန်ကြတော့၏။


  မူလကထိုအရောင်းဝန်ထမ်းမှာ သင်းကွဲအနေဖြင့်ထူးထူးဆန်းဆန်းနှုတ်ချိုနေသည်ဟု ထင်မိခဲ့ကြ‌ေသာ်ငြား သူတို့မျက်စိရှေ့ရှိမိန်းကလေးကိုခေါင်းအစခြေအဆုံးဆန်းစစ်ပြီးမှသာ အရောင်းဝန်ထမ်းမှဘာကြောင့်ချိုသာကြည်မြနေရသည်ကို သဘောပေါက်ကုန်ကြတော့သည်။တစ်ဖက်ရှိရှောင်ဟွေ့မှာတော့ ကျားလိ၏ဂုဏ်သရေကိုပို၍လေးစားနေမိတော့၏။


  "အဆင်ပြေပါတယ် အစ်မရဲ့ အခုတစ်ခေါက်မှာအိမ်အတွက်လိုတာလေးတွေ ဝယ်ရဦးမှာမလို့ အရင်တစ်ခေါက်ကလို အစ်မကိုအကူအညီတောင်းရဦးမယ် ရမလား"


  "ပြောစရာကိုမလိုတဲ့ကိစ္စကို အစ်မဆီဝယ်မယ့်ပစ္စည်းစာရင်းပေးလိုက်။သွားစီစဉ်လိုက်မယ်"


  ကျားလိလည်းပစ္စည်းစာရင်းအားကမ်း‌ေပးကာ ကျေးဇူးတင်လိုက်သည်။အရောင်းဝန်ထမ်းအမျိုးသမီးမှာ ကျားလိ‌ေပးလာသောစာရင်းအားကြည့်၍ အဆင်ပြေကြောင်းပြောကာ ခဏထိုင်စောင့်ခိုင်း၏။ကျားလိလည်း ဟိုဟိုဒီဒီလှည့်ပတ်ကြည့်နေစဉ် ရှောင်ဟွေ့မှာ တစ်နေရာတည်းဆီသာအမြစ်တွယ်နေသလိုရပ်နေကြောင်းသတိထားမိသွားသည်။ထို့ကြောင့်စကားစမြည်ပြောရန်ပြင်လိုက်စဉ် သူသည်နေရာစိမ်းဖြစ်၍မနေတတ်ဖြစ်နေသည်မဟုတ်ဘဲ သူ၏အကြည့်များကသာ နေရာတစ်ခုဆီစူးစိုက်ထားကြောင်းသိလိုက်ရ၏။ကျားလိလည်းရှောင်ဟွေ့အကြည့်နောက်လိုက်ကာ ကြည့်လိုက်စဉ် အထည်များရောင်းသည့်နေရာဘက်ဖြစ်ရာ သူခမျာအထည်လိုချင်၍များလာဟု ထင်ခဲ့သော်လည်း သူအာရုံမှာအထည်များပေါ်ရှိမနေချေ။


  သူ့အကြည့်သွားရာအတိုင်းလိုက်ကြည့်ရာ ဆံပင်ရှည်တို့အားတစ်ဝက်စည်းကာ တစ်ဝက်ဖြန့်ထားသည့်ပုံရိပ်လေးကိုတွေ့သွားသည်။ကျားလိမှာသွယ်လျလျကိုယ်ဟန်ဖြင့် မိန်းကလေး၏နောက်ကျောပုံရိပ်အားကြည့်ကာ ရှောင်ဟွေ့အားညစ်တစ်တစ်ကြည့်လိုက်၏။သို့သော်သူမမှနေ ရှောင်ဟွေ့အားမစနောက်နိုင်သေးခင် ထိုမိန်းကလေးမှာလည်း သူမအားစိုက်ကြည့်နေသည့်အကြည့်များအားခံစားမိပုံရကာ လှည့်လာ၍ သူမတို့နှင့်အကြည့်ချင်းဆုံသွားတော့သည်။


