Chapter 10
Viewers 234

👱‍♀️Chapter 10



 

ကျောက်မိသားစုတွင် နေ့လယ်စာ စားပြီးနောက် မိသားစုသုံးယောက်က အိမ်ပြန်လာခဲ့ကြသည်။

 

အပြန်လမ်းတွင် လီမော့က ယခု မိသားစုအတွက် ငွေမည်မျှ လိုအပ်နေသည်ကို စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်နေမိသည်။

 

သူတို့၏ အဝတ်အစားများက စုတ်ပြဲနေပြီး ဆက်လက်ဝတ်ဆင်၍ မရတော့ပေ။ အဝတ်အစားအသစ် နှစ်စုံ အနည်းဆုံး လဲလှယ်ဝတ်ဆင်ရန် လိုအပ်သည်။ အိမ်တွင် အိုးခွက်ပန်းကန်များ မရှိသောကြောင့် အသစ်တစ်စုံ ဝယ်ရမည်။ သူတို့၏ အိမ်က ပြိုကျတော့မည့် အခြေအနေတွင် ရှိနေသည်။ အထူးသဖြင့် မိုးရွာသည့်အခါတွင် ဆက်နေရန် ခက်ခဲလှသည်။ ထို့ကြောင့် မဖြစ်မနေ ပြုပြင်ရမည်။ အရေးကြီးဆုံးမှာ စုန့်တရှန်၏ ခြေထောက်များဖြစ်ပြီး၊ အမြန်ဆုံး ကုသမှုခံယူရန် လိုအပ်သည်။ အချိန်ကြာကြာ ဆိုင်းငံ့ထား၍ မဖြစ်ပေ။

 

ဤသို့ စဉ်းစားကြည့်သောအခါ လီမော့က ပြင်ဆင်ရန် လိုအပ်သော အရာများ အလွန်များပြားနေသည်ကို တွေ့ရှိခဲ့သည်။ ဤအရာများကို ငွေတေး ငါးဆယ် မရှိဘဲနှင့် ပြုလုပ်ရန် မဖြစ်နိုင်ပေ။ သူမက မိတ်ကပ်လိမ်းခြယ်ပေးသည့်အတွက် ၁၅ ယွမ်သာ ရရှိသည်။ 

ငါတို့ရဲ့ လက်ရှိအခြေအနေက လွတ်မြောက်ဖို့ အချိန်ဘယ်လောက် ကြာမှာလဲ…

 

မဟုတ်သေးဘူး… 

ငွေရှာရန် အခြားနည်းလမ်းများကို စဉ်းစားရဦးမည်။

 

လီမော့က မိမိလက်ဖြင့် မည်သို့သော ကုန်ပစ္စည်းမျိုး ပြုလုပ်နိုင်မည်ကို ဦးနှောက်ခြောက်အောင် စဉ်းစားနေခဲ့သည်။ ထိုအချိန်တွင် သူမက လမ်းဘေးရှိ ခြံစည်းရိုးအောက်တွင် ပွင့်နေသော နှင်းဆီပန်းခိုင်များကို မတော်တဆ မြင်လိုက်မိသည်။ လီမော့၏ မျက်လုံးများက အရောင်တောက်လာပြီး အကြံတစ်ခု ရလိုက်သည်။

 

အလှကုန်ပစ္စည်းများ သုတေသနပြုလုပ်ခြင်းတွင် ဘဝကို မြှုပ်နှံထားခဲ့သူတစ်ယောက်အနေဖြင့် အမွှေးဆီခဲ (perfume balm) နှင့် ရေမွှေး ပြုလုပ်နည်းကို မသိဘဲ မနေပေ။

သူမက ယခုမှသာ သတိရလိုက်ခြင်း ဖြစ်သည်။

 

ဤခေတ်က အမျိုးသမီးများကလည်း အမွှေးနံ့သာများ သုံးစွဲရခြင်းကို နှစ်သက်ကြသည်။ အမျိုးသမီးများအတွက် ပြုလုပ်ထားသော လိမ်းဆေးအချို့ ရှိသည်။ ခန္ဓာကိုယ်ပေါ်တွင် အနည်းငယ် လိမ်းလိုက်ပါက နှစ်လိုဖွယ်ရနံ့ကို ထုတ်လွှတ်ပေးနိုင်သည်။ ဤကုန်ပစ္စည်းက အမျိုးသမီးများကြားတွင် လူကြိုက်များသည်။ သို့သော် ဤကုန်ပစ္စည်းမျိုးကို ဇိမ်ခံပစ္စည်းအဖြစ် သတ်မှတ်ကြသည်။ ဤကုန်ပစ္စည်း ဘူးငယ်တစ်ဘူးလျှင် ၁၅ယွမ် ကုန်ကျသည်။ ချမ်းသာသော မိသားစုများသာ ဤကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲနိုင်ကြသည်။

