Ch-32
Viewers 5k

Ch-32 Unicode 


လော့ဟယ်ကျေးရွာ၌ ကိရိယာတစ်ခုမှာ ရေပန်းစားလာချေပြီ။ အဝတ်လျှော်ဘုတ်ပြားပေါ်တွင် အဖုအထစ်အနည်းငယ် ထွင်းလိုက်ပါက ပြောင်းဖူးစေ့များခြွေရာတွင် သုံးနိုင်ပေသည်။ 


ဒါ သုံးလို့အရမ်းအဆင်ပြေတယ်.. ဘာပဲဖြစ်ဖြစ် ဘယ်သူ့အိမ်မှာ အပိုသစ်သားပိုင်းတွေမရှိလို့လဲနော်.. 


ချန်ချင့်အိမ်သို့ အဒေါ်လျို လာလည်သည့်အခါ သူမက ၄င်းအား ပထမဆုံး တွေ့ရှိသွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူမ ရွာတစ်ဝိုက် လျှောက်သွားခဲ့ပြီးနောက်ပိုင်း ဤနည်းလမ်းဟာ အလုပ်ဖြစ်ကြောင်း တစ်ရွာလုံး သိသွားခဲ့ကြခြင်း။ 


ရလဒ်အနေဖြင့် ရွာသားများက ကျိုးယွမ်အား ပိုမိုချီးကျူးလာကြကာ သူဟာ စိတ်ကောင်းရှိသူဖြစ်ကြောင်း၊ ကျွမ်းကျင်မှုရှိကြောင်း၊ နွားတွေကိုပါ ကောင်းကောင်းမွေးမြူနိုင်ကြောင်း ဆိုကြလေ၏။ တိုတိုပြောရပါလျှင် ကျိုးယွမ်ဟာ အဘက်ဘက်မှ တော်သည်ဟု။ 


လယ်ယာအလုပ် သိပ်မများတော့ချိန်တွင် အဒေါ်ဟွားက ကျိုးယွမ်အိမ်သို့ နောက်တစ်ခေါက် အလည်ရောက်လာပြန်သည်။ 


ဤတစ်ကြိမ်တွင်မူ ကျိုးယွမ်က သူမအား မငြင်းတော့ပေ။ သို့ပေမယ့် သူ့တွင် လက်ထပ်ချင်တဲ့သူရှိနေပြီဖြစ်ကြောင်း ပြောပြခဲ့ပြီး သတင်းကောင်းရှိလာသည့်အခါ အဒေါ်ဟွားအား အကူအညီတောင်းမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ 


အချိန်တိုလေးအတွင်းမှာပင် ကျိုးယွမ် လက်တော့မယ်ဆိုသည့် သတင်းမှာ တစ်ရွာလုံးဆီ ပျံ့နှံ့သွားသလို အနှီသတင်းဟာလည်း လျှို့ဝှက်ချက်ဖြစ်ပုံမရချေ။ 


နောက်ဆုံးတွင် သူနှင့် ပန်းပဲဆရာလီ၏သား လီရှင်းတို့ဟာ ပူပူနွေးနွေး ဆက်ဆံရေးတစ်ခုရှိနေ​သဖြင့် ဒါဟာ အိမ်ထောင်မပြုမီ အချိန်တစ်ခုသာလိုကြောင်း လူတိုင်း သိမြင်နိုင်ခဲ့ကြလေသည်။ 


ချန်ချင့် ထိုသတင်းအား ကြားလိုက်ရသည့်အခါ အသက်ပြင်းပြင်းရှုလိုက်မိ၏။ တိုက်ဆိုင်စွာဖြင့် ထိုအချိန်တွင် မှိုသွားကောက်ရန် လီရှင်းက သူ့အား လာခေါ်ခဲ့သည်။ 


