Chapter 1
Viewers 243

👱‍♀️Chapter 1



 

လီမော့ မျက်လုံးဖွင့်လိုက်သည့်အချိန်၌ သူမမြင်လိုက်ရသည်က သက်ကယ်မိုးဖြစ်သည်။

 

လီမော့သည် ဤခန္ဓာကိုယ်က သူမ၏ကိုယ်ပိုင်မဟုတ်ကြောင်းကို သဘောပေါက်ပြီးနောက် သူမ ကူးပြောင်းလာခြင်းဖြစ်ကြောင်း လုံးဝယုံကြည်သွားလေသည်။ အကြောင်းကမူ လီမော့သည် သူမ မသေဆုံးမီ နောက်ဆုံးအချိန်များကို မှတ်မိနေ၏။ သူမက ပဲရစ်သို့အသွား လေယာဉ်ပေါ်တွင်ရှိနေခဲ့ပြီး သူမစီးလာသောလေယာဉ်က ပျက်ကျခဲ့သည်။ ထိုမတော်တဆမှုမှ သူမ အသက်ရှင်နိုင်မည်ဟု လီမော့က မယုံကြည်ပေ။ အကယ်၍ အသက်ရှင်ခဲ့လျှင်ပင် ဆေးရုံတွင်သာရှိမည်ဖြစ်ပြီး ရှေးခေတ်ကလာဟန်တူသော ဤသက်ကယ်မိုးအိမ်တွင် မဟုတ်နိုင်ပေ။

 

လီမော့က ကမ္ဘာပေါ်ရှိ မည်သည့်နေရာသို့ ရောက်နေသည်ကို မသိခဲ့ပေ။

 

မအီမသာဖြစ်ခြင်းကို အောင့်အည်းပြီးနောက် လီမော့အတင်းရုန်းကန် ထထိုင်လိုက်သည်။

 

လီမော့က ခုတင်ပေါ်က ရွှေ့ရန်ကြိုးစားစဉ် တကျွိကျွိအသံကို ကြားလိုက်ရသည်။ အသံ မည်သည့်နေရာမှလာသည်ကို ကြည့်ရန် ခေါင်းငုံ့လိုက်ရာ စုတ်ပြဲနေသော ခုတင်ခင်းအောက်တွင် ကောက်ရိုးပုံတစ်ပုံကို တွေ့လိုက်ရ၏။

 

လီမော့ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ 


ပတ်လည်နံရံများက ကြာပြီဖြစ်ကြောင်း ထင်ရှားလှသည်။ နံရံမှ မြေကြီးများက မကြာသေးမီကမှ သုတ်ထားသယောင်ရှိပြီး အချို့စပ်ကြောင်းများတွင် အပေါက်များ ရှိနေသည်။ အိမ်ရှိ ပြတင်းပေါက်တစ်ခုတည်းတွင် ဆွေးမြည့်နေသော အပေါက်များစွာ ရှိပြီး လေနှင့်မိုးကို ကာရန် မလုံလောက်ပေ။ ခုတင်တစ်လုံးမှအပ အခန်းတစ်ခုလုံးတွင် ပျက်စီးယိုယွင်းနေသည်။ ကုလားထိုင်နှင့် စားပွဲနှစ်ခုစလုံးတွင် ခြေထောက်တစ်ချောင်းစီ ပျောက်နေပြီး အိမ်တွင် ပရိဘောဂအများကြီးမရှိပေ။

 

အိမ်၏အခြေအနေကိုကြည့်ရုံဖြင့် လီမော့သည် သူမက ဆင်းရဲသော မိသားစုထံသို့ ကူးပြောင်းလာခဲ့ကြောင်း သေချာသွားပေပြီ။

 