 

လီမော့က ရိုးရှင်းသော အမွှေးဆီခဲ ပြုလုပ်နည်းကို သိသည်။ ဤအမွှေးဆီခဲ ပြုလုပ်ရန် အဓိက ပါဝင်ပစ္စည်းများကို နေရာတိုင်းတွင် တွေ့နိုင်သည်။ ဝယ်ယူရန် လိုအပ်သော ပစ္စည်းအချို့မှာလည်း ဈေးမကြီးသောကြောင့် အရှုံးမရှိနိုင်ပေ။ လူတိုင်းက အလှအပကို နှစ်သက်ကြသည်။ သူတို့က ဈေးကြီးသော ကုန်ပစ္စည်းကို ဝယ်ရန် တွန့်ဆုတ်နေကြခြင်းသာ ဖြစ်သည်။ အကယ်၍ သူမက ဈေးသက်သက်သာသာဖြင့် ရောင်းချပါက လူတိုင်း ဝယ်ယူရန် ဆန္ဒရှိကြမည်မှာ သေချာသည်။

 

ဤသို့ စဉ်းစားမိပြီးနောက် လီမော့၏ နှလုံးသားက တစ်ဖန် နွေးထွေးလာပြန်သည်။ သူမက ချက်ချင်းပင် စိတ်အားထက်သန်လာသည်။ သူမက နှင်းဆီပန်းခိုင်များဆီသို့ ပြေးသွားခဲ့သည်။ ခေါင်းငုံ့ကာ အနံ့ခံကြည့်လိုက်သည်။ ၎င်းကို မည်သို့ ဖန်တီးရမည်ဆိုသည့် အဆင့်များကို စဉ်းစားနေမိသည်။

 

ရှောင်ပေါင်က လီမော့ ပန်းများကို အနံ့ခံခြင်း၊ ထိတွေ့ခြင်းများ ပြုလုပ်နေသည်ကို မြင်သောအခါ သူမအနားသို့ အမြန်ပြေးလာပြီး လီမော့ ပြုလုပ်သကဲ့သို့ လိုက်လုပ်သည်။ သူက ပန်းများကို အနံ့ခံရန် ကြိုးစားသည်။ သို့သော် သူ၏ ခြေထောက်တိုတိုများကြောင့် မမှီနိုင်ခဲ့ပေ။ ထို့ကြောင့် သူက စိုးရိမ်တကြီး ခုန်နေသည်။ လီမော့က ရှောင်ပေါင်၏ ရယ်စရာကောင်းသော အပြုအမူကို ကြည့်နေမိသည်။ သူမက ခါးကိုင်းကာ သူ့ကို ပွေ့ချီလိုက်ပြီး ရှောင်ပေါင် အနံ့ခံနိုင်ရန် ပိုမိုနီးကပ်စွာ ကိုင်းပေးလိုက်သည်။ ထိုကောင်လေးက ပန်းပွင့်အတွင်းမှ ရနံ့အားလုံးကို သူ၏ နှာခေါင်းအတွင်းသို့ စုပ်ယူရန် ကြိုးစားနေသကဲ့သို့ အားရပါးရ ရှူရှိုက်နေသည်။

 

စုန့်တရှန်ကလည်း အနားသို့ ရောက်လာပြီး လီမော့ကို မေးလိုက်သည်။

"ဘာဖြစ်လို့လဲ… ဒီပန်းတွေကို ကြိုက်လို့လား…"

 

လီမော့က မဖြေဘဲ စုန့်တရှန်ကို ပြန်မေးလိုက်သည်။

"အစ်ကို တရှန်… ရွာထဲမှာ နှင်းဆီပန်းတွေ အများကြီး ရှိလား…"

 

