Ch-35
Viewers 5k

Ch-35 Unicode 


ဈေးပွဲတော်၌ စွင်းတာ့ညန်က အကြောင်းပြချက်မရှိဘဲ ရုတ်တရက်ကြီး ရင်ထိတ်သွားရသဖြင့် ရုတ်ချည်း သူမ၏ရင်ဘတ်ကို အုပ်ကိုင်ထားလိုက်ရသည်။ အဒေါ်လျိုက သူမအား ကြည့်၍ မေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ" 


စွင်းတာ့ညန် မျက်မှောင်ကြုတ်ထားရင်း အသက်ရှူမဝသလို ခံစားနေမိလျက်။ 


"ငါ မသိဘူး.. ရုတ်တရက် ထိတ်လန့်သွားသလို ခံစားလိုက်ရတာ.. အိမ်မှာ အားချင့် တစ်ယောက်တည်း တစ်ခုခုဖြစ်နေမှာကို စိုးရိမ်မိတယ်.. သူ့ခြေထောက်ကလည်း ခုထိ မသက်သာသေးဘူးလေ" 


အဒေါ်လျိုကမူ အလေးအနက်မထားပါချေ။ 


"သူက ဒီလောက်ကြီးနေပြီဟာ.. ဘယ်လို မတော်တဆမှုမျိုး ဖြစ်နိုင်မှာလဲဟယ်" 


စွင်းတာ့ညန် ခေါင်းခါလိုက်ကာ ဈေးဝယ်ချင်စိတ်လည်း မရှိတော့ပေ။ သူတို့အိမ်မှ ဈေးကို နာရီဝက်ကျော် လမ်းလျှောက်ရပေမည်။ 


စွင်းတာ့ညန်က သူမ၏ အလိုလိုသိစိတ်မှာ အလွန်မှန်ကန်ကြောင်း အမြဲသတိထားမိသဖြင့် အဒေါ်လျိုအား တစ်ခုခုပြောကာ အိမ်ပြန်ခဲ့တော့သည်။ 


စွင်းတာ့ညန် လမ်းလျှောက်နေပါက နှေးလွန်းမည်ကို ကြောက်၍ လှည်းငှားစီးလိုက်သည်။ သူမ ယနေ့ အပြင်ထွက်လာသည့်အခါ သူမနှင့်အတူ ပိုက်ဆံအားလုံးကို ယူလာခဲ့သည်။ 


ချန်ချင့်က အရမ်းပိန်ပါးလွန်းသဖြင့် သူ့အတွက် အားဖြည့်ပေးရန် အသားတစ်ချို့ ဝယ်ပေးချင်သည့်အပြင် ချန်ချင့်အတွက် ဝတ်စုံသစ်နှစ်ထည် ချုပ်ပေးရန် အထည်စကောင်းကောင်းရှိမရှိ သူမ ကြည့်ချင်မိသေးသည်။ သူ့အတွက် ဝတ်စုံအသစ်ကို နောက်ဆုံးအကြိမ်လုပ်ပေးခဲ့သည်မှာ လွန်ခဲ့သော နှစ်နှစ်ကပင်။ 


ရွာသို့ နီးကပ်လာလေလေ စွင်းတာ့ညန် ပိုမိုစိုးရိမ်လာလေလေပင်။ 


တစ်ဖက်တွင်မူ ချန်ချင့်အား စွင်းခန်းနှင့် သူ့အဖွဲ့က ကြိုးတုပ်ကာ ရွာထဲမှ ခေါ်ထုတ်ခဲ့သော်လည်း ယနေ့ လူတိုင်းနီးပါး ဈေးသို့သွားကြလေရာ ရုန်းကန်နေသော သူ့ကို တစ်ရွာလုံး မမြင်နိုင်ကြချေ။ 


စွင်းခန်းသည် ဤတစ်ကြိမ် အောင်မြင်ရန် အမှန်တကယ် စိတ်ပိုင်းဖြတ်ထား၍ ငွေများစွာသုံးခဲ့ကာ မြင်းလှည်းတစ်စီးငှားထားပြီး ရွာအပြင်ဘက် လမ်းမပေါ်၌ ရပ်ထားခဲ့သည်။ သူတို့ လမ်းမပေါ်ရောက်ခါနီးနေလေပြီ။ 


သူတို့ လမ်းမပေါ်ရောက်တာနဲ့ ကိစ္စအောင်မြင်ဖို့က ၁၀၀ရာခိုင်နှုန်း သေချာသွားပြီပဲ... 


