အခန်း ၃
ကျန်းကျန့်နင်က
ယခင် အတွေ့အကြုံအပေါ် အခြေခံပြီး စကားနည်းနည်းပြောပြီး အလုပ်များများလုပ်ရန်မူကို
လိုက်နာသောကြောင့် နှုတ်ဆိတ်နေရန် ရွေးချယ်ကာ ဘာမှ မပြောတော့ပေ။
ဥက္ကဌချူရဲ့
စိတ်နေစိတ်ထားက ပြောင်းလဲနေတက်ပြီး မကြာခဏ စိတ်တိုတတ်တယ်။ ဒီလိုအခြေအနေမျိုးမှာ
ဘယ်သူကပဲ ပါးစပ်ကို ဖွင့်ဖွင့် အပြစ်တင်ခံရမှာမို့ သစ်သားရုပ်တုလိုနေလိုက်တာက
အကောင်းဆုံးရွေးချယ်မှုပဲ။
ချူချူကတော့
တစ်ကိုယ်လုံး နာကျင်နေဆဲဖြစ်ပြီး ကျန်းကျန့်နင် အချိန်မီရောက်လာသည်ဟု သူမဘာသာ
တွေးနေမိသည်။ သူက သူမအား ရင်းဒါရင်းနှီးမြုပ်နှံမှုကုမ္ပဏီ၏ပတ်ဝန်းကျင်နှင့် အလျင်အမြန်
ရင်းနှီးလာစေရန် ကူညီပေးနိုင်မည့်သူ ဖြစ်သည်။ ချူချူက ခဏလောက်စဉ်းစားလိုက်ပြီး
"ရှင် ခဏစောင့်ပါ၊ ကျွန်မ ကုမ္ပဏီကို ချက်ချင်းလိုက်ခဲ့မယ်"
ကျန်းကျန့်နင်က ယဉ်ယဉ်ကျေးကျေးဖြင့် "ကောင်းပါပြီ၊ ခင်ဗျားကိုယ်တိုင် ကားမောင်းမှာလား? ဒါမှမဟုတ် ယာဉ်မောင်း စီစဉ်ပေးစေချင်လား?"
မူလအမျိုးသမီးဇာတ်ပို့က
မော်တော်ကားခရေဇီပဲ။ ဇိမ်ခံကားတွေ မရေမတွက်နိုင်အောင် စုဆောင်းထားရုံသာမက
ပြိုင်ကားတွေကိုလည်း နှစ်သက်တယ်။ အခြေအနေခွင့်ပြုရင် သူမက သူမဘာသာသူ
မောင်းနှင်သွားမှာပဲ။ ဒါပေမယ့် သူမမှာ မူလကိုယ်လိုမျိုး ကျွမ်းကျင်မှု မရှိဘူး။
သူမသာ ကိုယ်တိုင်မောင်းရရင် ကားကို လှန်ပစ်မိလိုက်မယ်။ ချူချူက ပြန်မဖြေမီ
အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ "ယာဥ်မောင်း စီစဉ်ပေး"
"ကောင်းပါပြီ"
ကျန်းကျန့်နင်ကလည်း အနည်းငယ် အံ့သြသွားပုံရသည်။ သို့သော် ဥက္ကဌချူ၏ နေမကောင်းဖြစ်နေပုံရသည့်
အသွင်အပြင်ကို ကြည့်လိုက်ပြီး သူ သူမ၏ အခြေအနေမှာ မကောင်းကြောင်း လျင်မြန်စွာ
သဘောပေါက်သွားခဲ့သည်။
ဒီအခြေအနေနဲ့
သူမ ကားမောင်းဖို့ မသင့်တော်ဘူး။
နောက်ဆုံးတွင်
ကျန်းကျန့်နင်က တံခါးဝတွင် စောင့်နေခဲ့သည်။
ချူချူက
သွေးအန်ခြင်းကို ခက်ခက်ခဲခဲ ကြိတ်မှိတ်သည်းခံကာ အဝတ်လဲခန်းထဲသို့ ဝင်သွားခဲ့သည်။
သူမ ဗီရိုကို ဖွင့်ကြည့်လိုက်ရာ သပ်သပ်ရပ်ရပ်စီထားသော
အမျိုးသမီးဝတ်စုံတန်းတစ်ခုကို တွေ့လိုက်ရပြီး ဝတ်စုံတစ်စုံကို အမြန်ရွေးလိုက်သည်။
ချူချူက သူမ၏ဆံပင်များကို စနစ်တကျ သပ်သပ်ရပ်ရပ် ချည်နှောင်လိုက်ပြီး အပြင်ထွက်ရန်
အဆင်သင့်ဖြစ်သွားပြီ ဖြစ်သသည်။ သူမက သူမ၏သွေးအန်ခြင်းဝေဒနာ သက်သာစေဖို့