စုန့်တရှန်က ခေါင်းခါလိုက်သည်။ ရွာထဲတွင် နှင်းဆီပန်းများ များများစားစား မရှိပေ။ အများစုက အချို့လူများက သူတို့၏ ခြံဝင်းထဲတွင် စိုက်ပျိုးထားခြင်း ဖြစ်သည်။ အများအားဖြင့် များများစားစား မပေါက်ရောက်ကြသော်လည်း တောင်ပေါ်တွင်မူ အများအပြား ရှိသည်။

 

လီမော့က ပျော်ရွှင်သွားပြီး မေးလိုက်သည်။ 

"တောင်ပေါ်မှာ ကျင်းဟွာပန်းတွေ ရှိလား…"

 

စုန့်တရှန်က မျက်မှောင်ကြုတ်လိုက်ပြီး သံသယဖြင့်  မေးလိုက်သည်။ 

"ကျင်းဟွာပန်း ဆိုတာ ဘာလဲ… ကိုယ် အဲ့ဒါကို ကြားဖူးပုံ မရဘူး…"

 

လီမော့က စိတ်ထဲတွင် တွေးလိုက်သည်မှာ ဤအပင်မျိုးက ခေတ်သစ်တွင် အလွန်ပေါများသည်။ ဤခေတ်တွင် မရှိနိုင်စရာ မရှိသင့်ပေ။


ဒီခေတ်က နာမည်မတူတာကြောင့်လား…

လီမော့က ဤအပင်၏ လက္ခဏာများကို စုန့်တရှန်ကို အသေးစိတ် ဖော်ပြခဲ့သည်။

 

စုန့်တရှန်က ကြားပြီးနောက်တွင် လီမော့ ပြောနေသည့်အပင်ကို သူ သိလိုက်သည်။ သူက အစပိုင်းတွင် ပန်းတစ်မျိုးဟု ထင်ခဲ့သော်လည်း၊ ၎င်းက အမှန်တကယ်တွင် ရွှမ်းချောင်းဟုခေါ်သော မြက်ပင်နှင့်တူသည့် အဖြူရောင် အပင်တစ်မျိုး ဖြစ်သည်။ ၎င်းက တောင်၏ အနောက်ဘက်များတွင် နေရာတိုင်း၌ ရှိပြီး တစ်နှစ်ပတ်လုံး ပေါက်ရောက်သည်။ မှိန်ဖျော့သော ရနံ့ရှိပြီး၊ ရွာရှိ လူအများအပြားက အချို့ကို ခူးယူကာ ပုလင်းထဲတွင် ထည့်ထားတတ်ကြသည်။

 

စုန့်တရှန် ပြောသည်ကို နားထောင်ပြီးနောက်၊ လီမော့က ၎င်းမှာ ကျင်းဟွာဖြစ်ကြောင်းကို သေချာသွားသည်။ ဤ ကျင်းဟွာ ရှိသဖြင့်၊ လိမ်းဆေးဆီ ပြုလုပ်ရန် ပါဝင်ပစ္စည်းများ အားလုံးကို ရရှိပြီဖြစ်သည်။

 

လီမော့က ဖုံးကွယ်မထားဘဲ အမွှေးဆီခဲ ပြုလုပ်မည့် သူမ၏ အစီအစဉ်အကြောင်း စုန့်တရှန်ကို ပြောပြခဲ့သည်။

"အစ်ကို တရှန်… ဒီအမွှေးဆီခဲက အလှကုန်ဆိုင်တွေမှာ ရောင်းရင် ဘူးငယ်တစ်ဘူးကို အနည်းဆုံး ၁၅ ယွမ် ကျသင့်မှာ… ကျွန်မ ဒါကိုလုပ်ဖို့ နှင်းဆီပန်းနဲ့ မြေကြာဥ (daylilies - ကျင်းဟွာ/ရွှမ်းချောင်း ကို ရည်ညွှန်း) ပဲ လိုတယ်… ဒါပါပဲ… ကုန်ကျစရိတ်က ဘာမှမရှိသလောက်ပဲ… ကျွန်မ နည်းနည်းပိုလုပ်ပြီး ရွာက အမျိုးသမီးတွေကို တစ်ဘူးကို ၅ ပြားနဲ့ ရောင်းနိုင်တယ်… သူတို့ ဝယ်ဖို့ သဘောတူကြမှာ သေချာတယ်…"

 

