အခန်း _၁၃
Viewers 114

  အစ်မရုံမှာကျားလိစကားကြောင့် အံ့ဩသွားတော့သည်။တစ်ဆင့်နှစ်ဆင့်မှစ ချွေတာနေရသောကာလကြီးတွင် ဘာမဟုတ်သည့်မီးဖိုချောင်ဝင်မည့်ကိစ္စလေးအတွက်ငွေကုန်ခံမည့်လူရှိလာမည်ဟုထင်မထားခဲ့ချေ။ထိုသည်မှာလည်း ကောင်လေးတစ်ယောက်အတွက်ဖြစ်နေသည်လေ။အမျိုးသားတစ်ယောက်က ဘာလုပ်ဖို့ပိုက်ဆံအကုန်ခံပြီး ဟင်းချက်သင်နေစရာလိုမှာလဲ။သို့သော် ထိုအတွေးများအား သူမစိတ်ထဲတွင်သာ သိမ်းထားရ၏။သူမရှေ့မှအမျိုးသမီး၏အနေအထားဖြင့်ဆိုလျှင်တော့ မဖြစ်နိုင်သည်မှာလည်း ဖြစ်လာနိုင်သည်ဟု အစ်မရုံတစ်ယောက်တွေးနေမိတော့သည်။


  "အစ်မတို့အိမ်ရာဝင်းထဲမှာ တစ်ယောက်တည်းသီးသန့်ကွဲနေတဲ့အဘိုးတစ်ယောက်ရှိတယ်။တစ်ကယ်တော့ သူ့အသက်ကအရမ်းမကြီးသေးဘူး သူ့ဂုဏ်ပုဒ်ကြောင့်လေးစားသမှုနဲ့ခေါ်ကြရင်း အဘိုးဆိုပြီးခေါ်ဖြစ်သွားတာလေ။သူ့အသက်က၄၀ဝန်းကျင်ပဲရှိသေးတာ။သူ့ဘိုးဘေးတွေက ချင်မင်းဆက်ကတော်ဝင်စားဖိုမှူးတွေချည်းပဲ။သူလည်းအမွေကိုလက်ဆင့်ကမ်းဆက်ခံထားတာဆိုတော့ အတော်လေးအချက်အပြုတ်ကောင်းတယ်။


    တစ်နေ့တစ်နေ့စားစရာရှိထားရင်တော်ပြီဆိုပြီး ဘာအလုပ်မှလည်းမယ်မယ်ရရမလုပ်ဘူး။အစိုးရစားသောက်ဆိုင်တစ်ခုခုမှာဝင်လုပ်ရင် ခုဆိုသူရာထူးတော်တော်မြင့်နေလောက်ပေမယ့် သူကအဲ့လိုစိတ်ကူးလည်းရှိမနေတာခက်တာပဲ။ဆွေမျိုးဆိုလို့ကလည်းသူတစ်ယောက်တည်းကျန်တော့တာ။လက်ထပ်ဖို့အမျိုးသမီးတစ်ဦးရှာခဲ့ပေမယ့် သူ့ချို့ယွင်းချက်ကြောင့်ခုချိန်ထိတစ်ယောက်တည်းဖြစ်နေတာလေ"

  

  ကျားလိလည်းအစ်မရုံစကားကြောင့် ခဏတန့်သွားရကာ မေးလိုက်၏။


  "ဧကန္တ သူကလည်းမြုံနေတာတော့မဟုတ်ပါဘူးနော်"