ကျိုးယွမ် ပေးခဲ့သည့် ကိရိယာများကြောင့် ချန်ချင့်တို့မိသားစု အလွန်လျင်မြန်စွာ ပြောင်းရိတ်သိမ်းနိုင်ခဲ့သလို အခြောက်ခံနေလှန်းပြီးနောက် စုစည်းနိုင်ခဲ့သည်။ သူတို့မိသားစုက ရွာရှိ အခြားမိသားစုများထက် ပိုမိုမြန်ဆန်ခဲ့တာကြောင့် ယခုအချိန်တွင် တောင်ပေါ်တက်သူမှာ သူတို့နှစ်ဦးသာ ရှိနေလေ၏။ 


"မင်း ဒီနေ့ နျိုနျိုကို ခေါ်မလာဘူးလား" 


သူတို့နှစ်ဦး တောင်ပေါ်လမ်းအတိုင်း တက်ခဲ့ကြသည်။ လီရှင်း နျိုနျိုကို ဘာလို့မခေါ်တာလဲဆိုတာ ချန်ချင့် သိချင်နေမိလျက်။ လီရှင်းအမေက ကျန်းမာရေးမကောင်းတာကြောင့် ပုံမှန်ဆို လီရှင်းက နျိုနျိုအား အမြဲဂရုစိုက်ပေးလေ့ရှိသည်။ 


"အိုး သူက ချီရှုးနင်နဲ့ သွားကစားတယ်လေ" 


ချန်ချင့် မေးနေသည်ကို ရပ်လိုက်တော့သည်။ 


လော့ဟယ်ရွာရှိ တောင်သည် သိပ်မကြီးသော်လည်း အမှန်တကယ်တွင်မူ အဆုံးမရှိပါချေ။ 


ယုတ္တိကျကျပြောရသော် မှိုကောက်ရန် တောင်ပေါ်တက်ဖို့ အကောင်းဆုံးအချိန်မှာ မိုးရွာပြီးနောက်ပိုင်းဖြစ်၏။ 


သို့သော်လည်း ဤရက်ပိုင်းအတွင်း မိုးမရွာသဖြင့် လီရှင်းက ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ စိတ်အားထက်သန်စွာ ရောက်ချလာတော့သည်။ ချန်ချင့်လည်း သူရောက်လာတာကို အလဟဿမဖြစ်စေချင်တာကြောင့် သူနှင့်အတူ တောင်ပေါ်တက်သွားခဲ့သည်။ 


တောင်ပေါ်မတက်ခင်တွင် စွင်းတာ့ညန်သည် သူတို့ တစ်နေကုန်လောက်မည်မှန်းသိ၍ ဗိုက်မဆာစေရန်အတွက် ချန်ချင့်အား စားစရာနည်းနည်းနှင့် သောက်စရာတွေ ယူသွားစေခဲ့သည်။ 


နှစ်ယောက်သား ခြင်းတောင်းကိုယ်စီ လွယ်ထားကြလျက်။ ယနေ့တွင် နေခြစ်ခြစ်တောက်ပူနေပေမယ့် တောင်ပေါ်၌ သစ်ပင်များ ထူထပ်နေ၍ အရိပ်ရနေကာ အေးမြနေလေသည်။ 


ချန်ချင့်လည်း လီရှင်း နောက်မှလိုက်နေရင်း လီရှင်း ပြောနေတာကို နားထောင်နေလိုက်သည်။ 


"ဟိုတစ်​နေ့က ငါ ပန်းပဲပညာသင်ချင်တဲ့အကြောင်း ငါ့အဖေကို ပြောလိုက်တယ်"  


ချန်ချင့် ခြေလှမ်းမှားသွားရကာ ခလုတ်တိုက်မိသွားရသဖြင့် သူ့ရှေ့က သစ်ပင်တစ်ပင်ကို ပွေ့ဖက်လိုက်ပြီး ရပ်လိုက်ရသည်။ 


"အာ? မင်းကလား.. ပန်းပဲပညာကိုသင်မလို့.. မဖြစ်နိုင်ဘူး.. ကောတစ်ယောက်က ဘယ်လိုလုပ်ပြီး ပန်းပဲပညာကို သင်နိုင်မှာတုန်း" 