သူမက မည်သို့သော ပတ်ဝန်းကျင်သို့ ကူးပြောင်းလာသည် သို့မဟုတ် အပြင်ဘက်က မည်သို့ပုံပန်းသဏ္ဌာန်ရှိသည်ကို သူမ မသိသေးပေ။ လီမော့က သူမခန္ဓာကိုယ်ရှိ နာကျင်မှုနှင့် မအီမသာဖြစ်ခြင်းကို တွန်းလှန်ကာ အခန်းအပြင်သို့ထွက်ရန် ခြေထောက်များကို ခုတင်ပေါ်မှ ဖြည်းညင်းစွာ ရွှေ့လိုက်သည်။

 

သူမ အပြင်သို့ထွက်၍ နေရာကို ကြည့်ရှုလိုသော်လည်း မတ်တတ်ရပ်လိုက်သည်နှင့် ဦးခေါင်းထိုးကိုက်လာပြီး မျက်စိကျိန်းစဖွယ် အလင်းရောင်ဖြူတစ်ခု ဖြတ်ပြေးသွားသည်။ နောက်တစ်စက္ကန့်တွင် သူမက မှောင်မိုက်မှုအတွင်းသို့ လဲကျသွားတော့သည်။

 

လီမော့ သတိပြန်လည်လာသောအခါ ဆူညံသောအသံတစ်ခုကြောင့် နိုးလာခြင်းဖြစ်သည်။ သူမ မျက်လုံးဖွင့်လိုက်ချိန်တွင် အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေသေးသည်။

 

သူမက အခြားသူတစ်ဦးပိုင်ဆိုင်သော မှတ်ဉာဏ်များဖြင့် ရုတ်တရက် ပြည့်လျှံသွားသည်။ ဤမှတ်ဉာဏ်များက သူမ အိပ်နေစဉ်အတွင်း သူမစိတ်အတွင်းသို့ စီးဆင်းလာခြင်းဖြစ်သည်။


မဟုတ်ဘူး…

၎င်းက မူလပိုင်ရှင်၏ မှတ်ဉာဏ်ဟု ပြောသင့်သည်။

 

မူလပိုင်ရှင်က မနေ့ကမှသာ ဤအိမ်သို့ရောက်ရှိလာပြီး ငွေသား ၂ တေးဖြင့် ဤအိမ်ပိုင်ရှင်မှ ဝယ်ယူထားခြင်းဖြစ်သည်ကို သိလိုက်ရသည်။

 

"ဟေ့… ဟေး…”

 

လီမော့က ဤကိုယ်ခန္ဓာ၏ မှတ်ဉာဏ်ကို ပြန်အမှတ်ရနိုင်ခြင်းမရှိမီ အခြားတစ်ဖက်မှ ခေါ်သံက လီမော့ကို လက်တွေ့ဘဝသို့ ပြန်ဆွဲခေါ်လာသည်။

 

လီမော့က ခုတင်ဘေးတွင် ရပ်နေသောလူကို လှည့်ကြည့်လိုက်သည်။

 

အရပ်ရှည်သော အမျိုးသားတစ်ဦးက သူမမျက်လုံးအတွင်းသို့ ဝင်လာလေသည်။ သူက ချည်ကြမ်းထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဝတ်အစားတွင် ဖာထေးမှုများ ပြည့်နေသည်။ ရှည်လျားနက်မှောင်သော ဆံပင်ကို နောက်ဘက်တွင် ထုံးထားသည်။ အသားက ညိုညို၊ မျက်နှာပေါက်က ယဉ်ကျေးသိမ်မွေ့သော ဟန်ပန် ရှိသည်။

 

ဤသူက မနေ့က လူကုန်ကူးသူထံမှ ငွေသား ၂ တေးဖြင့် "သူမ" ကို ဝယ်ယူခဲ့သော အမျိုးသားဖြစ်ကြောင်းကို လီမော့ သိလိုက်သည်။ သူမရှေ့မှ အမျိုးသားက အိမ်၏ပိုင်ရှင်ဖြစ်သည်။

 

ထိုအခိုက်အတန့်တွင် အမျိုးသားက အနည်းငယ် ကိုင်းညွတ်လိုက်ပြီး လီမော့၏ မျက်လုံးများ သူ့အပေါ်ရောက်နေသည်ကို မြင်လိုက်ရသည်။ သူ၏ မျက်ခုံးများက အနည်းငယ်တွန့်ချိုးသွားပြီး အသံက အနည်းငယ်သြရှနေသည်။

