အပိုင်း ၃၂၃
Viewers 1k

 

အခန်း (၃၂၃)

 

- ခွေးသားဟော့ပေါ့

 

စုယန်ယန်သည် စက္ကန့်အနည်းငယ်လောက် ကြက်သေ သေသွားရသည်။ သူမပါးစပ်ကိုဖွင့်ပြီး တစ်ခုခုပြောဖို့လုပ်ပေမယ့် လင်းရှောင်ချီးက ဖုန်းချသွားသည်။

 

သူမ ဖုန်းချသွားတာလား။ သူမ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ စုယန်ယန် ခေါင်းရှုပ်သွားသည်။

 

‌ဟောက်ချန်ဟွမ်းတစ်ယောက် လှေကားမှ ဆင်းလာသောအခါ သူ့ဇနီးသည်က အောက်ထပ်တွင် နားမလည်နိုင်တဲ့အသွင်ဖြင့် မှင်သက်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

 

“ဘာဖြစ်လို့လဲ။”

 

စုယန်ယန်သည် အိမ်မက်ကနေ အခုမှ နိုးထလာသလို ခါးသီးတဲ့မျက်နှာနဲ့ ပြောပြခဲ့သည်။ “ရှောင်ချီးက အခုလေးတင် ကျွန်မကိုဖုန်းဆက်ပြီး ကောင်စုတ်လေးကို ပြန်လာယူခိုင်းတယ်။ တကယ်လို့ ကျွန်မလာတာ နောက်ကျမယ်ဆိုရင် ကောင်စုတ်လေး အသက်ရှင်နေတာကို မမြင်နိုင်တော့ဘူးလို့ပြောတယ်။”

 

“သူမကို ဒီလောက်ဒေါသထွက်အောင် သွမ်းသွမ်းက ဘာလုပ်လိုက်တာလဲ။”

 

“ကျွန်မက ဘယ်လိုလုပ်ပြီး သိမှာလဲ။ သူမက အဲ့တစ်ကြောင်းတည်းပြောပြီး ဖုန်းချသွားတာလေ။” စုယန်ယန်က ခဏလောက် စဥ်းစားကြည့်သည်။ “သွမ်းသွမ်းက အရမ်းဆိုးသွမ်းပြီး သူ့အိမ်တစ်ခုလုံးကို ဗြောင်းဆန်အောင် ကစားလိုက်တာ ဖြစ်နိုင်ပါ့မလား။”

 

“ဟွားဟွားနဲ့ ဆက်စပ်နေလိမ့်မယ်လို့များ... ရှင် ထင်လားဟင်။”

 

စုယန်ယန်သည် စာကြောင်းအလယ်တွင် ရပ်လိုက်ပြီး ဟောက်ချန်ဟွမ်းကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်လာခဲ့သည်။

 

စက္ကန့်အနည်းငယ်ကြာတော့ စုယန်ယန်သည် အသက်ပြင်းပြင်းရှုလိုက်ပြီး “ဦးလေးကျန်း၊ ကား အဆင်သင့်ပြင်ပေးပါဦး။” ဟု အော်လိုက်သည်။

 

ကျိုးယန်ပိုင်သည် ဟောက်ချန်ဟွမ်းကို ပြုစုစောင့်ရှောက်ပေးရန် အိမ်ဟောင်းတွင် နေထိုင်နေတဲ့သူ ဖြစ်သည်။ သို့သော် ဟောက်ချန်ဟွမ်းသည် သူ့ကို အလုပ်အချို့လုပ်ရန် ညွှန်ကြားထားသောကြောင့် ယုကျစ်ယန်က အစားထိုးရောက်နေခဲ့သည်။

 

လမ်းတစ်လျှောက်တွင် စုယန်ယန်သည် ယုကျစ်ယန်ကို စိတ်မရှည်သလို အကြိမ်ပေါင်းများစွာ တိုက်တွန်းခဲ့သည်။

 

ယုကျစ်ယန်သည် စိတ်အနှောင့်အယှက်မဖြစ်ဘဲ အနည်းငယ် ရယ်ချင်သလိုသာ ခံစားမိပါသည်။

 

“သခင်မလေး၊ အရမ်းစိတ်မပူပါနဲ့။ လင်းမိန်းကလေးက သခင်မလေးရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ။ သူမ အရမ်းဒေါသထွက်နေပေမယ့် သခင်မလေးကို ဘာမှလုပ်မှာ မဟုတ်ပါဘူး။”

 

“နင် နားမလည်ပါဘူးဟယ်။” စုယန်ယန်က သက်ပြင်းချသည်၊ “ရှောင်ချီးရဲ့ နူးညံ့သိမ်မွေ့တဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် လှည့်စားမခံနဲ့။ သူမသာ တကယ်ဒေါသထွက်ရင် ဘယ်သူမှ တားလို့ မရဘူး။”

 

စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး “ငါတို့နောက်ကျသွားမှာကို ငါတကယ်စိုးရိမ်တယ်။ သူမ အရမ်းဒေါသထွက်ပြီး ငါတို့ကလေးလေးကို ခွေးသားဟော့ပေါ့ ချက်လိုက်တာ ဖြစ်နိုင်တယ်။” ဟု ဝမ်းနည်းပူဆွေးစွာ ပြောလိုက်သည်။