လီရှင်း မပျော်မရွှင်ဖြင့် ခြေဆောင့်နေလျက်။ 


"မင်းကရော ဘာလို့ ငါ့အဖေလိုပဲ ဒီစကားတွေပြောနေရတာလဲ" 


ချန်ချင့် လည်ချောင်းရှင်းလိုက်ကာ လီရှင်း၏ လက်မောင်းကို ထပ်ဆွဲလိုက်ပြီး 


"ဒါပေမယ့် ဦးလေးလီရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်လိုက်အုံး.. မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်ကရော" 


လီရှင်း သူ့လက်ကို မြှောက်ဟန်ဆောင်လိုက်သော်လည်း တကယ့်ကို လက်ခံနိုင်ဖွယ်ရှိမနေပါချေ။ လီရှင်း ခေါင်းငုံ့သွားကာ 


"ငါ့အဖေက သူ့လုပ်ငန်းကို လွှဲယူဖို့ သားတစ်ယောက် အမြဲလိုချင်နေတာလေ.. ဒါပေမဲ့ နျိုနျိုက အရမ်းငယ်လွန်းသေးတယ်.. နျိုနျို ကြီးလာတဲ့အခါ ငါ့အဖေက အိုလာမှာမို့ ငါ့အတွက် သန်မာတဲ့သူတစ်ယောက်ကို ရှာပေးချင်နေတာ" 


ချန်ချင့် ခေါင်းညိတ်လိုက်ပြီး 


"ဦးလေးလီက မင်းရဲ့ အနာဂတ်ခင်ပွန်းကို သံထည်လုပ်နည်း သင်ပေးချင်တာ ဟုတ်တယ်မလား" 


"အင်း" 


ချန်ချင့် ထပ်ပေါင်းပြောလိုက်သည်။ 


"ပြီးတော့ ကျိုးယွမ်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ပန်းပဲလုပ်ငန်းအတွက် အတော်လေးကို သင့်တော်ပါတယ်" 


လီရှင်း သူပြောတာကို ကြားလိုက်ရသည့်အခါ ထိတ်လန့်မှုကြောင့် ထခုန်လိုက်ရ၏။ 


"မင်း ဘာတွေလျှောက်ပြောနေတာတုန်း! အဲဒါက ကျိုးယွမ်နဲ့ ဘာဆိုင်လို့လဲ" 


"ဟင်?" 


ချန်ချင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားရကာ "မင်း ငါ့ကို ရှက်နေစရာမလိုပါဘူးကွာ.. မင်းတို့ မကြာခင် လက်ထပ်တော့မှာပဲမဟုတ်ဘူးလား" 


"အား အား အား အား" လီရှင်း မေ့လဲတော့မလိုပင်။ 


"မင်း ဘာတွေပြောနေတာလဲ.. သူနဲ့ ငါက ရိုးသားပါတယ်နော်.. ငါတို့ကို အဲ့လိုတွဲပေးမနေနဲ့" 


"အာ?" 


ချန်ချင့်လည်း စိတ်ရှုပ်သွားရ၏။ 


"မင်းတို့နှစ်ယောက် စကားကောင်းကောင်းပြောနေကြတာပဲ မဟုတ်ဘူးလား.. သူက မင်းကို အရမ်းဂရုစိုက်တာလေ.. အရင်တစ်ခေါက်ကတောင် သူ လက်ထပ်ဖို့ ကမ်းလှမ်းတော့မယ်လို့ အဒေါ်ဟွားကို ပြောခဲ့သေးတာပဲ" 


လီရှင်း အော်ဟစ်နေဆဲ : "မဟုတ်ဘူး.. အဲ့လိုမဟုတ်ဘူး.. ပေါက်ကရတွေလျှောက်မပြောနဲ့" 


ပထမတော့ ကျိုးယွမ်၏ အတွေးအကြံများကို ချန်ချင့်အား သူ ပြောပြလိုက်ချင်သော်လည်း ထိုစကားများကို သူ ပြောပြရန် မသင့်တော်ကြောင်း တွေးမိသွားရသည်။ သူလည်း ချန်ချင့်၏ စရိုက်ကို သတိရလိုက်ကာ သူ့အား ကြောက်သွားအောင်မလုပ်ချင်ပါပေ။ 