"နေကောင်းလား… နေထိုင်မကောင်းသလို ခံစားရသေးလား…"

 

လီမော့က ခေါင်းကို အနည်းငယ်ခါယမ်းပြီး တိုးညှင်းစွာ ပြန်ဖြေသည်။

"ကျွန်မ နေကောင်းပါတယ်…"

 

အမျိုးသားက သူမ၏အဖြေကို ကြားသောအခါ မျက်ခုံးက မပြေသွားပေ။ သူက ရှုပ်ထွေးသောမျက်လုံးများဖြင့် လီမော့ကို ကြည့်သည်။

 

ခဏအကြာတွင် သူက ပြောသည်။

"စိတ်မပူပါနဲ့… ငါ မင်းကို ဘာမှ အတင်းအကျပ် မလုပ်ပါဘူး… ငါ မင်းကို အဲ့ဒီလူအိုကြီးဆီ မရောက်စေချင်ရုံပါ…"

 

ဤစကားကို အဆုံးသတ်ပြီးနောက် သူ နှုတ်ခမ်းများကို စုလိုက်ပြီး ပြောသည်။

"မင်း ဒဏ်ရာက သက်သာလာရင် ငါ မင်းကို လွှတ်ပေးပါ့မယ်… မင်း သက်သာအောင်ပဲ အာရုံစိုက်ပြီး တခြားအရာတွေ တွေးမနေပါနဲ့တော့…"

 

လီမော့က အမျိုးသား၏ စကားကို တိတ်ဆိတ်စွာ နားထောင်ရင်း ကူကယ်ရာမဲ့သလို ခံစားရသည်။ သူမ သက်ပြင်းချလိုက်မိသည်။

 

ဤကိုယ်ခန္ဓာ၏ မူလပိုင်ရှင်က တစ်ချိန်က အလွန်လေးစားခံရသော အိမ်စေတစ်ဦးဖြစ်ပြီး မြို့ရှိ ထင်ရှားသော မိသားစုဖြစ်သည့် ကျန်းမိသားစု၏ သခင်မကို ပြုစုရသည်။ သူမက အတော်လေး လှပသောကြောင့် ကျန်းမိသားစု၏ အကြီးဆုံးသား အာရုံစိုက်ခြင်းကို ခံရပြီး သူ့အား ပြုစုစေလိုခဲ့သည်။ မူလပိုင်ရှင်ကလည်း နဂါးပေါ်တက်၍ ဖီးနစ်ဖြစ်လိုသော စိတ်ကူးရှိခဲ့သောကြောင့် အကြီးဆုံးသားကို တိတ်တိတ်လေး မျက်စိကျနေခဲ့သည်။ သခင်မက သူမ၏ ရည်ရွယ်ချက်ကို မမျှော်လင့်ဘဲ သိသွားခဲ့လေသည်။ သခင်မက အကြီးဆုံးသားက သူငယ်ချင်းများနှင့်တွေ့ရန် အပြင်ထွက်နေသည့် အချိန်ကို အခွင့်ကောင်းယူလိုက်သည်။ သူမက အိမ်စေကို အလျင်အမြန် ရောင်းစားလိုက်ပြီး ကုန်သည်အား လူကို ဝေးလံသော ရွာသို့ ရောင်းရမည်ဟု အထူးမှာကြားခဲ့သည်။ ထိုသို့ဖြင့် ကုန်သည်က သူမကို ဤရွာသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။

 

အစပိုင်းတွင် ရွာရှိ ကာမဂုဏ်လိုက်စားသော အဘိုးအိုက မူလပိုင်ရှင် လှပသည်ကို မြင်ပြီး ရုတ်တရက် ငွေတစ်တေးခွဲကို ထုတ်ကာ မူလပိုင်ရှင်ကို ဝယ်ယူခဲ့သည်။ သူမကို ဝယ်သူက ရုပ်ဆိုးသော အဘိုးအိုဖြစ်ကြောင်း တွေ့သောအခါ သူမ ငိုယိုပြီး ထိုအဘိုးအိုအား အညံ့မခံဘဲ သေမည်ဟု ပြောဆိုခဲ့သည်။

