Ch-24
Viewers 5k

Ch-24 Unicode 


ချန်ချင့်သည် အိမ်တွင် ငါးနှစ်ကြာနေထိုင်ခဲ့ပြီးသော်လည်း ဆွေမျိုးတစ်ယောက်မှကို မတွေ့ခဲ့ဖူးပါချေ။ ဤမိသားစုထဲတွင် သူနှင့် စွင်းတာ့ညန် နှစ်ယောက်သာ အမြဲရှိခဲ့သည်။ ရုတ်တရက် စွင်းတာ့ညန်၏ ဆွေမျိုးဖြစ်ပုံရသော လူတစ်ယောက် ပေါ်လာသည့်အခါ ချန်ချင့်လည်း ကြောင်အသွားရလျက်။ 


"ဒီနေ့ ဒီကိုလာတာဘာကိစ္စရှိလို့လဲ" 


စွင်းတာ့ညန် စိတ်လှုပ်ရှားမနေဘဲ ချန်ချင့်အား သူမဘေးကို ခေါ်လိုက်ပြီး 


"ဒါက ငါ့အမေမိသားစုထဲက အကြီးဆုံးအစ်ကို... အားချင့် သူ့ကို ဦးလေးလို့ ခေါ်ရင်ရပြီ" 


ချန်ချင့်လည်း သူ့ရှေ့ကလူကို ကြည့်လိုက်သည်။ ထိုသူဟာ မဲနယ်ရောင်၀တ်စုံကို ဝတ်ဆင်ထားကာ အလယ်အလတ်အရပ်မြင့်ပြီး တစ်ချက်ကြည့်ရုံနဲ့တင် ဒေါသကြီးသူတစ်ယောက်မှန်း သိနိုင်ပေသည်။ ချန်ချင့်က စွင်းတာ့ညန်အား တစ်ချက်ကြည့်ကာ ဒီမောင်နှမတွေက ရုပ်မဆင်ကြဘူးပဲလို့ တွေးနေမိလျက်။ 


စွင်းတာ့ညန်၏ မကျေမနပ်အမူအရာကို ကြည့်ရင်း ချန်ချင့်လည်း စွင်းခန်းအား ခေါင်းညိတ်ရုံညိတ်ပြလိုက်ကာ 


"ဦးလေး" 


"ဒါက မုန့်ထောင်းအတွက် ငွေသုံးလျန်သုံးပြီး ဝယ်ထားတဲ့ ဖူးလန်ပေါ့လေ" 


ချန်ချင့်အား ကြည့်သော စွင်းခန်း၏ အကြည့်တို့မှာ ကြင်နာမှုမရှိချေ။ ချန်ချင့်သည် လွန်ခဲ့သောငါးနှစ်ခန့်က မကြာခဏ ဒီလိုမျိုး တွေ့ကြုံခဲ့ရပြီး သူ့အား ကုန်ပစ္စည်းတစ်ခုနှယ် ဆက်ဆံခံရတတ်သည်။ 


"ဟုတ်​တယ်​ သူ့နာမည်​က ချန်ချင့်" 


စွင်းတာ့ညန်က ချန်ချင့်ကို ကြည့်နေသော စွင်းခန်း၏အကြည့်​ကို တားဆီးလိုက်​ကာ 


"နင် ဒီကိုဘာ​လာလုပ်တာလဲ" 


စွင်းခန်း : "ငါ့မှာ ဘာမှလုပ်စရာမရှိရင် နင့်ကိုလာတွေ့လို့မရဘူးလား" 


စွင်းတာ့ညန် ရယ်စရာကောင်းသလို ခံစားလိုက်ရ၏။ 


"ငါ မှတ်မိပါသေးရဲ့.. မုန့်တာ့လီအတွက် ငါ ဝမ်းနည်းပူဆွေးချင်ခဲ့တုန်းက တကယ်လို့ ငါက ဝမ်းနည်းပူဆွေးမလို့ အတင်းအကြပ်လုပ်နေရင် နင်က ငါနဲ့ အဆက်အသွယ်ဖြတ်ပစ်မယ်လို့ အမေနဲ့ ယောင်းမကို ပြောခဲ့တာလေ.. ဒါတွေကို နင်မေ့သွားပြီလား" 


"အဲဒါတွေက ဟိုး​တုန်းက ကိစ္စတွေပဲလေ.. နင် ဘာလို့ ဒီလိုမျိုးအာဃာတတွေ စွဲနေရတာလဲ" 


