ရယ်စရာကောင်းတာက ပြဿနာများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးနောက်
ဇာတ်လိုက်နှစ်ဦးသည် အဆင်ပြေသာယာသွားခဲ့သော်လည်း နျဥ်နဲ့ ချီ မိသားစုများမှာ ဒဏ်ရာရစုတ်ပြတ်ကာ
အဆုံးသတ်သွားရသည်မှာ အံ့သြစရာပါပင်။
အဆုံး၌ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော လူမိုက်ဟောက်ရှောက်ဖုန်းသည်
သူ့ကို အပြီးတိုင် ချေမှုန်းပစ်ခဲ့သည်။ ဒါက ကြင်နာမှုကို ကျေးဇူးမသိ တတ်ခြင်းဖြင့်
ပြန်ပေးဆပ်သည့် အကောင်းဆုံး ဥပမာတစ်ခုပင် ဖြစ်သည်။
စုယန်ယန်သည် နောက်ဆုံးအချိန်အထိ သစ္စာရှိခွေးလေးဖြစ်ခဲ့သည်
နျဥ်ချီလွေ့ကို လုံးဝ အထင်ကြီးခြင်း မရှိပေ။ သူက ဝံပုလွေကို သူ့အိမ်ထဲ ဖိတ်ခေါ်ခဲ့ပြီး
သူ့မိသားစုအတွက် ပြင်ဆင်၍မရသော ပျက်စီးမှုများကို ဆောင်ယူလာခဲ့သည်။
ဝမ်ကျင့်ဖျင်ထံမှ ဇာတ်လိုက်အရှိန်အဝါကို သိမ်းပိုက်ပြီး သူမရဲ့
ကံကြမ္မာကို ပြောင်းလဲရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် ယခင်ဘဝကကဲ့သို့ နျဥ်နဲ့ ချီ
မိသားစုများကို ဝမ်ကျင့်ဖျင်၏ အစောင့်အရှောက်များ ဖြစ်လာစေရန် ခွင့်မပြုနိုင်ခဲ့ပါ။
သူတို့နှစ်ဦးကြား တွေ့ဆုံမှုကို ရှောင်လွှဲ၍ မရနိုင်သောကြောင့်
သူမသည် နျဥ်ချီလွေ့၏ ရောဂါဖြင့်သာ ချဥ်းကပ်ဖို့ စတင်နိုင်လိမ့်မည်။
သို့ရာတွင် မူရင်းလက်ရာတွင် နျဥ်ချီလွေ့၏ ရောဂါအကြောင်းကို
ရေးသားဖော်ပြထားခြင် မရှိပါ။ နျဥ်နဲ့ ချီ မိသားစုများကလည်း အဲ့ဒီရောဂါအကြောင်းကို လျှို့ဝှက်ထားခဲ့သည်။
သူမသည် သူက ရုတ်တရတ် ဖျားနာသွားပြီး လအနည်းငယ်အတွင်းမှာပင် သေခါနီးအခြေအနေသို့ လျင်မြန်စွာ
ရောက်ရှိသွားခဲ့တယ်ဆိုတာကိုသာ သိရှိထားခဲ့သည်။
သို့ရာတွင် စုယန်ယန်သည် မရှိမဖြစ်လိုအပ်သည့် အထောက်အပံ့စွမ်းရည်ကို
ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သူမ တစ်ချက်ကြည့်တာနဲ့ နျဥ်ချီလွေ့ရဲ့ ကျောက်ကပ်မှာ အန္တရာယ်များသော
အရိပ်အယောင်များကို မြင်လိုက်ရသည်။
ရှားကျွင်းရှန့်သည် အရူးတစ်ယောက် မဟုတ်ပေ။ နျဥ်ချီလွေ့၏ စကားများတွင်
လှောင်ပြောင်သရော်လိုသည့် အရိပ်အယောင်ဟာ အလွန်ထင်ရှားနေသဖြင့် သူတို့ကြားတွင် ပုဂ္ဂိုလ်ရေးရန်စ
ရှိနေလိမ့်မယ်ဟု သူ ချက်ချင်း ကောက်ချက်ချမိသည်။
သူက လေထုကို သက်တောင့်သက်သာဖြစ်စေရန် တစ်ခုခု ပြောချင်သော်လည်း
စုယန်ယန်က သူ့ကို ရိုက်ချလိုက်သည်။ သူမက တိုးတိုးလေး ပြောလိုက်သည်။ “နင် အခုတစ်လော
ပင်ပန်းနွမ်းနယ်နေသလို ခံစားရပြီးတော့ နင့်ခါးတစ်ဝိုက်ကလည်း တစ်ခါတစ်ရံ နာကျင်မှုကို
ခံစားရတယ်မလား။ ရံဖန်ရံခါဆိုရင် နင် ဆီးအရမ်းသွားချင်ရင်တောင် ပမာဏနည်းနည်းလောက်ပဲ
သွားနိုင်တယ်မလား။”
နျဥ်ချီလွေ့၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ “နင်...”