 

ဤဆူညံသံကို ထောင့်တွင် ထင်းခုတ်နေသော စုန့်တရှန်က မြင်လိုက်ရသည်။ သူက ထိုအခြေအနေမျိုး ကြုံဖူးသော သူ၏ ညီမငယ်ကို ရုတ်တရက် သတိရလိုက်ပြီး ခဏတာ စာနာစိတ်ဝင်သွားသည်။ ထို့ကြောင့် သူက မူလပိုင်ရှင်ကို ငွေနှစ်တေးဖြင့် ဝယ်ယူရန် ဆုံးဖြတ်လိုက်လေသည်။

 

စုန့်တရှန်က မူလပိုင်ရှင်ကို အောင်မြင်စွာ ဝယ်ယူလိုက်သည်။ သို့သော် သူမက ဤပျက်စီးနေသောအိမ်ကို မြင်သောအခါ တောင်သူလယ်သမားတစ်ဦးအား အညံ့ခံရန် အလွန်စိတ်မပါဖြစ်နေသည်။ သို့တိုင် သူမတစ်ယောက်တည်း ထွက်ပြေး၍မရနိုင်သလို ထွက်ပြေးလျှင်လည်း အသက်မရှင်နိုင်ပေ။ ရွေးချယ်စရာမရှိတော့သောကြောင့် သူမက အိမ်ထောင့်တွင် ကြွက်သတ်ဆေးကို အဆင်သင့်မျိုချရန် ဆုံးဖြတ်လိုက်သည်။ သူမ ပြန်နိုးလာသောအခါ ကိုယ်ခန္ဓာထဲသို့ ကူးပြောင်းလာသောသူက "လီမော့" ဖြစ်နေပြီဖြစ်သည်။

 

လီမော့က သူမ၏ လက်ရှိအခြေအနေကို အလျင်အမြန် ချင့်ချိန်ကြည့်လိုက်ရာ သူမတစ်ယောက်တည်း မရှင်သန်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

 

ဤ မဟာရှမင်းဆက်၏ အခြေအနေက အတော်လေး ရှေးရိုးစွဲဖြစ်ပြီး အမျိုးသမီးများအပေါ် ချုပ်ချယ်မှုများက ပို၍ပင် မြင့်မားလှ၏။ အမျိုးသမီးများက မိသားစုနောက်ခံ မသိပါက ငွေရှာရန် တစ်ယောက်တည်း လူရှေ့ထွက်ပေါ်၍မရပေ။ ထို့အပြင် ယခုအခါ မည်သည့်နေရာသို့သွားသွား အိမ်ထောင်စုစာရင်း လိုအပ်သည်။ မူလပိုင်ရှင်က ကျေးကျွန်တစ်ဦးဖြစ်သည်။ ယခု သူမက ဤနေရာသို့ ရောင်းစားခံရပြီဖြစ်သည်။ သူမ ပြန်သွားရန် နေရာမရှိပေ။ အိမ်ထောင်စုစာရင်းပင် မရှိပေ။ မိမိကိုယ်ကိုယ် ထောက်ပံ့ရန် ငွေမရှိသည်သာမက ရွာမှ ထွက်သွားပါက သွားစရာနေရာလည်း မရှိပေ။

 

ယခုအချိန်တွင် သူမ အားကိုးနိုင်သည့် တစ်ခုတည်းသော အရာက ဤမိသားစု၊ သူမ၏အရှေ့မှ အမျိုးသားပင်ဖြစ်သည်။ ဤအမျိုးသား၏ သဘောသဘာဝက မည်သို့ရှိသည်ကို မရှင်းလင်းသေးသော်လည်း သူမ အတင်းအကျပ် အဘိုးကြီးနှင့် ပတ်သက်ခြင်းမှ ကာကွယ်ရန် မူလပိုင်ရှင်ကို ငွေနှစ်တေးဖြင့် ဝယ်ယူနိုင်ခဲ့သည်။ ယခုပင် သူမကို လွှတ်ပေးရန် ဆန္ဒရှိနေသည်။ ဤနေရာတွင် နေထိုင်ခြင်းက ဆိုးရွားသော အကြံမဟုတ်ပေ။ အပြင်ထွက်၍ မသိသောနေရာတွင် လျှောက်သွားနေခြင်းထက် ပိုကောင်းသည်။

