Chapter 19
Viewers 8k

🍉 Chapter 19

မင်းမှာ သက်သေရှိလား



အရာအားလုံး တိတ်ဆိတ်သွားသည်။


ရှည်လျားသော တိတ်ဆိတ်မှုအောက်တွင် ဖုန်းကျီချီက သူ၏ နားထဲတွင် တဝီဝီ အသံများကိုသာ ကြားနိုင်သည်။ သူ့နှလုံးက တဒိတ်ဒိတ်ခုန်နေကာ နဖူးပေါ်တွင် ချွေးစေးများပင် ထွက်လာသည်။


ဟော်ကျင့်ရဲ့ ညီ...


ဒါက ဟာသလား...


ဟော်ကျင့်၏ ဤသီးသန့်စံအိမ်တွင် လာရောက် လည်ပတ်သူများ မရှိသလောက် နည်းပါးသည်ဟု သူ ကြားသိခဲ့ရသည်။

ဟော်ကျင့်ရဲ့ ညီက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ...


ရုတ်တရက် ဖုန်းကျီချီက တစ်ခုခုကို သဘောပေါက်သွားပုံရသည်။ သူ့မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားပြီး ယဲ့လဲ့ယောင်ကို စေ့စေ့စပ်စပ် ကြည့်နေသည်။


စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက် သူ့မျက်နှာပေါ်ရှိ ထိတ်လန့်မှုနှင့် စိတ်မသက်သာမှုတို့က ဒီရေကဲ့သို့ ပျောက်ကွယ်သွားသည်။ သူက ပေါ့ပေါ့ပါးပါး အသက်ရှူသွင်းလိုက်ကာ သူ့အမူအရာက တဖြည်းဖြည်း ငြိမ်သက်သွားပြီး ယဲ့လဲ့ယောင်ကို လှောင်ပြောင်သည့် အရိပ်အယောင်နှင့် ကြည့်လိုက်သည်။


သူ၏ စိတ်နေသဘောထား ပြင်းထန်စွာ ပြောင်းလဲသွားမှုက ယဲ့လဲ့ယောင်ကို ပဟေဠိ ဖြစ်သွားစေသည်။


[ဟေး...ဘာလို့ သူက ခဏလေးပဲ ပျာယာခတ်သွားတာလဲ...]


[ဟော်ကျင့်က ငါ့အစ်ကို ဆိုတာကို မယုံလို့များလား...]


စောင့်ကြည့်ခန်းထဲမှ ဟော်မိသားစုဝင်များကလည်း တိတ်ဆိတ်သွားကြသည်။


ဖုန်းကျီချီက အမှန်တကယ်ပင် ထိုသို့ တွေးခဲ့ခြင်း ဖြစ်နိုင်သည်။


ဟော်မိသားစု၏ မွေးစားသားတစ်ဦးအနေဖြင့် ယဲ့လဲ့ယောင်က ဟော်မျိုးရိုးအမည်ကို မခံယူဘဲ လူအများရှေ့တွင် ပေါ်လာရခြင်းကိုလည်း မကြိုက်ပေ။


ထို့အပြင် ယဲ့လဲ့ယောင် အရွယ်မရောက်သေးမီက ပါပါးဟော်နှင့် မာမားဟော်က သူ့ကို အလွန်အမင်း အကာအကွယ်ပေးခဲ့ခြင်းကြောင့် ယဲ့လဲ့ယောင်၏ အထောက်အထားအကြောင်းကို ရင်းနှီးသော မိသားစုများနှင့် မိတ်ဆွေ အနည်းငယ်ကသာ သိခဲ့သည်။ ဟော်မိသားစုနှင့် နက်ရှိုင်းသော စီးပွားရေး အဆက်အသွယ် ရှိသည့် လုပ်ဖော်ကိုင်ဖက်များစွာပင်လျှင် ဟော်မိသားစုက လွန်ခဲ့သော နှစ်များက သားတစ်ယောက် မွေးစားခဲ့ကြောင်းကိုသာ သိခဲ့ကြသည်။


