ဟူလီနမှာသူမကိုယ်ကို အထင်ကြီးနေခဲ့သော်လည်း သူမ မသိသည်မှာဤခေတ်ကာလတွင် မိသားစုတိုင်းက စားဝတ်နေရေးပြေလည်ကြသည်မဟုတ်ချေ။ထို့အတူ စားဖို့သောက်ဖို့အတွက် နေ့ရောညပါကြိုးပမ်းနေရသည်ဖြစ်၍ အမျိုးသမီးများမှာလည်း လှလှပပလေးဖြီးလိမ်းပြင်ဆင်ချိန်ရှိမနေပေ။ထို့ပြင် မိန်းမပျိုလေးများဆိုလျှင် မိသားစုတွင်းပို၍အနေကြပ်ကြရသည်ဖြစ်ရာ အစာဝဝမစားရ၍ အသားအရေများက ဝါကျင်ကျင်ဖြင့်ခန္ဓာကိုယ်ကလည်းပိန်လှီနေကြသည်။
ထိုသို့မိန်းမငယ်လေးများကြားတွင် လှလှပပဝတ်စားနိုင်ပြီး အစာဝဝစား၍ကြီးပြင်းလာခဲ့သော ဟူလီနမှာ ထူးခြားပေါ်လွင်နေသည်မှာမထူးဆန်းချေ။သူမရုပ်ရည်သည် ချောမောလွန်းလှသည်မဟုတ်သလို အသားအရေကလည်း ကြည်လင်ဖြူဝင်းမနေသော်လည်း စစ်တပ်ဝင်းထဲရှိအခြားမိန်းကလေးများထက်တော့ အပုံကြီးသာလွန်ကောင်းမွန်လှ၏။ထို့ပြင် သူမအားသဘောကျပိုးပန်းနေကြသူများကလည်း မြှောက်ပင့်ချီးမွမ်းကြရာ ဟူလီနမှာသူမကိုယ်သူမ အသာလွန်ဆုံးဟု ထင်မြင်မိသွားတော့သည်။
ယီချန်မှာ သူ့အနေဖြင့်ဇာတ်လိုက်မနှင့်စောစောစီးစီးမတွေ့ချင်သလို သူမခင်းလာသည့်ဇာတ်ထုပ်ကိုလည်းဝင်ကပြမနေချင်၍ မူလဆင်ခြေကိုသုံးကာငြင်းလိုက်၏။
"အဒေါ်အခန်းမှားလာတာ သေချာတယ်နော်။ကျွန်တော့်မှာ ဟူလီနဆိုတဲ့နာမည်နဲ့အသိမိတ်ဆွေရှိမနေဘူး။ပြီးတော့ ကျွန်တော့်အနာဂတ်နဲ့ခြိမ်းခြောက်နေရအောင် အဒေါ်ကရာထူးစီမံခန့်ခွဲရေးအသင်းဥက္ကဌမလို့လား"
ဟူလီနမှာ သူမလိုမိန်းမငယ်လေးအား ဆက်တိုက်သလိုအဒေါ်ချင်းထပ်အောင်အခေါ်ခံနေရ၍ ဒေါသများမှာထိန်းချုပ်မထားနိုင်တော့ပေ။
"ဘာအဒေါ်လဲ ကျွန်မကအခုမှနှစ်ဆယ့်တစ်နှစ်ရှိသေးတာနော်။ယီချန်ကောကော နောက်စရာမဟုတ်တာကိုနောက်ပြောင်မနေပါနဲ့တော့။ကျွန်မနာမည်က ဟူလီန ကျွန်မအဖေက ကောကောတို့တပ်ရင်းရဲ့ဗိုလ်မှူး ဟူယွမ်ချွမ်။အခုသိပြီလား ဘာလဲ ကောကောခေါင်းပါမကောင်းတော့တာလား"
ယီချန်မှာဟူလီန၏အော်ဟစ်သံကြောင့် လန့်သွားမိသော်လည်း အခြေအနေမပျက်ရန်ထိန်းကာ ခုမှသဘောပေါက်သလို ခေါင်းတငြိမ့်ငြိမ့်ဖြင့်ပြောလိုက်သည်။
"ဪ မင်းကမနေ့ကလာသွားတဲ့ ကျွဲကြီး....အဲလေ...ဗိုလ်မှူးဆိုတဲ့လူရဲ့သမီးလား။ဒီနေ့ဗိုလ်မှူးကမအားလို့ မင်းကသူ့အစား လူနာလာကြည့်တာပေါ့။အားနာစရာကောင်းလိုက်တာ ဒါပေမယ့်ရောက်လက်စနဲ့တော့ ကျွန်တော့်အတွက်ရေနွေးလေးတစ်ခရားလောက်သွားယူပေးစမ်းပါဦး"