ချန်ချင့်က လမ်းဘေးမှာ ရပ်ထားသည့် မြင်းလှည်းကို ကြည့်ပြီးနောက် အမှန်တကယ် မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရ၏။ သူ တစ်လမ်းလုံး ရုန်းကန်ပြီး အသံထွက်ရန် ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ 


ချန်ချင့် လုံးဝစိတ်ပျက်အားငယ်နေချိန်မှာပင် အလွန်သန်မာအားကောင်းလှသည့် အားတစ်ခုက လူများစွာကို အမှောက်သိပ်ပစ်လိုက်သော်လည်း ချန်ချင့်ကိုမူ မြဲမြဲမြံမြံ ဖမ်းထားပေးလေ၏။ 


ချန်ချင့် ကမ္ဘာကြီးလည်နေသလို ခံစားနေရစဥ် ရင်းနှီးနေသော အနံ့လေးကို ရလိုက်လေရာ သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။ မျက်ရည်တွေနှင့် ဝေဝါးနေသဖြင့် ကျိုးယွမ်၏ ကောက်ကြောင်း အနည်းငယ်ကိုသာ မြင်လိုက်ရသည်။ 


ကျိုးယွမ်က ချန်ချင့်အား ဘေးမှာချထားလိုက်ပြီး လူတစ်စုကို ကြည့်လိုက်သည်။  


သူ ဒီအုပ်စုရဲ့ ခေါင်းဆောင်ကို သိတယ်.. ဒီလူကို နောက်ဆုံးအကြိမ်တုန်းက အညစ်အကြေးတစ်လုတ် သူ ကျွေးခဲ့တယ်လေ.. 


စွင်းခန်းလည်း ဒီလူ ခွန်အားဘယ်လောက်ကြီးမှန်း မှတ်မိနေသေးသည့်အတွက် သူ့ဖူးလန်၏ အနောက်တွင် ဝင်ပုန်းလိုက်ပြီး 


"ငါတို့မိသားစုအရေးကို အပြင်လူတစ်ယောက်က ဘယ်အချိန်ထိ ဒီလိုဝင်ရောက်စွက်ဖက်နေမှာလဲ!" 


စွင်းခန်း အနည်းငယ် ယုံကြည်မှုရှိလာလေ၏။ အခု ကျိုးယွမ်က တစ်ယောက်တည်း.. သူတို့ဘက်မှာတော့ ၅ယောက် ၆ယောက်ရှိနေတယ်လေ.. ၅/၆ယောက်က တစ်ယောက်ကို ကြောက်နေစရာလား.. 


ကျိုးယွမ် တစ်ယောက်တည်းမဟုတ်ပါချေ။ ယနေ့ သူ ဈေးသွားရန် ကြံရွယ်ထားသော်လည်း အိမ်မှထွက်လာသည်နှင့် ရွာထဲက မုန့်ချီက သူ့အား ပြန်ခေါ်ခဲ့ပြီး လွန်ခဲ့သောရက်အနည်းငယ်က မြို့တွင် သူမေးထားသည့်ကိစ္စနှင့် ပတ်သက်၍ တိုးတက်မှုတစ်ချို့ရှိ​သဖြင့် ယနေ့ သွားကြည့်သင့်ကြောင်း မုန့်ချီက ပြောပြလာသည်။ 


ကျိုးယွမ်လည်း သူ့နွားလှည်းကို ပြန်မောင်းလာပြီး မုန့်ချီက စစ်မြေပြင်မှ ပြန်လာသူတချို့ကို သွားခေါ်ရန် ရွာသို့ ပြန်သွားခဲ့သည်။ သူတို့အားလုံးက စစ်မြေပြင်က ကျိုးယွမ်၏ ဂုဏ်ထူးဆောင်မှုများကို သိထားကြလေသည်။ 


