အခန်း ၃ လျှို့ဝှက်ဆန်းကြယ်သော
ဘဝအတွေ့အကြုံ
စူးချင်းက
အပျက်အစီးများမှ တောက်ပြောင်နေသော အရာဝတ္ထုလေးကို ကောက်ယူကြည့်လိုက်ပြီး ထိုအရာက အနက်ရောင်ခြူငယ်လေးတစ်ခု
ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုခြူလေးပေါ်ရှိပုံစံများက အလွန်ထူးဆန်းနေပြီး ၎င်းက
တိရစ္ဆာန်တစ်မျိုးမျိုးနှင့် ဆင်တူနေသည်။ ပတ်ပတ်လည်မှ ကြိုးကလည်း အနက်ရောင်ဖြစ်နေပြီး
ကြိုးကွင်းက အလွန်သေးငယ်ကာ ကလေးတစ်ယောက်၏ခြေကျင်းဝတ်တွင်သာ ဝတ်ဆင်နိုင်သော ခြေချင်းနှင့် ပိုတူနေသည်။
စူးချင်းက
ဘာမှ မဟုတ်သော ထိုခြူလေးကို လွှင့်ပစ်ရန် ပြင်ဆင်လိုက်သည်။ ရွှေငွေမဟုတ်သော ထိုခြူမျိုးက
များစွာ တန်ဖိုးမရှိပေ။
"ခနနေပါဦး! သခင်၊ မလွှင့်ပစ်ပါနဲ့”
ရှောင်ချီ၏
စိုးရိမ်သောကရောက်နေပုံရသော အော်သံလေးက စူးချင်းကို ရပ်တန့်သွားစေခဲ့သည်။ စူးချင်းက
ရှောင်ချီ၏ရှင်းပြချက်ကို စောင့်မျှော်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ဒီခြူလေးက သခင်ရဲ့မွေးရင်းဇာတိနဲ့ ဆက်စပ်နေတယ်"
ရှောင်ချီက
သူမသခင်၏အေးစက်မှုနှင့် လျစ်လျူရှုခြင်းများကို အသားကျနေပြီး သူ့သခင်က
မမေးသော်လည်း အမြန်ရှင်းပြလိုက်သည်။
"မူရင်းပိုင်ရှင်ရဲ့နံမည်ကို နင် သိလား?"
စူးချင်းက
ခြူလေးကို နေရောင်အောက်တွင် မြှောက်ထားပြီး ထိုပေါ်မှ တိရစ္ဆာန်ပုံစံလေးကို ကြည့်ရှုနေသော်လည်း
သူမ၏ အေးစက်သော အသံက ခံစားချက်မဲ့နေသည်။
“ရှောင်ချီက အဲ့တာကို မသိပေမယ့် သခင်က ခြူလေးကို ကောက်ကိုင်လိုက်တဲ့အချိန်မှာ
ဒီခြူခြေကျင်းလေးက မူလပိုင်ရှင်ရဲ့အထောက်အထားနဲ့ သက်ဆိုင်တယ်ဆိုတဲ့ စကားလုံးက
စခရင်ပေါ်မှာ ပေါ်လာတယ်”
စူးချင်းက
ခေါင်းညိတ်ပြလိုက်ပြီး ရှောင်ချီ ထိန်းသိမ်းပေးထားနိုင်ရန် ထိုခြူလေးကို စနစ်ထဲသို့
ပစ်ချလိုက်သည်။
ငွေကို
ရှာမတွေ့တော့သောကြောင့် ဤပျက်စီးနေသောနေရာတွင် နောက်ထပ်တစ်မိနစ်ပင် နေရန်
မလိုအပ်တော့ပေ။
စူးချင်းက
တောင်ပေါ်သို့ ခက်ခက်ခဲခဲ လျှောက်လှမ်းခဲ့သည်။ ဆေးပြားများ ပြုလုပ်နိုင်ရန်
