Chapter 1 စစ်နတ်ဘုရားမ ပြန်လည်မွေးဖွားလာခြင်း
Viewers 104

အခန်း ၁ စစ်နတ်ဘုရားမ ပြန်လည်မွေးဖွားလာခြင်း

"ပေါင်စန်း၊ ဥမဥနိုင်တဲ့ ဒီကြက်မအိုကြီးကို သတ်ပလိုက်စမ်းပါ။ ဒီအမေက မင်းနဲ့လက်ထပ်ဖို့ ပိုကောင်းတဲ့ မိန်းကလေးကို ရှာပေးမယ်၊ စူးချင်း ငါတို့မိသားစုထဲဝင်လာရင် ဘာမှ ကောင်းလာမှာ မဟုတ်ဘူး၊ သူ(မ)က တံမြတ်စည်းကြယ်ပဲ”

(T/N: တံမြတ်စည်းကြယ် = ကံမကောင်းစေသူ၊ ဂြိုလ်မွေသူ)

လယ်တောအိမ်တစ်ခုတွင် ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားပြီး ဖြူဖျော့ဖျော့မျက်လုံးစွေစွေများနှင့် ပါးရိုးမြင့်မြင့်ရှိသည့် ယုတ်မာသည့်မျက်နှာအသွင်အပြင်ကို ပိုင်ဆိုင်သော  အမျိုးသမီးကြီးတစ်ဦးက ခါးပေါ်တွင် လက်တစ်ဖက်ထောက်ကာ အမျိုးသမီးတစ်ဦးကို အပေါ်စီးမှ ရိုက်နှက်နေသည့် သားဖြစ်သူကို လက်ညှိုးထိုး ညွှန်ပြပြောဆိုနေသည်။

ရိုက်နှက်နေသောသူကို လျိုပေါင်စန်းဟု ခေါ်ပြီး သူက အရပ်ခပ်ပုပု ဖြစ်ကာ သူ့အမေနှင့် ခပ်ဆင်ဆင်တူသည်။သူက  မြေပြင်ပေါ်ရှိ၍ ခုခံနိုင်စွမ်းမရှိသော အားနည်းပုံရကာ ကူကယ်ရာမဲ့ ဖြစ်နေသော ဇနီးသည်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်နေသည်။ ပိန်ပိန်ပါးပါးနှင့် အားပျက်နေပုံရသည့် အမျိုးသမီးက ကျိုးပဲ့နေသော အရုပ်တစ်ရုပ်ကဲ့သို့ ရိုက်နှက်ခံနေရသော်လည်း တုံ့ပြန်မှု လုံးဝ မရှိခဲ့ပေ။

တစ်ဖက်တွင် လျိုပေါင်စန်းက ပို၍ပင် စိတ်လှုပ်ရှားလာပြီး သူ၏ အဝါရောင်သွားများ ထွက်ပေါ်လာသည်အထိ ရယ်မောကာ ဇနီးသည်၏ ခေါင်းကို လက်သီးမိုးများ ရွာနေသလို  စိတ်ရှိလက်ရှိ ထိုးနှက်နေသည်။

သူက အပြင်းအထန် ရိုက်နှက်နေပြီး သူ၏ပုံမှန်မဟုတ်သော စိတ်က အလွန်ကျေနပ်နေပုံရသည်။

ထပြီး ထမင်းချက်တော့... သေချင်ယောင် ဆောင်မနေနဲ့"

သူမ၏သားက ရပ်တန့်သွားသည်ကို မြင်လိုက်ရသောကြောင့် အမျိုးသမီးစွင်းက ကျေနပ်သွားသည်။ သို့သော်လည်း သူမက သူမ၏ခါးကို လက်နှစ်ဖက်ဖြင့် ထောက်ထားရင်း မြေပြင်ပေါ်မှ အမျိုးသမီးကို ကန်ကျောက်နေသေးသည်။