 

ဤအခြေအနေတွင် အခြေအနေကို ပြန်ကြည့်သည့်အခါ ကြီးမားသည့်ကိစ္စမဟုတ်ပေ။ အခြားနည်းလမ်းကို ရှာဖွေနိုင်သည်။

 

သူမ၏ လက်ရှိအခြေအနေကို စဉ်းစားပြီးနောက် လီမော့က ငြိမ်သက်သွားပြီး သူမ၏ အရှေ့မှ အမျိုးသားကို မော့ကြည့်လိုက်သည်။ သူမက ခပ်ဖွဖွပြုံးပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။

"မနေ့က ကျွန်မကို ဝယ်ယူပေးတာ ကျေးဇူးတင်ပါတယ်… ညက ကျွန်မ သေချာမစဉ်းစားနိုင်ခဲ့ဘူး… အခုတော့ ကျွန်မ နေကောင်းပါတယ်… အဲဒီလို နောက်ထပ်ဖြစ်မှာ မဟုတ်ပါဘူး… ဒါကြောင့် စိတ်မပူပါနဲ့…" 

ပြောပြီးနောက် သူမက တွန့်ဆုတ်သွားပြီး အမျိုးသားကို ကြည့်လိုက်သည်။

"အခု ကျွန်မ သွားစရာနေရာမရှိဘူး… အိမ်ထောင်စုစာရင်းလည်း မရှိဘူး… ရှင် စိတ်အနှောင့်အယှက် မဖြစ်ဘူးဆိုရင် ကျွန်မ ဒီမှာ နေချင်ပါတယ်…"

 

စုန့်တရှန်က အနည်းငယ် အံ့အားသင့်သွားသည်။ သူမ၏ သဘောထားက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

 

အစပိုင်းတွင် သူက ထိုအခြေအနေမျိုး ကြုံဖူးသော သူ၏ ညီမကို သတိရပြီး စာနာစိတ်ဖြင့် သူမကို မဆင်မခြင် ဝယ်ယူခဲ့သည်။ သူ ပိုင်ဆိုင်သော ကျန်ရှိသည့် ငွေနှစ်တေးကို မဆင်မခြင် သုံးလိုက်ပြီး ဤမိန်းကလေးကို မစဉ်းစားဘဲ ဝယ်လိုက်သည်။ သို့သော် သူ ဝယ်ထားသည့်အတွက် သူမအား တာဝန်ယူမည်ဖြစ်သည်။ သူမ၏ ဂုဏ်သိက္ခာအတွက် သူက သူမနှင့် လက်ထပ်ရန် ဆန္ဒရှိသော်လည်း ဤမိန်းကလေးက ဤနေရာတွင် မနေလိုဟန်ရှိသည်။ စုန့်တရှန်က သူမကို အတင်းအကျပ် မလုပ်လိုသောကြောင့် သူမကို လွှတ်ပေးရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။


ဘယ်သူသိပါ့မလဲ…

သူမက ရုတ်တရက် နေချင်သည်ဟု ပြောလာလေသည်။

 

စုန့်တရှန်က မျက်ခုံးများကို တွန့်ချိုးလိုက်ပြီး မေးလိုက်သည်။

"သေချာစဉ်းစားပြီးပြီလား… ငါနဲ့နေရင် ဘာကို ဆိုလိုတယ်ဆိုတာ သိလား…"

 

လီမော့က ဤသည်က ရှေးခေတ်ဖြစ်ကြောင်း သေချာသိသည်။ သူမ နေထိုင်ခဲ့လျှင် သူ၏ ဇနီး ဖြစ်လာလိမ့်မည်။