လိုအပ်သော ဆေးဖက်ဝင်အပင်များကို စုဆောင်းရမည် ဖြစ်သည်။
အနီးနားရှိတောင်များပေါ်တွင်
သူမ လိုအပ်နေသော ဆေးဖက်ဝင်အပင်များ မရှိသော်လည်း သူမ ပြန်လည် သက်သာလာစေရန်အတွက်
လိုအပ်သော လင်ဇီးမှိုကို ထောင်ဟွားတောင်ပေါ်တွင် တွေ့ရှိခဲ့သည်ဟု သတင်းပို့ခဲ့သည်။
ထိုဆေးက အရေးကြီးဆုံးဖြစ်သောကြောင့် ခရီးဝေးဖြစ်နေလျှင်တောင် သူမ သွားရမည် ဖြစ်သည်။
ဆေးဝါးပြင်ဆင်မှုကို
အလာတကြီးလုပ်ရန် လိုအပ်နေသောကြောင့် အချိန်ကုန်သက်သာရန်အတွက် စူးချင်းက ထောင်ဟွားတောင်သို့ သွားရန် နွားလှည်း
ငှားလိုက်ပြီး တစ်ခုတည်းသော ပိုင်ဆိုင်မှုဖြစ်ငည့် ကြေးနီဒင်္ဂါးများကို အသုံးပြုလိုက်ရသည်။
ထောင်ဟွားတောင်က
နှစ်စဥ်နှစ်တိုင်း လေးလပိုင်းတွင် တောင်ပေါ်၌ ပွင့်တက်သော မက်မွန်ပန်းများကြောင့်
ကျော်ကြားလှသည်။ တောင်ပေါ်ရှိ ရှုခင်းများက ဒဏ္ဍာရီလာကုန်းမြေ၏ နွေဦးရာသီကဲ့သို့
လှပနေသည်။
ယခုက
ရှစ်လပိုင်း ဖြစ်သောကြောင့် မက်မွန်ပန်းများ ပွင့်သောရာသီ ကုန်ဆုံးခဲ့သည်မှာ
အချိန်အတော်ကြာနေပြီ ဖြစ်သည်။ ထိုသို့မဟုတ်လျှင်တောင် ရှတိုင်းပြည်က
မိုးခေါင်ရေရှားမှုနှင့် ကျိုင်းကောင်များ၏ဘေးဒဏ်ကို နှစ်နှစ်ကြာ ခံစားခဲ့ရပြီး
မက်မွန်ပင်များလည်း ညှိုးနွမ်းသွားခဲ့သောကြောင့် တောင်ကြီးတစ်ခုလုံးက
တစ်ဝက်တစ်ပျက် ခြောက်သွေ့နေသည့် အခြေအနေတွင် ရှိနေသည်။
စူးချင်းက
ရှုခင်းများကို ခံစားရန် ဤနေရာသို့ ရောက်လာခဲ့ခြင်း မဟုတ်ပေ။ သူမက သူမရှေ့မှ
တွန့်လိမ်နေသော တောင်စွယ်တန်းကြီးကို ကြည့်နေရင်း အေးစက်စွာ မေးလိုက်သည်။
“ရှောင်ချီ၊ ဘယ်လမ်းလဲ”
"အရှေ့"
ရှောင်ချီက
ဖန်သားပြင်ကို ကြည့်လိုက်ပြီး ထိုနေရာတွင် ဆေးရှိနေရုံသာမက လှပသော အနီရောင်
တိမ်တိုက်တစ်ခုကိုလည်း တွေ့လိုက်ရပြီး ထိုအနီရောင်တိမ်တိုက်ထဲတွင် ရွှေရောင်နဂါးကြီးတစ်ကောင်
ခပ်လှုပ်လှုပ် ပျံသန်းနေသည်ကို တွေ့လိုက်ရသည်။
ရှောင်ချီက
အလွန် အံ့သြနေပြီး သူ့သခင်ကို ပြောသင့် မပြောသင့် ရုန်းကန်နေရသည်။ သူ့သခင်ကို
ပြောပြရမှာလား?