ကျိုးယွမ် ရွာထဲရောက်ပြီးနောက်ပိုင်း ရွာ၏ လူရမ်းကားများကို ဆုံးမခဲ့သလို ရွာသူကြီးကိုပင် လျစ်လျူရှုထားသေးသည်။ သို့နှင့် သူတို့နှလုံးသားထဲ၌ ကျိုးယွမ်၏ ပုံရိပ်မှာ ပိုလို့တောင် မြင့်မြတ်လာပေသည်။ 


ထိုနေ့တုန်းက ကျိုးယွမ်က သူလုပ်ချင်သည့်အလုပ်ကို ပြောပြခဲ့ပြီး တစ်ဦးမှမငြင်းဆန်ခဲ့ကြချေ။ ရွာ၌ သူတို့၏ စားဝတ်နေရေးအတွက် ရာသီဥတုကိုသာ အားကိုးနေရသည်။ 


သို့ပေမယ့် အပြင်ထွက်ပြီး ကံစမ်းကြည့်မယ်ဆိုရင် ပိုကောင်းတဲ့ ရလဒ်မျိုး ရနိုင်တာပဲလေ.. 


ထို့နောက် သူတို့နှစ်ယောက် ဈေးသို့ သွားခဲ့ကြပြီး ကျန်သူများက ကျိုးယွမ်ဆီမှ သတင်းကို အိမ်ကနေ စောင့်နေခဲ့ကြသည်။ 


ကျိုးယွမ် ဈေးမှ ပြန်လာသည့်အခါ ရွာအဝင်ဝ လမ်းမပေါ်၌ မြင်းလှည်းတစ်စီး ရပ်ထားသည်ကို တွေ့လိုက်သဖြင့် သူ့ဘေးနားမှ မုန့်ချီအား မေးလိုက်သည်။ 


"ဒီမြင်းလှည်းကို ရင်းနှီးနေလား" 


မုန့်ချီ ခေါင်းယမ်းပြလိုက်၏။ 


"ငါ တစ်ခါမှမမြင်ဖူးဘူး.. ဒါပေမယ့် ငါ မသိတာလဲ ဖြစ်နိုင်တယ်လေ.. ဒီနှစ်မှ ငါတို့ ပြန်ရောက်တာဆိုတော့" 


ကျိုးယွမ် ခေါင်းညိတ်ပြသော်လည်း သူတို့စိတ်ထဲတွင် သံသယများရှိပါက နှလုံးသားထဲတွင် ဖုံးကွယ်ထားရမည့်အစား စူးစမ်းဖော်ထုတ်သင့်ကြောင်း တပ်မှူးက သင်ပေးထားခဲ့သည်။ အကယ်၍ ဤသံသယကို အောက်ခြေထိမတူးဖော်မိပါက နောင်တရဖို့ အချိန်နှောင်းသွားပေလိမ့်မည်ဟု။ 


ထို့ကြောင့် ကျိုးယွမ်လည်း ကျန်သည့်လူများကို သွားခေါ်ရန် မုန့်ချီအား နွားလှည်းမောင်းသွားခိုင်းလိုက်သည်။ 


သူကတော့ တောင်ကုန်းသေးသေးလေးတစ်ခုပေါ်မှာ ပုန်းကွယ်နေကာ ဤလှည်းပိုင်ရှင်ကို စောင့်နေခဲ့သည်။ ဘာမှမဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့လေ.. တစ်ခုခုသာဖြစ်သွားခဲ့ရင် ဒီကိစ္စအတွက် ကြိုတင်ပြင်ဆင်ခဲ့တာ တန်တယ်လေ.. 


သို့ပေမယ့် ၄င်းမှာ အရင်တစ်ခေါက်က လာသွားသည့် လူလတ်ပိုင်း ပိုင်ဆိုင်သည့် မြင်းလှည်းဖြစ်နေလိမ့်မည်ဟု သူ မထင်ထားမိခဲ့ချေ။ 


သူ့ကို ဒေါသထွက်သွားစေတာကတော့ ဒီလူတွေက ချန်ချင့်ကို ပြန်ပေးဆွဲခဲ့တာကြောင့်ပဲ.. သူသာ ဒီနေရာမှာ စောင့်မကြည့်နေခဲ့မိဘူးဆိုရင် ချန်ချင့် ဘာဖြစ်သွားမလဲ.. 