နောက်ဆုံးတွင် သူ လေးနက်စွာ ပြောလိုက်၏။ 


"ငါ လုံးဝ လုံးဝ လုံးဝ ကျိုးယွမ်ကို လက်ထပ်မှာမဟုတ်ဘူး.. ငါ ကျိုးယွမ်ကို မကြိုက်ဘူးလို့.. မင်းသိပါတယ်ကွာ ငါက ပိန်သွယ်တဲ့သူတွေကို သဘောကျတာလေ" 


လီရှင်း၏ အလွန်အမင်း လေးနက်နေသော အကြည့်​ကို ချန်ချင့် မြင်လိုက်ရသည့်အခါ သူ့ခေါင်းသူ ကုတ်လိုက်မိပြီး ဘာမှားနေမှန်းလည်း သူမသိတော့ချေ။ 


နှစ်ဦးသား အနှီခေါင်းစဥ်ကို ဆက်မပြောကြတော့ဘဲ တောတောင်ထဲသို့ တိုးဝင်လာရာ တောနက်သထက် နက်လာခဲ့ပြီး လီရှင်း၏ မှတ်ဥာဏ်ထဲမှ နေရာဆီသို့ သွားခဲ့ကြသည်။ 


တစ်နာရီခန့်လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် တောတောင်နက်ကြီးထဲ ရောက်ရှိလာကာ ဤနှစ်များတစ်လျှောက် သူအမှတ်ရနေခဲ့သောနေရာကို ရှာတွေ့ခဲ့လေပြီ။ ဒါ တကယ့်ကို အညိုရောင်မှိုအစုအဝေးကြီးပဲ.. 


လီရှင်း ပျော်ရွှင်စွာ မှိုများကို ခူးဆွတ်လျက် တစ်ဖက်ခြမ်းကို ရွက်ကြွေများဖြင့် ဖုံးအုပ်လိုက်ရင်း 


"အခြားသူတွေကို ရှာတွေ့ခွင့်မပြုဘူးကွ" 


ဤခရီး၌ သူတို့ အများကြီး ရရှိခဲ့သော်လည်း သူတို့ လျှောက်လာခဲ့သည်မှာ ဝေးသထက်ဝေးလာခဲ့သည်။ ချန်ချင့် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်၏။ 


"ပြန်ကြရအောင်" 


သူတို့ယူလာသည့် ခြင်းတောင်းနှစ်ခုလုံး ပြည့်လုနီးပါးဖြစ်ကာ ထပ်မထည့်နိုင်တော့တာကြောင့် နှစ်ယောက်သား ကျောက်တုံးကြီးတစ်တုံးပေါ်မှာ ထိုင်လျက် ပေါင်မုန့်တစ်ပိုင်းအား ဝေမျှစားသောက်လိုက်ပြီးနောက် တောင်အောက် ပြန်ဆင်းခဲ့ကြသည်။ 


သို့ရာတွင် ခုနက နေသာနေသော ကောင်းကင်ကြီးမှာ ရုတ်ချည်း ပြောင်းလဲသွားကာ လေပြင်းများ ရုတ်တရက် တိုက်ခတ်လာတောသည်။ ချန်ချင့်လည်း လီရှင်းအား ထိန်းကိုင်ထားရင်း 


"ငါတို့ မြန်မြန်သွားရမယ်" 


မိုးရွာတော့မည်ဖြစ်၍ တောတောင်ထဲ၌ လေပြင်းတိုက်ခတ်နေပြီး အကိုင်းအခက်များ လှုပ်ယမ်းနေလေ၏။ လီရှင်းလည်း ခေါင်းညိတ်ကာ နှစ်ယောက်သား အပြန်ပြန်အလှန်လှန် ထောက်ပံ့ပေးရင်း အရှေ့အနောက် လျှောက်လာခဲ့ကြသည်။ 