ဟူလီနမှာယခုထက်ထိမာန်မလျှော့သည့်အပြင် သူမကိုပါအလုပ်လာခိုင်းနေသောသူကြောင့် ဒေါသတကြီးအံကြိတ်ကာပြောလိုက်သည်။
"ရေနွေးထည့်ပေးရမယ်ပေါ့လေ အဟင်းးး ကြည့်ရတာ ယီချန်ကောကောရဲ့ခေါင်းကတစ်ကယ်ထိသွားပုံပဲ"
ယီချန်မှာဟူလီနအားမျက်ခုံးပင့်ပြ၍ မေးလိုက်၏။
"ဘာလဲ ကျွန်တော်ကတစ်ကယ်မှတ်ဉာဏ်ပျောက်နေတာလေ။မင်းအဖေတောင်သိထားပြီးသားကို မင်းဆီပြောမပြဘူးလား။ပြီးတော့ သူများအားနည်းချက်ကို ခဏခဏထုတ်မပြောရဘူးဆိုတဲ့ အသိလေးတောင်မင်းဆီမရှိပါ့လားကွ"
ထိုစကားမှာ ရန်ဆက်တွေ့ရန်စကားစီနေသောဟူလီနအား တိတ်သွားစေခဲ့သည်။သို့သော်ခဏအကြာ၌ပို၍ပင် ဒေါသသံပါလာကာ မယုံကြည်နိုင်ဟန်ဖြင့်ပြောလာ၏။
"အဲ့တော့ ယီချန်ကောကောက မှတ်ဉာဏ်ပျောက်သွားရုံနဲ့ ညီမကိုပါမေ့ပစ်လိုက်တယ်ပေါ့လေ။ယီချန်ကောကော ဘယ်လိုလုပ်ဒီလောက်တောင်ရက်စက်ရတာလဲ။ကောကောရဲ့သဘောထားက ညီမကိုစိတ်ပျက်သွားစေတယ်။ကောကောအပေါ်ထားတဲ့ ညီမရဲ့စေတနာတွေက အလကားဖြစ်သွားသလိုပဲ"
ယီချန်မှာဇာတ်လိုက်မ၏ ဒရာမာအခင်းအကျင်းကြောင့် အံ့အားသင့်သွားရသည်။သူသိရသလောက်ေတာ့ မူလကိုယ်၏မှတ်ဉာဏ်ထဲတွင် ဤမိန်းမနှင့်ဆုံဖူးသည်မှာ အခုတစ်ခေါက်အပါအဝင် သုံးကြိမ်သာရှိပါသေး၏။ဒါကိုပင် ဇာတ်လိုက်မကဘာတွေလိုက်ခံစားပြနေသည်ကို နားမလည်နိုင်တော့ချေ။မူလကိုယ်အပေါ် အန်းဝေအငြိုးထားသည်မှာ မလွန်ချေ။တစ်ဖက်ပိတ်နွားလေးဖြစ်သည့် အန်းဝေအဖို့ ဇာတ်လိုက်မ၏အခင်းအကျင်းမှာ လုံးဝပြိုလဲချင်စရာပင်။
"အဲ့တော့ ကျွန်တော်နဲ့မင်းနဲ့က ကိုယ်ရေးကိုယ်တာအရသိကြတယ်ပေါ့လေ။ဒါပေမယ့် ကျွန်တော်သိပြီးထားသလောက်ဆို ကျွန်တော်ကအရမ်းထူးချွန်ထက်မြက်တဲ့ စစ်သားတစ်ယောက်တဲ့။ပြီးတော့ ကိုယ့်ဘာသာတစ်ယောက်တည်း စီမံခန့်ခွဲပြီးနေတာလို့ ကြားထားတယ်။ကျွန်ေတာ့်အပေါ်ထားတဲ့မင်းရဲ့စေတနာကအလကားဖြစ်တယ်ဆိုတာဘာသဘောလဲ။မင်းကကျွန်ေတာ့်ကိုလုပ်ကျွေးနေရလို့လား"
ဟူလီနမှာယီချန့်အပြောကြောင့်နင်သွားရသည်။ယီချန့်စိတ်ထဲတွင် သူကထမင်းပျော့စားသူဖြစ်ချင်နေမှန်းသူမ မသိခဲ့ပေ။သို့သော် သူ၏မျက်နှာချောချောလေးကြောင့် ပစ်ပစ်ခါခါလည်း သူမ မပြောရက်တော့ဘဲ ရှင်းပြလိုက်၏။
