Chapter 40
Viewers 1k

အခန်း ၄၀ နန်းတော်ဧည့်ခံပွဲ (၄)

    တကယ်လို့ အဲ့တာက အဖော်အချွတ်အကဆိုရင်တော့ သူမ  အရမ်းကို စိတ်ဝင်စားသွားပြီ။ 

ကျွော့ချင်းက ရွှေရောင်ကော်ဇောထက်မှ မိန်းခလေးကို စိတ်ဝင်တစားဖြင့် သေသေချာချာ စိုက်ကြည့်နေခဲ့သည်။ မိန်းမလှလေးက သူမ၏ခါးပတ်ကြိုးကို ဖြည်းညှင်းစွာ ဖြည်ချလိုက်ကာ သူမ၏၀တ်ရုံကို ပင့်တင်လိုက်သည်။ သူမ၏လှုပ်ရှားမှုများ အပြီးတွင် သူမ၏လှပသောအင်္ကျီလေးက တိတ်တဆိတ် လျောကျသွားပြီး ကြက်သွေးရောင်တောက်တောက် ပိုးသားဂါဝန်ရှည်လေး ပေါ်လွင်လာခဲ့သည်။ ပါးလွှာသည့် ဝတ်စုံက သူမကို ပိုကြော့ရှင်းနေစေပြီး စွဲမက်ဖွယ်ကောင်းနေရုံသာမကဘဲ လူတိုင်း၏မျက်လုံးတွေထဲတွင် သူမ၏လှပသော ကောက်ကြောင်းလေး ပေါ်လွင်အောင် ပံ့ပိုးပေးနေခဲ့သည်။

   မင်းသမီးလေးက အလယ်ဗဟိုသို့ လှလှပပ လျှောက်လာကာ ကြည်လင်ပြတ်သားသော အပြုံးလေးဖြင့် "ဂီတပညာရှင်ကြီး... ကျေးဇူးပြုပြီး သီချင်းတစ်ပုဒ်လောက် တီးခတ်ပေးပါ။ ဗုံကိုပဲ တီးပေးပါ၊ အခြားတူရိယာတွေ မလိုပါဘူး"

  ယန်းဟုန်ထျန်းကို ဦးညွှတ်ပြီးနောက် မင်းသမီးလေးက သူမ၏အင်္ကျီလက်ဝထဲမှ အနီရောင်တောက်တောက် ဖဲကြိုးတစ်ချောင်းကို ထုတ်ယူကာ သူမ၏လက်ထဲတွင် ကိုင်ထားသည်။ ထိုဖဲကြိုးကို ဆန့်လိုက်လျှင် အရှည်တစ်မီတာခန့်ရှိနိုင်သော်လည်း  ဖဲကြိုးက အလွန်ပါးလွှာလွန်းလှသည်။

  ကျွော့ချင်းက အနည်းငယ် စပ်စုချင်နေမိသည်။ 

ဖဲကြိုးက ပိုပါးလေလေ လှိုင်းပုံစံ ပုံဖော်ဖို့ ခက်ခဲလေလေပဲ။ ဒီအမျိုးသမီးလေးက အားနည်းနေပုံရပြီး လှိုင်းပုံပေါ်အောင် လှုပ်ခါနိုင်ပါ့မလား?

  ကျွော့ချင်း တွေးနေတုန်းမှာပင် ဂီတသမား၏အပြင်းအထန် တီးခတ်သံနှင့်အတူ မိန်းမလှလေးက ပေါ့ပေါ့ပါးပါး ခုန်ပျံတက်သွားခဲ့သည်။ သူမ၏လက်ထဲမှ ဖဲကြိုးကလည်း အသက်ဝင်လာခဲ့သည်။ သူမ ကခုန်နေစဥ်တွင် သူမ၏တောက်ပပြီး ထက်မြက်ပုံရသည့် ကြောင်မျက်လုံးလေးများက ရံဖန်ရံခါ ယန်းဟုန်ထျန်းဆီသို့ လွင့်မျောနေလေသည်။ မြွေတစ်ကောင်ကဲ့သို့ ပျော့ပျောင်းစွာ တွန့်လိမ်နေသော သူမ၏ခါးနှင့်အတူ သူမလက်ထဲမှ ဖဲကြိုးရှည်က ကျက်သရေရှိစွာ လူးလွန့်နေပြီး သူမက စည်းချက်ကျကျ ပေါ့ပေါ့ပါးပါး ကခုန်နေခဲ့သည်။ အထူးသဖြင့် သူမ ခုန်လိုက်တိုင်း ဗုံသံထွက်လာပြီး၊ သူမက ဗုံတစ်မျိုးထဲဖြင့် သူမ၏ဒီအကကို ထိုအဆင့်အထိ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

