နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O
အပိုင်း ၁
“ ထည့်လိုက်… ငါတီထွင်ခဲ့တဲ့ နှောင့်ယှက်ရေး ပစ္စည်းကို… ဇာ့ဂ်ဘုရင်ရဲ့ ခန္ဓာကိုယ်ထဲကိုထည့်လိုက် အဲ့တာက နှောင့်ယှက်နိုင်.... ဇာ့ဂ်ဘုရင်ရဲ့ စွမ်းရည်တွေကိုနှောင့်ယှက်နိုင်တယ် ပြီးတော့ ဇာ့ဂ်တွေရဲ့တပ်မဟာတစ်ခုလုံးကို ချေမှုန်းနိုင်လိမ့်မယ် စိတ်မကောင်းစရာက ငါ လူသားတွေရဲ့အောင်ပွဲကိုမမြင်နိုင်တော့တာပဲ "
စမ်းသပ်ကိရိယာတွေရဲ့အက်ကွဲသံတွေပြည့်နေတဲ့ သူမရဲ့ စမ်းသပ်ခန်းထဲမှာ ချောင်းမိုက ခုံမှာထိုင်နေခဲ့သည်။ သူမရဲ့ ခေါင်းနဲ့ခြေလက်တွေက အားအင်ကုန်ခမ်းပြီး ငိုက်စိုက်ကျနေပေမယ့် မျက်လုံးတွေကတော့ ဘဝရဲ့နောက်ဆုံးမီးစာလို အံ့မခန်းတောက်ပနေခဲ့သည်။
သူမက ရှိသမျှခွန်အားအကုန်လုံးကိုသုံးကာ ခေါင်းမော့လိုက်ပြီး လက်ထဲက ရောင်ခြည်အရင်းအမြစ်စေ့ကို ဘေးမှာရပ်နေတဲ့ ဗိုလ်ချုပ်ရဲ့ လက်ထဲ တုန်ယင်နေတဲ့လက်တွေနဲ့ ထည့်ပေးလိုက်သည်။
မျက်ရည်တွေဝဲနေတဲ့ ဗိုလ်ချုပ်က ချောင်းမိုရဲ့ အိုမင်းနေတဲ့မျက်နှာနဲ့ ကျိုးတိုးကျဲတဲ ဆံပင်ဖြူတွေကို ကြည့်လိုက်သည်။
ပရော်ဖက်ဆာ ချောင်းမိုက အသက် ၄၀ တောင်မရှိသေးပေ။ လူတစ်ယောက်ရဲ့ပျှမ်းမျှသက်တမ်း ၃၀၀ လောက်ရှိသော ခေတ်သစ်တွင် သူမက ငယ်ရွယ်သည်ဟု သတ်မှတ်၍ရသည်။
သို့ပေမယ့် လူသားတွေ၏ အနာဂါတ်အတွက် တိုက်ပွဲစီးကြောင်းကို ပြောင်းပြန်လှန်နိုင်တဲ့ ဦးနှောက်ပတ်လမ်းနှောင့်ယှက်ရေးပစ္စည်း ပြုလုပ်နိုင်တဲ့အထိ ပရော်ဖက်ဆာ ချောင်းမိုက သူမရဲ့ အချိန်တွေအားလုံးကို အေးစက်ပြီး ပျင်းစရာကောင်းတဲ့ စမ်းသပ်ခန်းထဲမှာကုန်ဆုံးခဲ့ရသည်။
စစ်ပွဲကိုအနိုင်ရတော့မယ့်အချိန်ဖြစ်ပေမယ့် စိတ်စွမ်းအား ခမ်းခြောက်သွားခဲ့တဲ့ ပရော်ဖက်ဆာ ချောင်းမိုက ပန်းတွေအပြည့်နဲ့ အားလုံးပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တော့မယ့် ခေတ်သစ် ပြင်ပလောကကို မမြင်တွေ့နိုင်တော့ပေ။
" ငါ့အတွက် ဇာ့ဂ်တွေမရှိတဲ့ ကမ္ဘာအသစ်ကြီးကို ကောင်းကောင်းကြည့်ပေးပါ "
ချောင်းမိုက နောက်ဆုံးစကားကိုပြောပြီးနောက် အပြုံးလေးနဲ့ မျက်လုံးတွေက ပိတ်ကျသွားခဲ့သည်။ သူမရဲ့လက်ကလည်းပြုတ်ကျသွားပြီး အားလုံးကတိတ်ဆိတ်သွားခဲ့သည်။