ကုမ္ပဏီသို့ အမြန်ဆုံးရောက်ရှိရန် မျှော်လင့်နေခဲ့သည်။
ကျန်းကျန့်နင်က
ဥက္ကဌချူ၏မိတ်ကပ်မလိမ်းထားသည့် မွဲခြောက်နေသောမျက်နှာကို တွေ့လိုက်ရသည်။ သူ
အများကြီး မပြောရဲသော်လည်း စိတ်မပူပဲ မနေနိုင်သောကြောင့် အကြံပေးလိုက်သည်။
"မဟုတ်ရင်လဲ
ခင်ဗျား ဒီနေ့ အိမ်မှာ အနားယူလိုက်ပါလား? ကျွန်တော် ဒေါက်တာဟူကို လာခဲ့ဖို့
ဆက်သွယ်လိုက်ပါ့မယ်"
ချူချူက နာကျင်နေပုံရသည့်မျက်နှာဖြင့် ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ "သွားမယ်"
အိမ်မှာပဲ
ဆက်နေမယ်ဆိုရင်တော့ သူမ သေသွားလိမ့်မယ်။ နာကျင်မှုကို သက်သာစေဖို့ အလုပ်ကို
မြန်မြန်သွားတာ ပိုကောင်းတယ်။
ကျန်းကျန့်နင်က
ယခင်ထဲက ဥက္ကဌချူ၏ ထက်မြက်ပြီး လျင်မြန်သော သဘောထားကို လိုက်လျောညီထွေနေတက်ပြီးသား
ဖြစ်သည်။ သူက ရိုးရိုးရှင်းရှင်းပင် မိုက်မဲသော စကားများကို ချက်ချင်း
ရပ်လိုက်ပြီး ချူချူ အောက်ထပ်သို့ အေးအေးဆေးဆေး ဆင်းနိုင်ရန် စီစပေးဉ်လိုက်သည်။
ကားသမားက အောက်ထပ်မှာ စောင့်နေပြီဖြစ်ကာ နှစ်ယောက်သား ကားပေါ်တက်လာပြီးနောက် ကားက
ဖြည်းညှင်းစွာ စတင်မောင်းထွက်လာပြီး ကုမ္ပဏီသို့ တိုက်ရိုက် မောင်းနှင်နေခဲ့သည်။
ကျန်းကျန့်နင်က
ယနေ့၏ အလုပ်များကို ပုံမှန်အတိုင်း စတင်တင်ပြနေပြီး "ဥက္ကဌချူ၊
ရှောင်ရင်အနုပညာက ဒါရိုက်တာဟန်က ပူးပေါင်းဆောင်ရွက်မှုရဲ့နောက်ဆက်တွဲကို
ဆွေးနွေးဖို့ ဒီနေ့ နေ့လည် ကုမ္ပဏီကို လာမယ်။ မင်းမှာ သူနဲ့ တွေ့ဖို့ အချိန်ရှိသေးလား?"
ချူချူ၏စိတ်ထဲတွင်
ဘာမှမရှိတော့ပေ။ သူမက အလွန်နာကျင်နေဆဲဖြစ်ပြီး ချွေးအေးများက ကျောပြင်တစ်ခုလုံး စိုရွှဲနေလေသည်။
သူမက နာကျင်မှုကို သည်းခံနေရင်း
"အင်း" ဟုသာ ပြန်ဖြေလိုက်မိသည်။
အလုပ်အချိန်ဇယားကို
အတည်ပြုပြီးနောက် ကျန်းကျန့်နင်က ချူချူ၏ ၃ ရက်တာ ပျက်ကွက်မှုနှင့်ပတ်သက်၍
ကုမ္ပဏီ၏အခြေအနေကို ဆက်လက်တင်ပြနေခဲ့သည်။ 'AB round financing'၊ 'VC'၊ 'PE'၊ 'IPO' နှင့်
အခြားဘဏ္ဍာရေးဆိုင်ရာ ဝေါဟာရများကို ကြားရသောအခါ ချူချူတစ်ယောက် ခေါင်းကိုက်လာခဲ့သည်။
သူမက
ငွေရေးကြေးရေး ရင်းနှီးမြုပ်နှံမှု အကြောင်းကို တစ်လုံးမှ နားမလည်ဘဲ အခုချိန်မှာ
နာနေတာပဲ သိတယ်။
သူမ သည်းမခံတော့ပဲ ဒေါသထွက်လာကာ"အဲ့ဒီအကြောင်းတွေကို နောက်မှပြောလို့ မရဘူးလား?"