နောက်ဆုံးတွင်
သူမက သူမ၏သခင်ကို ဘာမှ မပြောရန် ဆုံးဖြတ်လိုက်သည်။
သူမရဲ့သခင်က
ဒီလိုမသက်ဆိုင်တဲ့အရာတွေကို မကြားချင်ဘူးလေ။
စူးချင်းက
သူမ၏စကားများကို ရပ်လိုက်ပြီး အရှေ့ဘက်တောင်တန်းဆီသို့ လျှောက်သွားနေသည်။ သူမ၏အရင်ဘဝမှ
စစ်နတ်ဘုရား၏ခန္ဓာကိုယ်သာ ဖြစ်နေသေးလျှင် တောင်ပေါ်တက်ရသည်က မြေပြန့်တွင်
လျောက်လှမ်းနေရကဲ့သို့ လွယ်ကူနေမည် ဖြစ်သည်။ သို့သော် လက်ရှိတွင် ကုသရန် အချိန်ကျော်လွန်နေသည့် နာမကျန်းဖြစ်နေသော
ခန္ဓာကိုယ်ကြီးကြောင့် စူးချင်းအတွက် ဤတောင်ကို တက်ရသည်မှာ ကောင်းကင်ကို တက်ရသကဲ့သို့
ခက်ခဲလှလေသည်။
ဤခန္ဓာကိုယ်က
လေးကိုင်းကဲ့သို့ ကွေးညွှတ်နေပြီး တောင်ခြေရင်းသို့ရောက်သည့်အခါ စူးချင်းတစ်ယောက်
မထိန်းနိုင်တော့ပေ။ သူမ၏မျက်လုံးများက မည်းမှောင်လာပြီး လမ်းဘေးမှ မြောင်းထဲသို့
ပြုတ်ကျသွားတော့သည်။
စူးချင်း
မူးလဲသွားသည်နှင့် တပြိုင်နက် တောင်တက်လမ်းပေါ်၌ ဒုက္ခသည်တစ်စု ထွက်ပေါ်လာသည်။ ထိုလူများက
သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားပြီး တစ်စုံတစ်ခုမှ လွတ်မြောက်ရန် အခုမှ ထွက်ပြေးလာကြပုံရသည်။
တစ်ချို့က ဝန်များကို ထမ်းပိုးထားကြပြီး တစ်ချို့က ဘီးပါသော တွန်းလှည်းများကို
တွန်းလာကြကာ တစ်ချို့က အရွယ်အစားမျိုးစုံသော အိတ်များကို သယ်ဆောင်လာကြသည်။
ထိုအုပ်စုတွင်
ပါလာသော တစ်ခုတည်းသောလှည်းကို ကျွဲတစ်ကောင်ဖြင့် ဆွဲလာပြီး လှည်းပေါ်တွင်ရှိနေသောလူများမှာ
သက်ကြီးရွယ်အအိုများ၊ အားနည်းသူများ၊ ဖျားနာနေသူများနှင့် မသန်စွမ်းသူများ ဖြစ်ကြသည်။
မုတ်ဆိတ်မွေးများအပြည့်
ရှိနေသော သန်မာသည့်လူက ထိုလူစု၏ ရှေ့မှ လျှောက်လှမ်းနေသည်။ မှင်ရောင်သန်းနေသည့်
ထူထဲသော ဓားသဏ္ဍန် မျက်ခုံးအောက်တွင် နက်မှောင်သော ဖီးနစ်မျက်ဝန်းတစ်စုံရှိနေပြီး
သူ၏ မြင့်မားသော နှာတံတံတားက အေးစက်မာကျောသော မျက်နှာကောက်ကြောင်းကို ပုံဖော်ပေးထားသည်။