" ပရော်ဖက်ဆာ ချောင်း !!! "
စမ်းသပ်ခန်းထဲကလူတွေက ချောင်းမိုရဲ့ အသက်ရှူရပ်သွားတာကိုတွေ့တာနဲ့ အသံနိမ့်နိမ့်ဟစ်အော် ငိုကြွေးကြသည်။
သူမရဲ့ နောက်ဆုံးထွက်သက်မှာ ချောင်းမိုက တိတ်တိတ်လေးသက်ပြင်းချလိုက်သည်။
သူမက သူမရဲ့ ဘဝကို လူသားမျိုးနွယ်နဲ့ ခေတ်သစ်အတွက် စမ်းသပ်ခန်းထဲမှာပဲ ပေးဆပ်ထားခဲ့သည်။
သူမမှာ ဘယ်တုန်းကမှ ကိုယ်ပိုင်ဘဝ မရှိခဲ့သလို ပုံမှန်နေထိုင်မှုဘဝကိုလည်း မခံစားခဲ့ရဘူး။
သူမ နောင်တရခဲ့လား?
ဘယ်ဟုတ်ပါ့မလဲ၊ အကယ်၍သာ သူမရဲ့အင်အားအကုန်လုံးကို ဦးနှောက်ပတ်လမ်းနှောင့်ယှက်ရေးပစ္စည်းစမ်းသပ်ချက်ပေါ်မှာ မသုံးခဲ့ဘူးဆိုရင် သူမအပါအဝင် လူသန်းပေါင်းများစွာက အကြောက်တရားတွေနဲ့ အမှောင်ထဲမှာပဲ ထာဝရနေရလိမ့်မယ်။
အဲ့တာဆို သူမ နောင်တမရဘူးလား?
အဲ့လိုလည်း မဟုတ်ပြန်ဘူး
နောင်တရစရာလေးတစ်ခုတော့ ရှိခဲ့တယ်
ဒါပေမယ့် ခုအဲ့တာက အရေးမပါတော့ဘူး။ သူမဘဝလည်းအပြီးသတ်သွားခဲ့ပြီ အခုတော့ သူမကောင်းကောင်နားပစ်တော့မယ်။
အကယ်၍ နောက်ဘဝဆိုတာရှိခဲ့ရင် နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် စားလိုက်သောက်လိုက် ဈေးဝယ်ထွက်လိုက် ရုပ်ရှင်ကြည့်လိုက်နဲ့ ခက်ခဲပင်ပန်းတဲ့တာဝန်ကြီးတွေ ဘယ်တော့မှမလုပ်ရတဲ့ ငါးဆားနယ်လေးလိုပဲ ဖြစ်ဖို့မျှော်လင့်ခဲ့သည်။
' ဘန်း ဘန်း ဘန်း '
တံခါးခေါက်သံ ကြမ်းကြမ်းက ချောင်းမိုကို ဆိတ်ငြိမ်တဲ့ အမှောင်ထုဆီကနေ နိုးထစေခဲ့သည်။
" မစ္စချောင်း၊ သခင်လေး နောက်ငါးမိနစ်ဆိုရင် ပြန်ရောက်လာပါတော့မယ် သူ့ကိုဘယ်လိုရှင်းပြမယ်ဆိုတာ စဥ်းစားထားပြီးပြီးလား။ "
နားထဲတွင် ကျယ်လောင်သောအသံကို ကြားလိုက်ရပြီး ချောင်းမိုက မျက်လုံးများကို ဖွင့်ရန်ခက်ခက်ခဲခဲကြိုးစားခဲ့ကယ နှလုံးသားထဲ မခံမရပ်နိုင်ဖြစ်လာခဲ့သည်။ သူမအရမ်းစိတ်တိုတာပဲ။
ဦးနှောက်ပတ်လမ်းနှောင့်ယှက်ရေးပစ္စည်း လုပ်ထားပြီးပြီ မဟုတ်လား၊ ဇာ့ဂ်ဘုရင်လည်း သေပြီမဟုတ်ဘူးလား၊ ဘာလို့ ဒီလောက်ဆူညံနေတာလဲ။ သူမသေပြီးတာတောင် အနားယူခွင့် မပေးဘူးလား။