ကျန်းကျန့်နင်က
ချက်ချင်း စကားရပ်လိုက်သည်။ သူ၏ သဘောထားက အလွန်ကောင်းမွန်နေပြီး ဥက္ကဌချူက
ယခင်ကကဲ့သို့ စိတ်တိုနေသေးသည်ဟု သူ ထင်နေခဲ့သည်။ ကားအတွင်းပိုင်းက တိတ်ဆိတ်နေပြီး
ကားနောက်ခန်းတွင် ထိုင်နေသည့် သူဌေး၏ဒေါသကို နှိုးဆွမိမည်အား စိုးရိမ်သောကြောင့်
ကားမောင်းသူပင် စကားမပြောရဲပေ။
ချူချူ
ကုမ္ပဏီ၏အဆောက်အဦးသို့ ခြေချလိုက်သည်နှင့် သူမတစ်ကိုယ်လုံးမှ နာကျင်ကိုက်ခဲမှုများ
ကင်းစင်သွားတော့သည်။ သူမက ပိုးအိမ်မှ ဖောက်ပြီး ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်နေကာ
လေးလေးနက်နက် အသက်ရှူသွင်းလိုက်ရုံဖြင့် လန်းဆန်းမှုကို ခံစားလိုက်ရသည်။ ယခင်က သူမ
ချွေးအေးများထွက်လာသည်အထိ နှိပ်စက်ခံခဲ့ရသော်လည်း ယခုအခါ နောက်ဆုံး သူမ
သက်သာရာရသွားခဲ့သည်။
【အလုပ်ပြီးမြောက်သည့်အတွက်
ဂုဏ်ယူပါတယ်၊ 'ရောင်ဝါက ပိုအားကောင်းလာပါပြီ】
ချူချူ၏
ခြေလှမ်းများက ချက်ချင်း ပေါ့ပါးသွားကာ စောစောက ကားပေါ်ရှိ သူမ၏ မရေမရာအခြေအနေများကို
ပြန်ပြောင်းသတိရသွားပြီး "စောစောက ကားထဲမှာ ရှင် ဘာပြောတာခဲ့လဲ? ကျွန်မ
ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူး"
ကျန်းကျန့်နင်က
သူ့သူဌေး၏မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရပြီး အနည်းငယ်
စိတ်ရှုပ်နေသွားခဲ့သည်။ သို့သော်လည်း သူက သူ့မျက်နှာတွင် မည်သည့်အမူအရာကိုမှ မပြဘဲ
ဓာတ်လှေကားခလုတ်ကို အေးအေးဆေးဆေး နှိပ်ကာ ညင်သာစွာဖြင့် "ရပါတယ်၊
ရုံးခန်းရောက်မှ ဆက်ပြီး ပြောပြပါ့မယ်"
အပေါ်ထပ်မှ ဥက္ကဌရုံးခန်းကတော့ လုံး၀ ဝရုန်းသုန်းကားဖြစ်နေခဲ့သည်။ အတွင်းရေးမှူးများ အားလုံးက ကမန်းကတန်း ပြေးလွှားပြီး မိတ်ကပ်များ အရူးအမူး လိမ်းနေကြပြန်သည်။ ရုံးခန်းတစ်ခုလုံး ဆူညံနေကာ "မြန်မြန် မြန်မြန်၊ သူဌေးနဲ့ မန်နေဂျာချုပ်က ဓာတ်လှေကားထဲ ရောက်နေပြီ၊ ငွေရေးကြေးရေး အစီရင်ခံစာကို မြန်မြန်ပေး"
"အခုချက်ချင်း
ဥက္ကဌချူရဲ့ရုံးခန်းမှာ လေအေးပေးစက်ဖွင့်ထား၊ အချိန် မဖြုန်းနဲ့!"
"ငါတော့သွားပြီ!
ဘယ်အချိန်မို့ စာရွက်က လာညှပ်နေတာလဲ၊ ဘယ်လို တောင်စုတ်တဲ့စက်လဲ...?"
ရှရှောင်ရှောင်က
အလုပ်ရှုပ်နေသူများကို ကြောင်တော်ငတောင်ကြည့်နေကာ အသံတိုးတိုးဖြင့် "အစ်မဝမ်
ကျွန်မ ကော်ဖီဝယ်ပေးရဦးမှာလား?"
ဝမ်ချင်းသည်လည်း
အများနည်းတူ ထပ်တူထပ်မျှ ခက်ခက်ခဲခဲ ဖိနှိပ်ခံနေခဲ့ရသည်။ သူမက နာရီကို
စိုးရိမ်တကြီး ငုံ့ကြည့်ကာ "သွား၊ အမေရိကန်စတိုင် espresso နှစ်ဆ၊ ရေခဲမထည့်ဘူး သကြားမထည့်ဘူး မြန်မြန်ပြန်လာ"
ရှရှောင်ရှောင်က
ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး အမြန်ထွက်သွားကာ တစ်ဖက်မှ ဓာတ်လှေကားကို အသုံးပြုပြီး
အောက်ထပ်သို့ ဆင်းသွားတော့သည်။ အတွင်းရေးမှူးများက အစုံအလင် ပြင်ဆင်ပြီးနောက်
သူဌေး ရောက်ရှိလာခြင်းကို ကြိုဆိုရန် တံခါးဝတွင် အားသွန်ခွန်စိုက်
စောင့်ဆိုင်းနေကြသည်။ ဓာတ်လှေကားက 'ဒင်း' အသံထွက်တော့
အတွင်းရေးမှူးတွေက ချက်ချင်းပဲ သူတို့ရဲ့ ပရော်ဖက်ရှင်နယ် အပြုံးတွေကို
တပ်ဆင်လိုက်တယ်။
ချူချူ
ဓါတ်လှေကားထဲမှ ကျန်းကျန့်နင်နှင့်အတူ လိုက်ထွက်လာခဲ့ချိန်တွင် တောက်ပပြီး လှပသော
မြို့ပြကော်လာဖြူ အလုပ်သမားအတန်းလိုက်ကြီးကို တွေ့လိုက်ရသည်။ သူတို့၏မျက်နှာများပေါ်တွင်
သေသပ်သည့် အပြုံးများ ပွင့်လန်းနေပြီး စနစ်တကျ ဖြည်းညှင်းစွာ နှုတ်ဆက်နေကြသည်။
"မင်္ဂလာပါ
ဥက္ကဌချူ"
ထိုနှုတ်ဆက်သံများက
ချူချူကိုပင် အံ့အားသင့်သွားစေခဲ့သည်။ သူမ ထိုကဲ့သို့ အတန်းလိုက် နှုတ်ဆက်ခြင်းမျိုးကို
တစ်ခါမှ မမြင်ဖူးသောကြောင့် ချူချူက အလျင်စလို ပြန်နှုတ်ဆက်လိုက်သည်။
"ဟဲလို ဟဲလို ဟဲလို ဟဲလို"
ချူချူက
အင်တာတိန့်မန့်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့ဖူးပြီး လုပ်ငန်းခွင်အငွေ့အသက်က
ပေါ့ပေါ့ပါးပါးနှင့် လွတ်လွတ်လပ်လပ်ရှိသည်။ သူမ ဤကဲ့သို့ကော်ပိုရေးရှင်းယဉ်ကျေးမှုမျိုးကို
တစ်ခါမှ မကြုံဖူးခဲ့ပေ။ ကျန်းကျန့်နင်က ချူချူကို ဦးဆောင်ခေါ်သွားခဲ့ပြီး တံခါးကို
အရင်ဖွင့်ပေးပြီးမှ ရုံးခန်းထဲသို့ ဝင်ရန် ကြိုဆိုလိုက်သည်။ ရုံးခန်းတံခါးကို ပိတ်လိုက်သည်နှင့်
အတွင်းရေးမှူးများက ချက်ချင်းပင် အသံတိုးတိုးလေးများဖြင့် အားတက်သရော ပြောနေကြသည်။
"ဒီနေ့ ဘော့စ်က စိတ်ကောင်းဝင်နေတာလား? သူမ
မထင်မှတ်ပဲ ပြန်နှုတ်ဆက်ခဲ့တာလား?"