စွင်းခန်း အနည်းငယ် ရှက်ရွံ့သလိုဖြင့် : "အိမ်ထောင်ကျပြီးသား အမျိုးသမီးတွေက နေရေးထိုင်ရေးအတွက် သူတို့မိဘအိမ်ကို မှီခိုအားကိုးရမှာ မဟုတ်ဘူးလား" 


စွင်းတာ့ညန် သူမနောက်ကျောကို ဆန့်လိုက်ကာ 


"မုန့်တာ့လီ သေသွားခဲ့တာ အနှစ် ၂၀ကျော်ပြီ.. အဲဒီအနှစ် ၂၀ အတွင်းမှာ ငါတစ်ယောက်ထဲ မုန့်ထောင်းကို ပျိုးထောင်ခဲ့တာ.. မိဘအိမ်က မိသားစုရဲ့ အကူအညီ တစ်ပြားသားမှမယူခဲ့ဘူး.. ဒီတော့ နင်ပြောတဲ့စကားက ဘာကိုဆိုလိုမှန်း ငါမသိဘူး" 


စွင်းခန်းလည်း အပြစ်ရှိသလို ခံစားမိ၍ သူ့ဒေါသတွေကို ချန်ချင့်ဘက်လှည့်လိုက်ပြီး 


"မင်းက ဘယ်လိုဖူးလန်လဲကွ... မင်းတို့အိမ်ကို လူကြီးတွေ အလည်လာတဲ့အခါ ရေတစ်ခွက်တိုက်ရမှန်းတောင် မင်းမသိဘူးလား" 


ချန်ချင့် မျက်လုံးတွေ ပြူးကျယ်သွားရလျက်။ စွင်းတာ့ညန်က သူ့အား ပြန်ဆွဲထားပြီး 


"ကိုယ့်ထက် အငယ်တစ်ယောက်ရှေ့မှာ ဒီလိုပုံစံမျိုး လုပ်နေစရာမလိုဘူး.. နင် ဒီနေ့ ဒီကို ဘာလာလုပ်တာလဲဆိုတာပဲ ငါ့ကိုပြောလိုက်" 


"ကောင်းပြီ" 


စွင်းခန်းသည် မူလက စွင်းတာ့ညန်နှင့် မိသားစုဆွေမျိုးပြဇာတ် ကချင်သော်လည်း သူမအား စကားပင် ကောင်းကောင်းပြောလို့မရတာကြောင့် တိုက်ရိုက်ပြောလိုက်ရုံသာရှိတော့သည်။ 


"မုန့်ထောင်း တိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ ငါကြားလိုက်ရလို့.. တရားရုံးက လျော်ကြေးငွေ ၁၀လျန်ပေးလိုက်တယ်ဆို" 


စွင်းတာ့ညန် မအံ့သြတော့ချေ။ သူမ၏ မိသားစုဟာ အစကတည်းက အကျိုးအမြတ်သာ ဂရုစိုက်တတ်သည့် လူတစ်စုပင်။ သို့သော် သူမ မမျှော်လင့်ထားခဲ့သည်မှာ သူတို့က မုန့်ထောင်း၏ လျော်​​ကြေးငွေကိုတောင် တွေးရဲလောက်သည်အထိ အရှက်ကင်းမဲ့နေလိမ့်မည်ဟု။ 


"ဟုတ်​တယ်​ အဲဒါဘာဖြစ်​လဲ" 


သို့နှင့် စွင်းခန်းဟာ သူ့၏ ရည်ရွယ်ချက်ကို ထုတ်ပြလာခဲ့သည်။ 


"နင်လဲ သိပါတယ်.. နင့်တူလေး စွင်းဝေက ဒီနှစ်ဆို အိမ်ထောင်ပြုရမဲ့အရွယ်ရောက်ပြီလေ.. သူက ဇနီးတစ်ယောက်ရှာတွေ့ထားပေမဲ့ သူက လက်ဖွဲ့ငွေအဖြစ် ငွေ ၁၀လျန်လိုချင်နေတာ.. မိသားစုမှာက ငွေကြေးအခက်အခဲရှိနေတာ နင်လဲအသိပဲလေ..." 


"မင်္ဂလာဆောင်ပွဲကျင်းပဖို့ လူသေတစ်ယောက်ရဲ့ ပိုက်ဆံကို သုံးချင်တယ်ပေါ့.. နင်ပြောကြည့်.. စွင်းဝေက သူ့မင်္ဂလာဦးညမှာ စစ်မြေပြင်မှာ သေဆုံးသွားတဲ့ ငါ့သားအကြောင်းကို အိမ်မက်မက်မလားလို့.. ပြီးတော့ သူ့ကျန်ဘဝတစ်လျှောက်လုံး လူဆန်မှာမဟုတ်တော့ဘူးဟဲ့!" 