ထိုကလေးသတို့သမီးက အသက်ရှုနေသရွေ့ ဤမိသားစုအတွက် အလုပ်လုပ်ရမည် ဖြစ်သည်။

အမျိုးသမီးစွင်းက ထိုအတွက် အရမ်းဂုဏ်ယူနေခဲ့သည်။ ဤမိန်းကလေးကို ဖမ်းဆီးခေါ်ဆောင်လာချိန်တွင် သူမက အသက်သုံးနှစ်သာ ရှိသေးပြီး  ဖြူစင်ဝင်းပနေသည်။ သူမ ဝတ်ထားသည့်အဝတ်အစားကြောင့် သူမက မိသားစုကြီးတစ်ခုမှ သခင်မလေးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူမ၏လည်ပင်းပေါ်ရှိ ရွှေလည်ဆွဲနှင့် သူမ၏လက်ကောက်ဝတ်ရှိ ရွှေလက်ကောက်များက လျိုမိသားစုအား နှစ်အနည်းငယ်ကြာအောင် ကောင်းမွန်သောဘဝသို့ ပို့ဆောင်ပေးခဲ့သည်။

နောက်ဆုံးတော့ ဘာဖြစ်လဲ? သူမက လျိုမိသားစုရဲ့အကြီးဆုံးချွေးမအဖြစ် ဝင်ရောက်ခဲ့တာတောင်မှ သူမက နူးနူးညံ့ညံ့ နေချင်သေးတာလား?

ဝက်စာကျွေးတာ၊ လယ်လုပ်တာ၊ အိမ်သာသန့်ရှင်းရေးလုပ်တာ၊ ဓမ္မတာလာချိန်အတွင်း အတွင်းခံဘောင်းဘီတွေကို လျော်ဖွတ်တာ.. ဘယ်လိုအလုပ်မျိုးကို သူမ မလုပ်ချင်တာလဲ?

စူးချင်းက ယောက္ခမဖြစ်သူ၏ထိုကန်ချက်ကို မတုံ့ပြန်ဘဲ မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲနေသေးသည်။

အမျိုးသမီးစွင်းက တစ်ခုခု မှားနေပြီဟု ခံစားမိသောကြောင့် သူမ၏ခေါင်းကို ငုံ့ကာ သူမချွေးမ၏နှာခေါင်းရှေ့သို့ သူမ၏လက်ချောင်းကို သွားထားလိုက်သည်။ အပူငွေ့ လုံးဝ မရှိတော့ပေ။ အမျိုးသမီးစွင်းက သူမ၏လက်ကို ပြန်ဆွဲပြီး သားဖြစ်သူကို ကြောက်လန့်တကြား အော်မေးလိုက်သည်။

"သေသွားပြီလား?"

"လျိုပေါင်စန်း မင်းက ဘယ်လိုများ ဒီလောက်ထိ ရိုက်နှက်နိုင်ရတာတုန်း? ဒီမိန်းကလေး မရှိတော့ရင် ငါတို့အတွက် ဘယ်သူက အလုပ်ပေးမှာလဲ?”

လျိုပေါင်စန်းက သူ့၏ဇနီးသေဆုံးသွားသည်ကို ကြားသောအခါ အံ့အားသင့်သွားခဲ့သည်။ ဒီနေ့ သူ သူမကို ရိုက်နှက်ရတာ အရမ်းကောင်းနေတာကြောင့် သူ့လက်တွေက အင်အားကို  ဂရုမစိုက်ခဲ့မိဘူး။ ဒီကောင်မက အရင်က ဒီလိုရိုက်နှက်တာကို ခံနိုင်ရည်ရှိတယ် မဟုတ်ဘူးလား? ဒီတစ်ကြိမ်ကျတော့ ဘာလို့ ရိုက်ချက် အနည်းငယ်နဲ့ သေဆုံးသွားရတာလဲ?