ပုံမှန်အားဖြင့်
ဥက္ကဌချူက ရှေ့တည့်တည့်ကို ကြည့်ကာ မည်သူ့ကိုမျှ အသိအမှတ်မပြုဘဲ အခန်းတွင်းသို့
တိုက်ရိုက်ဝင်သွားလေ့ရှိသည်။
သူမ
ဘယ်တုန်းကမှ သူတို့ကို အာရုံစိုက်ပြီး တုန့်ပြန်နှုတ်ဆက်ခဲ့ဖူးလို့လဲ?
"ဘယ်လိုမှ
မဖြစ်နိုင်ဘူး၊ ဥက္ကဌချူ ရဲ့မျက်နှာက ကြောက်စရာကောင်းတဲ့ပုံပါပဲ..."
"သူဌေး
ဒီနေ့ မိတ်ကပ်မလိမ်းထားဘူးလား?"
ရှရှောင်ရှောင်က
ကော်ဖီကို ယူလာပြီး အမောတကော ပြန်ရောက်လာခဲ့သည်။ ဝမ်ချင်းက ကော်ဖီအမှာစာ
မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သူမကို ချီးမွမ်းလိုက်သည်။ "မဆိုးပါဘူး
မဆိုးပါဘူး၊ ယဉ်ယဉ်ကျေးကျေး တံခါးခေါက်ပြီး သွားပို့ပေးပါ။ တတ်နိုင်သမျှ
စကားနည်းနည်းပဲပြော"
ဝမ်ချင်း၏
တင်းမာသော အမူအရာကြောင့် ရှရှောင်ရှောင်လဲ အနည်းငယ် မထိတ်လန့်ပဲ မနေနိုင်ပေ။ သူမ
ခေါင်းညိတ်ပြပြီး ကော်ဖီကို ယူကာ ရုံးခန်းဆီသို့ လျှောက်သွားလိုက်သည်။
【ကျေးဇူးပြုပြီး "ရက်စက်တဲ့အမျိုးသမီးဇာတ်ပို့ရဲ့ ရောင်ဝါကို အားကောင်းအောင် လုပ်ဆောင်ပါ၊ ရောင်ဝါ ပျောက်ကွယ်သွားတာနဲ့ ဇာတ်ကောင်က ပင်မကမ္ဘာကနေ ပျောက်ကွယ်သွားပါလိမ့်မယ်】
【
'အမျိုးသမီးဇာတ်လိုက်' ရောင်ဝါပိုင်ရှင်ကို
သင့် အနီးနားမှာ တွေ့ရှိပါတယ်။ အပြင်းအထန် ယှဉ်ပြိုင်ခြင်းလုပ်ငန်းကို စတင်ဝင်ရောက်ပါ။】
【ထိပ်တိုက်ရင်ဆိုင်ခြင်း
တာဝန် - ရှရှောင်ရှောင်ကို ငိုစေပြီး ကုမ္ပဏီကနေ အရှက်တကွဲ ထွက်သွားရအောင် လုပ်ဆောင်ပါ】
"ဥက္ကဌချူ၊
ချန်ရှင်း ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဘက်က လီထိုက်ဟယ်ရဲ့ စာချုပ်ကို ဘယ်လို
ကိုင်တွယ်သင့်သလဲ ဆိုတာကို မေးမြန်းခဲ့ပါတယ်..."
ကျန်းကျန့်နင်က
မတ်မတ်ရပ်နေပြီး အလုပ်အား တာဝန်ကျေစွာ အစီရင်ခံတင်ပြနေခဲ့သည်။ ချူချူက
ဘာမှမပြောသောကြောင့် လီထိုက်ဟယ်၏ကိစ္စကို မည်သူမျှ မကိုင်တွယ်ဝံ့သေးပေ။ ချူချူကတော့
နံရံမှ ထူးဆန်းသော စကားလုံးများ ပေါ်လာသည်ကို မြင်လိုက်ရပြီး သည်းမခံနိုင်လောက်အောင်
ခေါင်းကိုက်သွားခဲ့သည်။ အမျိုးသမီးဇာတ်ဆောင် ပေါ်လာရခြင်း အကြောင်းရင်းကို သူမ
မတွေးနိုင်သေးသဖြင့် မသိချင်ယောင်ဆောင်ရန် ဆုံးဖြတ်ခဲ့ကာ ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
"ခဏစောင့်၊
ငါ ခနနေရင် ပြောမယ်..."
