အခန်း (၃၄၅) – အရေအတွက်ကို အဓိကမထားဘူး။
ဟောက်ချန်ဟွမ်းသည် သူ့ဇနီးသည်၏
နီမြန်းနေသော မျက်နှာလေးကို ကြည့်ပြီး အနည်းငယ်နောင်တရသော်လည်း သူမကို ဆက်မနောက်နိုင်တော့ပေ။
မဟုတ်ရင် သူမကို လွန်လွန်ကဲကဲ
ကျီစားမိလို့ ပေါက်ကွဲသွားခဲ့ရင် ကံဆိုးသူက သူကိုယ်တိုင်ပဲ ဖြစ်ရလိမ့်မည်။
“မင်း စောစောတုန်းက ပြောခဲ့တဲ့
ပယ်ရီနီယမ်အပ်စိုက်မှတ်နေရာဆိုတာ မင်း ကိုယ့်ကို ကုသပေးတဲ့အခါကျရင် အဲ့ဒီအပ်စိုက်မှတ်ကို
အပ်စိုက်ဖို့ရော လိုအပ်မှာလား။”
စုယန်ယန်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး
သူမ ဒေါသထွက်နေဟန်ဖြင့် “အဲ့လိုဆိုရင်ရော ဘာလုပ်မလို့လဲ။ ရှင် အခု ကြောက်နေပြီလား။”
ဟု တဟုန်ထိုး မေးမြန်းလိုက်သည်။
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက
တောက်ပသွားပြီး “အဲ့တာကို အခုည လုပ်မယ်ဆိုရင်ရော ဘယ်လိုလဲ။”
စုယန်ယန်တစ်ယောက် ပြောစရာစကားပျောက်ရှသွားသည်။
ဘာဖြစ်နေတာလဲ။ ဒီလူ အရင်က အပ်ကြောက်တယ် မဟုတ်ဘူးလား။ သူ ဘာဖြစ်လို့ ရုတ်တရတ်ကြီး ပြောင်းလဲသွားတာလဲ။
စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့
တစ်ဆင့်ပြီးတစ်တင့် ဖိအားပေးမှုကို ဘယ်လိုရင်ဆိုင်ရမလဲလို့ မသိတဲ့အခါ တစ်စုံတစ်ယောက်ရဲ့
ဖုန်းက ရုတ်တရတ် မြည်လာတာကြောင့် စုယန်ယန်သည် ဤရှက်စရာကောင်းသော အခြေအနေ ကယ်တင်ခံခဲ့ရသည်။
စုယန်ယန်၏ မျက်လုံးတွေက တောက်ပလာပြီး
“ရှင် လုပ်စရာရှိတာတွေ ဆက်လုပ်တော့။ ကျွန်မ ပရော်ဖက်ဆာယဲ့နဲ့ ဖုန်းပြောလိုက်ဦးမယ်။”
ဟု ပျော်ရွှင်စွာ ပြောလိုက်သည်။
ထို့နောက် သူမသည် ဟောက်ချန်ဟွမ်း၏
တုံ့ပြန်မှုကို မစောင့်တော့ဘဲ ထွက်ပြေးသွားခဲ့သည်။
ဟောက်ချန်ဟွမ်းသည် သူမ၏ နောက်ကျောကို
လှမ်းကြည့်ကာ သူ့မျက်လုံးထဲတွင် အပြုံးတစ်ခု လင်းလက်သွားသည်။ သို့သော်၊ ဖုန်းခေါ်ဆိုသူ
အိုင်ဒီနာမည်ကို ဖုန်းမျက်နှာပြင်ပေါ်တွင် မြင်ပြီးနောက် ထိုအပြုံးသည် တဖြည်းဖြည်း
မှိန်ဖျော့သွားပြီး ဥပေက္ခာဖြင့် အစားထိုးလာသည်။
စုယန်ယန်သည် ဟောက်ချန်ဟွမ်း
မမြင်နိုင်သော အကွာအဝေးသို့ ထွက်ခွာလာခဲ့ပြီး သူမ သက်ပြင်းချလိုက်မိသည်။ အိမ်ထောင်မပြုမီနှင့်
အိမ်ထောင်ပြုပြီးနောက်တွင် အမျိုးသားတစ်ဦး၏ အမူအကျင့်များ လွန်စွာပြောင်းလဲသွားသည့်အတွက်
သူမ တိတ်တဆိတ် ညည်းတွားခဲ့သည်။ သူမ ဒါကို သည်းမခံနိုင်တော့ဘူး။
နောက်ဆုံး စိတ်ငြိမ်သက်သွားပြီးနောက်
စုယန်ယန်သည် ယဲ့ချီလျန့်ကို ချက်ချင်း ဆက်သွယ်ခဲ့သည်။
ယဲ့ချီလျန့်က သူမဖုန်းဆက်တာကို
လက်ခံပြီးတာနဲ့ သူက စိတ်လှုပ်ရှားစွာ “စုမိန်းကလေး...” ဟု ခေါ်လိုက်သည်။
“ပရော်ဖက်ဆာယဲ့၊ ကျွန်မကို ယန်ယန်လို့ပဲခေါ်ပါ။”
“အိုကေ၊ ယန်ယန်။” ယဲ့ချီလျန့်သည်
မျှော်လင့်ချက်အပြည့်ရှိသော်လည်း စုယန်ယန်က ငြင်းပယ်မှာကို စိုးရိမ်မိသည်။ သူက မမေးခင်
ခဏလောက် စဥ်းစားပြီး “မင်း ငါ့ကို ရုတ်တရတ် ဖုန်းခေါ်တာက...”