သူက ရှေ့ကို စိုက်ကြည့်နေပြီး သူ၏ စိတ်ပိုင်းဖြတ်ထားပုံရသော ပြတ်သားခိုင်မာသည့်မျက်လုံးများက
လူများကို အချိန်မရွေး အပိုင်းပိုင်းဖြတ်ရန် အသင့်ဖြစ်နေသော ကျားသစ်တစ်ကောင်ကဲ့သို့ဖြစ်နေပြီး
ကြောက်စရာကောင်းသည့် အေးစက်သော လူသတ်ရောင်ဝါများဖြင့် ပြည့်နှက်နေသည်။
သူက
တိရိစ္ဆာန်အရေခွံဖြင့် ပြုလုပ်ထားသော ဖိနပ်ကြမ်းနှင့် ဖျင်ကြမ်းအင်္ကျီ၊ဘောင်းဘီရှည်ကို
၀တ်ဆင်ထားသည်။ သူက အိုးများ၊ ပန်းကန်များ၊ ခွက်များ၊ အကြီးအသေးအရွယ်စုံအိတ်များ၊
စားနပ်ရိက္ခာများ၊ လယ်ယာသုံးကိရိယာများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ
ပြည့်နှက်နေသည့် သစ်သားတွန်းလှည်းကို ဆွဲကာ လျှောက်လှမ်းနေသည်။
သူ့ဘေးတွင်
ကောင်မလေးတစ်ယောက်လည်း ရှိနေပြီး သူမကို ကြည့်ရသည်မှာ အသက် ၁၄ နှစ် သို့မဟုတ် ၁၅
နှစ်ခန့်သာ ရှိပုံရသည်။ သူမတွင် ဘဲဥပုံမျက်နှာလေးရှိပြီး မိုးမခမျက်ခုံးလေး ရှိကာ
သူမ၏ မျက်နှာအသွင်အပြင်က အလွန်နုနယ်ပြီး လှပမှန်း သိသာနေသည်။ သူမက တောင်ပေါ်မှ မိန်းကလေးဖြစ်နေသော်လည်း
သူမ၏အသားအရေက အခြားမိန်းကလေးများကဲ့သို့ နီရဲနေခြင်း မရှိပေ။ ယင်းအစား
ပန်းရောင်နှင့် အဖြူရောင်သန်းနေသော အသားအရည်ကို ပိုင်ဆိုင်ထားသည်။ သူမ၏ ဗာဒံစေ့ပုံသဏ္ဍာန်
မျက်လုံးလေးများကလည်း အနက်ရောင် သန်းနေပြီး တစ်လက်လက် တောက်ပနေသည်။ သူမ ဝတ်ဆင်ထားသော
ကြမ်းတမ်းသည့် အ၀တ်အစားများကပင် သူမ၏အလှကို မထိခိုက်စေနိုင်ခဲ့ပေ။
ကလေးမလေးက
လမ်းလျှောက်ရသောကြောင့် ပင်ပန်းနေမှန်း သိသာထင်ရှားနေပြီး သူမ၏မျက်နှာလေးက နီရဲနေကာ
ချွေးများဖြင့် ဖုံးလွှမ်းနေလေသည်။ သူမက ချွေးများကို သုတ်နေရင်း ရှေ့ကို လှမ်းမျှော်ကြည့်လိုက်ရာ
အမျိုးသမီးတစ်ယောက် လမ်းဘေးမြောင်းထဲသို့ ပြုတ်ကျသွားသည်ကို တွေ့လိုက်ရသည်။
သူမက
အလွန်တုန်လှုပ်သွားပြီး သူမ၏အစ်ကိုကြီးကို လှမ်းအော်ပြောလိုက်သည်။ “အစ်ကိုကြီး၊
အဲဒီအမျိုးသမီးက ပြုတ်ကျသွားပြီ။ မြန်မြန် ကယ်လိုက်ပါ!”