မွေးစားသား၏ အမည်နာမ အသေးစိတ်နှင့် ပတ်သက်၍ သဲလွန်စပင် မသိရှိကြပေ။


လူထုနှင့် ဖျော်ဖြေရေး လုပ်ငန်းတွင်မူ ပြောနေရန်ပင် မလိုအပ်ပေ။


လက်ထောက်ဖုန်းက ယဲ့လဲ့ယောင်၏ တည်ရှိမှုကို သိသော်လည်း ယနေ့မတိုင်မီတွင် သူက ယဲ့လဲ့ယောင်ကို မတွေ့ဖူးပေ။ သူ့အလုပ်က ယဲ့လဲ့ယောင်နှင့် မည်သည့်အခါကမှ မသက်ဆိုင်သည့်အတွက် ဖုန်းကျီချီရှေ့တွင်လည်း ထိုအကြောင်း မပြောပြဖြစ်ပေ။


ထို့ကြောင့် ဖုန်းကျီချီက ယဲ့လဲ့ယောင်၏ အထောက်အထားကို အမှန်တကယ်ပင် မသိနိုင်ပေ။


ဟော်မိသားစု၏ထင်မြင်ချက်မှာ မှန်ကန်ပေသည်။


ဖုန်းကျီချီက ဟော်ကျင့်၏ သြဇာလွှမ်းမိုးမှုကို အသုံးချလိုလျှင် ဟော်ကျင့်၏ နောက်ခံကို သဘာဝကျကျပင် စေ့စေ့စပ်စပ် စုံစမ်းလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဟော်ကျင့်က အလွန် သိုသိုသိပ်သိပ်နေသောသူ ဖြစ်ပြီး ဖုန်းကျီချီက လူအများ ရရှိနိုင်သည့် အလွန် အကန့်အသတ်ရှိသော အချက်အလက်များကိုသာ ရှာတွေ့နိုင်သည်။


ဤအချက်အလက်များက သူ့အား ဟော်ကျင့်၏ 'ကောင်လေး' ဖြစ်ကြောင်းကို မည်သူကမှ ယုံလွယ်စေမည်မဟုတ်သောကြောင့် ဖုန်းကျီချီက လက်ထောက်ဖုန်းကို အာရုံစိုက်ခဲ့သည်။


ဟော်ကျင့်၏ အထူးလက်ထောက်အဖြစ် အလုပ်လုပ်သော အစ်ကိုတစ်ယောက် ရှိခြင်းကြောင့် သီးသန့်အချက်အလက်အချို့ကို ရရှိရန်မှာ သူ့အတွက် လွယ်ကူစေသည်။


ဖုန်းကျီချီ သိသည်မှာ ဟော်မိသားစုတွင် သားသုံးယောက်ရှိပြီး ဟော်ကျင့်က အကြီးဆုံးဖြစ်ကာ သူ့နောက်တွင် ညီငယ်နှစ်ယောက်ရှိသည်။


တစ်ယောက်မှာ နာမည်ကြီးသရုပ်ဆောင် ဟော်ယန်နှင့် နောက်တစ်ယောက်မှာ နာမည်ကြီး ဂိမ်းပရော်ဖက်ရှင်နယ် ဟော်ဇယ်တို့ ဖြစ်သည်။


ထိုနှစ်ယောက်မှာ ကျော်ကြားသူများ ဖြစ်သောကြောင့် ဖုန်းကျီချီက သူတို့နှင့် လူချင်း မတွေ့ဖူးလျှင်ပင် သူတို့၏ ဓာတ်ပုံများကို သူ မြင်ဖူးသည်ပင်။


သို့သော်လည်း သူ့ရှေ့တွင် ရပ်နေသည့် ကောင်လေးမှာ ဟော်ယန်သာမက ဟော်ဇယ်ပါ မဟုတ်ပေ။


ဟော်ကျင့်မှာ တခြား ဘယ် ညီ ရှိသေးလို့လဲ...


ဖုန်းကျီချီက ယဲ့လဲ့ယောင်၏ စကားကြောင့် အစပိုင်းတွင် ထိတ်လန့်သွားခဲ့သည်။


ကျိုးကြောင်းဆီလျော်မှု ပြန်ရလာသောအခါ သူက လျင်မြန်စွာ တည်ငြိမ်သွားသည်။


"ငါက ဟော်ကျင့်ရဲ့ ညီတွေကို မတွေ့ဖူးဘူးလို့ ထင်လို့လား..."

ဖုန်းကျီချီက ထပ်ပြောလိုက်သည်။ ယခုအခါ သူက လုံးဝ တည်ငြိမ်နေပြီး ယဲ့လဲ့ယောင်ကို အထင်အမြင်သေးကာ စိတ်မရှည်စွာ ကြည့်လိုက်သည်။

"မင်း ထွက်မသွားရင် လုံခြုံရေးကို ခေါ်လိုက်တော့မှာ..."