“အဲဒါကို ကျွန်မစဥ်းစားကြည့်ပြီးပြီ၊
ပရော်ဖက်ဆာယဲ့ အရင်ကပြောခဲ့တာတွေက တကယ်ဖြစ်နိုင်မယ်လို့ထင်တယ်။”
“ဒါဆို...”
“ကျွန်မ သဘောတူပါတယ်။”
“ကောင်းလိုက်တာ၊ အရမ်းကောင်းတယ်...”
စုယန်ယန်သည် အဘိုးအို၏ အသံတွင်
ဖုံးကွယ်မထားနိုင်သော ပျော်ရွှင်မှုကို ကြားလိုက်ရတော့ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
“ဒါပေမယ့် ကျွန်မမှာ တောင်းဆိုချက်တချို့တော့ရှိတယ်။”
“တောင်းဆိုချက်တွေလား။” ယဲ့ချီလျန့်သည်
ခဏလောက် အံ့အားသင့်သွားပြီး “မင်းပြောတာတွေက ငါတို့ရဲ့ တတ်နိုင်စွမ်းထဲမှာ ရှိနေသရွေ့
မင်းအတွက် အစွမ်းကုန် လုပ်ပေးသွားမှာပါ။” ဟု အလျင်စလို ပြောလိုက်သည်။
“ပထမဆုံးအနေနဲ့ ကျွန်မရဲ့ အားလပ်ချိန်က
အကန့်အသတ်ရှိတယ်။ ကျွန်မ တစ်ပတ်မှာ မနက်ခင်းအချိန် နှစ်ချိန် ဒါမှမဟုတ် နေ့လည်ခင်းအချိန်
နှစ်ချိန်ပဲ သင်ပေးနိုင်လိမ့်မယ်၊ အချိန်အများစုက ပိတ်ရက်တွေမှာ ဖြစ်လိမ့်မယ်။”
“ကိစ္စမရှိပါဘူး။” ယဲ့ချီလျန့်က
အဆင်သင့်ပဲ သဘောတူလိုက်သည်။ “ငါတို့ကျောင်းမှာ ပိတ်ရက်အတန်းတွေလည်း ရှိတယ်။ မင်းလာချင်သရွေ့
မင်းရဲ့ အားလပ်ချိန်အတိုင်း ငါတို့ စီစဥ်ပေးပါ့မယ်။ မင်းအတွက် ခက်ခဲစေမယ့်အရာတွေကို
ငါတို့လုပ်မှာ မဟုတ်ပါဘူး။”
ယဲ့ချီလျန့်ရဲ့ အမြင်အရ စုယန်ယန်က
သူတို့ကို သင်ပေးဖို့ ပိတ်ရက်အချိန်တွေကို ပေးတာကပင် သူတို့အတွက် ကြီးမားသော အကျိုးကျေးဇူးကို
ရရှိစေမည်ဖြစ်သဖြင့် မည်သူက ကန့်ကွက်ဝံ့ပါ့မည်နည်း။
“ဒါဆိုရင် ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတဲ့
ပြဿနာရှိတယ်။ ပရော်ဖက်ဆာယဲ့ရဲ့ ကျောင်းက အကျင့်စာရိတ္တကောင်းမန်ပြီး တရုတ်ဆေးပညာကို
တကယ်စိတ်ဝင်စားတဲ့ ကျောင်းသားတချို့ကို ရွေးချယ်ရာမှာ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ရလဒ်တွေက အရေးအကြီးဆုံး မဟုတ်ဘူး။ အဲဒါနဲ့ ယှဥ်ရင် အကျင့်စရိုက်ကို ကျွန်မ ပိုတန်ဖိုးထားတယ်။
ဒီဘာသာရပ်ကို လေ့လာချင်တဲ့ ကျောင်းသားတွေကို သူတို့ရဲ့ စူးစမ်းချင်စိတ်နဲ့ ဒီနယ်ပယ်ရဲ့
ထူးခြားမှုတွေကြောင့် လာတာမျိုး မဖြစ်စေချင်ဘူး။ ဒီလိုဆိုရင် သူတို့ ဘာမှ သင်ယူနိုင်လိမ့်မယ်လို့
ကျွန်မ မထင်ဘူး။”
ယဲ့ချီလျန့်၏ အတွေးများသည်လည်း
စုယန်ယန်နှင့် အတူတူပင်။ ဒီဘာသာရပ်သည် မူလက လူကြိုက်နည်းပြီး ရှားပါးသည်။ ကျောင်းသားတွေကိုယ်တိုင်က
အဲဒါကို စိတ်မဝင်စားဘဲ အသက်မွေးဝမ်းကြောင်းပြုဖို့ ဒီကို လာရောက်လေ့လာခဲ့ရင်၊ ယဲ့ချီလျန့်သည်
ဒါက အလဟသဖြစ်တယ်လို့ ခံစားရသည်။
“အဲဒါကို မင်းစိတ်ပူနေစရာ မလိုဘူး။
ငါတို့ကျောင်းက ဒီဘာသာရပ်ကို အမှန်တကယ် စိတ်ပါဝင်စားပြီး ဒီပညာကို သင်ယူလိုစိတ်ရှိတဲ့
ကျောင်းသားတွေကိုပဲ ရွေးချယ်သွားမှာပါ။ အရေအတွက်ကို အဓိက မထားဘဲ အရည်အသွေးကို အဓိက
ထားပါ့မယ်။”