စုန့်တရှန်က အမှန်တကယ် အံ့အားသင့်သွားသည်။ သူ ဖြစ်ကတတ်ဆန်း ဝယ်လာခဲ့သော ဤအမျိုးသမီးငယ်က မိတ်ကပ်လိမ်းခြယ်မှု အတတ်ပညာ ကောင်းမွန်ရုံသာမက အမွှေးဆီခဲ ပြုလုပ်နည်းကိုပါ သိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူမ၏ လှပသော ရုပ်သွင်ကို ကြည့်ရင်း၊ စုန့်တရှန်က ကျောက်ချန်ပန်း ပြောခဲ့သော စကားကို သတိရမိသည်။ သူက ရတနာတစ်ခု ကောက်ရခဲ့သည်ဟု ပြောခဲ့ပြီး၊ သူမသည် အမှန်တကယ်ပင် ရတနာတစ်ပါး၊ တန်ဖိုးဖြတ်မရသော ရတနာတစ်ပါး ဖြစ်ကြောင်း ဝန်ခံရပေတော့မည်။

 

လီမော့က စုန့်တရှန် အတွေးနက်နေသည်ကို သတိမပြုမိဘဲ သူမကို အစဉ်အမြဲ စိတ်အနှောင့်အယှက် ဖြစ်စေသော အရာတစ်ခုကို သူ့အား မေးလိုက်သည်။

"အစ်ကို တရှန်… အမွှေးဆီခဲ ထည့်ဖို့ အဖုံးပါတဲ့ ဘူးငယ်လေးတွေ လုပ်ပေးနိုင်မယ့်သူကို ဘယ်မှာ ရှာလို့ရမလဲ…"

 

စုန့်တရှန်က လီမော့၏ အမေးကြောင့် အတွေးကမ္ဘာမှ ပြန်လည် လွတ်မြောက်လာသည်။ သူက ပြန်ဖြေသည်။ 

"သံဘူး သုံးလို့ရပေမယ့် အရမ်းဈေးကြီးတယ်… တစ်ဘူးကို ပိုက်ဆံ နှစ်ပြား သုံးပြားလောက် ကျလိမ့်မယ်… သစ်သားဘူးပဲ သုံးကြရအောင်… တစ်ဘူးကို ပိုက်ဆံ တစ်ပြားလောက်ပဲ ကျတယ်… ဦးလေးကျန်း က ရွာထဲမှာ ဒီလိုအလုပ်မျိုး လုပ်လာတာ ကြာပြီ… သူက လက်သမားဆရာပဲ… သူ့ကို လုပ်ခိုင်းလို့ရတယ်…"

 

လီမော့က စုန့်တရှန် ပြောသည်ကို နားထောင်ပြီး သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။ သူမက ဈေးသက်သာသော လမ်းကြောင်းကို ရည်မှန်းထားပြီး၊ ပစ်မှတ်ထား ဝယ်ယူမည့်သူများက ရွာရှိ အမျိုးသမီးများ ဖြစ်သောကြောင့် သစ်သားဘူးကလည်း လက်ခံနိုင်ဖွယ် ရှိသည်။ အတွင်းပစ္စည်း ကောင်းသရွေ့ မည်သူမျှ ဝယ်ယူရန် ငြင်းဆန်နိုင်မည် မဟုတ်ပေ။

 

လီမော့က ခဏမျှစဉ်းစားလိုက်သော်လည်း၊ ပြင်ဆင်မှု မစတင်မီ ဘူးတစ်ဘူး လိုအပ်နေသေးသောကြောင့် ဘူးကိစ္စကို ဦးစွာ ဖြေရှင်းရန် လိုအပ်သည်။

 

ဤသို့ကြားလျှင် စုန့်တရှန်က လီမော့ကို ဦးလေးကျန်း၏ အိမ်သို့ တန်းခေါ်သွားခဲ့သည်။

 

ဦးလေးကျန်း၏ အိမ်က ရွာ၏ အရှေ့ဘက်အစွန်ဆုံးတွင် ရှိသည်။ သူက ဘဝတစ်လျှောက်လုံး လက်သမားဆရာ ဖြစ်ခဲ့ပြီး၊ သူ၏ လက်မှုပညာက မျိုးဆက် အဆင့်ဆင့်သို့ လက်ဆင့်ကမ်းလာခဲ့သည်။ ရွာထဲတွင် ပရိဘောဂတစ်ခုခု ပြုလုပ်လိုသူ မည်သူမဆို ဦးလေးကျန်းထံ ချက်ချင်း လာရောက်ကြသည်။

 