“ဟုတ်လား မဟုတ်ဘူးလားပဲပြော။”
နျဥ်ချီလွေ့သည် ဒေါသတကြီးနဲ့ “နင့်ကိစ္စ မဟုတ်ဘူး” ဟူသော
စကားများကို ခက်ခက်ခဲခဲ ထုတ်ပြောလိုက်ရသည်။
နျဥ်ချီလွေ့၏ တုံ့ပြန်မှုကို စုယန်ယန်၏ ထင်မြင်ယူဆချက်ကို
မှန်ကန်ကြောင်း ထောက်ပြနေခဲ့သည်။ သူမသည် သက်ပြင်းမောကြီးကို ချလိုက်ပြီး သူ့ပုခုံးကို
စာနာသနားမှုအပြည့်ဖြင့် ပုတ်လိုက်ကာ အသံတီးတိုးဖြင့် ပြောလိုက်သည်။ “လူငယ်လေး အရမ်းအတွေးများပြီး
စိတ်တိုမနေနဲ့။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကျောက်ကပ်မှာ ပြဿနာဖြစ်နေရင် အနာဂတ်မှာ မင်း ဘယ်လိုဖြစ်လာမလဲ။”
နျဥ်ချီလွေ့၏ အေးဂျင့်နှင့် ရှားကျွင်းရှန့်တို့သည် ပြောစရာစကား
ပျောက်ရှသွားသည်။ သူတို့က လျှို့ဝှက်အကြီးကြီးတစ်ခုခုကို ကြားလိုက်ရပုံပင်။ နျဥ်ချီလွေ့ရဲ့
ကျောက်ကပ်က မကောင်းဘူးဆိုရင် အဲ့ဒီအဓိပ္ပါယ်က...
နျဥ်ချီလွေ့သည် စုယန်ယန်၏ ဆိုလိုရင်း အဓိပ္ပါယ်ကို နားမလည်မီ
စက္ကန့်အနည်းငယ်မျှ အေးခဲသွားသည်။ သူသည် အမြီးတက်နင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့
ချက်ချင်းပင် အမွှေးများထောင်ထကာ ရန်လိုလာခဲ့သည်။
သူက စုယန်ယန်၏လက်ကို တွန်းဖယ်လိုက်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
“နင် ဘာလို့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို ပြောနေရတာလဲ။”
“နင် ငါ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာ ဟုတ် မဟုတ် ဆေးရုံမှာ
စစ်ကြည့်လို့ရတယ်ဆိုတာကို နင် မသိဘူးလား။” စုယန်ယန်သည် သူမရှေ့မှလူကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးရင်း
သိမ်မွေ့ကာ ထေ့ငေါ့လိုသောအရိပ်များ ပါဝင်နေသည့်အသံဖြင့် စကားဆိုသည်။
“နင့်ရောဂါကို အမြန်ဆုံးမကုသရင် နောက်ဆက်တွဲ ပြဿနာတွေ အများကြီးကြုံရမယ်ဆိုတာကို
ငါ သေချာပေါက် ပြောနိုင်တယ်။ ပထမတစ်ချက်အနေနဲ့ နင့်ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေက
မူမမှန်တော့ဘူး။ ဆီးလမ်းကြောင်းမှာ သွေးခဲတွေ ဖြစ်ပေါ်စေနိုင်ပြီး သွေးဆီးသွားခြင်းအဖြစ်သို့