  ကျားလိမှာတစ်ဖက်ရှိမိန်းကလေး၏ ကျောက်စိမ်းကဲ့သို့ကြည်လင်သောအသားအရေ၊ဆွဲငင်ညှို့ယူနေသော မြေခွေးမျက်ဝန်းအစုံ၊နှာတံစင်းစင်းနှင့်နှုတ်ခမ်းပါးတစ်စုံတို့ကြောင့် ဖမ်းစားခံလိုက်ရ၏။သူမကိုယ်တိုင်လည်း လှပသည်ဟုယုံကြည်ပါသော်လည်း ဤမိန်းကလေး၏ပူစပ်လှသောအလှတရားကြောင့် မိန်းကလေးဖြစ်သောသူမပင် နစ်မြောသွားလေရာ ရှောင်ဟွေ့လို လူပျိုငယ်လေးအဖို့တော့ပြုစားခံရသလိုရုန်းမထွက်နိုင်ဖြစ်ချေတော့မည်။


  မိန်းကလေးမှာသူမတို့အားမြင်သည်နှင့် မျက်လုံးများတောက်ပလာကာ တစ်ကိုယ်လုံးလှည့်လာပြီး သူမတို့ဘက်လျှောက်လာလေ၏။ထိုခါမှကျားလိလည်း ထိုမိန်းမချောလေးမှာ မြေခွေးမလေးဟုတ်မနေဘဲ မြေခွေးထီးလေးသာဖြစ်နေကြောင်းသိလိုက်ရပြီး စိတ်ပျက်အားလျော့သွားရကာ ရှောင်ဟွေ့အားနှစ်သိမ့်ပေးရန်ကြံလိုက်သော်လည်း ဝါးစိမ်းရောင်အမျိုးသားဝတ်ချုံဆမ်းကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည့် မြေခွေးထီးလေးကအရင်ဦးကာ နှုတ်ဆက်လာသည်။


  "အားဟွေ့ ဒီတစ်ခါရောအထည်တွေလာရောင်းတာလား။မင်းကိုမတွေ့တာတောင်ကြာနေလို့ ကိုယ်စိတ်ပူနေသေးတယ်"


  ရှောင်ဟွေ့မှာတစ်ဖက်ရှိမြေခွေးထီးလေး၏စကားကြောင့်ရှက်ရွံ့သွားပုံရသည်။ခေါင်းနောက်အားကုတ်ကာ ရူးကြောင်ကြောင်အမူအယာဖြင့်ပြန်ဖြေလိုက်၏။


  "ဒီနေ့ကအထည်လာရောင်းတာမဟုတ်ပါဘူး။အိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေလာဝယ်တာပါ။ပြီးတော့အိမ်အလုပ်တွေနဲ့ရှုပ်နေလို့ ရောင်းထည်တွေမကိုင်ဖြစ်သေးဘူး"


  မြေခွေးထီးလေးမှာရှောင်ဟွေ့၏စကားကြောင့် နှမျောတသဟန်ဖြင့်သက်ပြင်းချကာ လက်ထဲရှိယပ်တောင်အားဖြန့်၍အသာခပ်ကာ ခပ်တိုးတိုးမေးနေသည်။


  "နှမျောစရာပဲ ကိုယ့်မှာအရင်ကမင်းချုပ်ထားသမျှအထည်တွေကိုအတော်သဘောကျနေတာလေ။ဒါနဲ့ကောင်လေး မင်းမှာဆရာရှိလား။မရှိသေးရင် ကိုယ့်ကိုဘယ်လိုမြင်လဲ ကိုယ်မင်းကို နည်းနည်းပါးပါးလမ်းညွှန်ပေးနိုင်တယ်နော်"


  ရှောင်ဟွေ့မှာမြေခွေးထီးလေး၏စကားကြောင့် သူ့ကိုယ်မှာအသာတုန်ယင်သွားပြီး နီရဲနေ‌သည့်မျက်နှာလေးဖြင့်ပြန်ဖြေလိုက်၏။


  "ဆရာတော့မရှိပေမယ့် ကျွန်တော့်မှာလုပ်စရာအိမ်အလုပ်တွေအပြင် ကျောင်းလည်းတက်နေတုန်းမလို့ အဝတ်ချုပ်တဲ့နေရာမှာ အချိန်မပေးနိုင်သေးဘူး။အဲ့တော့ ခင်ဗျားကိုဆရာအဖြစ်သတ်မှတ်ဖို့ကံမဆုံတော့ဘူးပေါ့"


  ကျားလိမှာသူတို့၂ဦး၏အပြန်အလှန်ပြောစကားများအား နားထောင်ရင်း ရုတ်တရက်ဆိုသလို သူမမှာအပိုမီးသီးကြီးဖြစ်နေသလို ခံစားနေမိသည်။