ခဏတာ ထိတ်လန့်သွားပြီးနောက် လျိုပေါင်စန်းက စူးချင်း၏ ခန္ဓာကိုယ်ဆီသို့ စူးရဲသော အကြည့်များဖြင့် လျှောက်သွားလိုက်သည်။ သူက သူမ၏လက်မောင်းကို ဆွဲကိုင်ကာ မြေပြင်ပေါ်မှ ဆွဲထူရင်း ကျိန်ဆဲနေပြန်သည်။ “ညစ်ပတ်နံ့စော်နေတဲ့ ကောင်မ၊ ​​မင်း သေချင်ရင်လည်း ငါ့အိမ်ကို မညစ်ပတ်စေနဲ့”

စူးချင်းက နာကျင်မှုကြောင့် နိုးလာပြီး သူမ မျက်လုံးဖွင့်လိုက်သည်နှင့် အေးစက်သောအလင်းတန်းတစ်ခုက သူမ၏လှပသောမျက်လုံးများထဲမှ ထွက်ပေါ်လာသည်။ လွတ်နေသော သူမ၏ဘယ်လက်က လျိုပေါင်စန်း၏လက်ကောက်ဝတ်ကို အမြန်ဆွဲကိုင်လိုက်ပြီး လိမ်ချိုးလိုက်ရာ အရိုးကျိုးအက်သံက အထူးကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာ‌တော့သည်။ လျိုပေါင်စန်းက ဝက်ကို သတ်လိုက်သလို အော်ဟစ်ညည်းညူကာ စူးချင်းကို လွှတ်ပေးလိုက်သည်။

အချုပ်အနှောင်မှ လွတ်မြောက်သွားသည်နှင့်တပြိုင်နက် စူးချင်းက မြေပြင်မှ ခုန်ထလိုက်ကာ တစ်ချိန်တည်းမှာပင် သူမ၏ခြေထောက်နှစ်ဖက်လုံးကို ဆန့်လိုက်ရာ လျိုပေါင်စန်းက လေထဲသို့ ပျံတက်သွားပြီး ရွှံ့နံရံနှင့် တိုက်မိကာ ပြန်ပြုတ်ကျလာသည်။ အချိန်အတော်ကြာ မပြုပြင်ခဲ့သော ဟောင်းနွမ်းပျက်စီးနေသည့်ရွှံ့အိမ်က ပြင်းထန်သော အင်အားကြောင့် ပြိုကျသွားကာ လျိုပေါင်စန်းက ထိုအောက်တွင် နှစ်မြှုပ်သွားသည်။

စူးချင်းကတော့ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ပြေးထွက်သွားလေသည်။

ထိုအရာ အားလုံးက မြန်ဆန်လွန်းနေပြီး  အမျိုးသမီးစွင်းက အိမ်မပြိုခင် ဖြစ်ပျက်ခဲ့သည်များကိုပင် မမြင်နိုင်ခဲ့ပေ။ ထို့အပြင် ပြေးရန်ပင် အချိန်မရှိတော့ဘဲ သူမ၏သားကဲ့သို့ပင် မြေကြီးအောက်သို့ နစ်ဝင်သွားခဲ့သည်။

ဖုန်မှုန့်များနှင့် အညစ်အကြေးများက တိမ်တိုက်တစ်ခုကဲ့သို့ လွင့်ပျံနေပြီး စူးချင်းက ပြိုကျနေသောရွှံ့အိမ်ရှေ့တွင် အေးစက်စွာ ရပ်နေကာ အပျက်အစီးများထဲမှ အကူအညီတောင်းခံရင်း ရုန်းကန်နေကြသည့် အမေနှင့်သားကို စောင့်ကြည့်နေသည်။ ယခင်က အလွန်မောက်မာခဲ့ကြသော သူတို့နှစ်ဦးက ယခုအချိန်တွင် ဖုန်မှုန့်များနှင့် သွေးများဖုံးလွှမ်းနေခဲ့သည်။

စူးချင်းကို တွေ့လိုက်သောအခါတွင် သူတို့၏ မျက်လုံးများက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို ဖြစ်သွားပြီး ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေတော့သည်။

စူးချင်းကလည်း ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသလိုမျိုး အပေါ်ကနေ သူတို့ကို ငုံ့ကြည့်နေသည်။

သူမက ကျော်ကြားတဲ့ စစ်နတ်ဘုရားမ တစ်ယောက်လေ... ဒီလို အရှက်မရှိတဲ့ လူနှစ်ယောက်က သူမကို ဘယ်လို အနိုင်ကျင့်နိုင်မှာလဲ?

