ဟူလီနမှာသူမအားလက်ညှိုးထိုးကာဆူပူနေကြသော အမျိုးသမီးအုပ်ကြီးကြောင့် ထူပူသွားရကာဆက်ငိုဖို့ကိုပင် မစဉ်းစာမိတော့ချေ။သူမစိတ်ထဲတွင်လည်း အတွေးပေါင်းစုံကပြေးလွှားနေလေ၏။
*သူမဆီ ဘာတွေဖြစ်နေတာလဲ။ဘာလို့ ဒီနေ့တစ်နေ့လုံးသူမကိုပဲ အပြစ်ရှာပြီးပြောဆိုနေကြတာလဲ။သူမကအမှားတစ်ခုမှမလုပ်ခဲ့တာတောင် ဒီလိုကဲ့ရဲ့ရှုတ်ချခံနေရတာ ဘာလို့လဲ*
ဟူလီန၏စိတ်ထဲတွင် *လဲ* ပေါင်းစုံဖြင့်ပြည့်နှက်ကာ ကြောင်အမ်းနေတော့၏။အန်းဝေမှာသူတို့အား ဆဲဆိုနေကြသည့်အမျိုးသမီးအုပ်ကြီးထံအော်ပြောလိုက်သည်။
"ဘာလဲ ခင်ဗျားတို့နဲ့ဘာဆိုင်လို့ လာဆူနေကြတာလဲ။ခင်ဗျားတို့ရဲ့အကျင့်စရိုက်နဲ့ဆို ကျွန်တော်တို့ဆီက အတုမယူတောင် ခင်ဗျားတို့ကလေးတွေက အကျင့်ကောင်းလာမယ့်ပုံမပေါ်ပါဘူး။အဲ့တော့ သူများကိုလက်ညှိုးဆက်ထိုးနေမယ့်အစား အိမ်ပြန်ပြီးကိုယ့်ကလေးကို ကိုယ်ပြန်ဂရုစိုက်လိုက်ကြပါဦး။ဒီလိုဆက်ပြောနေရင်း ခင်ဗျားတို့ကို ကျွန်တော်တစ်ခုခုထလုပ်မိလို့ ထိခိုက်မှုဖြစ်သွားခဲ့ရင် ကျွန်တော်တာဝန်မယူဘူးနော်"
အမျိုးသမီးအုပ်ကြီးမှာ လူငယ်နှစ်ယောက်ကသူမတို့စကားကြောင့် ခေါင်းငုံ့ကာထွက်ပြေးသွားကြမည်ဟု ထင်ထားသော်လည်း သူမတို့အားပြန်အော်လာမည်ဟု ထင်မထားရာ ငြိမ်သက်သွားကြ၏။ထိုလူငယ်၏မျက်လုံးထဲမှ သွေးဆာသောအကြည့်များကြောင့် အမျိုးသမီးကြီးများမှာ ပြန်ရန်မတွေ့ရဲကြတော့ဘဲ မကျေမနပ်မြည်တမ်းကာထွက်သွားကြတော့သည်။
"အိုးး တစ်ကယ်ကိုဆိုဆုံးမမှုမရှိကြတဲ့ကလေးတွေပဲ"
"လူကြီးသူမကိုရိုသေလေးစားမှုလည်းမရှိကြတော့ဘူး။သူတို့မှာအနာဂတ်ကောင်းရမယ်ဆိုတာ မဖြစ်နိုင်ပါဘူးအေ"
"ကောင်လေးကြည့်ရတာ စားနေကျကြောင်ဖားရုပ်နဲ့ ကောင်မလေးတော့နာမည်ပျက်ကျန်ခဲ့မှာသေချာတယ်"
"ဟဲ့သူတို့ကြည့်ရတာ ရန်ဖြစ်နေကြသလိုပဲ။ဧကန္တ လက်လွန်သွားကြပြီး ကောင်လေးကတာဝန်မယူချင်လို့နေမယ်"