စွင်းတာ့ညန် ပြောတာကို ကြားလိုက်ရသည့်အခါ ချန်ချင့်လည်း နှလုံးကွဲကြေသွားရ၏။ စွင်းတာ့ညန်၏ အင်္ကျီလက်စကို ဆွဲကာ 


"အမေ ဒေါသမထွက်ပါနဲ့" 


"နင်! ဘာလို့ ဒီလောက်ကြမ်းကြမ်းတမ်းတမ်းပြောနေရတာလဲကွ!" 


စွင်းခန်းက စွင်းတာ့ညန်၏ နှာခေါင်းကို လက်ညှိုးထိုးကာ 


"နင့်တူလေးကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုးကျိန်ဆဲနိုင်ရတာလဲ" 


"နင် မကောင်းတာလုပ်ထားလို့ ဆိုးဆိုးရွားရွား အပြောခံရတဲ့အခါ သူတပါးကို အပြစ်တင်မနေနဲ့!" 


စွင်းတာ့ညန် ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး တုန်ယင်နေလေ၏။ 


"ထွက်သွားစမ်း ငါ့အိမ်ကနေ ထွက်သွား" 


"စွင်းချွေ့! မမေ့လိုက်နဲ့.. အရိုးတွေကျိုးသွားရင်တောင် အရွတ်တွေက ဆက်နွယ်နေသေးတုန်းပဲ! ငါတို့က မိသားစုတွေဖြစ်နေတုန်းပဲကွ" 


"နင့်မိသားစုဆီသွားလေ.. ထွက်သွားစမ်း.. နင့်ကို ငါ့အိမ်ကမကြိုဆိုဘူး" 


စွင်းတာ့ညန်သည် ဘေးနားက တံမြက်စည်းကို ကောက်ကိုင်ကာ စွင်းခန်းအား ရိုက်နှက်ပစ်တော့မည့်အချိန် ချန်ချင့်က စွင်းတာ့ညန်အား အမြန်တားလိုက်၏။ 


စွင်းခန်းသည် သူတို့နှစ်ယောက်က သူ့ကို ရိုက်နှက်မှာစိုး၍ ခပ်မြန်မြန် ခုန်ထွက်သွားလေသည်။ 


သို့သော် ချန်ချင့် မထင်မှတ်ထားသည်ကား စွင်းခန်းဟာ အရမ်းအရှက်ကင်းမဲ့တယ်ဆိုသည်ကိုပင်။ သူသည် အိမ်ကနေ ချက်ချင်းမထွက်သွားဘဲ သူတို့ တောင်ပေါ်မှ ပြန်သယ်လာသော ခြင်းတောင်းဆီ လျှောက်သွားကာ ကြက်သားကို ကောက်ယူလိုက်ပြီး 


"နင် အမေ့အပေါ် မသိတတ်တာ နှစ်ပေါင်းများစွာကြာပြီဆိုတော့ ဒီကြက်က သူမအတွက် လျော်ကြေးပဲ" 


ထိုသို့ပြောပြီးနောက် သူ့လက်ထဲက ကြက်နှင့် ထွက်ပြေးလေတော့သည်။ ထိုအခါ ချန်ချင့်လည်း တွေးတောမနေတော့ဘဲ သူ့နောက်က ပြေးလိုက်ခဲ့သည်။ 


သူနဲ့ သူ့အမေက တစ်နှစ်၊ နှစ်နှစ်နေလို့ ကြက်တစ်ကောင် သတ်ဖို့ကို တုံ့ဆိုင်းနေခဲ့ရတာလေ.. ဒါ့ကြောင့် တစ်ယောက်ယောက်ယူသွားတာကို ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်မှာလဲ.. 


စွင်းခန်းကမူ အနှီဝယ်ယူခဲ့သော ဖူးလန်က သူ့နောက်လိုက်ရဲလိမ့်မည်ဟု မထင်ထားခဲ့ချေ။ စွင်းခန်းဟာ အရမ်းအရပ်မရှည်သော်ငြား တစ်နှစ်ပတ်လုံး လယ်အလုပ်လုပ်သူဖြစ်ပြီး ချန်ချင့်က သေးသေးလေးဖြစ်လို့ သူ့အား အသာလေး ခါထုတ်လို့ရသည်ပင်။ 


ချန်ချင့်က သူ့နောက် ထပ်လိုက်လာကာ ကျိုးယွမ်၏ အိမ်တံခါးဝအထိ လိုက်ဆွဲနေခဲ့သည်။ 


စွင်းခန်းသည် ချန်ချင့် လိုက်ဆွဲနေတာကြောင့် ဒေါသထွက်နေချေပြီ။ သူက ဒီအတိုင်း ဝယ်ထားတဲ့ ဖူးလန်ပဲ၊ မဟုတ်လဲ ပြည့်တန်ဆာသာသာပဲလေ.. ဒါဆို သူက ဘာလို့ ဒီလောက်သဘောထားသေးနေရတာလဲ.. 