ကျိရွှေရှန့်က
သူမ ပြောတာကို ကြားနေသော်လည်း တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး လှည်းကို ရှေ့သို့
ဆက်ဆွဲသွားသည်။
သူတို့တောင်မှ
အခုမှ အိမ်ကနေ ထွက်ပြေးလာတာလေ၊ ဒီလိုမျိုးတွေ လမ်းမှာ အများကြီး ကြုံနိုင်သေးတယ်။ သူတို့က
အားလုံးကို စီမံခန့်ခွဲနိုင်ပါ့မလား?
သူ့နောက်မှ
အဖွဲ့မှလည်း မည်သူမျှ အသံမထွက်ကြပေ။ လူတိုင်းတွင် ကျိရွှေရှန့်နှင့် တူညီသော အတွေးများရှိနေကြသည်။
ဒုက္ခနည်းလေလေ
ပိုကောင်းလေလေပါပဲ။
"အစ်ကိုကြီး! အစ်ကိုကြီး!”
သူမအစ်ကိုက
လူကို ကယ်တင်ရန် ငြင်းဆိုလိုက်သည်ကို နားလည်လိုက်သဖြင့် ကျိရှောင်ယင်က
စိုးရိမ်တကြီး ပြေးလိုက်လာပြီး သူ၏အင်္ကျီလက်ကို ဆွဲထားကာ လွှတ်ပေးရန် ငြင်းဆန်နေသည်။
သူမက
သူမ၏ဝှက်ဖဲကို ထုတ်လိုက်ပြီး ဆိုးသွမ်းသော ကလေးတစ်ယောက်ကဲ့သို့ အစ်ကိုဖြစ်သူ၏အင်္ကျီလက်ကို
ခါယမ်းနေရင်း “အစ်ကိုကြီး၊ ညီမလေးတို့ မကယ်ရင် သူ(မ) သေသွားလိမ့်မယ်"
ကျိရွှေရှန့်က
သူ့ညီမကို ကြည့်ရင်း မျက်မှောင်ကြုတ်နေကာ အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။
“လွှတ်စမ်း”
“မလွှတ်ဘူး၊ အစ်ကိုကြီး သူ(မ)ကို မကယ်ရင် ညီမလေးလည်း မလွှတ်ပေးဘူး"
ကျိရှောင်ယင်က
သူမ၏လက်ကို လွှတ်ပေးရန် ခေါင်းမာမာဖြင့် ငြင်းဆန်နေခဲ့ပြီး လူကယ်ပေးရန် သူမ၏အစ်ကိုကြီးကို တောင်းဆိုနေခဲ့သည်။
ဤတစ်ကြိမ်တွင်တော့
ကျိရွှေရှန့်က သူ့ညီမ၏ဆိုးသွမ်းမှု သည်းမခံနိုင်တော့ပေ။ သူက မှုန်ကုပ်ကုပ်မျက်နှာဖြင့်
သူမ၏လက်ကို ဆွဲဖယ်လိုက်ပြီး သစ်သားလှည်းကို တွန်းရင်း ရှေ့သို့ ဆက်သွားနေခဲ့သည်။
သူမအစ်ကို၏စိတ်ပိုင်းဖြတ်ထားသော
အမူအရာကို မြင်လိုက်သောကြောင့် ကျိရှောင်ယင်က ဒေါသတကြီးဖြင့် ခြေထောက်ဆောင့်လိုက်ကာ
“အစ်ကိုကြီးမှာ ကျောက်တုံးလို နှလုံးသားမျိုး ရှိနေတာလား? အစ်ကိုကြီး မကယ်ချင်ရင် ညီမလေးဘာသာ
ရအောင်ကယ်မယ်"
ပြောပြီးသည်နှင့်
တပြိုင်နက် သူမက မြောင်းထဲသို့ ပြေးဆင်းသွားတော့သည်။ မြောင်းက မနက်သော်လည်း တိမ်လည်းမတိမ်ဘဲ
လမ်းဘေးတစ်လျှောင်တွင် မြက်များနှင့် တွင်းပေါက်များနှင့် ပြည့်နေသည်။ ကျိရှောင်ယင်က
ချိုင့်တစ်ခုကို နင်းမိသွားပြီး လေထဲသို့ မြောက်တက်ကာ ပြန်ပြုတ်ကျသွားသည်။