ဦးလေးကျန်း၏ အိမ်ခြံဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် ခြံဝင်းအတွင်း၌ သစ်သားများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ ထောင့်တစ်နေရာတွင် ကိရိယာတန်ဆာပလာများ အပုံလိုက် ရှိနေပြီး၊ သစ်သား အစိတ်အမွှာများ နေရာအနှံ့ ပြန့်ကျဲနေကာ၊ ကောင်းမွန်စွာ ပြုလုပ်ထားသော ပရိဘောဂ အချို့ကို ဘေးတွင် ချထားသည်။

 

စုန့်တရှန်က အိမ်ရှေ့တွင် ဦးစွာ အော်ခေါ်လိုက်ရာ၊ နောက် စက္ကန့်ပိုင်းအတွင်း ခိုင်မာသော အဖြေတစ်ခု ထွက်ပေါ်လာသည်။

"ဝင်ခဲ့ပါ…"

 

ထို့နောက် အသက် လေးဆယ်မှ ငါးဆယ်အရွယ်ဟု ထင်ရသော လူတစ်ယောက် ထွက်လာသည်။ အရပ် သိပ်မမြင့်၊ သန်မာတောင့်တင်းသော အသားညိုညိုနှင့် လက်ထဲတွင် လွှတစ်လက် ကိုင်ထားသည်။

 

စုန့်တရှန် ဖြစ်နေသည်ကို မြင်သောအခါ၊ ဦးလေးကျန်းက သူ့ကို နှုတ်ဆက်သည်။

"အိုး… တရှန်ပါလား… ရေချိုးစည် လာယူတာလား… ငါ လုပ်ပြီးသွားပြီ… စောင့်ဦး… မင်းဆီ ယူလာပေးမယ်…" 

စုန့်တရှန်၏ တုံ့ပြန်မှုကို မစောင့်ဘဲ၊ သူက အိမ်အတွင်းသို့ တစ်ဖန် ပြန်ဝင်သွားသည်။ ခဏအကြာတွင် သူက ဇလုံကြီးတစ်လုံးဖြင့် ထွက်လာပြီး စုန့်တရှန်ထံသို့ ကမ်းပေးသည်။

"လာ… မင်းလိုချင်တဲ့ ရေချိုးကန် မင်းသုံးဖို့ အဆင်သင့်ဖြစ်ပြီ…"


 

လီမော့က ဦးလေးကျန်း လက်ထဲရှိ ဇလုံကို ကြည့်လိုက်ရာ၊ အချင်း တစ်မီတာခန့် ရှိသည်။ အနက်က မီတာဝက်ခန့် ရှိပြီး၊ ၎င်းက အမှန်တကယ် ရေချိုးရန်အတွက် အသုံးပြုနိုင်သည်။

 

ဤခေတ်သို့ ပထမဆုံး ရောက်ရှိစဉ်က ရေချိုးရန် ဇလုံငယ်တစ်ခု သုံးခဲ့ရသည်ကို သူမ သတိရမိသည်။ 

ဒါက ငါ့အတွက် ပြုလုပ်ပေးထားတာလား…

လီမော့သည် စုန့်တရှန်က အံ့ဩစွာဖြင့် ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက အရောင်တောက်လာသည်။

စုန့်တရှန်က လီမော့၏ တောက်ပသော မျက်လုံးများနှင့် သူမ၏ မျက်လုံးထဲမှ ထိန်းချုပ်မရသော ပျော်ရွှင်မှုကို မြင်သောအခါ၊ သူ၏ နှုတ်ခမ်းများ အပေါ်သို့ ကွေးတက်သွားခြင်းကို မတားဆီးနိုင်ခဲ့ပေ။ သူက ဦးလေးကျန်းကို ပြုံးလျက် ကျေးဇူးတင်စကား ပြောကြားပြီးနောက် လီမော့ကို ရှေ့သို့ ဆွဲခေါ်ကာ မိတ်ဆက်ပေးသည်။

"ဦးလေး… ဒါက ကျွန်တော့် ဇနီးပါ…"

 

ဦးလေးကျန်းက စုန့်တရှန်၏ ဘေးရှိ လီမော့ကို မြင်ဖူးသော်လည်း မေးမြန်းရန် မသင့်တော်ခဲ့ပေ။ သို့သော်၊ ယခုတစ်ကြိမ်တွင် စုန့်တရှန်က အစပြု မိတ်ဆက်ပေးသောအခါ၊ သူက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ 