စွင်းခန်းက ချန်ချင့်၏ မျက်နှာကို ရိုက်ချင်၍ ရပ်လိုက်လေ၏။ 


သို့ပေတိ သူ့လက်ကို မမြှောက်ခင်မှာပင် တစ်ယောက်ယောက်ဆီမှ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံလိုက်ရလေ၏။ ထိုလူဟာ သူ့ထက် အများကြီး အရပ်ပိုရှည်သလို သူ့လက်တွေကလည်း သံပြုတ်တူအလား။ သူ ဘယ်လိုမှ ရုန်းလို့မရနိုင်ခဲ့ချေ။ 


ချန်ချင့် သူ့ကြက်ကို ဆွဲယူလိုက်ပြီး ကျိုးယွမ်၏ အနောက်သို့ ပြေးသွားခဲ့သည်။ အပြင်းအထန်လှုပ်ရှားမှုကြောင့် သူ့မျက်နှာလေးက နီရဲနေပြီး အသက်ပြင်းပြင်းရှုနေရဆဲ။ 


ချန်ချင့်၏ မျက်နှာဟာ သိပ်မဖြူပါချေ။ ကာလအတော်ကြာ အပြင်မှာ ပြေးလွှားနေခဲ့ရသည့်အတွက် အနည်းငယ်ညိုသွားခဲ့ပြီ။ သူ့မျက်နှာထက်စာရင် လည်ပင်းကပင် ပိုဖြူနေကာ သွေးကြောပြာတချို့ကို မြင်နိုင်ပေသည်။ ကျိုးယွမ် အဝေးကို လှမ်းကြည့်လိုက်ပြီး သူ့ကအား မေးလိုက်၏။ 


"မင်း အဆင်ပြေရဲ့လား" 


ချန်ချင့် ခေါင်းခါလိုက်ပြီး : "ကျွန်တော် အဆင်ပြေပါတယ်" 


ကျိုးယွမ်သည် သူ့လက်ထဲက လူလတ်ပိုင်းအရွယ်အမျိုးသားအား တစ်ဖန်ပြန်ကြည့်လိုက်ကာ 


"နေ့ခင်းကြောင်တောင်ကြီး မင်းအိမ်က တစ်ခုခုလာခိုးတာလား" 


"မိုးမေလင်းလိုက်.. ငါက ငါ့ညီမအိမ်က ကြက်ကို ယူတာ ဘာဖြစ်နေလို့လဲကွ.. မင်းကဘယ်သူတုန်း.. ငါ့ကိုလွှတ်စမ်း!" 


စွင်းခန်း ရုန်းကန်သော်လည်း မလှုပ်ရှားနိုင်ကြောင်း သိရှိလိုက်ရသည်။ ဒီကောင်ရဲ့ လက်အားက နွားတစ်ကောင်လို သန်မာတာပဲဟ.. 


စွင်းခန်းသည် အလွန်အရှက်ကွဲသလို ခံစားလိုက်ရသဖြင့် အခါခါဆဲဆိုလိုက်၏။ ကျိုးယွမ်လည်း စိတ်တိုသွား၍ မြေကြီးပေါ်က အညစ်အကြေးလက်တစ်ဆုပ်စာ ယူလိုက်ကာ သူ့ပါးစပ်ထဲ ထိုးထည့်ပေးလိုက်တော့သည်။ 


ချန်ချင့် : ... 


စွင်းတာ့ညန်လည်း ဒေါသတကြီးနဲ့ သူ့ကို သူမခြံထဲက နှင်ထုတ်လိုက်လေသည်။ 


"ငါပြောလိုက်မယ် စွင်းခန်း နင် ငါ့အိမ်ကနေ ဘာတစ်ခုမှ ယူသွားလို့မရဘူးဟဲ့!" 


သူမသည် စွင်းခန်းအား တုတ်ချောင်းနှင့် ရိုက်​ကာ : "ထွက်သွားစမ်း!" 