  အစ်မရုံမှာကျားလိစကားကြောင့် ကြောင်အမ်းသွားပြီး ခဏအကြာတွင်ထရယ်ကာရှင်းပြလာသည်။


  "ဟားဟားဟား မဟုတ်ပါဘူးဟယ်။သူ့ရဲ့စွမ်းရည်ကကောင်းမှာပါ ခုထိတစ်ယောက်တည်းဖြစ်နေရတာက သူ့အရပ်ကြောင့်လေ။သူမွေးတော့ မတော်တဆတစ်ခုဖြစ်ခဲ့ပြီး ဖွံ့ဖြိုးမှုချို့တဲ့သွားတယ်ပြောတာပဲ။သူ့အရပ်ကလေးပေဝန်းကျင်ကနေတက်မလာတော့ဘူး။အဲ့တော့ မိန်းကလေးတွေကဘယ်လိုလုပ်စိတ်ဝင်စားတော့မှာလဲ။အချို့သမီး‌ေတွအများကြီး‌ေမွးမိထားတဲအိမ်တွေဆို သူတို့သမီးကိုလက်ထက်ပေးချင်ပေမယ့် အဲ့အဘိုးနဲ့‌ေတွ့ကြည့်ပြီးတန်းငြင်းလိုက်ကြတာနဲ့ပဲ ခုထိတစ်ယောက်တည်းဖြစ်နေရတယ်ဆိုပါတော့။


  သူလည်းဒီအရွယ်ထိရောက်လာတော့ စိတ်ကုန်ပြီးကြင်ဖက်မတွေ့တော့ဘဲအေးအေးဆေးဆေးတစ်ယောက်တည်း‌ေန,နေတော့တာပဲ။အစ်မတို့တွေက ပွဲတော်ရက်တွေဆိုသူ့ဆီကနေမုန့်ဝယ်လိုက်ကြတာလေ။သူကအဲ့လိုမုန့်လေးတွေလုပ်ရောင်းတာကိုတော့ ဝါသနာပါပုံရတယ်။နေပါဦး အစ်မဆီမှာ ဆောင်းဦးပွဲတော်အတွက် သူ့ဆီကဝယ်ထားတဲ့လမုန့်ပါလာတယ် မြည်းကြည့်လိုက်"


  ကျားလိအားခဏစောင့်ခိုင်းကာ သူမအိတ်ထဲရှိအထုတ်တို့ကိုခဏတာမျှမွှေနှောက်ရှာ၍ နောက်ဆုံးဆီစိမ်စက္ကူဖြင့်ထုတ်ထားသည့်မုန့်တို့ကို ဖွင့်ဖောက်၍မြည်းကြည့်ခိုင်း၏။ကျားလိလည်းအစိမ်းရောင်၊ခရမ်းရောင်၊အဝါရောင်စသည့် အရောင်မျိုးစုံဖြင့်လှပစွာပုံဖော်ထားသော ပန်းပွင့်သဏ္ဍာန်လမုန့်များအားကြည့်ကာ မစားရက်တော့သော်လည်း ရှောင်စန်း‌အားသင်ပြပေးနိုင်မည့်အရည်အသွေးရှိမရှိသိနိုင်ရန် အဝါရောင်လမုန့်တစ်ဖဲ့အားမြည့်ကြည့်လိုက်သည်။


  မတ်ပဲ၏ချိုစိမ့်မှုနှင့်လမုန့်သား၏ပွရွကာဝါးကောင်းသည့်ခံစားချက်ကြောင့် ကျားလိလည်းသဘောကျသွားလေသည်။အစ်မရုံလည်း ကျားလိသဘောကျမှန်းရိပ်မိကာ ထိုမုန့်တို့ကို သူမအားပေးလိုက်ရန်ဆုံးဖြတ်လိုက်၏။သူမ၏မုန့်များမှာ ကျားလိထံမှရထားသောပစ္စည်းများနှင့်မယှဉ်သာသလို ကျားလိနှင့်မိတ်ဖွဲ့ရန်လည်း စိတ်ကူးထား၍ပင်။


  "ညီမကြိုက်ရင်ယူသွားလိုက်လေ အိမ်မှာအများကြီးကျန်သေးတယ်။အားနာမနေနဲ့"


  ကျားလိလည်း ဤမုန့်များမှာ သူမအတွက်ဆိုလျှင် မဆိုသလောက်ပမာဏသာဖြစ်နိုင်သော်ငြား အစ်မရုံတို့အတွက်တော့ အဆင်မပြေမည်စိုး၍ ထိုအကြံကိုငြင်းပယ်လိုက်၏။