ထိုအခိုက်အတန့်တွင် သူမ၏ ခေါင်းထဲမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူမနှင့် မသက်ဆိုင်သော အမှတ်တရများက ရုတ်တရက် သူမ စိတ်ထဲသို့ ဝင်လာလေသည်။ ဆင်းရဲနွမ်းပါးသော ကလေးမလေးတစ်ယောက်၏ ကြေကွဲဖွယ်ကောင်းပြီး တိုတောင်းသော ဘဝက သူမ၏ စိတ်ထဲသို့ ဖြတ်သန်းဝင်ရောက်လာသည်။

သူမက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏အဝတ်အစားများကို ငုံ့ကြည့်လိုက်သည်။ အဖာအထေးများ ရှိနေသည့် အကြမ်းထည်၀တ်စုံက သူမ တစ်နှစ်ပတ်လုံးဝတ်ဆင်လေ့ရှိသည့် တိုက်ပွဲဝင်ဝတ်စုံ မဟုတ်နေခဲ့ပေ။ စစ်ပွဲ၏ မီးခိုးငွေ့များတွင် သူမ၏လက်အောက်ငယ်သားများနှင့် သစ္စာဖောက်များက သူမကို လုပ်ကြံရန် ကြံစည်ခဲ့ကြောင်းကို သူမ သတိရသွားပြီး သူမ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းကွဲသွားသည်ကို သူမ ပြန်တွေးနေမိသည်။ ယခုအချိန်တွင်  သူမ ပြန်လည်ရှင်ပြန်ထမြောက်လာကြောင်းကို သူမ လက်ခံရတော့မည် ဖြစ်သည်။

သူမ လက်ရှိရောက်နေသော တိုင်းပြည်ကို တာ့ရှဟုခေါ်ပြီး ထိုနေရာက သမိုင်းတွင် မှတ်တမ်းမတင်ထားသော တိုင်းပြည်ငယ်လေးတစ်ခု ဖြစ်သည်။ ဧကရာဇ်က အရည်အချင်းမရှိသူဖြစ်ကာ ၀န်ကြီးများကလည်း အကျင့်ပျက်ခြစားသူများဖြစ်သည်။ မိုးခေါင်ရေရှားမှု နှစ်နှစ်ဆက်တိုက် ဖြစ်ပွားခဲ့သော်လည်း တရားရုံးတော်မှ ကောက်ခံသော ကြီးမားလှသည့် အခွန်အခများက မနည်းလှသဖြင့် လူတို့မှာ အသက်မွေးဝမ်းကျောင်းမပြုနိုင်သည့် အခြေအနေသို့ပင် ရောက်ရှိသွားကြသည်။

သူမက ဤမျှခက်ခဲသောဘဝတွင် နေထိုင်နေရပြီ ဖြစ်သော်လည်း ဤဂြိုလ်ဆိုး မိခင်နှင့် သားဖြစ်သူက မူလပိုင်ရှင်ကို အလွန်အမင်း အနိုင်ကျင့်နေကြဆဲ ဖြစ်သည်။ သူတို့က တကယ်ကို ခွင့်လွှတ်ရန် မထိုက်တန်သူများ ဖြစ်နေခဲ့သည်။

လျိုပေါင်စန်းနှင့် အမျိုးသမီးစွင်းတို့က စူးချင်း၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်ကို မြင်နေကြရပြီး အမေနှင့်သားတို့က ထိတ်လန့်နေကြကာ သနားညှာပေးတာရန် ဆက်လက်တောင်းဆိုနေကြသည်။

အေးစက်သော စူးချင်းက ထိုနေရာသို့ လျှောက်သွားကာ လျိုပေါင်စန်း၏ ခေါင်းကို တက်နင်းလိုက်ပြီး သူ့မျက်နှာကို အပျက်အစီးပုံထဲသို့ ဆောင့်တွန်းချလိုက်သည်။

လျိုပေါင်စန်းက အလွန်ကြောက်လန့်သွားပြီး အသတ်ခံရတော့မည့်ဝက်ကဲ့သို့ သနားကြင်နာမှုကို တောင်းခံနေသည်။ "စူးချင်း၊ ငါတို့က လင်မယားတွေလေ၊ ငါ့ကို မသတ်ပါနဲ့၊ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့"

