အခန်း(၁) - အစစ်အမှန် စီအီးအိုအဖေ
ချီမော့တစ်ယောက် ရေချိုးခန်းကနေ ထွက်လာသည်။ သူ၏ ကျယ်ပြောသော ပုခုံး၊
တောင့်တင်းနေသော ဗိုက်ကြွက်သား၊ သေးသွယ်သောခါး၊ လျော့ရဲစွာ ဝတ်ထားသော
ရေချိုးဝတ်စုံနှင့် အတူ မှိန်ပျပျ မီးရောင်အောက်တွင် မြင်တွေ့ရသည်မှာ အလွန်ပင်
ဆွဲဆောင်မှု ရှိလှသည်။
အိပ်ရာစွန်းတွင် လှဲလျောင်းနေသော ရှန်းမူမူသည် ဆွဲဆောင်မှုရှိလှသော
သူမ၏ ကောက်ကြောင်းကို ဖော်ပြရင်း နီရဲနေသော နှုတ်ခမ်းပါးလေးမှာ စူနေပြီး
ဟစိဟစိဖြစ်နေသည်။
“ချီမော့၊ ရှင် ဒါလေးတောင် မစွမ်းဆောင်နိုင်ဘူးလား၊ ကျွန်မ
ဒီလိုဖြစ်နေတာတောင် မထိသေးဘူးလား”
စကားလုံးများအဆုံးတွင် ထိုအမျိုးသားသည် နက်မှောင်သော သူ့မျက်ဝန်းဖြင့်
ထူးဆန်းသောအကြည့် ကြည့်လိုက်သည်။
ဝတ္ထုထဲကို အခုမှ ရောက်လာသော ရှန်းမူမူ ကိုယ်တိုင်သည်ပင်
ထိုစကားလုံးများကြောင့် အံ့သြသွားခဲ့သည်။ သူမ၏ မျက်စိရှေ့တွင် အလင်းတန်းတစ်ခု
ဖြတ်သွားတာကိုလည်း တွေ့လိုက်ရသည်။
ရှန်းမူမူသည် ဇာတ်လိုက်မင်းသား၏ ယုတ်မာကြမ်းကြုတ်သော မိထွေးဖြစ်သူ
ခန္ဓာကိုယ်ထဲကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
ခန့်ညားပြီး ဂုဏ်ကျက်သရေ ကိုယ်ရောင်ကိုယ်ဝါရှိနေသော ထိုအမျိုးသားမှာ
ဇာတ်လိုက်မင်းသား ချီရှောင်ပိုင် မဟုတ်ချေ။
မင်းသား၏ အဖေ - ဖေဖေစီအီးအိုကြီး ချီမော့ဖြစ်နေပေသည်။
မှိန်ပျသောအလင်းရောင်ကြောင့် ရှန်းမူမူမှာ ထိုသူ၏ မျက်နှာကို
သေချာမမြင်ရသော်လည်း ဘေးဘီက လေထု အခြေအနေကို ခန့်မှန်းမိနေသည်။
အခြေအနေမှာ အူကြောင်ကြောင်နိုင်ပြီး နေရခက်နေသည်။
ဤဝတ္ထု၏မူလစာရေးဆရာက သူမရောက်ရှိလာသော ဇာတ်ကောင်အတွက် သူမ၏
ခင်ပွန်းအမျိူးသား အသစ်စက်စက်လေးမှာ သူမခန္ဓာကိုယ်လိုအင်ဆန္ဒကို မဖြည့်ဆည်းပေးချေ။
သူတို့နှစ်ယောက်ကြား ဆက်ဆံရေးသည် လုံးဝအောက်ဆုံးအဆင့်မှာ ရှိနေခဲ့သည်။
ချီမော့၏ စူးရှပြီး ရက်စက်သော မျက်ဝန်းအကြည့်သည်
ထိုနေရာမှလွှဲလိုက်ပြီး အိပ်ရာဘေးရှိ စားပွဲဆီရောက်သွားခဲ့သည်။
ဝိုင်ပုလင်းဘေးနား မြင်သာနေသော ကွန်ဒုံးဘူးဆီ ရောက်သွားခဲ့သည်။
သူ၏နက်ရှိင်းသောအကြည့်နှင့် ခံစားချက်မှာ သူ၏အသံသြဖြင့်
ညင်သာစွာပြောနေသော်လည်း ဝေခွဲမရ ဖြစ်နေသည်။
“ကိုယ်တို့က ပြီးခဲ့တဲ့လကပဲ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီးပြီ၊
အဲ့ဒါကို မင်းက အခုမှ နောင်တတွေရပြီး ကွာရှင်းချင်နေပြီလား”
စာချုပ်ပါအရဆိုလျှင် လင်မယားအဖြစ် ဟန်ဆောင်ရုံပဲဖြစ်ပြီး