“အား”
သူ့ညီမ၏
အထိတ်တလန့် အော်ဟစ်သံကို ကြားလိုက်သောကြောင့် ကျိရွှေရှန့်က သစ်သားလှည်းကို
ဘေးသို့ ပစ်ချလိုက်ပြီး မြောင်းအနားသို့ ပြေးသွားခဲ့သည်။ ခေါင်းပေါ်တွင် မြက်ခြောက်များ
ဖုံးလွှမ်းနေသော သူ့ညီမလေးက
မတ်တတ်ထရပ်သည်ကို မြင်လိုက်ရသောအခါတွင် သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"အစ်ကိုကြီး၊ သူ(မ) အသက်ရှင်နေသေးတယ်"
သူမ၏အစ်ကိုကြီးက
သူမကို ကယ်တင်ရန် ပြေးလာသည်ကို တွေ့လိုက်ရသောကြောင့် ကျိရှောင်ယင်၏ဒေါသများက
ပျောက်ကွယ်သွားခဲ့သည်။ သူမက သတိလစ်နေသော စူးချင်းကို လက်ညှိုးထိုးပြပြီး သူ့ကို
ပြုံးပြလိုက်သည်။
ကျိရွှေရှန့်က
မြောင်းအောက်ခြေတွင် လဲကျနေသော စူးချင်းကို တစ်ချက်ကြည့်လိုက်သည်။ ဒီမိန်းမက ဘာတွေဖြစ်ခဲ့တာလဲ။
သူမက ဆိုးဆိုးရွားရွား အရိုက်အနှက် ခံထားရတာလား? သူမရဲ့ပိန်ပိန်ပါးပါးခန္ဓာကိုယ်က တုတ်ချောင်းတစ်ချောင်းလို
ဖြစ်နေပြီး မြောင်းအောက်ခြေက ပေါင်းမြက်တွေထဲမှာ မြုပ်လုနီးပါး ဖြစ်နေပြီ။
ကျိရွှေရှန့်က
မျက်မှောင်ကြုတ်နေသည်။ သူ ဘာမှ မလုပ်ပေးရင် သူ့ညီမလေးက လုံးဝ သဘောမတူဘူးဆိုတာကို
သူ သိတယ်။ သူမရဲ့ခေါင်းမာတဲ့စရိုက်လေးကြောင့် သူမက ပြေးထွက်သွားလိမ့်မယ်။
“နောက်ထပ် အဲ့လို မလုပ်နဲ့တော့”
ကျိရွှေရှန့်က
လက်ကို မြှောက်ကာ သူ့ညီမလေး၏နဖူးကို ခေါက်လိုက်ရင်း သူ့မျက်နှာက မည်းမှောင်နေသည်။
သူက သူ့၏အင်အားကို သိပ်မသုံးထားသော်လည်း သူမကို နာကျင်စေနိုင်ပြီး သူက သူမကို
သင်ခန်းစာတစ်ခု သင်ပေးချင်နေခဲ့သည်။
"ညီမလေး သိပါပြီ"
ကျိရှောင်ယင်က
သူမ၏ နဖူးကို နာကျင်စွာ ဖုံးအုပ်ထားလိုက်သည်။ ဒါပေမယ့် သူမရဲ့အစ်ကိုကြီးက သနားစရာကောင်းတဲ့အစ်မကို
ကယ်တင်ပေးဖို့ ဆန္ဒရှိနေသရွေ့ သူမခေါင်းကို နောက်တစ်ကြိမ် ခေါက်မယ်ဆိုရင်တောင်
သူမက မဆိုင်းမတွ သဘောတူလိုက်မှာပါပဲ။
ကျိရွှေရှန့်က
စူးချင်းကို လှမ်းဆွဲလိုက်သည်။ သူ့လက်ထဲက အမျိုးသမီးက ပေါ့ပါးလွန်းတယ်။
ငှက်မွှေးကို ကိုင်ထားရသလိုမျိုး သူမရဲ့ကိုယ်အလေးချိန်ကို လုံးဝ မခံစားနိုင်ဘူး။
ကျိရွှေရှန့်က
နောက်ပြန်လှည့်ကာ သူ့ညီမလေးကို ပြန်မေးလိုက်သည်။ “မင်းဘာသာမင်း ပြန်တက်လို့ရလား?”