  ချီးကျုးသံများ ဝိုင်းဝိုင်းလည်နေပြီး ကျွော့ချင်း၏မျက်လုံးလေးများကလည်း လင်းထိန်နေခဲ့သည်။ 

ဒီအမျိုးသမီးလေးက ကမ္ဘာပေါ်မှာ အကောင်းဆုံး အကပညာရှင်ဆိုတာ သေချာတယ်။ တုန်လှုပ်ချောက်ချားလောက်အောင် ဆွဲဆောင်မှုရှိတဲ့ သူမရဲ့အသွင်အပြင်က ဗုံတွေရဲ့ အပြင်အထန် တီးခတ်မှုနဲ့ စည်းချက်ညီညီ ပေါင်းစည်းနေခဲ့တယ်။ ဗုံသံကြားလိုက်တိုင်း မင်းသမီးလေးရဲ့အနီရောင်တောက်တောက် ပိုးဖဲက သူမရဲ့နှလုံးသားဆီသို့ လွင့်မျောလာသလို ခံစားရစေတယ်။ အဲ့တာက နူးညံ့သိမ့်မွေ့လွန်းပြီး ရင်ထဲကို ကလိကလိ ဖြစ်စေတာကြောင့် ယောက်ျားတွေရဲ့ ဆန္ဒတွေကို မပြောနဲ့ သူမလို မိန်းကလေးတစ်ယောက်တောင် သူမရဲ့သွေးခုန်နူန်းတွေ အရမ်းမြန်လာပြီး  အသက်ရှုရ ခက်ခဲလာသလို ခံစားနေရတယ်။

  ထိုအတွေးကြောင့် ကျွော့ချင်းက သူမရှေ့မှ လို့ရှီးယန်ကို လှမ်းကြည့်လိုက်သည်။ သူမက သူ၏ပိန်ပိန်ပါးပါး ကျောပြင်ကိုသာ မြင်နေရပြီး သူ့၏အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ဆန့်ကျင်ဘက်မှ စုလင်းကတော့ အေးစက်သော မျက်နှာထားဖြင့် ရှိနေဆဲဖြစ်ကာ အေးစက်မာနကြီးသော မျက်လုံးများက သူလက်ထဲမှ အရက်ခွက်ကိုသာ စိုက်ကြည့်နေခဲ့သည်။ 

သူ့လက်ထဲက အရက်ခွက်က ဘယ်အလှတရားထက်မဆို ပိုမက်မောဖို့ ကောင်းနေပုံနဲ့လေ....

တဖန် သူမက အမြင့်နေရာမှ   ယန်းဟုန်ထျန်းကို ကြည့်လိုက်ရာ သူက အလှလေးကို အနီးကပ် စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူ့မျက်လုံးထဲတွင် စီးဆင်းနေသည့်အရာက သူ့သားကောင်ကို ဆော့ကစားရန် ကြည့်နေသော ယောက်ျားလေးတစ်ယောက်၏ အပျော်သဘော စိတ်ဝင်စားမှုသာ ဖြစ်နေသည်။ ကျွော့ချင်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ 

ဒီလောက် ကြီးကျယ်ခန်းနားလှတဲ့ အလှလေးအတွက်တော့ စိတ်မကောင်းစရာပါပဲ။ 

 နောက်ဆုံး ဗုံတီးသံ ထွက်လာသည်နှင့်တပြိုင်နက် အမျိုးသမီးက ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားပြီး ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

  တစ်ခုခု မှားနေပြီ၊ 

သူမရဲ့အကက အရမ်းသွက်လက်နေပြီး သူမရဲ့နောက်ဆုံး အဆုံးသတ်က နည်းနည်း အဆင်မပြေပုံရတယ်။ 

ကျွော့ချင်းက သူမ၏ခန္ဓာကိုယ်ကို အနည်းငယ် မတ်ကာ သူမ၏ကြည်လင်သောမျက်လုံးများကို မှေးကျဥ်းထားပြီး ထိုမိန်းခလေး၏ လှုပ်ရှားမှုတိုင်းကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။ အချိန်အတော်ကြာပြီးသည်အထိ အမျိုးသမီးလေးက ပြန်ထမလာသောကြောင့် မှူးမတ်များအကြားတွင် တီးတိုးပြောသံများထွက်ပေါ်လာသည်။

  ရှယွင်ယွင်က အချိန်အတော်ကြာ မလှုပ်မယှက်ဖြစ်နေပြီး နောက်ဆုံးတွင် ရှရွှင်းစစ်က မတ်တပ်ရပ်ကာ ရှေ့သို့ လှမ်းသွားပြီး သူမဘေးတွင် ထိုင်ကာ အသံတိုးတိုးဖြင့် "သတ္တမညီမလေး?"