ပြောင်းလဲသွားနိုင်တယ်။ စောစီးစွာ တွေ့ရှိပြီးတော့ စောစီးစွာ ကုသမှု ခံယူလိုက်ရင် နင့်မှာ
မျှော်လင့်ချက် ရှိနိုင်ပါသေးတယ်။ ဒါက နင့်ကိုယ်ပိုင်ဘဝမို့ နင့်ဆုံးဖြတ်ချက်ကသာ အရေးအကြီးဆုံးပဲ။
မင်းကိုမင်း ဂရုမစိုက်ရင် ဘယ်သူမှ မင်းကိုကယ်တင်နိုင်မှာ မဟုတ်ဘူး။”
စုယန်ယန်သည် ထိုစကားများကို ပြောပြီးတာနဲ့ နျဥ်ချီလွေ့ကို
ချန်ရစ်ကာ အဝေးသို့ လျှောက်သွားခဲ့သည်။ နျဥ်ချီလွေ့သည် စကားမပြောနိုင်အောင် ကြက်သေ
သေသွားခဲ့ပြီး နေရာ၌ပင် အေးခဲနေခဲ့သည်။ ရှားကျွင်းရှန့်သည် စက္ကန့်အနည်းငယ်ကြာမှ အသိပြန်ဝင်လာပြီး
နျဥ်ချီလွေ့ကို ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်မိသော်လည်း နောက်ဆုံးတွင်
ဘာစကားကိုမှမပြောပဲ စုယန်ယန်နောက်သို့ လိုက်ပါသွားခဲ့သည်။
“ချီလွေ့...” အေးဂျင့်က သူတို့နှစ်ယောက် ထွက်သွားတာကို လိုက်ကြည့်ပြီးတာနဲ့
သူက နျဥ်ချီလွေ့ထံသို့ အလျင်အမြန်သွားကာ စိုးရိမ်တကြီး ကြည့်ရှုလိုက်သည်။ သူက စကားတစ်ခွန်းခွန်း
ပြောချင်မိသော်လည်း နျဥ်ချီလွေ့၏ ယောကျာ်းမာနကို ထိခိုက်သွားစေမှာကိုလည်း စိုးရိမ်မိသည်။
သူက အချိန်အတော်ကြာ စဥ်းစားပြီးမှ ပြောလိုက်မိသည်။ “မိန်းကလေးစုပြောခဲ့တဲ့
စကားတွေက...”
“အဲ့တာ အလိမ်အညာပဲ။ အဲ့တာ အလိမ်အညာတစ်ခုပဲ ဖြစ်လိမ့်မယ်။”
အေးဂျင့်ရဲ့စကား မဆုံးခင်မှာပင် နျဥ်ချီလွေ့က စူးစူးရှရှ ထုတ်ဖော်ပြောသည်။ “သူမက ငါ့ကို
လိမ်နေတာပဲ ဖြစ်ရမယ်။ သူမက တစ်စုံတစ်ယောက်ရဲ့ ချစ်သူကို ခိုးယူဖို့ကြိုးစားတဲ့ နိမ့်ကျတဲ့လုပ်ရပ်တွေနဲ့
အပြစ်တင်ထိုက်တဲ့သူပဲ။ လိမ်ညာတယ်ဆိုတာက သူမရဲ့ ဒုတိယအကျင့်စရိုက်ပဲ၊ မင်း သူမ ပြောတဲ့စကားလုံးတိုင်းကို
ယုံကြည်ဖို့ မလိုအပ်ဘူး။ သူမက အဲ့ဒီစကားတွေကို ပြောတာက ငါ့ကို ကြောက်လန့်စေချင်လို့ပဲ။
ဟုတ်တယ်၊ သူမက ငါ့ကို ခြောက်လှန့်ဖို့ ဒီစကားတွေကို ပြောလိုက်တာပဲ။”
အေးဂျင့်သည် နျဥ်ချီလွေ့ကို စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့်
စိုက်ကြည့်နေသည်။ သူ့အတွေးထဲတွင် ‘မင်းအသံက တုန်ယင်နေတယ်။ ဒါပေမယ့် မင်းကိုကြည့်ရတာ
အဆင်ပြေနေပုံ မပေါ်ဘူးလေ။”