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များက သည်းမခံနိုင်တော့ဘဲ စကားစပြောလာသည်။


"သူက ရူးနေတာလား..."


"ဒါက မယုံနိုင်စရာပဲ...ဒီရက်ပိုင်းမှာ လူတွေက ဟော်မိသားစုရဲ့ သခင်လေးကိုတောင် ပစ်မှတ် ထားရဲနေကြတယ်..."


"ကျီချီက ကောင်းကောင်း ထိန်းချုပ်နိုင်တာပဲ...ငါသာဆိုရင် လုံခြုံရေးကို သေချာပေါက် ခေါ်လိုက်မှာ..."


"လုံခြုံရေးကို ခေါ်လိုက်ပါတော့...ငါ သူ့ကို မတွေ့ချင်တော့ဘူး..."


"+1"


"ဒီလို လှည့်စားတတ်တဲ့လူကြောင့် စိတ်အနှောင့်အယှက် အဖြစ်မခံပါနဲ့...ဒါပေမယ့် ကျီချီရဲ့ ပထမဆုံးစာကားကို သတိထားမိတဲ့သူက ငါ တစ်ယောက်တည်းလား..."


တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ချက်ချင်း ပေါက်ကွဲသွားသည်။


ဖန်သားပြင်တွင် "ငါ သူတို့ကို သဘောတူတယ်" နှင့် ပြည့်နှက်နေသည်။


ဟော်ကျင့်၏ မျက်နှာက အနည်းငယ် မှောင်မည်းသွားသည်။


လက်ထောက်ဖုန်း ရှိနေသောကြောင့် ပါပါးဟော်နှင့် မာမားဟော်တို့က ရယ်မောလိုသော်လည်း ထိန်းထားကြရသည်။


ဤအခိုက်အတန့်တွင် လက်ထောက်ဖုန်း၏ ခြေချောင်းများမှာ ရှက်ရွံ့စွာဖြင့် တွန့်လိမ်နေသည်။


သူ့ညီက ဟော်ကျင့်နှင့် အတူရှိနေပြီဖြစ်ကြောင်း ဝန်ခံပြီးချိန်မှစ၍ လက်ထောက်ဖုန်းမှာ ရှက်ရွံ့ကာ သတိလစ်သွားလိုခဲ့သည်။ ယခု သခင်ငယ်လေးနှင့် စကားပြောနေစဉ် သူ့ညီက အိမ်ရှင်ကဲ့သို့ ပြုမူနေသည်ကို မြင်လိုက်ရကာ ပို၍ပင် ရှက်ရွံ့သွားသည်။


"ဥက္ကဋ္ဌ၊ မဒမ်၊ ဥက္ကဌဟော်..."

လက်ထောက်ဖုန်းက ခက်ခက်ခဲခဲနှင့် ပြောလိုက်သည်။

"ဒါမှမဟုတ် ကျွန်တော် အပြင်ထွက်ပြီး ရှင်းလင်းလိုက်ရင်ရော..."


[ကောင်းပြီ၊ ငါက အစ်ကိုကြီးရဲ့ညီ ဆိုတာကို ဖုန်းကျီချီက မယုံဘူး...]


ယဲ့လဲ့ယောင်က အဖြေထုတ်နေသည်။


[ငါ့အစ်ကိုကြီးကို အခု သွားခေါ်လိုက်ရမလား...]


ယဲ့လဲ့ယောင်က တစ်စက္ကန့်မျှ တွေးတောကာ မျက်မှောင်ကြုတ်လိုက်သည်။


[မဟုတ်ဘူး...အစ်ကိုကြီး ထွက်လာဖို့ အချိန်မကျသေးဘူး...သူ အခုထွက်လာရင် လက်ထောက်ဖုန်းလည်း ထွက်လာမှာ သေချာတယ်...လက်ထောက်ဖုန်းရဲ့ ပုံစံအတိုင်းဆိုရင် သူက ဒီကိစ္စကို လျှောချခွင့်ပြုဖို့ ငါ့အစ်ကိုကြီးကို တောင်းပန်လိမ့်မယ်...]


[ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပေမယ့် ဒါက သူ့ရဲ့သွေးစုပ်နေတဲ့ ညီက အမှန်တကယ် ဘယ်လိုလူလဲဆိုတာ သိနိုင်ဖို့ လက်ထောက်ဖုန်းအတွက် အခွင့်အရေးကောင်းပါပဲ...]