"အဲ့လိုမဟုတ်ပါဘူး ကောကော။တစ်ကယ်တော့ ညီမကိုနှောင့်ယှက်နေတဲ့လူတွေလက်ထဲကနေ ကောကောကပဲ ကယ်ပေးခဲ့တာပါ။နောက်ပိုင်း ကောကောနဲ့ညီမက အဆက်အသွယ်မပြတ်ဆက်ရှိလာကြတာလေ။ပြီးေတာ့ကောကောက တစ်ယောက်တည်းနေရတာဆိုတော့ အိမ်မှုကိစ္စအကုန်လုံးကိုမစီမံနိုင်ဘူးလေ။ဒီတော့ ညီမကလည်းတတ်နိုင်သမျှလေး ဝင်ကူပေးရတော့တာပေါ့"
ယခုယီချန်မှာ အတိတ်မေ့နေသည်ဖြစ်ရာ သူမအတွက်အခွင့်အရေးကောင်းပင်။ထို့ေကြာင့် သူမဘက်မှယီချန့်အား လက်ဦးမှုရယူကာ ဦးနှောက်ဆေးထားရပေမည်။အမှန်တော့ဟူလီနမှာ ယီချန်အားနှစ်သက်သော်လည်း ယီချန်ဘက်ကသာ သူမအားလိုက်တွယ်ကပ်လာစေချင်ခြင်းဖြစ်သည်။သူမတို့စစ်တပ်ဝင်းထဲတွင် ယီချန်မှာ အမျိူးသမီးများကြားအလွန်နာမည်ကြီးသူဖြစ်၍ သူသာသူမအားတွယ်ကပ်နေပါက ထိုမိန်းမပျိုလေးများမှာ သူမအားမနာလိုဖြစ်လွန်း၍ ရူးသွားလောက်ပေ၏။သို့သော် ယီချန်မှာသူမအားကူညီပေးခဲ့ဖူးသည့်အကြိမ်မှလွဲ၍ သူမမြင်ကွင်းထဲပေါ်မလာတော့ပေ။
ထို့ကြောင့်သူမဘက်မှစ၍ ချဉ်းကပ်ရန်ကြံစည်ကြည့်ပါသော်လည်း သူသည်မစ်ရှင်ခဏခဏထွက်ရသူဖြစ်၍ တစ်နှစ်တစ်ကြိမ်ပင်မတွေ့ရချေ။သို့သော် သူမဘက်မှသူ့အားေရလာေမြာင်းေပးလုပ်ေနသည်ကို လူအများသိသာအောင်လည်းမလုပ်ခဲ့ပေ။သူမအနေဖြင့်သူ့အား အစ်ကိုအဖြစ်သာသဘောထားသည်ဟုလူအများအား သိစေခဲ့၏။
သို့သော် သူမအကြံကိုဖြတ်မြင်နိုင်သော အမျိုးသမီးကြီးအချို့ရှိသော်လည်း လူငယ်ချင်းကိစ္စဖြစ်၍ ဝင်မပြောနိုင်ကြပေ။ယီချန်မှသူမအားရှောင်နေသည်မှာတော့ သူသည်ဆင်းရဲချို့တဲ့သောနောက်ခံကြောင့်သူမလို သခင်မလေးကို ချိတ်ဆက်ရန်မဝံ့မရဲဖြစ်နေသည်ဟုသာ ထင်လေ၏။ယီချန်မှာတော့ တစ်ဖက်ရှိစကားကြောင့် စိတ်လေဟန်ဖြင့်ပြောလိုက်သည်။
"အဲ့တော့မင်းကို ကျွန်တော်ကတစ်ခါကူညီလိုက်တာနဲ့ပဲ ကျေးဇူးဆပ်တဲ့အနေနဲ့ မင်းကကျွန်ေတာ့်ဝေယျာဝစ္စတွေကို တာဝန်ယူဖြေရှင်းပေးနေတာပေါ့လေ။အားနာလိုက်တာနော် ဒီလိုဖြစ်နေတာကိုး။အဲ့တော့ အခုကမနက်စာလာပို့တာလား ဘာတွေချက်လာတာလဲ။ဒါနဲ့လေ ကျွန်တော်အသားစားချင်နေလို့ ကြက်စွပ်ပြုတ်လေးကို နေ့လည်ကျချက်ပေးနော်"
"အမ်....မဟုတ်ဘူးလေ။ယီချန်ကောကော နားမလည်သလိုလုပ်မနေပါနဲ့တော့"