  "မဟုတ်တာ မဟုတ်တာ။ကျွန်မကလမုန့်ရဲ့အရသာကို သေချာမြည်းစမ်းရုံပါပဲ။ဒီတစ်ခုကတော့ ညီမစားပြီးသားဆိုတော့ ထားလိုက်ပါတော့ ကျန်တာတွေကို အစ်မရုံပဲသိမ်းထားပြီးစားလိုက်ပါ"


  အစ်မရုံလည်း ထပ်တောင်းဆိုမနေတော့ပဲ စက္ကူအားပြန်ပက်လိုက်သည်။ထို့နောက် ကျားလိအားမေးလာ၏။


  "ဘယ်လိုလဲ ညီမ သူအဆင်ပြေတယ်ထင်ရင် အစ်မမင်းကိုသူ့ဆီခေါ်သွားပေးမယ်လေ။လူချင်းတွေ့ပြီးသေချာစကားပြောကြည့်လိုက်ပေါ့။အရင်ကဆိုဒီလိုကိစ္စမျိုးတွေသူလက်ခံမှာမဟုတ်ပေမယ့် အခုကျသူလည်းအသက်ရလာတဲ့အပြင် တစ်ယောက်တည်းသမားဆိုတော့ အိုစာမင်းစာရှာရတော့မှာလေ"


  ကျားလိလည်းခေါင်းငြိမ့်ကာ လက်ခံလိုက်၏။ဤလူမှာအစ်မရုံပြောသည့်အတိုင်းဆို အတော်အရည်အချင်းရှိကာ တော်ဝင်စားဖိုမှူးမျိုးဆက်လည်းဖြစ်နေ၍ ရှားပါးသောဟင်းချက်နည်းများကိုပါပိုင်ဆိုင်ထားလောက်သည်။ထိုသို့ဆိုပါက ဤသည်မှာရှောင်စန်းအတွက်လည်း ရလဒ်ကောင်းဖြစ်ပေလိမ့်မည်။ထိုသို့တန်ဖိုးကြီးသောလက်ဆင့်ကမ်းအမွေဆိုသည်မှာ လက်ရှိကာလတွင်အရာမဝင်သော်လည်း အနာဂတ်တွင်တော့ လျှို့ဝှက်ရတနာများအလားပင်။


  "ဒါဆိုအစ်မရုံကိုပဲ ဒုက္ခပေးရတော့မယ်။ညီမတို့ကို ကူညီလိုက်လို့ အစ်မရဲ့အလုပ်‌ေနရာကိုတော့ မထိခိုက်‌ေလာက်ပါဘူးနော်"


  "အဲ့အတွက်ကပူစရာမလိုပါဘူး။အစ်မကိုခဏစောင့်ဦး။အစ်မနေမကောင်းလို့အလုပ်စောပြန်လိုက်တယ်ဆိုပြီး ပြောခဲ့မယ်"


  ထို့နောက်သူမအားပေးထားသည့် ချောကလက်ဘူးထဲမှအချို့ကိုရင်နာနာဖြင့်ထုတ်ယူကာ ကျန်အရောင်းစာရေးမထံဦးတည်လိုက်သည်။ကျားလိလည်းအထည်ဖိုးငွေရှင်းပြီး၍သူမနားပြန်ရောက်လာသော ရှောင်ဟွေ့ဆီ အကျိုးအကြောင်းပြောပြလိုက်ရာ သူလည်းပဲဝမ်းသာအားရဖြစ်သွားလေ၏။ခဏအကြာတွင်အစ်မရုံမှာ သူမအထုတ်များအားသယ်ကာ ကျားလိတို့အားသူမနောက်လိုက်ခဲ့ရန်ပြောလာသည်။