ဟော်မိသားစုက အတင်းအဖျင်းစကားအတွက် နားစွင့်နေသည်။


ယဲ့လဲ့ယောင်က လက်ထောက်ဖုန်း၏ နောက်ခံကို ပြန်သတိရပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။


[လက်ထောက်ဖုန်းက သနားစရာကောင်းပါတယ်...သူ့အမေက သူ့ကိုမွေးပြီးတဲ့ နောက်မှာ ကျန်းမာရေး ယိုယွင်းလာတယ်...သူ့အဖေက မကောင်းတဲ့သူဖြစ်ပြီး လက်ထောက်ဖုန်းရဲ့အမေကိုယ်ဝန်ရှိနေချိန်မှာ ဖုန်းကျီချီရဲ့ အမေနဲ့ ဖောက်ပြန်ခဲ့တယ်...လက်ထောက်ဖုန်းရဲ့အမေ ဆုံးသွားတော့ သူက အငယ်အနှောင်းကို အိမ်ပေါ် ခေါ်တင်ခဲ့တယ်...]


[လက်ထောက်ဖုန်းက ငယ်ငယ် ကလေးဘဝကတည်းက သူ့မိထွေးနဲ့ လူယုတ်မာ အဖေ တို့ရဲ့ ခြယ်လှယ်တာကို ခံခဲ့ရပြီး အမြဲတမ်း သူ့ညီကို ကောင်းကောင်း ဆက်ဆံရမယ်လို့ ဦးနှောက်ဆေးခံထားရပြီးတော့ သူ့ကို "ကျေနပ်အောင်လုပ်ပေးတဲ့ အစ်ကို" စရိုက်အဖြစ် ပြောင်းလဲစေခဲ့တာ...ဒါပေမယ့် ဖုန်းကျီချီရော၊ သူ့မိထွေးရော သူ့အဖေရောက လက်ထောက်ဖုန်းကို တကယ့် မိသားစုလို တစ်ခါမှ မဆက်ဆံဖူးဘူး...သူတို့က သူ့ကို အဆုံးမရှိ သွေးစုပ်နေရုံပဲ...]


[ငါ မှတ်မိတာသာ မှန်တယ်ဆိုရင် လက်ထောက်ဖုန်းက အိမ်တောင် မဝယ်ရသေးဘူး မဟုတ်လား...]


ပါပါးဟော်နှင့် မာမားဟော်က ချက်ချင်းပင် ဟော်ကျင့်ကို လှည့်ကြည့်လိုက်သည်။


ဒါက အမှန်ပဲလား...


ဟော်ကျင့်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။


ဟော်မိသားစု ဥက္ကဌ၏ အထူးလက်ထောက်တစ်ယောက် အနေဖြင့် နှစ်ကုန် ဘောနပ်စ်များနှင့် ဆုကြေးများကို ထည့်မတွက်လျှင်ပင် နှစ်စဉ် လစာက သန်းနှင့်ချီ၍ ရှိသည်။


လက်ထောက်ဖုန်းက ဟော်ကျင့်ထံတွင် အလုပ်လုပ်လာသည်မှာ ခြောက်နှစ်ကျော် ရှိပြီ ဖြစ်ပြီး အိမ်ပင် မဝယ်ရသေးပေ။


သူ့မိသားစုက သူ့ကို မည်မျှ သွေးစုပ်နေကြောင်းကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။


[ဖုန်းကျီချီက ဘယ်လို လူအမျိုးအစားဆိုတာကို လက်ထောက်ဖုန်း မြင်ရဖို့အတွက် ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်မထားဘူးဆိုရင် ဖုန်းကျိီချီကို ကူညီမိလို့ အာဖရိကကို တရုတ်နှင်းသီးစိုက်ဖို့ အပို့ခံရမှာကို ငါ ကြောက်မိတယ်...]


ပါပါးဟော်နှင့် မာမားဟော်: "…"


ရှားစောင်းပင် စိုက်ဖို့ အာဖရိကကို ပို့တာလို့ အရင်က မင်း မပြောခဲ့ဘူးလား...