ကျန်းကျန့်နင်က
တုံဆိုင်းသွားခဲ့သည်။
ဥက္ကဌချူက
ထွက်သွားတာလား? အခြားဘာတွေဖြစ်နေတယ်ဆိုတာ သူလည်း မသိတော့ဘူး။
ယခုတကြိမ်
လုပ်ငန်းတာဝန် အချက်ပြမှုကို အနီရောင်ဖြင့်ဖော်ပြထားပြီး ယှဉ်ပြိုင်ခြင်းဖြစ်ကာ
ပုံမှန်လုပ်ငန်းတာဝန်နှင့် မတူညီကြောင်း ရှင်းလင်းစွာ ညွှန်ပြနေသည်။ ငြင်းဆန်လျှင်
တုံ့ပြန်မှုက အလွန်ပြင်းထန်မည့်ပုံရသည်။ ချူချူ၏နားထဲတွင် အချက်ပေးသံတစ်ခု ရှိနေခဲ့သော်လည်း
ကျန်းကျန့်နင်က ထိုအသံကို မကြားနိုင်ပေ။
ချူချူ အထိတ်တလန့်ဖြင့် ထူးထူးဆန်းဆန်း ထထွက်သွားသည်ကိုသာ
သူ ကြည့်နေရတော့သည်။ ချူချူက ဤဘေးဆိုးမှ ရှောင်ရန် ရုံးခန်းထဲမှ ချက်ချင်းထွက်သွားရန်
ဆုံးဖြတ်လိုက်သည်။ ချူချူက အခန်းတွင်းမှ တံခါးကို ရုတ်တရက် ဖွင့်လိုက်ချိန်တွင်
တံခါးအပြင်ဘက်မှ ရှရှောင်ရှောင်က တံခါးခေါက်ရန် သတိထား ပြင်ဆင်နေချိန် ဖြစ်သည်။ ရုတ်တရတ်
တံခါးပွင့်လာသောကြောင့် ရှရှောင်ရှောင်က ထိတ်လန့်သွားပြီး မတည်မငြိမ်ဖြစ်သွားကာ ချူချူပေါ်သို့
လဲကျသွားခဲ့သည်။ အမေရိကန်စတိုင်ကော်ဖီက ကြမ်းခင်းပေါ်သို့ ပြန့်ကျဲသွားပြီး
သန့်ရှင်းသောကော်ဇောကို ညစ်ပတ်စေကာ သူတို့နှစ်ဦးအပေါ်ကိုလည်း ပက်ဖြန်းမိသွားခဲ့သည်။
ချူချူက
တုန်လှုပ်ချောက်ချားစွာဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်က
ရှရှောင်ရှောင်အောက်တွင် ရှိနေကာ သူမ၏ ဗိုက်တွင်းမှ သည်းမခံနိုင်သော နာကျင်မှုကို
ခံစားရပြီး ရင်းနှီးနေသော ပူလောင်သော ဝေဒနာများ ထွက်ပေါ်လာသည်။ သူမ နှုတ်ခမ်းကို
စေ့ထားရင်း သွေးအန်ချင်သည့် ခံစားချက်ကို တွန်းလှန်နေရသောကြောင့် သူမ၏မျက်နှာက
ဖြူဖျော့ပြီး ဖွေးဆုတ်နေတော့သည်။
【သင်ရဲ့
ဗီလိန်ရောင်ဝါက ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ၊ ကျေးဇူးပြုပြီး
ထိပ်တိုက်ရင်ဆိုင်ခြင်း တာဝန်ကို အမြန်ဆုံးပြီးအောင်လုပ်ပါ】
【ထိပ်တိုက်ရင်ဆိုင်ခြင်း
တာဝန်- ရှရှောင်ရှောင်ကို မျက်နှာပျက်စေပြီး ကုမ္ပဏီကနေ အရှက်တကွဲ ထွက်သွားရအောင် လုပ်ပါ】
ကျန်းကျန့်နင်ကလည်း
အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး ရှေ့သို့ အလျင်အမြန် လျှောက်လာခဲ့သည်။
"အဆင်ပြေရဲ့လား!?"
မလှမ်းမကမ်းမှ
ဝမ်ချင်းနှင့် အခြား အတွင်းရေးမှူးများကလည်း ကြောက်လန့်နေပြီး ဝိုင်းအုံလာကြသည်။ အားလုံးက
သူမတို့နှစ်ယောက်စလုံးကို အသေအချာ ထူပေးကာ "ဥက္ကဌချူ၊ အဆင်ပြေရဲ့လား"
"မင်းအတွက်
ပုဝါနဲ့ အင်္ကျီအပို သွားယူပေးမယ်..."