ချန်ချင့် စိုးရိမ်ပူပန်နေမိ​လျက်။ အိမ်မှာ ပြောင်းဖူးများကို အခြောက်ခံထားပြီး သူ့အမေတစ်ယောက်တည်း အားလုံးမသိမ်းဆည်းနိုင်လောက်ပေ။ 


သို့ပေမယ့် အိမ်ပြန်ရောက်ဖို့ တစ်နာရီနီးပါး လမ်းလျှောက်ဖို့လိုသေးတယ်လေ.. ပြောင်းဖူးတွေ စိုကုန်ပြီး အညှောက်ပေါက်ကုန်ရင် ဘယ်လိုလုပ်ကြမလဲ.. 


ချန်ချင့်၏ စိုးရိမ်ပူပန်နေသော မျက်နှာကို လီရှင်း တွေ့လိုက်ရသည့်အခါ နှစ်ယောက်သား အရှိန်မြန်လိုက်ကြသည်။ သိပ်မကြာခင်မှာပဲ မိုးသည်းထန်စွာ ရွာသွန်းလာ၍ နှစ်ယောက်စလုံး တစ်ခဏချင်းမှာပဲ စိုရွှဲသွားရ၏။  


ကံအားလျော်စွာဖြင့် မိုးရေကြောင့် မှိုများ ပျက်စီးကုန်မှာကို ကာကွယ်ရန်အတွက် လမ်းတစ်လျှောက် သစ်ရွက်များစွာ ခူးခဲ့ကြပြီး မှိုများကို ဖုံးအုပ်ထားခဲ့ပြီးဖြစ်သည်။ 


မိုး ပိုသည်းသထက်သည်းလာသဖြင့် တောင်လမ်းမှာ ကြမ်းတမ်းပြီး လျှောက်ရခက်လာသည်။ နှစ်ယောက်သား ရှေ့နောက်လျှောက်နေကြစဥ် လေနှင့် မိုး သည်းထန်လာသည့်အတွက် သူတို့ လမ်းကိုပင် သဲသဲကွဲကွဲ မမြင်နိုင်တော့တာကြောင့် ချန်ချင့်လည်း လီရှင်းအား လှိုဏ်ဂူတစ်ခုထဲသို့ ဆွဲသွင်းလိုက်တော့သည်။ 


"အရမ်းကြောက်ဖို့ကောင်းတာပဲ" 


လီရှင်း သူ့မျက်နှာပေါ်က မိုးရေတွေကို သုတ်လိုက်ရင်း 


"ဘာလို့ ဒီလောက်မိုးသည်းနေတာလဲ.. ဒီနေ့ မိုးရပ်ပါ့မလား" 


ချန်ချင့် ခေါင်းခါလိုက်ပြီး : "နွေရာသီမိုးက မြန်မြန်လာပြီး မြန်မြန်ထွက်သွားတတ်တယ်" 


ချန်ချင့် ပြောသည့်အတိုင်းပင် သည်းထန်စွာရွာသွန်းနေသောမိုးသည် တစ်နာရီ၏ လေးပုံနှစ်ပုံခန့်ကြာပြီး နောက်ဆုံးတွင် ရပ်တန့်သွားချေပြီ။ မိုးရပ်သွားသည့်နောက် သူတို့လည်း မရပ်မနား အိမ်သို့ အပြေးအလွှားပြန်ခဲ့ကြသည်။ 


သို့သော်လည်း မိုးရွာပြီးနောက် တောင်လမ်းတစ်လျှောက်မှာ အလွန်တရာ သွားလာရခက်ခဲလှ၍ အပြန်လမ်းမှာ အလာတုန်းကထက် များစွာအချိန်ပိုကြာနေလေ၏။ 


နှစ်ယောက်လုံး အနည်းငယ် ပင်ပန်းနေကြပေမယ့် အချိန်ကြာကြာမနားနေရဲပါချေ။ သူတို့ မမှောင်ခင် တောင်ပေါ်ကနေ မဆင်းနိုင်ပါက ညအိပ်နေရတော့မည်ဖြစ်သည်။ 