 

ထို့နောက် သူမက ခေါင်းကို ခိုင်မြဲစွာ ညိတ်ပြီး ပြန်ဖြေသည်။

"သိပါတယ်… ဆန္ဒရှိပါတယ်… အစ်ကိုကြီး ကျွန်မကို နေခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်…"

 

စုန့်တရှန်က နှုတ်ခမ်းများကို တင်းလိုက်ပြီး လီမော့ကို ခဏတာ ကြည့်သည်။ နောက်ဆုံးတွင် ကြာမြင့်စွာ နေပြီးကာမှသာ ခေါင်းညိတ်လိုက်သည်။

"မင်း နေလို့ရပါတယ်… ဒါပေမယ့် မင်း မြင်တဲ့အတိုင်းပဲ… မင်း ဆက်ပြီး ဒီမှာနေမယ်ဆိုရင် ငါ့အိမ်အခြေအနေကို ကြည့်ရုံနဲ့ သိနိုင်တယ်… မင်း ကောင်းမွန်တဲ့ဘဝမျိုး ရမှာ မဟုတ်ပါဘူး…"

 

လီမော့က ထပ်မံ ခေါင်းညိတ်သည်။

"ကျေးဇူးပါ အစ်ကို…" 


ထိုသို့ပြောပြီးနောက် သူမက စုန့်တရှန်ကို ပြုံးပြသည်။

"အစ်ကို ကျွန်မနာမည် လီမော့ပါ… ကျွန်မကို အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး… ဒါပေမယ့် နောက်ပိုင်း အစ်ကို့ကို ဘယ်လိုခေါ်ရမယ်ဆိုတာ ကျွန်မ မသိသေးဘူး…"

 

ယခု သူမက နေတော့မည်ဖြစ်သောကြောင့် စုန့်တရှန်၏ စိတ်အခြေအနေက အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက် လီမော့၏ နူးညံ့သော အပြုံးကို ကြည့်ပြီး စုန့်တရှန်က ခဏတာထူးဆန်းစွာ ပြုမူလိုက်မိသည်။ သူ၏ အသံက အနည်းငယ် တင်းမာနေ၏။


"ငါ့နာမည် စုန့်တရှန်…" 

ထို့နောက် သူက ထပ်ပြောသည်။


"ထမင်း အသင့်ဖြစ်ပြီ… ငါ မင်းအတွက် ယူလာပေးပါ့မယ်…" 

 

ထို့နောက် သူက ခြေထောက်ကို တရွတ်တိုက်ဆွဲကာ အခန်းအပြင်သို့ အလျင်အမြန် ထွက်သွားသည်။

 

လီမော့က စုန့်တရှန်၏ ခြေထောက် တရွတ်တိုက် ဆွဲနေသည်ကို တွေ့လိုက်ရပြီး သူ၏ ဘယ်ဘက်ခြေထောက်တွင် ပြဿနာရှိပုံရသည်။ သူ လမ်းလျှောက်သောအခါ ဘယ်ဘက်ခြေထောက်ကို ညာဘက်ခြေထောက်နောက်သို့ ဆွဲနေသည်။ 


သူ့ခြေထောက် ဒဏ်ရာရထားတာလား…

 

ယခု ဖြစ်နေသည်များကို သူမ မသိသောကြောင့် လီမော့က ထိုအရာကို ဘေးဖယ်ထားလိုက်သည်။ သူမ ယခု အများကြီး ပိုကောင်းလာပြီး ပထမဆုံးအကြိမ် နိုးလာခဲ့စဉ်ကကဲ့သို့ မသက်မသာ မခံစားရတော့ပေ။ စုန့်တရှန်က အပြင်ထွက်သွားပြီးနောက် သူမက ကုတင်ပေါ်မှ ထကာ ဖိနပ်စီးပြီး အပြင်ထွက်သွားသည်။

 