"ဒီတံခါးရဲ့
ဒီဇိုင်းက ဘာလဲ? မြန်မြန်ပြင်လိုက်ပါ၊ အန္တရာယ်များလွန်းတယ်"
"ဥက္ကဌချူ၊
ဒါက အဝတ်အစား အသန့်တွေပါ..." အတွင်းရေးမှူးတစ်ယောက်က ဥက္ကဌ၏ ဧည့်ခန်းမှ
အဝတ်အစားများကို ချက်ချင်းယူကာ ဥက္ကဌချူထံ ဂရုတစိုက် ပေးလိုက်သည်။ ကော်ဖီကြောင့်
ဥက္ကဌချူ၏ ရှပ်အင်္ကျီက လုံးဝပျက်စီးသွားခဲ့သည်။ ဥက္ကဌချူက သူမ၏ နှုတ်ခမ်းများကို
တင်းတင်းကျပ်ကျပ် ဖိထားပြီး သူမ၏ မျက်လုံးများက မုန်တိုင်းမတိုက်မီ
တိမ်မည်းများကဲ့သို့ မှောင်မိုက်နေခဲ့သည်။ လူတိုင်းက ထိုလေထုကို ချက်ခြင်း
မတွန်းလှန်ဝံ့ကြပေ။ မကြာသေးမီကမှ ဝင်လာသော အလုပ်သင်တစ်ဦးကြောင့် သူဌေးက
ပေါက်ကွဲလုနီးဖြစ်နေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ သို့သော်လည်း နောက်လာမည့်
ပေါက်ကွဲမှုများကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်နေကြသေးသည်။ ရှရှောင်ရှောင်ကလည်း
ကော်ဖီများ စိုရွှဲနေပြီး ဘာလုပ်ရမှန်းမသိပုံဖြင့် ဘေးတွင် ရပ်နေကာ
လူအုပ်ကြီးဝန်းရံနေသည့် ဥက္ကဌချူကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။
ဥက္ကဌချူက
အလွန်ဆွဲဆောင်မှုရှိပြီး သူမ မျက်ခုံးပင့်တင်လိုက်သောအခါတွင် မည်သူမျှ သူမကို
တည့်တည့်ကြည့်ဝံ့ခြင်း မရှိပေ။ သူမက ပေါ့ပေါ့ပါးပါး ၀တ်စုံကို ၀တ်ဆင်ထားပြီး သူမ၏
လက်ကောက်ဝတ်တွင် စိန်ဖြင့် စီခြယ်ထားသော ပလက်တီနမ် နာရီတစ်လုံး ရှိသည်။ ရှရှောင်ရှောင်က
ခေါင်းငုံ့ကာ ကော်ဖီများ စွန်းထင်းနေသော သူမ၏ဖိနပ်ကို ငုံ့ကြည့်လိုက်ပြီးမှ
တစ်ဖက်သား၏ လှပသော ဒေါက်မြင့်ဖိနပ်ကို တစ်ဖန်ပြန်ကြည့်ကာ သူမ သိမ်ငယ်စိတ်ဖြင့်
ရှက်ရွံ့သွားခဲ့သည်။
သင်ရဲ့
ဗီလိန်ရောင်ဝါက ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ၊ ကျေးဇူးပြုပြီး
ထိပ်တိုက်ရင်ဆိုင်ခြင်း တာဝန်ကို အမြန်ဆုံးပြီးအောင်လုပ်ပါ】
【ထိပ်တိုက်ရင်ဆိုင်ခြင်း
တာဝန်- ရှရှောင်ရှောင်ကို မျက်နှာပျက်စေပြီး ကုမ္ပဏီကနေ အရှက်တကွဲ ထွက်သွားရအောင် လုပ်ပါ】
ဥက္ကဌချူ၏
မျက်နှာတွင် အေးစက်သောအလွှာတစ်ခု ပေါ်လာသည်ကို တွေ့လိုက်သဖြင့် လူတိုင်း အသက်ရှူကျပ်သွားကြသည်။
နာကျင်မှုကို ခက်ခက်ခဲခဲ ခုခံနေရသည့် ချူချူကတော့ ရှရှောင်ရှောင်ကို လက်ယပ်ခေါ်လိုက်သည်။
"မင်း
ဒီကိုလာ"
ရှရှောင်ရှောင်က
ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ရှေ့သို့ တိုးလာကာ တစ်ဖက်သား၏ လေးနက်အေးစက်သော
အမူအရာကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမက ရှက်ကြောက်စိတ်ဖြင့်
စိုးရိမ်တကြီး ခေါင်းငုံလိုက်သည်။
"ဥက္ကဌချူ၊
ကျွန်မ တကယ်ကို စိတ်မကောင်းပါဘူး။ မဆင်မခြင် ပျာယာခတ်လွန်းတာ ကျွန်မပါ...
ချွတ်ထားတဲ့အဝတ်အစားတွေကို ကျွန်မကို ပေးပါ ပြန်လျှော်ပေးပါ့မယ်"
ဝမ်ချင်းက
စိတ်ပျက်လက်ပျက်ဖြင့် သူမ နဖူးကို ပြန်ကိုင်ထားလိုက်သည်။ အခြားအတွင်းရေးမှူးများကလည်း
ထိုစကားကို ကြားလိုက်သည်နှင့် သူတို့၏မျက်နှာပေါ်ရှိ အမူအရာများက ပို၍ပင် ထိတ်လန့်သွားပုံရကာ
အတွင်းစိတ်ထဲမှ အလုပ်သင်ကလေး အလွန်မိုက်မဲနေပြီဟု တွေးနေကြသည်။
သူဌေးက
လျှော်ပြီးသားအဝတ်ကို ဘယ်လိုဝတ်မှာလဲ???၊ ဥက္ကဌချူရဲ့ဧည့်ခန်းထဲမှာ
အပိုဝတ်စုံတွေ အများကြီး ရှိပြီး အဲ့အဝတ်တွေကို စီစဥ်ဖို့ အထူးဝန်ထမ်းတောင် ရှိတယ်လေ။
ညစ်ပတ်တဲ့အဝတ်တွေကို ဘယ်လို ချန်ထားပါ့မလဲ?