ချန်ချင့်က မုဆိုးဖိုဖြစ်၍ အဆင်ပြေသော်လည်း လီရှင်း​ကတော့ အဆင်မပြေပေ။ သူသည် ယခုထက်ထိ အိမ်ထောင်မပြုရသေးသော ကောတစ်ဦးဖြစ်သည့်အတွက် တစ်ညလောက် အိမ်မပြန်ပါက ရွာသားများ၏ တံတွေးခွက်တွင် ပက်လက်မျောသွားလောက်သည်။ 


"ငါ​တို့​ တောင်​အောက် မြန်မြန်​ဆင်းရမယ်​" ချန်ချင့် ပြောလိုက်သည်​။ 


လီရှင်းလည်း ခေါင်းညိတ်လိုက်ကာ သူ့နောက်ကျောရှိ ခြင်းတောင်းမှာ ပေါင်တစ်ထောင်မက လေးတယ်လို့ ခံစားလိုက်ရ၏။ သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ချန်ချင့်နှင့် သူ တစ်ယောက်ကို တစ်ယောက် ထောက်ကူလိုက်ကြသည်။ 


လီရှင်း၏ အသက်ရှူသံမှာ လေးလံနေပြီး သူ့နဖူးပူနေပြီမှန်း ချန်ချင့် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။ 


"လီရှင်း?" 


လီရှင်း အသံပြုလိုက်သည်။ 


"မင်း နေလို့မကောင်းဘူးလား" 


"ထင်တာပဲ" လီရှင်း အသက်ပြင်းပြင်းရှူနေလျက်။ 


"ငါ ဘာလို့ ဒီလောက် အသုံးမကျရတာလဲကွာ.. ငါတို့ တောင်ပေါ်မှာပဲ တစ်ညလောက်နေလိုက်ရင်ရော" 


ချန်ချင့် သူ့ကို ထိန်းထားပေးရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။ 


"မဖြစ်ဘူး.. ဒီည မင်း အိမ်မပြန်ရင် မနက်ဖြန် ရွာမှာ ကောလဟာလတွေ ပျံ့သွားလိမ့်မယ်" 


လီရှင်းလည်း "အိုး"လို့ အသံပြုလိုက်ကာ စကားပြောတာ ရပ်လိုက်ပြီး သူ့ခွန်အား အားလုံးကို လမ်းလျှောက်ရန်အတွက် အသုံးချချင်ခဲ့သော်လည်း သူ့ခွန်အားတစ်ဝက်လောက်က ချန်ချင့်အပါ်မှာ ရှိနေလေ၏။ 


ချန်ချင့်က တစ်ချိန်တည်းမှာပင် သူ့ကို တွဲပေးထားရသလို လမ်းလည်းလျှောက်နေရသည်။ မြေကြီးပေါ်က အခြေအနေကို သတိမမူမိဘဲ ခြေလှမ်းလိုက်ရာ သူ့ခြေကျင်းဝတ်ထံမှ စူးရှရှနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ 


လီရှင်း ထိတ်လန့်သွားရ၏။ လဲကျသွားခဲ့ပေမယ့် ကံကောင်းထောက်မစွာဖြင့် ဘာမှမဖြစ်လိုက်ပါချေ။ သူ ထလာသည့်အခါ ခြေကျင်းဝတ်ကို ကိုင်ထား​​သော ချန်ချင့်အား မြင်လိုက်ရ၍ 


"ဘာဖြစ်သွားသေးလဲ" 


"ငါ့ခြေကျင်းဝတ်လည်သွားတဲ့ပုံပဲ" 


မြေကြီးပေါ်မှာ ပြန့်ကျဲနေသော မှိုတွေကို ချန်ချင့် ကြည့်လိုက်ကာ 


"မှိုတွေပြန်ကောက်လိုက်အုံး.. မှောင်လာပြီဆိုတော့ ငါတို့ တောင်ပေါ်က အမြန်ဆင်းရမယ်" 


xxx