“မစ္စ ချောင်း အိပ်ချင်ယောင်ဆောင်နေလည်း အသုံးမ၀င်ဘူး။ သခင်လေးက မစ္စပိုင်အပေါ် မင်းလုပ်ခဲ့တာကို သိပြီးပြီ သူ အရမ်းဒေါသထွက်နေတယ်"
“ မစ္စ ပိုင်က ဂုဏ်သိက္ခာရှိတဲ့ မိသားစုကနေ လာတဲ့အပြင် အကောင်းဆုံး နိုင်ငံခြား တက္ကသိုလ်ကနေ ဘွဲရခဲ့တယ် သူမက ပိုပြီး ထက်မြတ် ကျော်ကြားတယ်။ ကျွန်တော့်ကို ခွင့်လွတ်ပါ။ ပြတ်ပြတ်သားသားပြောရရင် မစ္စ ချောင်း၊ မင်းကိုယ်မင်း မစ္စ ပိုင်နဲ့ နှိင်းယှဥ်ကြည့်တာက စိတ်ကူးယဉ်နေတာပဲ၊ ပိုပြီးတော့ ရယ်စရာကောင်းတာက မစ္စ ပိုင်ကို ရန်စပြီး ပြဿနာရှာနေတာပဲ။ ဒီတစ်ခါ သခင်လေး ဒေါသထွက်ပြီး မင်းကို ဗီလာထဲက နှင်မထုတ်နိူင်ခင် မင်းရဲ့အမှားကို ကိုယ့်ဘာသာသိပြီး မစ္စ ပိုင် ကို လေးလေးနက်နက် တောင်းပန်မယ်လို့ ငါမျှော်လင့်ပါတယ် “
“ အိမ်ကနှင်ထုတ်ခံရပြီးရင် မင်း လမ်းပေါ်မှာအိပ်ရတဲ့အဆင့်ထိ ကျသွားမှာကို စိုးရိမ်မိတယ်။ "
ဆက်တိုက် မထီမဲ့မြင်ပြောဆိုတာက နောက်ဆုံးမှာ ချောင်းမို အမှောင်ထဲက ဆွဲထုတ်နိုင်ခဲ့ပြီး သူမ မျက်လုံးတွေ အပြည့်အ၀ဖွင့်လာခဲ့သည်။ နိုးလာပြီးနောက် သူမကိုယ်သူမ အိပ်ရာကြီးပေါ်မှာ ရှိနေတာကိုသတိပြုမိခဲ့သည်။ အပေါ်ဖက်တွင် စိတ်ကူးယဉ်ဆန်တဲ့ သလင်းကျောက်မီးဆိုင်းတစ်ခု၊ အောက်ဖက်တွင် နူးညံ့တဲ့ အဖြူရောင် ကတ္တီပါစောင်တစ်ထည်နှင့် ပုစဉ်းရင်ကွဲအတောင်ပံများကဲ့သို့ ပါးလွှာသော ပိုးသားညအိပ်ဝတ်တစ်ထည်ကို သူမခန္ဓာကိုယ်တွင် ဖုံးအုပ်ထားသည်။ အပြင်က စကားပြောသံက တဖြည်းဖြည်း နီးကပ်လာပြီး သူမအိပ်ယာဘေးနားမှာ ရပ်သွားခဲ့သည်။ အဲ့တာက အနောက်တိုင်းအိမ်ထိန်း ဝတ်စုံဝတ်ထားတဲ့ အိမ်တော်ထိန်းပဲဖြစ်သည်။
တစ်ဖက်လူက သူမကို မသိလိုက်မသိဘာသာ ကြည့်နေခဲ့ပြီး ဆက်ပြောနေခဲ့တယ်
"မစ္စ ချောင်း၊ ဆွံ့အ နားမကြား ဟန်ဆောင်တာက ရွှေ့ကွက်ကောင်းတစ်ခု မဟုတ်ပါဘူး။ မင်းငါ့ရဲ့အကြံဉာဏ်ကို နားထောင်မယ်လို့ ငါမျှော်လင့်တယ်။"
ထိုအချိန် ချောင်းမိုရဲ့ စိတ်ထဲ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