"အမလေးအေ ကိုယ့်ကိုကိုယ်အလွယ်ထိုးကျွေးလိုက်ကတည်းက မိန်းမကောင်းတစ်ယောက်ဖြစ်မလာနိုင်တော့တာကို သူမကဘာတွေထပ်မျှော်လင့်နေတာလဲ။သူမကိုတင်တောင်းတင့်တယ်ထားဖို့ မျှော်လင့်နေတာလား။ဟိုကောင်လေးရုပ်ကိုသေချာကြည့်လေ လွယ်လွယ်နဲ့ထိန်းချုပ်လို့ရမယ့်ရုပ်ပေါ်လို့လား။ဟူးး အိမ်က ကလေးတွေကိုပိုကြပ်မတ်မှဖြစ်တော့မယ်။ကိုယ့်လူကမှန်နေရင်တောင် လက်ရဲဇက်ရဲတွေနဲ့တွေ့ရင် ဘဝပျက်မှာက ငါတို့ကလေးတွေပဲလေ"
"ဟုတ်ပါ့ ဟုတ်ပါ့"
အန်းဝေမှာ အမျိုးသမီးကြီးများ၏စကားကြောင့် ဒေါသထွက်သွားရသော်လည်း ထိုအုပ်စုမှာအမျိုးသမီးများဖြစ်နေ၍ ထိုးကြိတ်၍လည်းမရသည်ဖြစ်ရာ အောင့်အီးထားရတော့သည်။စကားလုံးများဖြင့် ထိုးနှက်ခံလိုက်ရသော ဟူလီနမှာတော့ ထိုအမျိုးသမီးများထွက်သွားသည်နှင့် အန်းဝေအားပါးရိုက်ချကာ ဒေါသတကြီးဆူငေါက်တော့၏။
"ကျေနပ်သွားပြီလား ရှင်အခုပျော်နေပြီလား။ရှင်နဲ့သာအတူဆက်ရှိနေရင် ကျွန်မရဲ့ဂုဏ်သိက္ခာတော့ ရေစုန်မျောပြီပဲ။ဒါတောင်ရှင်ကကျွန်မကိုတန်ဖိုးထားပါတယ် ပြောရဲသေးတယ်နော်။ရှင့်ကိုရှင်မရှက်ဘူးလား။ယီချန်ကောကောသာဆို ကျွန်မကိုဒီလိုဆက်ဆံမှာမဟုတ်သလို လူအများရှေ့နှိမ်ချခံရအောင်လည်းလုပ်မှာမဟုတ်ဘူး။တစ်ခုခုဖြစ်လာခဲ့ရင်ေတာင် ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပြီး ကျွန်မအတွက်တရားမျှတမှုရအောင်လုပ်ေပးလာမှာ။ဒါေပမယ့်ရှင့်ကိုယ်ရှင်နဲ့ ရှင်လုပ်လိုက်တဲ့လုပ်ရပ်တွေကိုပြန်ကြည့်ဦး။အန်းဝေ ကျွန်မရှင့်ကိုသိပ်မုန်းတယ်"
ဟူလီနမှာအန်းဝေအား အော်ဟစ်ပြီးသည်နှင့် ပြေးချသွားရာ အန်းဝေလည်းအမြန်ပြေးလိုက်သွားသည်။ဟူလီနလည်း အန်းဝေကိုဆူဆဲပြီးမှေနာင်တရသွား၏။အန်းေဝမှာ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့သည်မဟုတ်မှန်း သိသော်လည်း သူမမှာသူ့အပေါ်ဒေါသပုံချခဲ့မိသည်။ဤသည်ကိုတောင် သူကသူမအပေါ်စိတ်ရှည်ရှည်နှင့် သည်းခံပေးနေသေး၏။သူမအေဖလည်း သူမကအန်းဝေနှင့်ရန်ဖြစ်ခဲ့ေကြာင်းသိသွားလျှင် သူမမှာဆူပူခံရေပဦးမည်။ထို့ကြောင့် ဟူလီနလည်းေပြးေနရာမှအရှိန်ေလျှာ့လိုက်ေလသည်။မကြာခင်တွင် အန်းဝေကဟူလီနအားမှီသွားချိန် ရုတ်ချည်းဆန့်ကျင်ဘက်မှ စက်ဘီးတစ်စီးကပေါ်ချလာ၏။
"နန သတိထား..."