သူတို့
မျှော်လင့်ထားသည့်အတိုင်း အေးစက်သည့် မျက်နှာကြီးနှင့် ဥက္ကဌချူက
အခြားအတွင်းရေးမှူး၏လက်ထဲမှ အပိုအင်္ကျီကို ဆွဲယူလိုက်ပြီး ရှရှောင်ရှောင်ဆီကို လှမ်းပစ်လိုက်သည်။
ဝတ်စုံက
ရုတ်တရတ် သူမကို လာအုပ်မိသောကြောင့် ရှရှောင်ရှောင်က အံ့အားသင့်နေခဲ့သည်။ သူမက ဥက္ကဌချူထံမှ
သေဒဏ်ချမှတ်မှုကို စောင့်မျှော်လျက် ကုတ်အင်္ကျီကို ချီတုံချတုံ ဆုပ်ကိုင်ထားသည်။
ရင်းဒါ
ရင်းနှီးမြုပ်နှံမှုကုမ္ပဏီက မကြာခင်မှာ ထွက်သွားရလိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိဘူး။
ဥက္ကဌချူကတော့
အေးအေးဆေးဆေးလေသံဖြင့် "အဲ့တာကို ဝတ်ထားလိုက်"
စူးစူးဝါးဝါး
အာရုံစူးစိုက်နေပြီး အသက်ပင် မရှူရဲဘဲ စောင့်ဆိုင်းနေခဲ့ကြသူတိုင်းက
ဤရိုးရှင်းသောစာကြောင်းကို မမျှော်လင့်ထားခဲ့ကြပေ?
"???"
သူမ
စိတ်တိုဒေါသထွက်၊ အေးစက်ပြီး ကြမ်းတမ်းသင့်တယ် မဟုတ်လား? ဘာကြောင့် ရုတ်တရက် ပြောင်းလဲသွားတာလဲ?
ရှရှောင်ရှောင်ကလည်း
အလွန်အံ့သြနေပြီး ယဉ်ယဉ်ကျေးကျေး ငြင်းဆန်ရန် သူမလက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"မလိုပါဘူး၊
ရပါတယ် ဥက္ကဌချူရဲ့အဝတ်အစားတွေက အရမ်းဈေးကြီးတယ်၊ ကျွန်မ အလုပ်ပြီးမှ လဲဝတ်လိုက်လို့
အဆင်ပြေပါတယ်.."
ချူချူက
မျက်ခုံးပင့်ကာ အနည်းငယ် မျက်မှောင်ကြုတ်ပြီးလိုက် တိုက်ရိုက်ငြင်းပယ်ခြင်း မပြုဘဲ
ရှရှောင်ရှောင်၏ ဝတ်စုံကို ကြည့်လိုက်ပြီးမှ "အလုပ်ခွင်ကို စဝင်တုန်းမှာ
မင်းက အလုပ် မကျွမ်းကျင်တဲ့အတွက် မင်းရဲ့ အဝတ်အစားကို ပိုပြီး အာရုံစိုက်သင့်တယ်"
ရှရှောင်ရှောင်၏အဝတ်အစားပုံစံက
ရင်းဒါ ရင်းနှီးမြှုပ်နှံမှုတွင် အထူးပေါ်လွင်နေပြီး အခြားသူများနှင့်
လိုက်လျောညီထွေမှု မရှိပေ။ ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ရှရှောင်ရှောင်က
သူမ၏ အတွင်းစိတ်တွင် တစ်စုံတစ်ယောက်က သူမ၏စိုးရိမ်ပူပန်မှုများကို ဖော်ပြနေသကဲ့သို့
ဖြစ်သွားပြီး သူမ၏မျက်နှာက နီရဲသွားသည်။ သူမ၏မျက်လုံးများတွင် ရှက်ရွံ့မှုနှင့်
မကျေနပ်မှုများ ပြည့်နှက်နေပြီး သူမ ထပ်မံ မငြင်းဆန်ဝံ့တော့ပေ။
ချူချူက
မျက်နှာစုတ်ပုဝါကို တိတ်တဆိတ် ဆွဲယူကာ ခြေလှမ်းကျယ်ကြီးများဖြင့် ထွက်ခွာလာခဲ့သည်။
အနီးနားရှိလူများက ချက်ခြင်း ဘေးသို့ နှစ်ဘက်ခွဲကာ ဘော့စ်ကို လမ်းဖယ်ပေးလိုက်ကြပြီး
သူမ မျက်စိနောက်မည်ကို စိုးရိမ်သဖြင့် ချက်ချင်း လူစုခွဲလိုက်ကြသည်။ သူမ အဝေးကို ရောက်သွားမှ
တစ်စုံတစ်ယောက်က သူမကို လှမ်းကြည့်လိုက်ပြီး "ဥက္ကဌချူက အဝတ်တွေ မယူသွားဘူး၊
သူမ ဘယ်သွားတာလဲ..."