"စူးချင်း! စူးချင်း၊ နင်က နင် သေသွားတဲ့အတွက် မကျေနပ်ဘူးဆိုတာကို အမေ သိပါတယ်။ နင် ငြိမ်းငြိမ်းချမ်းချမ်း အနားယူလိုက်ပါ။ အမေက နင့်အတွက် အမွှေးတိုင်တွေ ထွန်းပေးပြီး စက္ကူတွေ အများကြီး မီးရှို့ပေးပါ့မယ်"

အမျိုးသမီးစွင်းက အလွန်ထိတ်လန့်သွားပြီး စူးချင်းကို ဦးတိုက်ကန်တော့နေခဲ့သည်။ သူမက စူးချင်း သေသွားပြီးနောက် အလောင်းက အသက်ပြန်ဝင်လာသည်ဟု ထင်နေကာ စူးချင်းကို သက်ရှိလူသားတစ်ဦးဟု မထင်ထားတော့ပေ။

မဟုတ်ရင် အရမ်းအောက်တန်းကျပြီး ရက်စက်ကြမ်းကြုတ်တဲ့ သူမက ရုတ်တရက် ဘယ်လိုလုပ် ဒီလောက် ကြောက်နေမှာတဲ့လဲ?

စူးချင်းက သူမ၏အသံကို နားထောင်ရန်ပင် အလွန်ပျင်းရိနေလေသည်။ သူမက အမှတ်တမဲ့ပုံစံဖြင့်  လျိုပေါင်စန်းကို လှမ်းကန်လိုက်ပြီး အေးစက်စွာ ကြည့်နေရင်း လေးနက်သောအသံဖြင့် အမိန့်ပေးလိုက်သည်။ "ငါ့အမိန့်ကို နာခံ... အဲ့လိုမှမဟုတ်ရင် နင်တို့ရဲ့ခွေးလို အသက်ကို ငါ သတ်ပစ်မယ်"

"ကောင်းပြီ! ကောင်းပြီ! ငါတို့ကို လွှတ်ပေးသရွေ့ နင် လုပ်ချင်တာမှန်သမျှ လုပ်ပေးပါ့မယ်!"

လျိုပေါင်စန်းက သေခြင်းတရားကို ကြောက်ရွံနေပြီး သူ့၏မျက်နှာတွင် နှပ်ချေးများ၊ မျက်ရည်များ ဖုံးလွှမ်းနေသည်။ ယခုအချိန်တွင် သူက တချိန်က ယုန်ဖြူငယ်ဖြစ်ခဲ့ဖူးသော ဤအမျိုးသမီးကို အရိုးထိအောင် ထိတ်လန့်ကြောက်ရွံနေပြီ ဖြစ်သည်။ သူမက  ကျားတစ်ကောက်လို သူကို ကိုက်သတ်မည်ကို  ကြောက်ရွံ့နေခဲ့သည်။

သူ သတိမထားရင် သူ့လည်ပင်းကို အကိုက်ခံရလိမ့်မယ်။

စူးချင်းက သူ့၏ထိခိုက်ဒဏ်ရာများကို လုံးဝ ဂရုမစိုက်ဘဲ သူ့ကို အပျက်အစီးများကြားထဲမှ  ဆွဲထုတ်လိုက်သည်။ သူမ၏ အပြုအမူများက ကြမ်းတမ်းပြီး ရက်စက်လွန်းသောကြောင့် လျိုပေါင်စန်းတစ်ယောက် နာကျင်စွာ အော်ဟစ်နေရသည်။ သူ၏ ဘယ်ဘက်လက်နှင့် ခြေထောက်နှစ်ချောင်းတို့က ထုတ်တန်းကြောင့် ကျိုးသွားခဲ့ပြီး ယခုအချိန်တွင် ခုခံနိုင်စွမ်းပင် မရှိတော့ပေ။ စူးချင်းက သူ့ကို ခွေးသေကောင်တစ်ကောင်လို ဆွဲခေါ်သွားပြီး ဖုန်များ ပြည့်နေသော ဝင်းထဲသို့ ပြန်လျောက်သွားခဲ့သည်။