ကျိုးယွမ်သည် ချန်ချင့်ကို အရင်ဆုံး လမ်းဘေးမှာနေစေလိုက်သည်။ ချန်ချင့်အား ချည်နှောင်ထားသော ကြိုးကို ဖြတ်ရန် ဓားကိုပင် မသုံးဘဲ ခွန်အားသီးသန့်ဖြင့်သာ ဖြတ်လိုက်သည်။ 


ချန်ချင့်မှာ သည်းသည်းထန်ထန် ငိုကြွေးနေလျက်။ ကျိုးယွမ်လည်း သူ့ပါးစပ်ထဲက အဝတ်စကို စုတ်ဖြဲပစ်လိုက်၏။ 


ချန်ချင့်က ကျိုးယွမ်၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်မှာ တစ်ခုတည်းသော မျှော်လင့်ချက်ရောင်ခြည်ကို ဖမ်းဆုပ်ထားရသည့် ရေနစ်နေသူတစ်ယောက်နှယ်။ သံသယများကို ရှောင်ရှားရန်၊ ကိစ္စများကို တစ်ဆင့်ချင်း တွေးတောရန်ပင် ဂရုမစိုက်မိတော့ချေ။ 


ကျိုးယွမ်လည်း သူ့လက်ချောင်းထိပ်လေးနှင့် သူ့မျက်ရည်များကို သုတ်ပေးလိုက်ရင်း 


"အရင်ထိုင်လိုက်ဦးနော်.. ခဏလေးစောင့်ပေး.. မကြောက်နဲ့နော်" 


ချန်ချင့် သူ့လက်ကို လွှတ်ပေးလိုက်သည်။ တစ်ဖက်တွင်ရှိနေသော စွင်းခန်းက သူတို့၏ အပြုအမူများကို ကြည့်လျက် ဆဲဆိုလေတော့သည်။  


"မင်း ဘာလို့ အမြဲတမ်း ဝင်ပါနေသလဲဆိုတာ ငါသိချင်နေမိတာ.. လက်စသတ်တော့ မင်းက အဲဒီခွေးမနဲ့ တွဲနေ..." 


သူ့စကား မဆုံးခင်မှာပင် ကျိုးယွမ်က သူ့ကို လက်သီးနှင့် ထိုးပစ်လိုက်လေသည်။ ကျန်စွင်းမိသားစုဝင်များလည်း ရှေ့သို့ အပြေးအလွှား ချီတက်လာကြ၏။ 


သူ့ရဲဘော်များနှင့်အတူ နွားလှည်းပြန်မောင်းလာသည့် မုန့်ချီက လူတစ်စုနှင့် တိုက်ခိုက်နေသော ကျိုးယွမ်ကို တွေ့လိုက်ရသဖြင့် သူ့နှလုံးပင် လည်ချောင်းမှ ခုန်ထွက်လုနီးနီးဖြစ်သွားရသည်။ 


နွားလှည်းပေါ်မှ လူအများအပြားက အမြန်ပြေးဆင်းလာကြပြီး အစ်ကိုယွမ်က အမှားလုပ်မှာမဟုတ်ဘူးဆိုသည့် စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ခဲ့ကြလေသည်။ 


(သူတို့အားလုံးက ကိစ္စကဘာဖြစ်မှန်းမသိပေမဲ့ ကျိုးယွမ်လုပ်တာ အမှန်၊ အကြောင်းရှိလို့ ဒီလူတွေနဲ့ ချနေတာလို့ တွေးပြီး ဝင်ဖိုက်ကြတာပါနော်) 


အဆုံးတွင်မူ စွင်းမိသားစုတွင် အသက်ကြီးသူ သုံးဦးရှိပြီး ကျိုးယွမ်၏ နံဘေးတွင်မူ ငယ်ရွယ်ပြီး သန်မာကြသော လူငယ်များ ပြည့်နှက်နေလေသဖြင့် များမကြာမီ စွင်းမိသားစုဝင်အားလုံး မြေကြီးပေါ်သို့ ရိုက်နှက်ခံလိုက်ရတော့သည်။ 