"မိန်းကလေးဟူ ကျွန်တော်တစ်ကယ်လည်းနားမလည်ဖြစ်နေတာပါ။မင်းကိုကူညီပေးလို့ အတုံ့အလှည့်အနေနဲ့ ကျွန်တော့်ကိုပြန်ကူညီပေးတယ်လည်းပြောသေးတယ်။ကျွန်တော်မြင်ထားရသလောက်တော့ မင်းရောက်ကတည်းက ကျွန်တော့်အခြေအနေကိုထုတ်မေးတာတောင်မရှိဘူး။လူနာလာကြည့်တယ်ပြောရအောင်ကလည်း ကြက်ဥလေးတစ်လုံးတောင်ပါမလာဘဲနဲ့ ဘာလဲမင်းက မနက်အစောကြီး လူနာခန်းထဲငိုဖို့သက်သက်လာကြည့်တာလား"
ဟူလီနမှာယီချန့်မျက်လုံးထဲရှိ လှောင်ပြောင်ကဲ့ရဲ့နေဟန်ကြောင့် မကျေမနပ်ပြောလိုက်သည်။
"ယီချန်ကောကောမှ မမှတ်မိတော့တာ။ကောကောကညီမအပေါ် တစ်ဖက်သတ်သဘောကျနေမှန်း အဖေကသိသွားလို့ ကောကောအိမ်ဆီသွားခွင့်မပြုတော့တာလေ။အခုတောင်အဖေမသိခင် သွက်သွက်လာခဲ့ရတာမလို့ ဘာမှဝယ်ချိန်မရခဲ့တာ။ညီမကိုယ်တိုင်မဖြစ် ဖြစ်အောင်ရောက်အောင်လာခဲ့ရတာကိုတောင် ကောေကာက မကျေနပ်နိုင်သေးဘူးလား။
ယီချန်ကောကော ကောကောကညီမအပေါ်ပိုင်ဆိုင်လိုစိတ်ကြီးမားမှန်းသိပေမယ့် ဒီကိစ္စကညီမဘဝတစ်သက်တာအရေးမလို့ အလွယ်တကူဆုံးဖြတ်ချက်မချချင်သေးဘူး။ညီမကိုအကြပ်ကိုင်ဖို့အတွက်နဲ့ပဲ ယီချန်ကောကောဒီလိုတွေပြောနေစရာမလိုပါဘူး"
ယီချန်မှာဇာတ်လိုက်မ၏မျက်နှာပြောင်တိုက်မှုကိုလျှော့တွက်ထားမိပုံပင်။
"အမ်....ခုနကပဲမိန်းကလေးကို ကူညီပေးတာဆိုပြီး ခုကျဘာလို့ ကျွန်တော်ကမင်းကိုသဘောကျတယ်ဖြစ်သွားရပြန်တာလဲ။မိန်းကလေးဟူ မင်းတစ်ခုခုကိုနားလည်မှုလွဲနေတယ်လို့ပဲ ကျွန်တော်ထင်တယ်။မင်းပြောသလို ကျွန်တော်သာမိန်းကလေးဟူအပေါ် ပိုင်ဆိုင်လိုစိတ်ပြင်းပြတယ်ပဲထားပါဦး။အဲ့ဒါကတစ်ကယ်သာဆို ကျွန်တော်အတိတ်မေ့သွားခဲ့ရင်တောင် မင်းကိုမြင်တာနဲ့တစ်ခုခုခံစားမိမှာပေါ့။ဒါပေမယ့် မင်းကိုတွေ့ကတည်းက ကျွန်တော်ဘာမှဆန်းဆန်းပြားပြားခံစားမနေရပါဘူး"
ဟူလီနမှာ ယီချန်၏အငြင်းစကားကြောင့်မယုံနိုင်ဖြစ်သွားရ၏။မှတ်ဉာဏ်ပျောက်သည်နှင့် သူ၏စရိုက်ပါပြောင်းသွားရသည်လား။ယခင်ကဆိုလျှင် သူမဘာပြောပြော လက်မခံနိုင်တောင်ငြင်းပယ်မလာချေ။ထို့အပြင်ဤမျှလောက်လည်း တစ်ခွန်းမကျန်ပြန်မပြောတတ်ပေ။ထို့ကြောင့် သူမလည်းလေသံတင်းတင်းဖြင့်မေးလိုက်၏။
"ဒါဆို ညီမကိုဘာလို့ကူညီရတာလဲ။ယီချန်ကောကော ကောကောအနေနဲ့ ကောကောရဲ့နောက်ခံကြောင့်မဝံ့မရဲဖြစ်နေတာကို ညီမနားလည်ပေးနိုင်ပေမယ့် ညီမဘက်ကဒီလောက်ပွင့်လင်းပြလာတာကိုတောင် ဝန်မခံရဲဖြစ်နေတာကတော့မဟုတ်သေးဘူးနော်"