အန်းဝေမှာထိုစက်ဘီးကဟူလီနဘက်ဦးတည်နေမှန်းသိလိုက်၍ ဟူလီနဘေးအမြန်ပြေးသွားကာ သူမလက်ကောက်ဝတ်ကိုကိုင်၍ သူ့ဘက်ဆွဲယူလိုက်သည်။အတွေးထဲနစ်မြောနေသော ဟူလီနမှာရုတ်ချည်းဆွဲအားကြောင့် အန်းဝေရင်ခွင်ထဲအရှိန်ဖြင့် ဝင်ဆောင့်လိုက်မိရာ နှစ်ဦးသားထပ်၍ လဲကျသွားတော့၏။စက်ဘီးသမားမှာ သူ့ရှေ့မှလူနှစ်ယောက်အားကြည့်ကာ ပြန်ထွက်မသွားခင် ဆူပူသွားသေးသည်။
"ဒီလမ်းကမင်းတို့နှစ်ယောက်ဖြစ်ချင်တိုင်းဖြစ်လို့ရမယ့်လမ်းမဟုတ်ဘူး။ရှေ့လေးနောက်လေးကြည့်သွားကြ။ဘယ်လိုလူတွေနဲ့လာတွေ့နေမိမှန်းကိုမသိပါဘူး"
ဟူလီနမှာ ထိုစက်ဘီးသမား၏စကားကို လျစ်လျူရှု၍ သူမအောက်ရှိအန်းဝေအား စိုးရိမ်တကြီးကြည့်ကာမေးလိုက်၏။သူမသာအလောတကြီးပြေးမထွက်ခဲ့ပါလျှင်....
"အန်းဝေ ရှင်အဆင်ပြေရဲ့လား။ရှင်ကဘာလို့ ကျွန်မကိုဆွဲလိုက်ရတာလဲ။ကျွန်မအမှားဆိုတာ သိသိကြီးနဲ့ ကျွန်မကိုဘာလို့ပြောချင်ရာပြောခွင့်ပြုထားရတာလဲ။ဘာလို့လဲ ဘာလို့ကျွန်မအနေနဲ့ရှင့်အပေါ်မုန်းပစ်လို့မရ,ရတာလဲ"
အန်းဝေမှာသူ့အားစိတ်ပူရင်းငိုကြွေးလာပြန်သော ဟူလီနကြောင့်အမြန်ထူပေးကာ ချော့မော့လိုက်၏။
"ကိုယ်ဘာမှမဖြစ်ဘူးနော် နန ကြည့်လိုက် လေ ကိုယ်ဘာမှမဖြစ်ဘူးရယ်။မင်းငိုတော့မငိုပါနဲ့နော်။မင်းငိုနေရင် ကိုယ်ဘာဆက်လုပ်ရမယ်မှန်း မသိတော့လို့ပါ"
ဟူလီနမှာအန်းဝေ၏စကားကြောင့် ယီချန်ပြောခဲ့သည်တို့ကိုပြန်ကြားယောင်ကာ ဆတ်ကနဲတိတ်သွားတော့သည်။
*ငါငိုနေတာ တစ်ကယ်ကြီးရုပ်ဆိုးနေလို့များလား*
အန်းဝေမှာတော့ အငိုတိတ်သွားသောဟူလီနကြောင့် သက်ပြင်းချလိုက်မိကာ မေးလိုက်၏။
"အဲ့တော့ အခုမင်းကိုယ့်ကိုခွင့်လွှတ်ပြီလား"
ဟူလီနမှာအန်းဝေအားမနှစ်သက်သော်လည်း သူ၏ပိုးပန်းမှုကိုေတာ့သဘောကျလေသည်။ထို့ကြောင့် နီရဲနေသောမျက်နှာဖြင့် အန်းဝေအားပြောလိုက်၏။