  သို့သော် ရှယွင်ယွင်က မတုံ့ပြန်ပေ။ ရှရွှင်းစစ်က သူမကို ညင်သာစွာ ပွေ့ချီလိုက်ရာ သူမက သူ့ရင်ခွင်ထဲတွင် နူးညံ့စွာ လဲလျောင်းနေသေးသည်။ ရှရွှင်းစစ်က မျက်မှောင်ကြုတ်ကာ သူမ၏ ပါးပြင်ကို ပွတ်သပ်ပေးလိုက်ပြီး သူမကို ခေါ်တော့မည်ဖြစ်သော်လည်း ရုတ်တရတ် ရှယွင်ယွင်၏လက်များက တုန်ယင်လာသည်ကို အားလုံး တွေ့လိုက်ရသည်။ ထိုနောက် သူမ၏လက်များက တောင့်တင်းလာပြီး သူမ၏မျက်နှာက အနီရောင်မှ ခရမ်းရောင်သို့ပြောင်းသွားကာ အသက်ရှူရခက်ခဲလာပုံပေါ်နေသည်။ ရှရွှင်းစစ်လည်း ထိတ်လန့်သွားပြီး စိုးရိမ်တကြီးဖြင့် "သတ္တမညီမလေး၊ မင်း ဘာဖြစ်နေတာလဲ?"

  ရှယွင်ယွင်က သူ့ကို တုံ့ပြန်ရန် ပျက်ကွက်ခဲ့ပြီး သူမ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားသည်။ မူလက ထက်မြက်ပုံပေါ်နေသော မျက်လုံးများက ၎င်းတို့၏ ဆွဲဆောင်မှုကို ပျောက်ဆုံးသွားစေကာ သွေးထွက်လုနီးပါး နီရဲနေပြီး ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေလေသည်။ သူမက သူမ၏တောင့်တင်းနေသောလက်များဖြင့် သူမလည်ချောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူမခြေထောက်များက မသိစိတ်ကြောင့် ရုန်းကန်နေခဲ့သည်။ 

 ကျွော့ချင်းက အံ့အားသင့်သွားခဲ့သည်။ 

သူမမှာ လျှို့ဝှက်ရောဂါတစ်ခုခု ရှိနေတာလား? ဒါပေမယ့် ဒါက ရောဂါတစ်မျိုးမျိုးရဲ့ တိုက်ခိုက်ခံနေရတာနဲ့ မတူပဲ အဆိပ်ခတ်ခံနေရတာနဲ့ ဆင်တူနေတယ်။

  "သတ္တမညီမလေး!"

  နောက်ဆုံးတွင် ရှယွင်ယွင်က မလှုပ်ရှားနိုင်တော့ဘဲ မျက်လုံးပြူးဖြင့် ရှေ့ကို စိုက်ကြည့်လိုက်သည်။ အဖြစ်အပျက်က ခန်းမထဲမှ မည်သူမျှ မတုံ့ပြန်နိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။

  "တော်ဝင်သမားတော်၊ သတ္တမမင်းသမီးကို ကုသပေးလိုက်" ယန်းဟုန်ထျန်း၏ အနည်းငယ် အေးစက်သောအသံက နက်ရှိုင်းစွာ ထွက်ပေါ်လာပြီး ယခုအချိန်တွင် သူ၏ခံစားချက်များကို သူ့မျက်နှာပေါ်တွင် မမြင်နိုင်ပေ။

  "ဟုတ်ကဲ့" တော်ဝင်သမားတော်နှစ်ယောက် အပြေးအလွှားရောက်လာပြီး တစ်ယောက်က ရှယွင်ယွင်၏သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ ထိုသမားတော်၏ ငြိမ်သက်နေသော မျက်နှာက ရုတ်တရက် လေးနက်သွားပုံရသည်။ သူက သွေးခုန်နှုန်းကို အချိန်အတော်ကြာ ဂရုတစိုက်စစ်ဆေးပြီးနောက် နောက်ဆုံးတွင် သူ့နောက်မှ အခြားတော်ဝင်သမားတော်ကို မျက်နှာချင်းဆိုင်ကာ တစ်စုံတရာ ပြောဆိုနေကြသည်။ အခြားသမားတော်တစ်ယောက်က ချက်ချင်းပင် သွေးခုန်နူန်းကို ထပ်မံစပ်းသပ်ပြီးနောက် မင်းသမီး၏လက်ကို ပြန်ချလိုက်သည်။ သူတို့နှစ်ဦးက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး အချိန်အတော်ကြာသည်အထိ စကားမပြောရဲကြပေ။

  သူတို့၏အမူအရာများကို မြင်လိုက်ချိန်တွင် ရှရွှင်းစစ်က တစ်ခုခုမှားနေသည်ကို တွေးလိုက်သွားပြီး "သူ(မ) ဘာဖြစ်တာလဲ?!"