" ဟေး host ရေ၊ တွေ့ရတာဝမ်းသာပါတယ်။ ငါက မင်းနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ 'အရံအမျိုးသမီးဇာတ်ကောင်၏ တန်ပြန်တိုက်စစ်' system ပါ။ မင်း ငါ့ကို ရှောင်ထုံ၊ ဒါမှမဟုတ် ရှောင်ဖင်းလို့ ခေါ်နိုင်ပါတယ်။ မင်းက အချိန်ခရီးသွားဝတ္ထုတွေဖတ်ရတာ ကြိုက်တဲ့အတွက် system တို့၊ အချိန်ကူးပြောင်းခြင်းတို့၊ အမျိုးသမီးအရံဇာတ်ကောင်တို့ကို သိမယ်လို့ ငါထင်တယ်။ ဒီစကားလုံးတွေနဲ့ မစိမ်းနေဘူးမလား။ "
အတွင်းနှင့် အပြင်တစ်ခု အပြန်ပြန်အလှန်လှန် ပြောဆိုနေတဲ့ အသံနှစ်ခုက ချောင်းမို၏ ဦးနှောက်ကို ပေါက်ကွဲလုနီးပါး ဖြစ်စေခဲ့သည်။
သူမ ယခင်ဘဝက ကယ်တင်ရှင် တစ်ဦးဖြစ်ခဲ့တယ်လို့ကိုယ့်ဘာသာ တွေးတောမိသော်လည်း သူမသေဆုံးပြီးနောက် ငြိမ်းချမ်းစွာ အနားမယူနိုင်လောက်အောင်ပင် ကျူပင်နှစ်ခွ နှိပ်စက်မှုကို ခံစားခဲ့ရသည်။
ကံကောင်းထောက်မစွာနဲ့ပဲ အိမ်တော်ထိန်းက သူမကိုအထင်အမြင်သေးစွာပြောပြီးနောက် မြောက်ကြွကြွ ထွက်ခွာသွားခဲ့သည်။ နောက်ဆုံး ချောင်းမို၏ နားထဲတွင် system ၏ အသံတစ်သံသာ ကျန်တော့သည့်အတွက် စိတ်သက်သာရာ ရသွားခဲ့သည်။
" ဒီလို အခြေအနေကို မင်းတွေ့ဖူးလိမ့်မယ်လို့ ငါယုံတယ်။ Bingo!! ဟုတ်ပါတယ်၊ အခုမင်းက နာမည်ကြီး ဝတ္ထုလောကရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အမျိုးသမီးအရံဇာတ်ဆောင် အနေနဲ့ ပြုမူရမယ့် ကံကောင်းတဲ့ ကူးပြောင်းသူဖြစ်လာတာပါ။ ရက်စက်ကြမ်းကြုတ်တဲ့ အရံအမျိုးသမီးဇာတ်ဆောင် ဆိုတာကိုတော့ မင်းသိသင့်တယ်။ အထူးသဖြင့် အစားထိုးအနေနဲ့ နေရတဲ့ တစ်ယောက်လေ။ "
System ကပြောပြီးတာနဲ့ သူ့ရဲ့ ဟာသဉာဏ်ကိုဖော်ပြဖို့ ဘလင်းဘလင်း ဖြစ်နေတဲ့ အီမိုဂျီ ( ✨) တွေကိုတောင် ပို့လိုက်သေးတယ်။
တကယ်ရော လိမ္မာပါးနပ်ပြီး ဟာသဆန်လို့လား။ ချောင်းမိုက အခုအချိန်မှာ မှတ်ချက်မပေးချင်သော်လည်း ဗီလိန်ဆန်ဆန်ရက်စက်တဲ့ အမျိုးသမီး အရံဇာတ်ဆောင်နေရာတွေနဲ့ ပတ်သတ်ပြီး မရင်းနှီးတာတော့မဟုတ်ဘူး။
System ပြောသလိုပဲ ချောင်းမိုက ကျောင်းသားဘဝတုန်းက ဝတ္ထုတွေဖတ်ရတာကို နှစ်သက်တဲ့ သာမာန်ကျောင်းသူတစ်ယောက်ဖြစ်ခဲ့ပြီး ခွေးသွေးဒရမ်မာတွေနဲ့ ပြည့်နေတဲ့ အဲဒီဝတ္ထုတွေကို ဖတ်ဖို့ မလွတ်ခဲ့တာ ပုံမှန်ပဲ။