"ဘာလဲ အခုကဒါတွေပြောနေရမယ့် အချိန်လား။ရှင့်လက်ပွန်းသွားတယ်မလား ကျွန်မဆေးထည့်ပေးမယ် သွားစို့"
"အဲ့တော့မင်းကိုယ့်ကိုစိတ်ပူပေးနေတာလား"
"ကျွန်မကိုကယ်ခဲ့တာမလို့ ပြန်ပြီးတစ်ခုခုလုပ်ပေးချင်ရုံပဲ။ရှင်အရမ်းတွေးနေပြီ"
"ကိုယ်ကတော့ကိုယ့်ကိုစိတ်ပူတာ ခွင့်လွှတ်လို့ပဲဆိုပြီးသတ်မှတ်လိုက်ပြီနော်"
"ရှင်ထင်ချင်သလိုသာထင်တော့"
---------
ယီချန်မှာတော့ ဇာတ်လိုက်အတွဲ၏ ပြေးတမ်းလိုက်တမ်းဇာတ်ကွက်ဖြစ်ပွားသွားခဲ့သည်ကိုမသိခဲ့ချေ။လက်ရှိ၌ သူသည်ဝယ်ခိုင်းထားသောပစ္စည်းများရောက်လာပြီဖြစ်ရာ နယ်မြေထဲဝင်ရန်ပြင်ဆင်နေပြီဖြစ်၏။သူ၏ညာဘက်မျက်လုံးအား သူနာပြုမှပတ်တီးလဲဆေးထည့်ပေးပြီးထွက်သွားသည်နှင့် သူလည်းနယ်မြေထဲဝင်သွားလိုက်တော့သည်။
သူစမ်းသပ်ခဲ့သောရလဒ်အရ နယ်မြေထဲဝင်ရောက်နေစဉ်တွင် သူ၏ကိုယ်ခန္ဓာမှာ အိပ်ပျော်နေမည်ဖြစ်၏။ထို့ကြောင့်လည်း သူသည်စိတ်ချလက်ချနယ်မြေထဲအဝင်အထွက်လုပ်ရဲနေခြင်းပင်။စိုက်ပျိုးရေးကိရိယာများအားထိကြည့်ကာ ယီချန်သည် နယ်မြေထဲထည့်မည်ဟုတွေးလိုက်သည်နှင့် မျက်စိရှေ့ရှိပစ္စည်းများမှာ ပျောက်သွားတော့သည်။ပစ္စည်းများအားနယ်မြေထဲပို့ပြီးသည်နှင့် ကုတင်ပေါ်လှဲကာ မျက်လုံးများအားမှိတ်၍နယ်မြေထဲဝင်လိုက်၏။
နယ်မြေမှာဘာမှမပြောင်းလဲဘဲ သန့်ရှင်းလတ်ဆတ်သောလေထုဖြင့် လှပနေဆဲပင်။ယီချန်သည် စမ်းချောင်းအနားရှိ မြေပေါ်အကွက်ဖော်မှတ်သားကာ ပေါက်ပြားဖြင့်ကျင်းတူးလိုက်၏။ရေဓာတ်ပြည့်ဝနေသောမြေကြီးမှာ တူးရမခက်ဘဲအလွယ်တကူလိုချင်ေသာကျင်းပေါက်များရသွားလေသည်။ထိုကျင်းထဲသို့ ပန်းသီးဝါ၊ပန်းသီးနီ၊ပန်းသီးစိမ်း၊ဇီးပန်းသီးတို့အား သူ့အကွက်ထဲသူထည့်စိုက်ကာ မြေပြန်ဖို့သည်။ထို့နောက်ရေကရားအားယူ၍ စမ်းချောင်းမှရေကိုခပ်ကာ လောင်းလိုက်၏။