သို့သော်လည်း ယဲ့လဲ့ယောင် ပြောသည့် စကားများကို အခြေခံရလျှင် ဖုန်းမိသားစုဝင်များမှာ အမှန်တကယ်ပင် လူကောင်းများ မဟုတ်ကြပေ။


စိတ်ပူနေသေးသည့် လက်ထောက်ဖုန်းကို ကြည့်ကာ ပါပါးဟော်က သူ့ကို ဖြေသိမ့်ပေးရန် ပြောလိုက်သည်။

" စိတ်မပူပါနဲ့၊ နည်းနည်းလောက် စောင့်ကြည့်ကြရအောင်..."


မာမားဟော်ကလည်း ပြုံး၍ ပြောသည်။

"ရှောင်ဖုန်း...မင်း ဘယ်လိုလူလဲဆိုတာ ငါတို့ သိတယ်...မင်း စိတ်မပူဖို့ မလိုပါဘူး..."


လက်ထောက်ဖုန်းက အံ့အားသင့်သွားပြီး ပါပါးဟော်နှင့် မာမားဟော်ကို ကြည့်လိုက်သည်။


သို့သော်လည်း ပါပါးဟော်နှင့် မာမားဟော်တို့က စောင့်ကြည့်သည့် မျက်နှာပြင်ကို စိတ်လှုပ်ရှားစွာ ဆက်လက် ကြည့်ရှုနေကြပြီး သူ၏ အကြည့်များကို ရှောင်ရှားခဲ့သည်။


ဖုန်းကျီချီက ယဲ့လဲ့ယောင် ထွက်ခွာသွားမည်ကို စောင့်ဆိုင်းခဲ့သော်လည်း ယဲ့လဲ့ယောင်က မလှုပ်မယှက်ဖြင့် ဆိုဖာပေါ်တွင် အချိန်အတော်ကြာ ထိုင်နေခဲ့သည်။


ပရိုဂရမ်အဖွဲ့သားများက ရိုက်ကူးရန် ရောက်ရှိလာချိန် နီးနေကြောင်း သိလိုက်ရလျှင် ဖုန်းကျီချီက နောက်မဆုတ်နိုင်တော့ဘဲ လုံခြုံရေးကို ခေါ်ရန် သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်။


ထိုအချိန်တွင် ယဲ့လဲ့ယောင်က ရုတ်တရက် ပြောလာသည်။

"ကျွန်တော်က ပရိသတ် တစ်ယောက်ပါ..."


ဖုန်းကျီချီက တခဏမျှ အံ့အားသင့်သွားသည်။

"မင်း ဝန်ခံလိုက်ပြီလား..."


"ကျွန်တော် ရှင်းရှင်းလင်းလင်း မေးခွန်းတစ်ခု မေးချင်တယ်...မဟုတ်ရင် ကျွန်တော် ဒီနေ့ ထွက်မသွားဘူး..."

ယဲ့လဲ့ယောင်က ပြောသည်။


လက်ထောက်ဒါရိုက်တာနှင့် ကင်မရာသမား သုံးဦးက လှေကားထစ်တွင်ထိုင်ကာ အံ့အားသင့်သွားကြသည်။


ဘာပရိသတ်လဲ...ဒါက အသစ်ရောက်လာတဲ့ ဧည့်သည် ယဲ့လဲ့ယောင် မဟုတ်လား...


အခုလေးတင် သူ့ကို အင်တာဗျူးခဲ့တာလေ...


ဒီမှာ ဘာဖြစ်နေတာလဲ...


လက်ထောက်ဒါရိုက်တာနှင့် ကင်မရာသမားများက ရှုပ်ထွေးသွားကြသော်လည်း ဤအချိန်က အပြင်ထွက်ရမည့် အချိန် မဟုတ်ကြောင်း သူတို့၏ ထက်မြက်သည့် ဗီဇက ခံစားမိနေသည်။


သူတို့က အသေအချာပုန်းရန် လှေကားထစ် အနည်းငယ် ပြန်တက်လိုက်ပြီး ဂရုတစိုက် ထိုင်ချလိုက်သည်။


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများက ဒေါသထွက်ခဲ့ကြသည်။


"ဒီလို ရိုင်းတဲ့ ပရိသတ်ကို ငါ တစ်ခါမှ မမြင်ဖူးဘူး..."


"အား...သည်းမခံနိုင်တော့ဘူး...လုံခြုံရေးကို ခေါ်လိုက်ပါတော့..."


"ကျီချီအတွက် ငါ ရဲကို ခေါ်မိတော့မယ်..."