"ကောင်းတယ်၊ မင်းတို့နှစ်ယောက် နောင်မှာ ဘဝကောင်းကောင်း ရကြပါစေ။"

 

စုန့်တရှန်က ပြုံးလျက် ခေါင်းညိတ်ပြီးနောက် သူတို့ လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို ဦးလေးကျန်းအား ပြောပြသည်။

"ဦးလေး… ကျွန်တော် ဦးလေးကို အကူအညီတောင်းစရာ တစ်ခုရှိတယ်… ကျွန်တော် ဦးလေးကို သစ်သားဘူး အသေးလေးတွေ လုပ်ပေးဖို့ တောင်းချင်ပါတယ်…"

 

ဦးလေးကျန်းက မေးသည်။

"မင်း ဘာလုပ်ချင်တာလဲ… ငါ့ကို အသေးစိတ် ပြောပြပါဦး…"

 

စုန့်တရှန်က လီမော့ကို ကြည့်လိုက်သည်။ လီမော့က ပြုံးလိုက်သည်။ သူမက လက်ကို ဖြန့်ကာ အရွယ်အစားကို နှိုင်းယှဉ်ပြပြီး ဦးလေးကျန်းအား ရှင်းပြသည်။

"ဦးလေးကျန်း… ကျွန်မ ဒီလောက် အရွယ်အစားလောက် လိုချင်တယ်… ခပ်မြင့်မြင့်၊ ပတ်လည်က လုံးဝိုင်းပြီး ပါးနီ၊ အလှခြယ်ဆေး တို့လိုမျိုးကို ထည့်ဖို့ ပိတ်ဖွင့်လို့ရတဲ့ အဖုံးပါတဲ့ ဘူးမျိုးပါ…"

 

ဦးလေးကျန်းက ဤဖော်ပြချက်ကို ချက်ချင်း နားလည်သွားပြီး ချက်ချင်း တုံ့ပြန်သည်။

"စိတ်မပူပါနဲ့… ဒါက ရိုးရှင်းပါတယ်… ဘူး ဘယ်နှစ်ဘူး လိုချင်တာလဲ… ဘယ်တော့ လိုချင်တာလဲ…"

 

လီမော့က ခဏစဉ်းစားပြီး ပြန်ဖြေသည်။ 

"ကျွန်မ အရင်ဆုံး ဆယ်ဘူး လိုချင်တယ်… ဖြစ်နိုင်သမျှ အမြန်ဆုံး ရချင်တယ်… ဦးလေးကျန်း ရက်အနည်းငယ်အတွင်း လုပ်ပေးနိုင်မလား မသိဘူး…"

 

ဦးလေးကျန်းက ခန့်မှန်းသည်။

"ဒါက များများစားစား မဟုတ်ပါဘူး… သန်ဘက်ခါ လာယူလို့ရတယ်…"

 

ဈေးနှုန်းက စုန့်တရှန် ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။ တစ်ဘူးလျှင် ၁ ပြားသာ ကျသင့်သည်။

 

လီမော့က လက်ပတ်ထဲမှ ၁၀ ယွမ်ကို အလျင်အမြန် ထုတ်ယူကာ ဦးလေးကျန်းအား ပေးလိုက်သည်။

 

ကိစ္စပြီးပြတ်သွားပြီးနောက်၊ မိသားစုသုံးယောက်က အိမ်ပြန်ခဲ့ကြသည်။

 

လီမော့က စုန့်တရှန်ကို သူမက တောင်ပေါ်သို့ နှင်းဆီပန်းနှင့် ကျင်းဟွာ သွားခူးလိုကြောင်း ပြောပြသည်။ စုန့်တရှန်က စဉ်းစားပြီး အလုပ်အစီအစဉ်တစ်ခု ချမှတ်လိုက်သည်။ 

“ကိုယ် မနက်ဖြန်ကျရင် လယ်ထဲမှာ မြေပဲနည်းနည်း သွားစိုက်မယ်… ပြီးတော့ သန်ဘက်ခါကျရင် မင်းကို တောင်ကုန်း‌နောက်ကို ပန်းခူးဖို့ ခေါ်သွားမယ်…"

 

လီမော့က ဤအစီအစဉ်ကို ကန့်ကွက်စရာ မရှိဘဲ သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

 