တကယ့်လင်မယားလို နေထိုင်စရာ မလိုပေ။
သူ့အမြင်တွင် သူမစကားလုံးများဟာ ထိုသဘောတူစာချုပ်ကို စောစောစီးစီး
ပယ်ဖျက်ချင်သလို ပုံစံဖြစ်နေသည်။
ရှန်းမူမူသည် အခုမှသာ ဝတ္ထုကမ္ဘာထဲကို ရောက်လာသောကြောင့်
အဖြစ်အပျက်များကို အံ့သြမဆုံး ဖြစ်နေပေသည်။
သူ့မေးခွန်းကို ချက်ချင်း အဖြေမပေးသေးပဲ လက်သည်းထိပ်များကို ကိုက်ရင်း
လေးနက်စွာ စဉ်းစားနေလေသည်။
ထိုအမျိုးသားပြောခဲ့သည်မှာ ပြီးခဲ့တဲ့လက လက်ထပ်စာချုပ်တွင်
လက်မှတ်ထိုးခဲ့ရုံပဲဖြစ်သည်။
ထို့ကြောင့် သူမ၏ ဇာတ်ကောင်မှာ ချီမိသားစုတွင် လပိုင်းလောက်က
လက်ထပ်ပြီးခါစ ဖြစ်နေသည်။
ထို့နောက် ဤဝတ္ထု၏ ဇာတ်လိုက်မင်းသားဖြစ်သူ ချီရှောင်ပိုင်မှာ ယခုတွင်
အသက်၁၇နှစ်သာ ရှိသေးသည်လော။
ဤဝတ္ထုမှာ ချီရှောင်ပိုင်သည် တက္ကသိုလ်မှဘွဲ့ရပြီးချိန်ဖြစ်ပြီး
ချမ်းသာပြီးသုန်မှုန်နေတတ်သော သခင်လေးနှင့် ဘာမဆိုအကောင်းမြင်တတ်သော
ဇာတ်လိုက်မင်းသမီးတို့ကြား အချစ်-အမုန်းဇာတ်လမ်းလေးကနေ စတင်လာခြင်းပင်ဖြစ်သည်။
သူမ၏ လက်ရှိဇာတ်ကောင်သည် ဝတ္ထုထဲတွင် သူမ အကြောင်း အနည်းအကျဉ်းမျှသာ
ရေးထားသော ဇာတ်ပို့ဇာတ်ရံတစ်ခုသာ ဖြစ်ပေသည်။
တစ်နည်းအားဖြင့် မူလပိုင်ရှင်သည် မင်းသား၏ ငယ်ရွယ်ဆိုးသွမ်းမှုကို
တစ်ဖက်တစ်လမ်းကနေ နှိုးဆွပေးခြင်းဖြစ်သည်။
သားအဖနှစ်ယောက်ကြား ဆက်ဆံရေးကို ချယ်လှယ်ပြီး သူမ၏ သွေးသားရင်းကို
မွေးဖွားကာ ချီမိသားစုအမွေဆက်ခံသူဖြစ်အောင် ကြံရွယ်နေလေသည်။
ထိုယုတ်မာလှသော မိထွေးဖြစ်သူမှာ အဆုံးသတ်မလှပဲ ချီမိသားစုမှ
နှင်ထုတ်ခံခဲ့ရသည်။
ရှန်းမူမူသည် သူမတစ်ဝက်သာဖတ်ထားသောဝတ္ထုအကြောင်းကို
ပြန်လည်စဉ်းစားရင်း အံ့သြရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။
ဇာတ်ကွက်အရ သူမ၏ဇာတ်ကောင်မှာ ယခုနှစ်တွင် အသက်၂၈နှစ်ရှိနေပြီး
သူမ၏ယခုလက်ရှိအသက်နှင့် ထပ်တူကျနေလေသည်။
ထိုအရာကိုတွေးမိပြီး အံ့အားသင့်မှုကြောင့်
မလှုပ်မယှက်နိုင်ဖြစ်နေခဲ့သည်။
သူမနှင့်နှိုင်းယှဉ်ရလျှင် မင်းသား၏အဖေဖြစ်သူ ချီမော့မှာ ယခုတွင်
အသက်၃၈ရှိနေပြီ။
သူမနက်နဲစွာတွေးတောနေစဉ်မှာပင် ချီမော့သည် သူ၏ ခြေတံရှည်ကြီးဖြင့်
သူမဆီလျှောက်လာခဲ့သည်။
ထိုသူ၏ အရပ်မှာ အနည်းဆုံး ၁၈၈စင်တီမီတာရှည်ပြီး
ခန္ဓာကိုယ်အချိုးအဆလည်း ပြေပြစ်လှသည်။
သူသည် နီးသထက်နီးအောင် သူမဆီ လျှောက်လာခဲ့သည့်အလျောက် သူ့ရဲ့
ခန့်ညားချောမောသော မျက်နှာမှာ အလင်းရောင်နှင့် အရိပ်တို့ဆော့ကစားနေသည့်ကြားမှ