စူးချင်းက မူလပိုင်ရှင်၏ မှတ်ဥာဏ်အပေါ် အခြေခံ၍ လျိုပေါင်စန်းကို လျိုမိသားစု၏ ဒုတိယသား လျိုပေါင်ကျူး၏ အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ လျိုပေါင်ကျူးက ပြိုကျခဲ့သည့် အဓိကအခန်းတွင် မနေဘဲ အနောက်ခန်းတွင် တစ်ယောက်တည်း နေထိုင်သူ ဖြစ်သည်။

လျိုမိသားစုအတွင်းတွင် လျိုပေါင်ကျူးက အနည်းငယ် ယဉ်ကျေးသောသူ ဖြစ်သည်။ သူက အငယ်တန်းစာမေးပွဲကို အောင်မြင်ပြီးနောက် ခရိုင်တွင် ပညာသင်ကြားနေခဲ့သည်။ လျိုမိသားစု၏ ပိုက်ဆံအများစုကို သူ့အတွက် သုံးစွဲခဲ့သည်။

အမျိုးသမီးစွင်း၏စကားအရ အနာဂတ်တွင် လျိုမိသားစု၏ ဂုဏ်သိက္ခာက လျိုပေါင်ကျူးပေါ်တွင် မူတည်သည်။ သူမက အရာရှိ၏မိခင်တစ်ဦး ဖြစ်ချင်နေခဲ့သည်။

ကံမကောင်းစွာဖြင့် လျိုပေါင်ကျူးက အငယ်တန်းအဆင့် ပညာသင် စာမေးပွဲကို အောင်မြင်ပြီး နောက်ထပ် အဆင့်မတက်နိုင်တော့ပေ။ သို့သော် သူက အိမ်ပြန်ပြီး လယ်လုပ်ရန် ငြင်းဆန်နေဆဲပင်။ သူက ချီရှန်းကျောင်းတော်တွင် ဆက်နေရန် တောင်းဆိုခဲ့သည့်အတွက် သူ့ကို ထောက်ပံ့ရန် စွင်းမိသားစုက သူတို့၏လယ်မြေများကို ရောင်းချခဲ့သည်။

စူးချင်းက လျိုပေါင်စန်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး လျိုပေါင်ကျူး၏ အိမ်ခန်းတွင် ထားရှိသော စာရွက်၊ မှင်၊ စုတ်တံနှင့် မှင်ကျောက်တစ်ခုကို ရှာဖွေကာ သူမက မှင်ကျောက်ပေါ်တွင် ရေအနည်းငယ်လောင်းကာ မှင်ကို စသွေးလိုက်သည်။

လျိုပေါင်စန်းက အလွန်မသက်မသာ အနေအထားဖြင့် မြေပြင်ပေါ်တွင် ခွေခေါက်နေခဲ့ပြီး အရိုးကျိုးသွားသော ပြင်းထန်သည့် နာကျင်မှုကြောင့် ဆက်တိုက်ဆိုသလို ညည်းတွားနေခဲ့သည်။ သူက စူးချင်း၏ လုပ်ရပ်ကြောင့် အံ့အားသင့်နေပြီး သူမ ဘာလုပ်ရန် ကြိုးစားနေသည်ကို နားမလည်သော်လည်း သူမက ဒေါသထွက်ကာ သူ့ကို သတ်ပစ်မည်ကို စိုးရိမ်သောကြောင့် မမေးရဲပေ။

မှင်သွေးပြီး သွားသော စူးချင်းက  လျိုပေါင်စန်းကို အေးစက်စွာ ကြည့်နေပြန်သည်။ သူမ၏ အေးစက်သော မျက်လုံးများကြောင့် နွေရာသီတွင်ပင် လျိုပေါင်စန်းတစ်ယောက် အေးခဲမတက် ထိတ်လန့်သွားခဲ့သည်။ သူက အမြန်ထထိုင်ကာ ခွေးကို မသတ်မီ ကရုဏာ တောင်းခံနေသကဲ့သို့ တုန်ရီနေသော မျက်လုံးများဖြင့် စူးချင်းကို ကြည့်နေလေသည်။

✍️✍️✍️