လီမော့က အခန်းအတွင်းက ထွက်လာသောအခါ သူမက ပင်မအခန်းကို မြင်လိုက်ရသည်။ နေရာက မကျယ်ဝန်းပေ။ မြေပြင်က မြေသားဖြစ်သည်။ အလယ်တွင် စားပွဲတစ်ခုရှိပြီး ထမင်းစားရန် သုံးပုံရသည်။ အိမ်ထောင့်တွင် လယ်ယာသုံးကိရိယာအချို့ ထားရှိသည်။

 

နောက်ဖေးတံခါးအပြင်ဘက် နံရံနှင့်ကပ်လျက် သီးခြားတဲအိမ်လေးတစ်ခု ဆောက်ထားပြီး ရှည်လျားစွာ မီးခိုးခေါင်းတိုင် ရှိနေသည်ကို တွေ့ရသည်။ ၎င်းက မီးဖိုချောင် ဖြစ်သင့်သည်။

 

လီမော့က မီးဖိုချောင်သို့ လျှောက်သွားရာ ထမင်းပန်းကန်နှင့်အတူ ထွက်လာသော စုန့်တရှန်နှင့် တိုက်ဆိုင်စွာ တွေ့ဆုံသည်။ စုန့်တရှန်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

"ဘာလို့ အပြင်ထွက်လာတာလဲ… ငါ မင်းအတွက် စားစရာ ယူလာပေးပါ့မယ်…"

 

လီမော့က ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်သည်။ 

"အဲဒီလို လုပ်စရာ မလိုပါဘူး… ကျွန်မ အခု နေကောင်းပါတယ်… ခုတင်ပေါ်မှာ ထမင်းစားစရာ မလိုပါဘူး… ရှင်နဲ့ အတူတူ စားပါ့မယ်…" 

 

လီမော့က ပြောရင်း စုန့်တရှန်ထံမှ ပန်းကန်များနှင့် တူများကို ယူရန်ပြင်လိုက်သည်။

 

စုန့်တရှန်က လီမော့၏ လက်ကို ရှောင်ဖယ်ပြီး စားပွဲသို့ လျှောက်သွားသည်။ 

"ငါ ကိုင်ထားပါ့မယ်… မင်း ထိုင်ပြီး သေချာ အနားယူပါ…"

 

ပစ္စည်းများကို ချထားပြီးနောက် သူက ဧည့်ခန်းတံခါးသို့ လျှောက်သွားပြီး ခြံဝင်းသို့ လှမ်းအော်လိုက်သည်။

"ရှောင်ပေါင်… ထမင်းစားဖို့ လာခဲ့…"

 

အသံကျယ်ကျယ် ထွက်ပေါ်လာသည်နှင့် လီမော့က ခြေသံ တဒိုင်းဒိုင်းကို ကြားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် ပဲစေ့ငယ်လေးတစ်ဦး ဝင်လာလေသည်။

 

ကလေးငယ်က သုံးလေးနှစ်အရွယ်ခန့်ရှိပုံရသည်။ သူက ချည်ကြမ်းအဝတ်အစားကို ဝတ်ဆင်ထားပြီး အဝတ်အစားတွင် ဖာထေးမှုများရှိသည်။ လက်ရှည်နှင့် ဘောင်းဘီရှည်များက အတော်လေး တိုနေပြီး လုံးဝ မသင့်တော်ပေ။ ခန္ဓာကိုယ်သေးသေးလေးက အရိုးပေါ်အရေတင် ပိန်လှီနေပြီး အရေပြားနှင့် အရိုးများသာ ကျန်ရှိနေသယောင်ရှိသည်။ သူ့ကို ကြည့်ရသည်မှာ စာနာစိတ် ဖြစ်ပေါ်စေသည်။ မျက်လုံးနက်ကြီးများနှင့် ဖြူဖွေးသော မျက်လုံးဝိုင်းကြီးများသာလျှင် ချစ်စဖွယ်ဟု ထင်စေမည်။

 