သူ့ယောကျ်ားကို ဂရုစိုက်ရမည်လား သို့မဟုတ် သူ့သားကို ဂရုစိုက်ရမည်လား ဘာလုပ်ရမှန်းမသိဘဲ မြေပြင်ပေါ်မှာ တွားသွားနေသော စွင်းခန်း၏ ဖူးလန် တစ်ဦးတည်းသာ ကျန်ရစ်နေလျက်။ 


တိုက်ပွဲအပြီးတွင် မုန့်ချီက လမ်းဘေးမှာ ထိုင်နေသော ချန်ချင့်ကို မြင်လိုက်သည့်အခါ ကျိုးယွမ်အား ပြန်ကြည့်လျက် မေးလိုက်သည်။ 


"အစ်ကိုယွမ် ဘာဖြစ်တာလဲ.. ဒီလူတွေက ဘယ်သူတွေလဲ" 


"လူကုန်ကူးသမားတွေ ဒါမှမဟုတ် သူခိုးတွေပဲ.. သူတို့က စွင်းတာ့ညန်အိမ်က ပိုက်ဆံတွေကို ခိုးပြီး ချန်ချင့်ကို ပြန်ပေးဆွဲချင်နေကြတာ" 


"ဘာ" 


မုန့်ချီ ချက်ချင်းပင် မျက်လုံးတွေပြူးကျယ်သွားရကာ 


"ချန်ချင့်ကို ဘာလို့ ပြန်ပေးဆွဲတာလဲ" 


"ထွီ!" 


စွင်းလောင်အာ့က သူ့ခါးသူ ကိုင်ထားလျက် : "ငါ့ညီမက သူ့ကို ဝယ်ထားတာလေ.. အခု သူ့ကို ပြန်ရောင်းတော့ ဘာဖြစ်လဲကွ!" 


ကျိုးယွမ် သူ့ခါးကို ထောက်ထားသည့် လက်ပေါ် တက်နင်းလိုက်ပြီး 


"ခင်ဗျားက ဘယ်သူလဲ.. ခင်ဗျားက တခြားသူတွေရဲ့ မိသားစုကိစ္စမှာ ဝင်စွက်ဖက်ဖို့ အရည်အချင်းမရှိဘူး! သူ့ကို ရောင်းချင်ရင်တောင် ရောင်းတဲ့သူက စွင်းတာ့ညန်ပဲဖြစ်ရမှာ.. ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ!" 


"ငါ့ညီမက မုဆိုးမဆိုတော့ သူမနဲ့ပတ်သက်သမျှကို ငါတို့မိသားစုက သဘာဝအတိုင်း နောက်ဆုံး ဆုံးဖြတ်ပေးသင့်တာ!" 


စွင်းခန်း အော်ဟစ်လေသည်။ 


"အစ်ကိုယွမ် ငါတို့ ရာမန်ဆီ သတင်းပို့ကြမလား" 


မုန့်ရွှမ်းကျီလို့ အမည်ရှိသည့် တစ်ယောက်က ပြောလာသည်။ 


"ကျွန်တော်တို့ သူ့ကို ဒီလိုရိုက်ထားတာ.. ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူးနော် ဟုတ်တယ်မလား" 


ကျိုးယွမ် ခေါင်းခါလိုက်ပြီး 


"ငါတို့က သူခိုးကို ဖမ်းခဲ့တာ.. လက်ပူးလက်ကြပ်ဖမ်းမိခဲ့တာလေ.. နောက်ပြီးတော့ မုန့်ချီလည်း ဒဏ်ရာရသွားတယ်.. ဒီကိစ္စကို ရာမန်ဆီ ရောက်သွားရင်တောင် ငါတို့ဘက်က မှန်တယ်" 


မုန့်ချီသည် စွင်းခန်း၏ ဖူးလန်ဆီမှ အကုတ်ခြစ်ခံလိုက်ရသည့် သူ့လက်သူ ကြည့်လိုက်ပြီး ခေတ္တရပ်သွားရသည်။ 


"ဒါဆို ငါတို့ ခရိုင်အစိုးရရုံးကို မြန်မြန်သွားရမှာပေါ့" မဟုတ်ရင် သူ့လက်က ဒဏ်ရာက ခဏနေ ကောင်းသွားလိမ့်မယ်နော်.. 