  “သတ္တမမင်းသမီး…” နှစ်ယောက်သား တံတွေးမျိုချလိုက်ပြီး ချွေးစက်များ စီးကျလာကြသည်။

  "ပြော!" ယန်းဟုန်ထျန်းဆီမှ အော်သံတိုးတိုး ထွက်လာပြီး တော်ဝင်သမားတော်နှစ်ယောက်က ချက်ချင်း ကြမ်းပြင်ပေါ်သို့ ဝပ်ချကာ တုန်တုန်ယင်ယင်ဖြင့် "သူ(မ) မောပန်းနွမ်းနယ်လို့ သေဆုံးသွားပါပြီ"

  ထိုအဖြေက ခန်းမကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

  "အဓိပ္ပါယ် မရှိလိုက်တာ!" ယန်းဟုန်ထျန်း၏ဒေါသက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူက သူ့၏လက်ထဲမှ အရက်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သောကြောင့် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

  မင်းသမီးလေးကို သူ့ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည့် ရှရွှင်းစစ်ကလည်း စိတ်မတည်မငြိမ် ဖြစ်နေပုံရသည်။ သူက တော်ဝင်သမားတော်များကို စိုက်ကြည့်နေရင်း “မဖြစ်နိုင်ပါဘူး၊ သတ္တမညီမလေးက ကလေးဘဝကတည်းက ကခုန်နေခဲ့တာ၊ ပြီးတော့ အမြဲတမ်း ကျန်းမာရေးကောင်းတယ်၊ ရုတ်တရက် အားနည်းနိုင်ပါ့မလား၊ သူ(မ)က အသက်ရှုကြပ်လို့ သေပါ့မလား?"

  တော်ဝင်သမားတော်က ခေါင်းမထောင်ဝံ့ဘဲ အချိန်အတော်ကြာအောင် တုန်လှုပ်နေပြီး “သတ္တမမင်းသမီးလေး… မင်းသမီးလေးက အဆိပ်ကြောင့် သေတာလဲ ဖြစ်နိုင်ပါတယ်” 

  အဆိပ်သင့်ကြောင့် သေဆုံးတာလား? 

ကျယ်လောင်သော အာမေဋိတ်သံများ ထပ်မံထွက်ပေါ်လာသော်လည်း မည်သူမျှ စကားမပြောရဲကြပေ။ နောက်ဆုံးတွင် တိုင်းပြည်တစ်ခု၏ မင်းသမီးတစ်ပါးက ပင်မနန်းတော်၏ခန်းမ၌ အဆိပ်သင့်သေဆုံးသွားသည်မှာ အမှန်ပင် ဒုက္ခများလှသည်။

  ရှရွှင်းစစ်က သူ့မျက်လုံးများကို အနည်းငယ် ပင့်မော့လိုက်ပြီး ယန်းဟုန်ထျန်းကို ကြည့်လိုက်သည်။ ထိုနောက် သူက မျက်လုံးများကို မှိတ်ချလိုက်ပြီး "ဒါက ဖြစ်သင့်လို့လား... အဲဒါက ပိုလို့တောင် မဖြစ်နိုင်ဘူး"

  ယန်းဟုန်ထျန်း၏မျက်လုံးများထဲတွင်လည်း ဒေါသအရိပ်အမြွက်များရှိနေပြီး သူက အေးစက်စွာ မေးလာခဲ့သည်။ 

"သတ္တမမင်းသမီးက ဘယ်လို အဆိပ်သင့်သွားတာလဲ?"

   "ဒီ...."

  ကြမ်းပြင်ပေါ်ရှိ လူအုပ်ကြီးကို စိတ်မရှည်စွာ ကြည့်လိုက်ရင်း ယန်းဟုန်ထျန်းက "မင်းတို့ ဘာလို့ တုံ့ဆိုင်းနေတာလဲ? ငါ့ကိုယ်တော်ကို ပြောစမ်း"

  တကယ့်ကို အမှိုက်ကောင်တွေပဲ။ ဒီလောက်အင်အားကြီးတဲ့နိုင်ငံက လူတွေ ဖြစ်ပြီးတော့ အပြင်လူတွေရှေ့မှာ ဘာလို့ အရှက်ရအောင် လုပ်နေတာလဲ?

  သမားတော်နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသော်လည်း တစ်ယောက်မျှ ပြန်မဖြေရဲဘဲ သူတို့ခေါင်းပေါ်မှ ချွေးပုတီးလုံးများ  စီးကြလာကာ ကြမ်းကြီးပေါ်တွင်သာ ဒူးထောက်နေနိုင်ကြတော့သည်။ ဤအဆိပ်အကြောင်းကို သူတို့ မပြောရဲကြပေ။

✍️✍️✍️