အချစ်ဝတ္ထုတိုင်းတွင် အမျိုးသားနှင့် အမျိုးသမီး ဇာတ်လိုက်များကြား ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေဖို့ အထူးပြုလုပ်ထားသော ရက်စက်ကြမ်းကြုတ်သော အမျိုးသမီး ဇာတ်ပို့ ဇာတ်ကောင်တစ်ခုဆိုတာ ရှိစမြဲပင်။
အထူးသဖြင့် အမျိုးသမီး ဇာတ်ပို့ ဇာတ်ရုပ်က ပိုလို့တောင် အချည်းနှီး ဟန်ဆောင်တတ်သေးသည်။ သူမ၏ တည်ရှိမှုက အမျိုးသမီး ဇာတ်လိုက်ရဲ့ မြင့်မြတ်သော ကိုယ်ကျင့်တရားကို ပေါ်လွင်နိုင်စေဖို့ပဲဖြစ်သည်။
လုပ်သင့်လုပ်ထိုက်တဲ့ မကောင်းမှုမှန်သမျှ၊ အမျိုးသမီး ဇာတ်ဆောင်ကို အနိုင်ကျင့် နှိုးဆော်တာမျိုး၊ စာဖတ်သူတွေကို မုန်းတီးစိတ်တွေ သွားတကြိတ်ကြိတ်ဖြစ်စေတာမျိူးအပြင်၊ ဇတ်လိုက်သူရဲကောင်းကို နောင်တရစေမယ့်ဟာကိုလည်း ပြုလုပ်လိမ့်မယ်။ နောက်ဆုံး ပျော်ရွှင်ဖွယ်အဆုံးသတ်ရှိတဲ့ ဇာတ်တိုင်းမှာ အမျိုးသမီး ဇာတ်ဆောင်က ဇာတ်ပို့ဇာတ်ကောင်တစ်ခုလုံးကို နင်းချေ တက်လှမ်းသွားနိုင်လိမ့်မယ်။
ချောင်းမို ကူးပြောင်းသွားခဲ့တဲ့ ဇာတ်ကောင်က အမျိုးသမီးဇာတ်လိုက် ထွက်သွားပြီးတဲ့နောက် ဇာတ်လိုက်ကောင်က ဗီလာမှာ ခေါ်ယူပျိုးထောင်ထားတဲ့ ဇာတ်ကောင်တယောက်စီပဲဖြစ်သည်။ သူမကို အမျိုးသားဇာတ်လိုက် က အမျိုးသမီးဇာတ်ဆောင်နေရာမှာ အစားထိုးအနေနဲ့ အသုံးချခဲ့ပြီး၊ အဲ့တာကပဲ အမျိုးသားဇာတ်လိုက်က အမျိုးသမီးဇာတ်ဆောင်ကို ချစ်နေသေးကြောင်း နောက်ထပ်အထောက်အထားတစ်ခုလည်း ဖြစ်သည်။
သေချာတာပေါ့ ချောင်းမိုက ဒီ အချစ်လို့ခေါ်တဲ့ဟာကို သံသယရှိခဲ့သည်။
အဲ့အချိန်မှာ ချောင်းမိုက အဓိက ဇာတ်ကောင်၏ တည်ရှိမှုကို သိရှိခဲ့ပြီး အမျိုးသမီး ဇာတ်ဆောင်ရှေ့ အကြိမ်ကြိမ် သေတွင်းကို ခုန်ချခဲ့သည်။
ချောင်းမိုသည် ဘဝင်မြင့်တဲ့ အစားထိုးတစ်ယောက်ဖြစ်တဲ့အပြင်၊ ဇိမ်ခံအိမ်ကြီးတစ်ခုတွင် နေထိုင်ကာ လေယာဉ်ပျံဖြင့် ပို့ဆောင်သည့် အစားအစာများကို စားသောက်ပြီး လစဥ် အမျိုးသားဇာတ်လိုက်ပေးထားသော ဂဏန်း ခြောက်လုံးပမာဏရှိတဲ့ ငွေကို သုံးစွဲနေသော်လည်း ကျေနပ်မှုမရှိသေးပေ။ သူမက အမျိုးသားဇာတ်လိုက်ရဲ့ ဇနီးဖြစ်လိုပြီး သူ့ စည်းစိမ်ဥစ္စာအားလုံးကို ပိုင်ဆိုင်ချင်သည်။ ထို့အပြင် သူမက အမျိုးသမီး ဇာတ်ဆောင်ပိုင်ဆိုင်သော မနာလိုစရာ အချစ်ကိုလည်း ဖယ်ရှားချင်ခဲ့သည်။