ဖုန်းကျီချီက ယဲ့လဲ့ယောင်၏ မှန်ကန်ပုံရသော လေသံကြောင့် ရယ်မောလိုက်သည်။

"ငါက ပရိသတ် တစ်ယောက်ရဲ့ မေးခွန်းကို ‌ဖြေလိမ့်မယ်လို့ ဘာလို့ ထင်နေတာလဲ..."


"ဘာလို့လဲဆိုတော့ မင်းက ဟော်ကျင့်ရဲ့ ရည်းစား မဟုတ်ဘူး ဆိုတာ ငါ သိတယ်...မင်းမှာ ဟော်ကျင့်ရဲ့ အထူးလက်ထောက်ဖြစ်တဲ့ အစ်ကိုတစ်ယောက် ရှိတယ် ဆိုတာကိုလည်း ငါ သိတယ်...ဒါက လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်ရဲ့လား..."


သူ၏ ပြောဆိုမှုက ပြတ်သားပြီး အားကောင်းသည်။


ယဲ့လဲ့ယောင်က အပေါ်ယံတွင် ငြိမ်သက်နေသော်လည်း အတွင်းတွင် စိတ်လှုပ်ရှားနေသည်။


[အား...မိုက်လိုက်တာ၊ အရမ်းမိုက်တာပဲ...ဒါက ဝတ္ထုတွေမှာ ဇာတ်လိုက်က ဗီလိန်ရဲ့ မျက်နှာကို ဖြတ်ရိုက်တဲ့ အာဏာရှင်ဆန်ဆန် မိန့်ခွန်းမျိုး မဟုတ်ဘူးလား...]


[ပျော်စရာပဲ...ဖုန်းကျီချီက နောက်တစ်ခါ ထိတ်လန့်သွားပြီ...]


[တုန်လှုပ်လိုက်စမ်း...ဗီလိန်ကောင်...]


အသေအချာပင် ထိုစကားများ ပြောပြီးနောက် ဖုန်းကျီချီ၏ လက်က တုန်သွားပြီး သူ့ဖုန်းက သစ်သားကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများကလည်း အံ့အားသင့်သွားသည်။


"ဘာလဲ..."


"ဒီကောင် ဘာတွေ ပြောနေတာလဲ..."


"နေပါဦး...ဒီဖန်က မိုက်မဲတဲ့ စကားတွေပြောနေတယ်ဆိုရင်တောင် ဖုန်းကျီချီက ဘာလို့ လန့်နေရတာလဲ..."


ဧည့်ခန်းထဲတွင် လျှို့ဝှက်စွာ ရှိနေသော တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာများက ဖုန်းကျီချီ၏ အမူအရာပြောင်းလဲမှုများကို ရှင်းရှင်းလင်းလင်း ဖမ်းယူထားသည်။ သူ့မျက်လုံးများက ဖုံးကွယ်ထားသော ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ နဖူးတွင် အေးစက်သော ချွေးအလွှာတစ်ခု ပေါ်လာသည်။ သူက ယဲ့လဲ့ယောင်ကို မယုံနိုင်စွာဖြင့် ကြည့်လိုက်ပြီး နောက်ဆုံးတွင် အသံ ထွက်လာသည်။

"မင်း ဘယ်လို သိတာလဲ...မင်းက ဘယ်သူလဲ...ငါ့ကို စုံစမ်းထားတာလား..."


ဖုန်းကျီချီ၏ လေသံမှာ ထိတ်လန့်ကြောက်ရွံ့နေပြီး နဖူးမှ ချွေးများ စီးကျလာကာ ယခင်က သူ၏ မာနကြီးသော အမူအရာနှင့် လုံးဝမတူပေ။


ယခုက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များ အံသြသွားရသည့် အလှည့်အပြောင်းပင်။


"ဖုန်းကျီချီက ဒါကို ဝန်ခံခဲ့တာလား..."


"ဘာလဲ...ဒီဇာတ်လမ်း လှည့်ကွက်က..."


"မဟုတ်ဘူး...ငါ ဒီတိုးတက်မှုကြီးကို နားမလည်သေးဘူး..."


ယဲ့လဲ့ယောင်က စိတ်ထဲမှ ပြောလိုက်သည်။


[မျှော်လင့်ထားသလိုပဲ ငါ ပြောခဲ့တာတွေက တိုက်ရိုက် ဆန်တာ မလုံလောက်ဘူး...အနာဂတ်မှာ တည့်တည့် ထိအောင်ပြောဖို့ သင်ယူဖို့ လိုသေးတယ်...]