"အင်း၊ ညီမလေး တက်နိုင်ပါတယ်" ကျိရှောင်ယင်က ခေါင်းညိတ်ပြလိုက်သည်။ ဒီအမြင့်က
ဘယ်လောက်ရှိလို့လဲ? သူမက ဒီ့ထက်ပိုမြင့်တဲ့ နံရံတွေကိုတောင် တက်နိုင်သေးတယ်။
ကျိရွှေရှန့်၏ခြေထောက်များက
ရှည်လျားပြီး သူက ခြေလှမ်းများကို ခပ်ကျဲကျဲ လျောက်လှမ်းနိုင်သောကြောင့်
သစ်သားလှည်းဆီရောက်အောင် ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ရသည်။ သူကြောင့် သူ့အဖွဲ့လည်း
ရပ်သွားရပြီး ကျိရွှေရှန့် သယ်လာသော အမျိုးသမီးကို တွေ့လိုက်ရသောအခါ သူတို့အားလုံး
အေးစက်သည့်လေကို ရှုရှိုက်လိုက်ရသလို ခံစားလိုက်ကြရသည်။
သူမ
ဘာကြောင့် ဒီလောက်ထိ ဆိုးဆိုးရွားရွား အရိုက်ခံထားရတာလဲ?
အားနည်းတဲ့
အမျိုးသမီးတစ်ယောက်က ဒီလိုလူနေကျဲပါးတဲ့ နေရာကို ရောက်နေပြီး ဒီလို ရိုက်နှက်ခံထားရတယ်။
သူမ ဓားပြတွေနဲ့ တွေ့ခဲ့တာလား?
"ရှောင်ယင်၊ နေရာ ရှင်းပေးဦး"
ကျိရွှေရှန့်က
စူးချင်းကို သယ်ဆောင်ပြီး သူ့ညီမကို အမိန့်ပေးရန်အတွက် လှည့်ကြည့်လိုက်သည်။ ကျိရှောင်ယင်က
သူမအစ်ကို၏နောက်သို့ အနီးကပ်လိုက်ပါလာပြီး သူမ၏ခေါင်းမှ မြက်ခြောက်များကို ဖယ်နေရင်း
သဘောတူလိုက်သည်။
လှည်းထဲတွင်
ပစ္စည်းများစွာရှိနေသဖြင့် ရှောင်ယင်က သူတို့၏ပစ္စည်းများကို ဘေးသို့ ချထားလိုက်သည်။
သူမက စူးချင်းအတွက် အိပ်ယာခင်းကိုပင် ခင်းပေးလိုက်သေးသည်။
ကျိရွှေရှန့်က
စူးချင်းကို လှည်းပေါ်မတင်မီ သူမ အိပ်ယာခင်းပြီးအောင် စောင့်ဆိုင်းနေခဲ့သည်။
မျက်လုံးများ မှိတ်ထားပြီး မျက်နှာတွင် အညိုအမဲများ စွဲနေသော အမျိုးသမီးကို ကြည့်ရင်း
ကျိရွှေရှန့်တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်နေပြန်သည်။
သူမ ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာကို သူ သိချင်နေမိတယ်။
✍️✍️✍️