ကျိုးယွမ် ထိုလူအား လွှတ်ပစ်လိုက်၏။ စွင်းခန်းက သူ၏ အရပ်ရှည်ရှည် အသွင်သဏ္ဍာန်ကို ကြည့်ပြီး သူ့ပါးစပ်ထဲမှ အညစ်အကြေးများကိုပင် ထွေးမထုတ်တော့ဘဲ ထွက်ပြေးသွားတော့သည်။ 


ချန်ချင့်လည်း စွင်းတာ့ညန်အား ကူတွဲလျက် : "အမေ အဆင်ပြေရဲ့လား" 


စွင်းတာ့ညန် ခေါင်းညိတ်ပြကာ ချန်ချင့်၏ လက်ကို ပုတ်ပေးလိုက်ရင်း 


"ငါ အဆင်ပြေပါတယ်" 


ကျိုးယွမ်လည်း စွင်းတာ့ညန်၏ နောက်လက်တစ်ဖက်ကို ချောချောမွေ့မွေ့ ထိန်းကိုင်ပေးရင်း ခြံထဲခေါ်သွားပေးလိုက်သည်။ 


ချန်ချင့်ကတော့ လက်ထဲတွင် ကြက်ကို ကိုင်ထားဆဲဖြစ်ရာ သူ အမြန်အောက်ချလိုက်ပြီး စွင်းတာ့ညန်အတွက် ရေတစ်ခွက် သွားယူပေးလိုက်သည်။ သူမ ရေသောက်နေတာကို ကြည့်ရင်း သူ စိတ်သက်ရာရသွားလေပြီ။ 


"အမေ အဆင်ပြေပါတယ်" စွင်းတာ့ညန် အသက်ပြင်းပြင်းရှုလိုက်၏။ 


သူမက သူမ၏ မိသားစုအကြောင်း ဘာမှမပြောချေ။ သူမ မုန့်တာ့လီနှင့် လက်ထပ်စဥ်က သူမ၏ မိသားစုဟာ မုန့်တာ့လီဆီက တင်တောင်းငွေ ၂လျန်တောင်းပြီး သူမအတွက် ဘာခန်းဝင်ပစ္စည်းမှမပေးလိုက်ဘဲ လော့ဟယ်ရွာသို့ လက်ထပ်လိုက်ရသည်။ 


အမှန်တော့ ဒါက လက်ထပ်တာမဟုတ်ဘူးလေ.. သူမရဲ့ မိသားစုက သူမကို ငွေ၂လျန်နဲ့ ရောင်းလိုက်တာပဲ... 


ကံကောင်းထောက်မစွာဖြင့် မုန့်တာ့လီဟာ  ရိုးသားသူတစ်ဦးဖြစ်သလို ယောက္ခမတွေကလည်း ကြင်နာတတ်ကြ၏။ သို့သော် သူတို့ စောစောစီးစီး ကွယ်လွန်သွားခဲ့ရှာသည်။ သူမ မုန့်ထောင်းကိုယ်ဝန်ရှိနေစဥ် ယောက္ခမတွေက ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ကြရာ မိသားစုထဲတွင် ၃ဦးသာကျန်ရစ်ခဲ့တော့သည်။ 


မုန့်ထောင်း အသက် ၅နှစ်အရွယ်တွင် မုန့်တာ့လီက မတော်တဆဖြစ်ခဲ့သည်။ ၅နှစ်အရွယ်ကလေးတစ်ယောက်နှင့် မုဆိုးမတစ်ဦးအနေဖြင့် ဘဝကို သည်းမခံနိုင်လုနီးနီး။ 


ထိုအချိန်တွင် သူမ၏ မိသားစု ရောက်လာကာ သူမအား လော့ဟယ်ရွာမှ ထွက်ခွာစေလိုကြောင်း၊ သူတို့က သူမအတွက် နောက်မိသားစုတစ်စု ရွေးထားပြီးပြီဖြစ်ကြောင်း၊ ထိုမိသားစုက ငွေ ၂လျန်ပေးခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။ 


(ဆဲချင်လိုက်တာဟယ်) 


စွင်းတာ့ညန် သဘောမတူခဲ့ပေ။ မုန့်တာ့လီအတွက် ဝမ်းနည်းပူဆွေးခြင်းအဝတ်အစား ဝတ်ရန် ခုခံခဲ့သဖြင့် သူမ၏ မိသားစုက သူမနဲ့ အဆက်အသွယ်ဖြတ်တောက်မည်ဟု ပြောခဲ့ကြသည်။ 


xxx