ပါပါးဟော်နှင့် မာမားဟော်: "…"


တိုက်ရိုက် မဆန်ဘူးလား...မင်းက အဆုတ်တွေကို အကြိမ်ကြိမ် ထိုးဖောက်ပြီးနေပြီ...


ဒါပေမယ့်...


ဒီစကားတွေက ငါတို့မိသားစုကို ရည်ညွှန်းတာ မဟုတ်သရွေ့ ကြားရတာ တကယ်ကောင်းတာပဲ...


ကြားရတာ ကောင်းတယ်...ငါတို့ သဘောကျတယ်...ထပ်ပြောပါဦး...


ဖုန်းကျီချီက သူ့ရှေ့မှ ကောင်လေးက သာမန်အမာခံပရိသတ်တစ်ယောက်ဟု တွေးထင်ခဲ့သည်။ ဤအသေးစိတ်အချက်အလက်များကို ယဲ့လဲ့ယောင် သိနေရန် သူ မည်သည့်အခါကမှ မမျှော်လင့်ခဲ့ပေ။ ယခုအခါ ဖုန်းကျီချီက လုံးဝ ထိတ်လန့်သွားပြီး ယဲ့လဲ့ယောင်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်း ဘာလိုချင်တာလဲ...ပိုက်ဆံလား...ပိုက်ဆံအတွက်ဆိုရင်..."


ယဲ့လဲ့ယောင်က ရယ်မောလိုက်သည်။


[ငါက ငွေ လိုနေပေမယ့် မင်းမှာ ရှိတဲ့ ပိုက်ဆံနည်းနည်းလေးကိုတော့ ငါက ဂရုစိုက်မနေဘူး...]


အသံလွှင့်ကင်မရာကို တစ်ချက် ကြည့်လိုက်ပြီး ယဲ့လဲ့ယောင်က ပြောသည်။

"ငါ ဒီမှာ ပိုက်ဆံလာရှာနေတာ မဟုတ်ဘူး...မင်းကို မေးခွန်းတစ်ခုလောက်ပဲ မေးချင်တယ်...ငါ့ကို အမှန်အတိုင်းဖြေရင် ငါ ထွက်သွားမယ်..."


ဖုန်းကျီချီက သူ၏ ကနဦး စိတ်တည်ငြိမ်မှုကို ဆုံးရှုံးသွားခဲ့ပြီး ယဲ့လဲ့ယောင်၏ စကားကို ကြားလျှင် သူက နှုတ်မှ လွှတ်ကနဲ ထွက်သွားသည်။

"တကယ်လား...မင်းရဲ့ မေးခွန်းတစ်ခုကိုပဲ ဖြေရမှာလား...ဒါပေမယ့် မင်းကို ငါ ဘယ်လို ယုံရမှာလဲ..."


"စိတ်မပူပါနဲ့..."

 á€šá€˛á€ˇá€œá€˛á€ˇá€šá€ąá€Źá€„်က ပြတ်သား၍ ရိုးသားသည့် လေသံနှင့် ပြုံး၍ ပြောလိုက်သည်။

"ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါဘူး..."


[နောက်ဆုံးတော့...ငါတို့က အခု တိုက်ရိုက်လွှင့်နေတာလေ...]


[ဘာမှ ပြောစရာ မလိုပါဘူး...ကင်မရာက ငါ့အစား ပြောလိမ့်မယ်~~~~]


ဖုန်းကျီချီ၏ မျက်ခွံများက ပြင်းထန်စွာ လှုပ်ယမ်းသွားသည်။ ယဲ့လဲ့ယောင်က ကောင်းမွန်သည့် မေးခွန်း မေးမည် မဟုတ်ကြောင်း သူ၏ ဗီဇက ပြောပြခဲ့သော်လည်း ယခု သူ့တွင် ရွေးချယ်စရာ မရှိပေ။


ရှိုးအဖွဲ့သားများက မကြာမီ ရောက်ရှိလာတော့မည် ဖြစ်ပြီး ယဲ့လဲ့ယောင်က မထွက်သွားခဲ့လျှင် သူက အကြီးအကျယ် ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။


နောက်ဆုံးတော့ ဒါက မေးခွန်းတစ်ခုပါပဲ…


ငါ ဖြေချင်သလို‌ ဖြေလို့ ရတယ် မဟုတ်လား...