  မိနစ်နှစ်ဆယ်ခန့်ကြာသော် အစိုးရအိမ်ရာဝင်းတစ်ခုထဲရောက်လာ၏။အချိန်မှာလူတိုင်းလုပ်ငန်းခွင်ထဲရောက်နေကြသည့်အချိန်ဖြစ်၍ သူမတို့မှာမေးမြန်းစပ်စုမခံရဘဲ လိုရာခရီးရောက်ခဲ့သည်။အစ်မရုံမှာ ပေ၂၀ ဝန်းကျင်ရှိမည့် အိမ်တစ်လုံးရှေ့ရပ်ကာ အပြင်မှလှမ်းအော်လိုက်သည်။


  "အဘိုးကောင်းရှိလား အဘိုးကောင်း"


  ထိုစဉ်အိမ်ထဲမှနေ အမျိူးသားဝတ်ချုံဆမ်းရှပ်အင်္ကျီ၊အနက်ရောင်ချည်ဘောင်းဘီနှင့်အဝတ်ဖိနပ်တို့စီးထားသော ကောင်လေးတစ်ယောက်ထွက်လာလေသည်။သို့သော်အနားရောက်မှသာ ထိုလူသည်ကောင်လေးမဟုတ်ဘဲ ခပ်ပုပုအမျိုးသားတစ်ယောက်ဖြစ်ကြောင်းသိလိုက်ရ၏။ထိုလူမှာအစ်မရုံအားတွေ့သည်နှင့် မေးလာသည်။


  "ရှောင်ရုံပါလား ဘာလဲလမုန့်ထပ်လာဝယ်တာလား"


  "ဒီတစ်ခါကလာမုန့်လာဝယ်တာမဟုတ်ဘူး ဆရာကောင်းရဲ့"


  အစ်မရုံမှာဘေးဘီအားတစ်ချက်စစ်ကြည့်ပြီးမှ အသံတိုးတိုးဖြင့် ဆရာကောင်းနားကပ်၍ပြောလိုက်၏။


  "ကျွန်မကအဘိုးကောင်းအတွက် အလုပ်တစ်ခုရှာပေးလာတာ။အသေးစိတ်ပြောရအောင်အရင်အိမ်ထဲဝင်ခွင့်ပေးပါဦး"


  အဘိုးကောင်းမှာ အစ်မရုံနောက်ရှိကျားလိနှင့်ရှောင်ဟွေ့အားကြည့်ကာ မရိုးသားသောလူပုံစံမျိုးမဟုတ်နေ၍ သတိကပ်မနေတော့ဘဲ တံခါးပေါက်ဘေးနားကပ်‌ေရှာင်‌ေပးကာပြောလာသည်။


  "ဘာကိစ္စမှန်းမသိပေမယ့်လာလေ ဝင်ခဲ့ကြ"


  ကျားလိလည်းအစ်မရုံနောက်မှနေ အဘိုးကောင်း၏အိမ်ထဲဝင်လိုက်‌ေသာ် ချိုမြိန်နူးညံ့သော မုန့်ရနံ့တို့ကဆီးကြိုလာရာ ဗိုက်ဆာသလိုပင်ရှိလာ၏။အိမ်၌သူတစ်ယောက်ထဲနေသည်ဟုဆိုပေမယ့် ပစ္စည်းပစ္စယတို့မှာ သူ့နေရာနှင့်သူသပ်သပ်ရပ်ရပ်နှင့် အပိုအလိုမရှိသန့်ရှင်းနေရာ ကျားလိအားစိတ်ကျေနပ်သွားစေသည်။


  အစားအသောက်လုပ်သူတို့တွင် သန့်ရှင်းသပ်ရပ်မှုမှာအရေးကြီးဆုံးကျင့်ဝတ်များထဲမှ တစ်ချက်ဖြစ်ရာ အဘိုးကောင်းသည်ထိုစံနှုန်းအားပြည့်မှီလေ၏။အဘိုးကောင်းမှာ ကျားလိတို့အားစားပွဲဝိုင်း၌ထိုင်ခိုင်းကာ မီးဖိုထဲဝင်ပြီးလမုန့်တစ်ပန်းကန်ယူလာ၍ ဧည့်ခံသည်။အဘိုးကောင်းမှစားပွဲတွင် ဝင်ထိုင်သည်နှင့်အစ်မရုံကသူတို့အချင်းချင်း မိတ်ဆက်ပေးလာ၏။