"ဒီမှာ ခဏစောင့်ကြရအောင်.. ဒေါ်ဒေါ် ပြန်လာမှ ဆုံးဖြတ်ချက်ချကြမယ်" 


မုန့်ချီနှင့် မုန့်ရွှမ်းကျီက ဤလူများကို ကြိုးချည်ထားလိုက်ကြသည်။ ယခု သူတို့အားလုံးကို အတူတူကြိုးချည်ထားကာ လမ်းဘေးမှာ ငုတ်တုတ်ထိုင်ခိုင်းထားလိုက်၏။ 


စွင်းတာ့ညန် အရမ်းနောက်ကျမှ ပြန်လာလောက်မည်ဟု ထင်ခဲ့သော်လည်း သိပ်မကြာခင်တွင် စွင်းတာ့ညန်တစ်ယောက် နွားလှည်းနှင့် ပြန်လာလိမ့်မည်ဟု သူ မထင်ထားမိခဲ့ချေ။ ရှုပ်ပွနေသောလမ်းကို ကြည့်လျက် သူမ ကြောင်အမ်းသွားရသည်။ 


ထို့နောက် ကျောက်တုံးကြီးတစ်ခုပေါ်မှာ ထိုင်နေသော ချန်ချင့်နှင့် ဖက်ထုပ်ကဲ့သို့ ချည်နှောင်ခံထားရသည့် စွင်းမိသားစုဝင်များကို သူမ တွေ့လိုက်ရလေ၏။ 


ဆံပင်တွေ ရှုပ်ပွနေပြီး မျက်နှာမှာလည်း မျက်ရည်တွေအရွှဲသားဖြစ်နေရှာသည့် ချန်ချင့်အား စွင်းတာ့ညန် ကြည့်လိုက်ပြီး သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူ ဒဏ်ရာရသွားမသွား စစ်ဆေးလိုက်ရင်း ဆံပင်လေးတွေကို သပ်ပေးနေလိုက်သည်။ 


"အားချင့် အဆင်ပြေရဲ့လား" 


ချန်ချင့် အချိန်အကြာကြီးထိန်းထားခဲ့သော်လည်း စွင်းတာ့ညန်ကို သူ တွေ့လိုက်ရသည်နှင့် သူ့စိတ်တွေ ပြိုလဲသွားတော့သည်။ 


"အမေ..." 


စွင်းတာ့ညန်သည် ကြိုးနှင့်အချည်ခံထားရသူများထံ မသွားခင် ချန်ချင့်အား အချိန်အတော်ကြာ နှစ်သိမ့်ပေးလိုက်၏။ 


စွင်းမိသားစုမှ အစ်ကိုကြီးသုံးယောက်၊ အငယ် နှစ်ယောက်နှင့် ယောင်းမတစ်ယောက်..  


"ငါတို့ကို လွှတ်ပေးဖို့ သူတို့ကို မြန်မြန်ပြောလိုက်စမ်း!" 


စွင်းခန်းက သူ့ဇာတိမိသားစုမှ အကိုကြီးတစ်ယောက်လို ယခုထိတိုင် ပြုမူနေဆဲဖြစ်သလို သူ့ကိုယ်သူလည်း အမှားလုပ်မိတယ်လို့ မထင်ပါချေ။  


စွင်းတာ့ညန်က တိုက်ခိုက်နေစဥ်အတွင်း စွင်းလောင်အာ့၏ လက်ထဲမှ ပြုတ်ကျလာသော ချန်ချင့်၏ ပိုက်ဆံအိတ်ကို ကြည့်ရင်း ခေါင်းငုံ့လျက် အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။ 


ထို့နောက် သူမ ကျိုးယွမ်ကို ကြည့်လိုက်ပြီး 


"ကျိုးယွမ် ရာမန်ဆီ သတင်းပို့ဖို့ ငါ့ကို ကူညီပေးနိုင်မလား.. ဖောက်ထွင်းမှုနဲ့ ဖူးလန်ကို ပြန်ပေးဆွဲမှုအတွက်ဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသင့်တယ် ဟုတ်တယ်မလား" 


"ကောင်းပါပြီ ဒေါ်ဒေါ်.. ကျွန်တော် ဒေါ်ဒေါ်နဲ့အတူ လိုက်ခဲ့ပေးမယ်" 


xxx