ဤသို့ တွေးကာ ဖုန်းကျီချီက တဖြည်းဖြည်း ငြိမ်သက်သွားပြီး ယဲ့လဲ့ယောင်ကို ကြည့်လိုက်သည်။

"ဘာ မေးချင်တာလဲ..."


ယဲ့လဲ့ယောင်၏ ပါးစပ်ထောင့်က ကွေးညွှတ်သွားသည်။

"ဒါက ရိုးရှင်းပါတယ်... ငါ မေးချင်တာက ဟော်ကျင့်ကို အသုံးချဖို့ စိတ်ကူးက မင်းနဲ့ မင်း အဖွဲ့ရဲ့ စိတ်ကူးလား...ဒါမှမဟုတ် မင်း အစ်ကို လက်ထောက်ဖုန်းရဲ့ အကြံလား..."


ဖုန်းကျီချီက အံ့အားသင့်သွားသည်။


ယဲ့လဲ့ယောင်က ဤသို့သော မေးခွန်းမျိုး မေးမည်ဟု သူက မမျှော်လင့်ထားပေ။


ဒီမေးခွန်းရဲ့ ရည်ရွယ်ချက်က ဘာလဲ...


လက်ထောက်ဖုန်းရဲ့ ပြိုင်ဘက်က အခွင့်အရေးတစ်ခုကို ဆုပ်ကိုင်ပြီး သူ့ကို ရာထူးကနေ တွန်းထုတ်ဖို့အတွက် ဒီကောင်လေးကို ဒီနေရာကို စေလွှတ်လိုက်တာ ဖြစ်နိုင်မလား...


ဖြစ်နိုင်တယ်...


အမှန်တွင် ဟော်အုပ်စုမှ လွဲ၍ အခြားသူများက သူနှင့် လက်ထောက်ဖုန်းအကြား ဆက်ဆံရေးအကြောင်း သိနိုင်မည် မဟုတ်ပေ။


ပြီးတော့ ဒီသီးသန့်စံအိမ်၊ ဟော်အုပ်စုက လွဲရင် ဘယ်သူက ဒီနေရာကို ဝင်နိုင်မှာလဲ...


အဓိကအချက်ကို နားလည်လိုက်ပြီး ဖုန်းကျီချီက ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားသည်။


ဒီလိုဆိုရင် ကိုင်တွယ်ရတာ လွယ်ပါတယ်...


အဆုံးတွင် သူ၏ အသုံးမကျသော အစ်ကိုက အကြိမ်များစွာ ကူညီပေးခဲ့သောကြောင့် ဤ အနက်ရောင်အိုးကို သူ့အပေါ်တွင် ချိတ်ထားခြင်းဖြင့် ဖုန်းကျီချီအား စိတ်ပိုင်းဆိုင်ရာ ဖိအား မရှိစေခဲ့ပေ။


ဖုန်းကျီချီက ယဲ့လဲ့ယောင်ကို ကြည့်လိုက်ပြီး တုံ့ဆိုင်းမှု မရှိဘဲ ပြောလိုက်သည်။

"အဲ့ဒါက ငါ့အစ်ကို လက်ထောက်ဖုန်းရဲ့ အကြံပဲ..."


"ဒုန်း..."


လက်ထောက်ဖုန်း၏ ဖုန်းက သူ၏ လက်မှ လျှောကျသွားပြီး လှေကားထစ်များကို ရိုက်ခတ်မိကာ အပိုင်းအစများအဖြစ် ပြန့်ကျဲသွားသည်။


ဖုန်းကျီချီက လှည့်ကြည့်လိုက်လျှင် လက်ထောက်ဖုန်း၏ နီရဲနေသော မျက်လုံးများနှင့် ဆုံမိသွားပြီး သူက မယုံကြည်နိုင်ခဲ့ပေ။

"အစ်ကို..."


ယဲ့လဲ့ယောင်က လက်ထောက်ဖုန်း၏ နောက်တွင် ရပ်နေသော ဟော်ကျင့်ကို ကြည့်ကာ မျက်လုံးများ တောက်ပလာသည်။

"အစ်ကိုကြီး..."


တစ်ချိန်တည်းမှာပင် သူက စိတ်လှုပ်ရှားနေသည်။


[အခုတော့ ချွေးပြန်စေတဲ့ ကျည်ဆန်တွေ တကယ် ဖြစ်လာတော့မယ်...]



🍉🍉🍉