  "ညီမသူကအစ်မပြောခဲ့တဲ့ အဘိုးကောင်းလေ။သူ့နာမည်ကကောင်းယုံတဲ့။သူ့မျိုးရိုးကစားဖိုမှူးတွေဆိုတော့ အချက်အပြုတ်လုပ်ငန်းမှာအတော်ကျွမ်းကျင်ကြတယ်"


  ကျားလိလည်းကောင်းယုံအားကြည့်ကာ သူမကိုယ်သူမမိတ်ဆက်လိုက်သည်။


  "တွေ့ရတာဝမ်းသာပါတယ် ဆရာကောင်း။ကျွန်မက ကျားလိပါ အစ်မရုံပြောပြလို့ရှင့်အကြောင်းသိခဲ့ရပြီး တွေ့ခွင့်ရအောင်အကူအညီတောင်းခဲ့တာပါ"


  ကောင်းယုံမှာခေါင်းငြိမ့်၍ လာရင်းအကြောင်းပြချက်အားမေးလာ၏။


  "ဟုတ်ပါပြီ မိန်းကလေးကျားကကျွန်တော့်ကိုဘာကိစ္စကြောင့်များတွေ့ချင်နေရတာလဲ"


  "အကြောင်းကတော့ ကျွန်မမောင်လေးကြောင့်ပါ။သူကဟင်းချက်တဲ့နေရာမှာပါရမီပါတော့ သူ့ကိုပိုတိုးတက်စေချင်တယ်။ကျွန်မတို့ပတ်ဝန်းကျင်အရဆို သူ့ကိုပိုတိုးတက်စေဖို့ လမ်းမရှိလို့ ကောင်းမွန်တဲ့စားဖိုမှူးတစ်ယောက်ယောက်ဆီ တပည့်ခံစေချင်ပါတယ်။ဒါပေမယ့်ဒီလောကအကြောင်း ကျွန်မကသိမနေတော့ အစ်မရုံဆီမေးကြည့်ရာကနေ ဆရာကောင်းအကြောင်းသိရလို့ အကျိုးအကြောင်းလာမေးကြည့်တာပါ"


  ကောင်းယုံမှာ ကျားလိစကားကြောင့်အခြေအနေနားလည်သွားရာ လေးနက်သောအမူအယာဖြင့်


  "အဲ့တော့ ပြောရရင်လာစူးစမ်းကြည့်တယ်ပေါ့။ဟုတ်ပါပြီး မင်းဘယ်လိုသုံးသပ်လိုက်လဲ"


  "ပြောရမှာမျက်နှာပူပေမယ့် ကျွန်မကမီးဖိုချောင်ထဲမဝင်ဖူးလို့ အသေးစိတ်တော့မသိပါဘူး။ဒါပေမယ့် စားသုံးသူအမြင်ဘက်ကပြောရရင် အစားအသောက်ချက်တဲ့အချိန်မှာ သန့်သန့်ရှင်းရှင်းနဲ့ အရသာရှိဖို့ကအဓိကပဲလို့မြင်ပါတယ်။ဟင်းပွဲအလှဆင်တာဘာညာကတော့ ထားလိုက်ပါတော့။ကျွန်မ ရှင့်အိမ်ထဲဝင်လာကတည်းက အရာအားလုံးကသပ်သပ်ရပ်ရပ်နဲ့သန့်ရှင်းနေတာကိုသတိပြုမိပါတယ်။အထူးသဖြင့် အစားအသောက်ပြုလုပ်တဲ့ ရှင့်ရဲ့လက်တွေ‌ပေါ့။ကျွန်မရှင်လုပ်ထားတဲ့မုန့်ကိုမြည်းကြည့်ပြီးပါပြီ။အဲ့တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မရှင့်အရည်အချင်းကိုမြင့်မြင့်မှန်းထားမိလိုက်ပါပြီ ဆရာကောင်း"