ဤနေရာရှိအပင်ကြီးထွားနှုန်းအချိန်ကာလမှာမည်မျှရှိမှန်းမသိသော်လည်း သူ့အားအံ့ဩစေမည်မှာသေချာသည်ကိုတော့ နားလည်လေသည်။စိုက်ပျိုးပြီးစီးသည်နှင့် ရေချိုးရန်ပြင်လိုက်၏။ဆေးရုံရှိရေချိုးခန်းမှာ သန့်ရှင်းသည်ဆိုသော်လည်း အများသုံးဖြစ်၍ သူ့စိတ်ထဲမသန့်သလိုခံစားရကာ နယ်မြေထဲတွင်သာရေချိုးဖြစ်သည်။သူ့အားမျက်စိဒေါက်ထောက်ကြည့်နေသူလည်းမရှိရာ သူဘယ်နေရာတွင်ရေချိုးလာခဲ့သည်ကိုလည်း လိုက်ရှင်းပြနေစရာမလိုချေ။
ယီချန်မှာရေချိုးပြီးသည်နှင့် သူ့ကိုယ်မှာပို၍လန်းဆန်းတက်ကြွလာသလိုခံစားနေရသည်။သူ၏အသားအရေမှာလည်း ပို၍ကြည်လင်လာခဲ့၏။ယီချန်မှာ ဤသည်ကစမ်းရေ၏အစွမ်းမှန်းရိပ်မိကာ ပီတိဖြစ်နေတော့သည်။ဤစမ်းရေအစွမ်းဖြင့်ကြီးထွားလာမည့်အပင်တို့ကိုလည်း စိတ်ကူးယဉ်ကြည့်လိုက်၏။
နယ်မြေ၏ဆန်းကြယ်မှုများအားသိလာရလေလေ လယ်ပြေးစိုက်ချင်စိတ်ဖြစ်ပေါ်လာလေပင်။မူလကိုယ်၏မိသားစုတွင် တောင်ပေါ်၌ကိုယ်ပိုင်လယ်ကွက်လေးရှိနေသည်ကို သိထား၏။စစ်တပ်မှပင်စင်ယူခွင့်ကျလာလျှင် အိမ်ပြန်ပြီးထိုလယ်ကွက်အားအသုံးပြု၍ပြန်လည်စတင်နိုင်ပြီဖြစ်သည်။သူ့အားထောက်ပံ့ပေးနိုင်သော နောက်ခံကောင်းကောင်းရှိမနေရာ ဖြည်းဖြည်းချင်းတက်သွားမှရပေမည်။
သူသာအလောကြီး၍ခြေလှမ်းကျယ်ကျယ်လှမ်းမိပါက ထင်သာမြင်သာရှိသောပစ်မှတ်တစ်ခုဖြစ်လာနိုင်၏။ထို့ကြောင့် သူ၏ဦးဆုံးရည်ရွယ်ချက်မှာ သူတို့စီရင်စုမြို့သာဖြစ်လေသည်။ထိုနေရာတွင်နေရာခိုင်ခိုင်မာမာကုပ်ယူနိုင်ပါမှ မြို့ကြီးပေါ်တက်ရန်စဉ်းစားရမည်။ယီချန်သည် အနာဂတ်အစီအစဉ်များအား ရေးဆွဲရင်း နယ်မြေထဲမှပြန်မထွက်ခင် အပင်များအားရေထပ်လောင်းပေးခဲ့လိုက်၏။
ယီချန်သည်ညစာစားချိန်တွင် ကန်တင်းသို့သွား၍ အရသာရှိသောညစာစားသောက်ပြီးသော် သွားတိုက်မျက်နှာသစ်ပြီး ခြေလက်ဆေးကာ အိပ်ရာဝင်ရန်ပြင်လိုက်သည်။အိပ်မက်ကမ္ဘာထဲရောက်ရန်လက်တစ်လှမ်းအလိုတွင် ရုတ်ချည်းအနှောင့်အယှက်ဝင်လာပြန်၏။