စုန့်တရှန်က မြေပဲကို တစ်ယောက်တည်း စိုက်ရန် ရည်ရွယ်ခဲ့သော်လည်း၊ လီမော့က ပေါက်ပြားတစ်လက် ကိုင်ဆောင်ကာ သူ့နောက်သို့ လိုက်ပါလာခဲ့သည်။ 


ဟုတ်ပါတယ်…


အမြီးလေး စုန့်ရှောင်ပေါင်ကလည်း သဘာဝအတိုင်း လိုက်ပါလာခဲ့ရာ၊ မိသားစုသုံးယောက်သား အတူတကွ တစ်ဖန် ထွက်လာခဲ့ကြသည်။

 

သူတို့က မြေပဲစေ့များကို ကျင်းများထဲသို့ ကြဲချ၊ မြေကြီးဖြင့် ဖုံးအုပ်ပြီး ရေအနည်းငယ် လောင်းပေးကြသည်။

 

လီမော့က မြေပဲစေ့များကို ယူကာ၊ ကျင်းများအတွင်းသို့ တစ်စေ့ချင်း ထည့်ပေးပြီး၊ စုန့်တရှန်က နောက်မှလိုက်ကာ သူ၏ ပေါက်ပြားဖြင့် ကျင်းများကို ဖို့ပေးသည်။

 

ဤအလုပ်က မြေပေါက်ခြင်းထက် များစွာ ရိုးရှင်းသည်။ လီမော့က လုပ်ကိုင်နိုင်ခဲ့ပြီး၊ သူတို့နှစ်ယောက်သားက မှောင်စပြုလာသည်အထိ အလုပ်လုပ်ခဲ့ကြသည်။ ကျန်ရှိသည်များကို မနက်ဖြန်မှ ဆက်လုပ်ရန် သူတို့က စီစဉ်ထားကြသည်။

 

သုံးယောက်သား အိမ်ပြန်ရောက်သောအခါ၊ ရှောင်ပေါင်က ခြံထဲတွင် ဆော့ကစားနေပြီး၊ လီမော့နှင့် စုန့်တရှန်တို့က ညစာချက်ပြုတ်ရန် မီးဖိုချောင်အတွင်းသို့ ဝင်သွားကြသည်။

 

သူတို့ ယခင်က ဝယ်ထားသော အသားနှင့် အရိုးများက စည်ပိုင်းအတွင်း၌ အေးခဲလျက် ရှိနေသေးသည်။ လီမော့က ၎င်းတို့ကို ထုတ်ယူပြီး ယနေ့ညတွင် အားလုံးကို သုံးရန် စီစဉ်လိုက်သည်။ မိသားစု အနေဖြင့် စုံလင်သော အစားအစာကို စားသုံးကြရမည် ဖြစ်သည်။

 

သူမက အသားကို အနည်းငယ် လှီးဖြတ်ကာ အဒေါ်ကျောက်ထံမှ ရရှိခဲ့သော ငရုတ်ပွသီးစိမ်းများဖြင့် ကြော်လှော်၊ အသားအရိုးများဖြင့် ဟင်းချိုတစ်ခွက် ချက်ပြုတ်ပြီး၊ အသားကို အညိုရောင်ဆော့စ်ဖြင့် နှပ်ထားလိုက်သည်။ ဤအစားအစာက အမှန်တကယ်ပင် စုံလင်လှသည်။


 

လီမော့က ဆန်လုံးညို ခွက်တစ်ဝက်ကို တိုက်ရိုက် ခပ်ယူပြီးနောက် ဆန်ချော ခွက်တစ်ဝက်ကို ခပ်ယူကာ ရောနှောပြီး အတူတကွ ချက်ပြုတ်လိုက်သည်။

အစားအစာများ ချက်ပြုတ်ပြီးခါနီးတွင်၊ မီးဖိုချောင်တံခါးဝမှ အသံတစ်ခု ထွက်ပေါ်လာလေသည်။ 


"တရှန်…"

 

လီမော့က လှည့်ကြည့်လိုက်သောအခါ စုန့်တရှန်၏ မိခင်က ကလေးနှစ်ယောက်ကို လက်ဆွဲကာ မီးဖိုချောင်တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့မှာ မနေ့က ဝမ်ကွေ့ဟွာ ခေါ်လာခဲ့သော ကလေးနှစ်ယောက် ဖြစ်သည်။



👱‍♀️👱‍♀️