 

“ခွေးသား... ဟော့ပေါ့လား။” ဟောက်ချန်ဟွမ်းသည် စုယန်ယန် ချက်ပြုတ်ပေးတဲ့ ဟော့ပေါ့ကို သူ့အလိုလို တွေးမိသွားပြီး “အဲ့တာ အရသာရှိလား။” ဟု တိုးတိုးလေး မေးလိုက်သည်။

 

စုယန်ယန်တစ်ယောက် ပြောစရာစကားပျောက်ရှသွားသည်။ “ဒါလင်၊ အိမ်မက်က နိုးထစမ်းပါဦး။ ဒါက ကျွန်မတို့ ကလေးလေးလေ။”

 

ယုကျစ်ယန်၊ “...” သူသည်လည်း ဤမေးခွန်းကို အလွန်သိချင်နေသော်လည်း သခင်လေးရှေ့မှာ သခင်မလေးကို ဤမေးခွန်းကို မေးလိုက်မိပါက၊ သူ အဝတ်လျှောက်ဘုတ်ပြားပေါ်တွင် ဒူး‌ထောက်နေရပေလိမ့်မည်။

 

သူတို့အုပ်စုသည် လင်းရှောင်ချီးရဲ့အိမ်ကို အပြေးအလွှား သွားခဲ့ကြသည်။ သူတို့ အိမ်ထဲသို့ မရောက်ခင်မှာပင် လင်းရှောင်ချီးရဲ့ ဒေါသတကြီးအော်သံကို ကြားလိုက်ရသည်၊ “ရပ်စမ်း၊ ရပ်၊ ရပ်လိုက်။ ငါ့အနားကို ကပ်မလာနဲ့။ တကယ်လို့ နင် ငါ့အနားကို ထပ်ကပ်လာဝံ့ရင် ငါ နင့်ကိုသတ်မယ်။ ‘ခရက်’ ဆိုတာ ဘာလဲ နင်သိလား။ အဲ့ဒီအဓိပ္ပာယ်က...”

 

ထိုစကားကို စုယန်ယန် ကြားလိုက်သောအခါ သူမပါးစပ်ထောင့်များ တုန်လှုပ်သွားသည်။ သူမသည် ဆက်နားမထောင်ဝံ့တော့ဘဲ အိမ်ထဲသို့ အပြေးဝင်လာခဲ့သည်။

 

“ကောင်းပြီ၊ ကောင်းပြီ၊ ငါတို့ ဒီကိုရောက်ပြီ။ တကယ်လို့ တစ်ခုခု ပြောစရာရှိတယ်ဆိုရင်၊ ငါတို့မျက်နှာချင်းဆိုင်ဖြေရှင်းကြရအောင်။ ကလေးကို မခြောက်ပါနဲ့။”

 

“နင်တို့တွေ ရောက်လာကြပြီလား။” လင်းရှောင်ချီးသည် စုယန်ယန်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားသည်။ ဖြစ်ပျက်နေတာကို သူမ သတိပြုမိလိုက်တဲ့အခါ ဟွားဟွားကို သူတို့ဆီကနေ အမြန်ဆွဲထုတ်လိုက်သည်။

 

“နင်တို့တွေ ရောက်တာ အတော်ပဲ။ ဒီကောင်စုတ်လေးကို ဖယ်လိုက်၊ သူ့ကို ပြန်ခေါ်သွား။”

 

စုယန်ယန်သည် ခွေးလေးကို ငုံ့ကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူမသည် သွမ်းသွမ်းကို မြေပြင်ပေါ်မှ ကောက်ယူလိုက်သည်။

 

သူ့သခင်မ ရောက်လာတာကို သွမ်းသွမ်းကမြင်တော့ ဒေါသထွက်နေတဲ့ အမူအရာနဲ့ ဟောင်လိုက်သည်။ သူက စုယန်ယန်ရဲ့ ရင်ခွင်ထဲမှာ တွယ်ကပ်နေပြီး လင်းရှောင်ချီးရဲ့ ရင်ခွင်ထဲက ဟွားဟွားကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေခဲ့သည်။

 

စုယန်ယန်၏ ပါးစပ်ထောင့် အနည်းငယ် လှုပ်ယမ်းသွားကာ ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်မိသည်၊ “ဘာဖြစ်တာလဲ။ ဒီကောင်လေး...”

 

စုယန်ယန်တစ်ယောက် ဘာမှ မမေးလိုက်တာ ပိုကောင်းလိမ့်မယ်။ လင်းရှောင်ချီးသည် နေရာ၌ပင် ပေါက်ကွဲလုမတတ် ဒေါသထွက်သွားသည်။

 

“အဲဒီကောင်စုတ်လေး... အဲဒါ...”

 

လင်း‌ရှောင်ချီးသည် အချိန်အတော်ကြာ ဘာမှ မပြောနိုင်ဘဲ တိတ်ဆိတ်နေခဲ့သည်။ စုယန်ယန်က မျက်မှောင်ကြုတ်ပြီး “ဒီကောင်လေးက ဟွားဟွားနဲ့ သဘာဝဖြစ်စဥ် ပြုလုပ်ပြီးသွားပြီလား။” ဟု မေးလိုက်သည်။