လီမော့က ပဲစေ့ငယ်လေးကို လေ့လာနေသလို ရှောင်တုံ့တင်းကလည်း လီမော့ကို မြင်လိုက်ရသည်။ ပြေးလာသော ခြေသံများက တဖြည်းဖြည်း နှေးသွားပြီး သူ၏ မျက်လုံးထဲတွင် အနေခက်မှုအရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားသည်။ သူ့လက်များက ဘောင်းဘီ၏ ပေါင်နှစ်ဖက်ကို မသိစိတ်က ဆုပ်ကိုင်လိုက်ပြီး ဖခင်ကို ကြောက်ရွံ့စွာ ကြည့်သည်။

 

စုန့်တရှန်က သူ့ကို လက်ပြကာ ခေါ်သည်။

"ရှောင်ပေါင်၊ ထမင်းစားဖို့ လာခဲ့…”


စုန့်တရှန်၏ ခေါ်သံကို ကြားသောအခါ ရှောင်ပေါင်က ဖြည်းညှင်းစွာ လှုပ်ရှားပြီး စားပွဲသို့ ရောက်လာသည်။ သို့သော် သူက လီမော့၏ ဘေးတွင် မနေရဲပေ။ သူက လီမော့၏ ဆန့်ကျင်ဘက်သို့ ပြေးသွားလိုက်သည်။

 

စုန့်တရှန်က လီမော့ကို ကြည့်ပြီး မိတ်ဆက်ပေးသည်။

"လီမော့… ဒါက ရှောင်ပေါင်… ငါ့သားပါ… သူ့အမေက သူ့ကို မွေးတုန်းက ဆုံးသွားတာ…" 


ထို့နောက် သူက ရှောင်ပေါင်၏ ခေါင်းကို ပွတ်သပ်ပြီး လီမော့ကို ညွှန်ပြကာ ပြောသည်။ 


"ရှောင်ပေါင်၊ ဒါက…" 

ဤအချိန်တွင် သူ ရုတ်တရက် စကားထစ်သွားပြီး ရှောင်ပေါင်က လီမော့ကို မည်ကဲ့သို့ခေါ်ရမည်ဆိုခြင်းကို မသိတော့ပေ။

 

လီမော့က မျက်လုံးအတွင်း၌ အနေခက်မှုအရိပ်အယောင်လေးများ ပေါ်နေသော ရှောင်ပေါင်ကို ငြိမ်သက်စွာ ကြည့်သည်။ လီမော့က စုန့်တရှန်၏ တွေဝေနေသော အကြည့်ကို ကြည့်လိုက်သည်။ သူမက အနည်းငယ် ပြုံးပြီး အစပြုပြောလိုက်သည်။ 


"အခုတော့ အဒေါ်မော့လို့ ခေါ်လိုက်ပါ… ရှောင်ပေါင် နောင်မှ ပြောင်းချင်ရင်လည်း သူ့သဘောကျ ပြောင်းလို့ရပါတယ်… သူပျော်ရင် ပြီးတာပါပဲ…"

 

လီမော့၏ စကားကြောင့် စုန့်တရှန်က စိတ်သက်သာရာ ရသွားပြီး လီမော့၏ စကားအတိုင်း လိုက်နာကာ ရှောင်ပေါင်ကို ထပ်မံကြည့်လိုက်သည်။ 


"ရှောင်ပေါင် သား သူ့ကို အဒေါ်မော့လို့ ခေါ်လို့ရတယ်…" 

 

ရှောင်ပေါင်က လီမော့၏ မျက်လုံးများကို ကြောက်ရွံ့စွာ ခိုးကြည့်ပြီး အကြည့်ကို အလျင်အမြန် လျှော့ချလိုက်သည်။ လက်သေးသေးလေးများကို ပူးထားပြီး လိမ်လိုက်ကာ ကြာမြင့်စွာ အကြာမှ တိုးညှင်းစွာ ခေါ်လိုက်သည်။


"အဒေါ်မော့…"

 

လီမော့ကလည်း ရိုးရှင်းစွာ ပြန်တုံ့ပြန်လိုက်လေသည်။




👱‍♀️👱‍♀️