ဝမ်ချင်းက
ဥက္ကဌချူ၏ နောက်ကျောကို အမှတ်တမဲ့ စိုက်ကြည့်နေဆဲဖြစ်သည့် ရှရှောင်ရှောင်ကို
ကြည့်လိုက်သည်။ သူမက ကော်ဖီစွန်းသော ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားဆဲဖြစ်ကြောင်း မြင်လိုက်ရသဖြင့်
"ကောင်းပြီ မင်းရဲ့အဝတ်အစားတွေကို အရင်လဲသင့်တယ်။ ပြီးမှ ဒီကိစ္စ ပြေလည်အောင်
စဉ်းစားပါ"
ဥက္ကဌချူကို
ဘာ့ကြောင့် သူမကို အပြစ်မတင်ခဲ့သည်ကို လူတိုင်း မသိနိုင်ကြသော်လည်း ရှရှောင်ရှောင်က
သူမ၏သေးငယ်သောဘဝကို ပြန်လည်ရရှိခဲ့ကြောင်း ထင်ရှားနေခဲ့သည်။ ဝမ်ချင်း၏ စကားကို ကြားလိုက်ရချိန်တွင်
ရှရှောင်ရှောင်က ချက်ချင်းဆိုသလို သတိပြန်ဝင်လာခဲ့သည်။ သူမက ဝတ်စုံကို
ကိုင်ထားပြီး အေးမြသော ရနံ့ကို သတိပြုမိချိန်တွင် အတွေးထဲသို့ အနည်းငယ် နှစ်ဝင်သွားပြန်သည်။
သူမလက်ထဲက
၀တ်စုံကို အထူးထုတ်ကုန်တွေနဲ့ ပြုလုပ်ထားတာကြောင့် ထိတွေ့ရတာ အထူးနှစ်သက်စရာကောင်းတယ်။
ဝန်ထမ်းတွေက ဗီရိုထဲကို ဥက္ကဌချူ နှစ်သက်တဲ့ ရေမွှေး ဖြန်းပေးထားပုံရပြီး အင်္ကျီက
မွှေးရနံ့တွေတောင် ရနေသေးတယ်။
ဤစိတ်ကြိုက်ဝတ်စုံနှင့်
cranberry
ကွတ်ကီးသေတ္တာက ဥက္ကဌချူကို ပို၍ပင် ဆန်းကြယ်စေပြီး ထူးခြားစေသည်ဟု
ရှရှောင်ရှောင် ခံစားနေရသည်။ သူမက အေးစက်နေသော မျက်နှာဖြင့် ချဉ်းကပ်ရန် ခက်ခဲပုံရသော်လည်း
လက်တွေ့တွင် သူမက အလွန်နူးညံ့သိမ်မွေ့ပြီး နွေးထွေးသော လူတစ်ယောက်ဖြစ်သည်။
【သင်ရဲ့
ဗီလိန်ရောင်ဝါက ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ၊ ကျေးဇူးပြုပြီး
ထိပ်တိုက်ရင်ဆိုင်ခြင်း တာဝန်ကို အမြန်ဆုံးပြီးအောင်လုပ်ပါ】
【ထိပ်တိုက်ရင်ဆိုင်ခြင်း
တာဝန်- ရှရှောင်ရှောင်ကို မျက်နှာပျက်စေပြီး ကုမ္ပဏီကနေ အရှက်တကွဲ ထွက်သွားရအောင် လုပ်ပါ】
"ပါးစပ်ပိတ်ထား"
ချူချူက
မျက်နှာသုတ်ပုဝါကို တင်းတင်းကြပ်ကြပ် ခြုံထားရင်း ပြင်းထန်သော နာကျင်မှုကို
သည်းခံကာ အဆောက်အဦး၏ခေါင်မိုးဆီသို့ ခက်ခက်ခဲခဲ လျှောက်လှမ်းနေခဲ့သည်။ သူမ၏
မျက်နှာက ပြာနှမ်းနေပြီး လွန်ခဲ့သည့်အခိုက်အတန့်က သူမ ပြုံးနေသောမျက်နှာကို
မပြနိုင်ရသည့်အကြောင်းရင်းမှာ ရိုးရိုးလွန်းလှသည်။ သူမ သေမတက် နာကျင်နေသောကြောင့်ပင်။
ခေါင်မိုးပေါ်သို့
ဦးတည်သွားသော တံခါးငယ်က အကြောင်းတစ်ခုခုကြောင့် သော့မခတ်ထားသဖြင့် ချူချူ့အတွက်
အပြင်ထွက်၍ အသက်ရှူရန် အခွင့်အရေး ရလာခဲ့သည်။ လူသူကင်းမဲ့နေသော ခေါင်မိုးပေါ်တွင်
လက်ရန်း မရှိပေ။ ချူချူ အစွန်းတွင် ရပ်နေပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ မူးဝေသွားသလို
ခံစားလိုက်ရသည်။ သူမက သူမ၏ ခေါင်းကို မော့ကာ ကောင်းကင်ကို မော့ကြည့်ရင်း တစ်ခွန်းချင်း
အော်ပြောလိုက်သည်။
"ငါ တစ်သက်လုံး ခြိမ်းခြောက်ခံနေရမှာကို
မုန်းတယ်"
သူမ
သေသွားရင်တောင် သူမယုံကြည်တဲ့ အမှန်တရားက လွယ်လွယ်နဲ့ ပြောင်းလဲမှာ မဟုတ်ဘူး။
"မင်းက
ဘာပဲဖြစ်နေ ဖြစ်နေ ငါ့ဘဝကို ထိန်းချုပ်ဖို့ မစဉ်းစားနဲ့"
သူမ စကားဆုံးသွားသည်နှင့် ချူချူက အဆောက်အဦးပေါ်မှ မဆိုင်းမတွ ခုန်ဆင်းလိုက်သည်။
✍️✍️✍️