သူမက အစားထိုးတစ်ယောက်ဆိုပေမယ့် သူမရဲ့ စွမ်းဆောင်ရည်က သုညပဲ၊ သူမရဲ့ နောက်ခံက နိမ့်ကျသလို စရိုက်ကလည်း မကောင်းပေ။
ဒါပေမယ့် သူမက အကြီးကြီးတွေတွေးပြီး ဇာတ်လိုက်မ မှာ ရှိတဲ့ အရာအားလုံးကို လိုချင်နေသည်။
" သေချာတာပေါ့ host က စိတ်ပူစရာ မလိုပါဘူး၊ အခု မင်းမှာ 'အရံ အမျိုးသမီး တန်ပြန်တိုက်စစ် System ' ရှိတယ်လေ၊ ပြောချင်တာက ငါ၊ ရှောင်းထုံနဲ့ဆိုရင် မင်း တန်ပြန်တိုက်ခိုက်ရေး ပျော်ရွှင်ဖွယ်ဘဝကို စတင်နိုင်ပြီးတော့ အရပ်ရှည်ရှည် ချမ်းသာပြည့်စုံတဲ့ မစ္စတာကို လက်ထပ်နိုင်လိမ့်မယ် "
" host က ငါ့နောက်ကို လိုက်ဖို့ပဲလိုတယ်။ တာဝန်တွေကို ပြီးမြောက်ဖို့ ကြိုးစားပြီး အမှတ်တွေစု၊ ပြီးရင် အဲ့တာတွေနဲ့ system ထဲမှာရှိတဲ့ ကျွမ်းကျင်မှုအမျိုးမျိုးကို သင်ယူနိုင်ပြီး၊ အမျိုးသားဇာတ်လိုက်နဲ့ တခြား အရံဇာတ်ကောင်အမျိုးသားတွေပါ အရူးအမူးဖြစ်စေနိုင်တဲ့ ချောမော ပြေပြစ် ချစ်စရာကောင်းပြီး ချိုမြိန်တဲ့ အလှလေးတစ်ယောက် ဖြစ်လာနိုင်တယ်။ "
" မင်းသင်ချင်တဲ့ဟာကိုလည်း system ကိုပြောလို့ရတယ်၊ system က ကိုယ်ပိုင်သင်တန်းတခု ကိုဖန်တီးပေးလိမ့်မယ်။ "
" ငါ စိတ်မဝင်စားဘူး။ "
အကျိုးအကြောင်းကို နားထောင်ပြီးနောက် ချောင်းမိုက လက်မြှောက်လိုက်ပြီး နောက်ထပ်ဘာမှနားမထောင်ချင်တော့သည်းပုံဖြင့် ခေါင်းကိုအုပ်ထားလိုက်သည်။
သူမ အတိတ်ဘဝကပင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သဖြင့် အခုဘဝမှာတော့ ကမ္ဘာကြီးကို တုန်လှုပ်စေမယ့်အရာတွေကို လုပ်ဖို့စိတ်မဝင်စားတော့ပေ။
ယောက်ျားတွေကို ဆွဲဆောင်ပြီး ချစ်မိစေဖို့အတွက်ကတော့…
ချောင်းမိုကတော့ သူမမှာအချစ်စစ်ကို စောင့်ဆိုင်းရင်း တွေ့နိုင်လောက်တဲ့အထိ ကံကောင်းမယ်တော့ မထင်ဘူး။
တကယ်တော့ သူမကို အရူးလို နောက်ကလိုက်ပိုးတဲ့ အမျိုးသားတွေရှိပေမယ့် သူမရဲ့ သိပ္ပံသုတေသနရလဒ်အတွက် ချောင်းမိုက သူမရဲ့ ကံကြမ္မာကို လက်ခံထားပြီးသားပင်။