ရှင်းလင်းစွာမြင်ရလာခဲ့သည်။
ဖြောင့်တန်းပြီး မြင့်တက်နေသောနှာတံ၊ စူးရှတောက်ပနေသော မျက်ဝန်းနက်၊
အေးစက်ပြီး ဖျော့တော့သော အသားရောင်နှင့်အတူ သူ၏ကော်လံရိုးတွင် ရေစက်ကလေးအချို့သည်
တွယ်ကပ်လျက်ရှိသည်။
သူလျှောက်လှမ်းလာသောကြောင့် ရေစက်ကလေးများမှာ ရေချိုးဝတ်စုံအောက်သို့
ကျဆင်းသွားပြီး သူ၏ ဆွဲဆောင်မှုရှိသော ကိုယ်ရောင်ကိုယ်ဝါမှာ ပေါ်လွင်လာခဲ့သည်။
ရှန်းမူမူမှာ ထိုမြင်ကွင်းကြောင့် သတိမမူမိပဲ သွားရည်ကျနေမိသည်။
သူမမှာ ဒီလောက်ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်သည် ၃၈နှစ် အရွယ်
လူကြီးတစ်ယောက်၏ ခန္ဓာကိုယ်ဖြစ်နေသည်ကို မယုံနိုင်ဖြစ်မိသည်။
နှစ်ယောက်စလုံးသည် ရမ္မက်များနှင့် ပြည့်နှက်နေပြီး အခန်းတွင်း
မှိန်ပျပြအလင်းရောင်နှင့် မွှေးရနံ့သင်းသင်းလေးဟာလည်း လွှမ်းမိုးလျက်ရှိနေသည်။
ချီမော့က “မင်းစောစောစီးစီး ကွာရှင်းချင်ပြီလား”ဟု ထပ်ပြီး မမေးခင်မှာပဲ ရှန်းမူမူသည် သူမ၏ ဇာပါးဂါဝန်လေး ဝတ်ထားသော
ခန္ဓာကိုယ်လေးကို စောင်ဖြင့် မလုံ့တလုံဖုံးကွယ်လိုက်ပြီး ပြတ်ပြတ်သားသား
ပြန်ပြောလိုက်သည်မှာ-
“မကွာရှင်းဘူး၊ မကွာရှင်းသေးဘူး၊ ကျွန်မ ဒီအတိုင်း အများကြီးသောက်မိလို့
လျှောက်ပြောနေတာ”
ချီမော့သည် မျက်ခုံးနည်းနည်း ပင့်သွားပြီး သူ့အကြည့်မှာ သူ့ရှေ့တွင်
ရှိသော ဇနီးအသစ်စက်စက်လေး မျက်နှာပေါ် ရောက်ရှိသွားသည်။
“မင်း သေချာရဲ့လား” သူ ပြောလေသည်။
သူသည် သူတစ်ပါးကို အတင်းအကြပ် စေခိုင်းတာကို မကြိုက်ချေ။ သူ့ဆီကနေ သူမ
ထွက်သွားချင်လျှင် အချိန်မရွေး ထွက်သွားခွင့်ပြုထားသည်။
ထိုသူ၏ အသံမှာ တည်ငြိမ်နေသော်လည်း ရှန်းမူမူသည် ဖိနှိပ်ချုပ်ချယ်မှု၏
သဘောတရားကို ခံစားမိလေသည်။
သူမသည် တစ်ခဏတာ နှုတ်ဆိတ်သွားခဲ့ပြီးနောက် ခေါင်းကို အားပါပါဖြင့်
ညိတ်ပြရင်း-
“လုံးဝပဲ၊ အသေအချာပဲ လုံးဝအသေအချာပဲ” ဟု
ပြန်လည်တုံ့ပြန်ခဲ့သည်။
သူမ လိုချင်သော ချမ်းသာကြွယ်ဝသော သခင်မဘဝကို ကံကောင်းစွာ
ရခဲ့သောကြောင့် ထိုဘဝကို အပြည့်အဝ မသာယာလိုက်ရပဲ စောစီးစွာပင်
မည်သို့သောအကြောင်းကြောင့် ကွာရှင်းပြီး အဆုံးသတ်ရမည်နည်း။
သူမအတွက် အကျိုးမရှိသော သဘောတူညီမှုမျိုး သူမ လုပ်မည် မဟုတ်ပေ။
ထိုသို့မလုပ်ရခြင်းမှာ သူမ၏ ချောမောလှစွာသော ယောကျာ်းဖြစ်သူကြောင့်
မဟုတ်သလို ကိုယ့်ဝမ်းမနာသားဖြစ်သော ဇာတ်လိုက်မင်းသားကို သားအဖြစ်
တော်စပ်ရသောကြောင့်လည်း မဟုတ်ပေ။
ချီမော့သည် စကားများ ရေရွတ်နေသော ဇနီးဖြစ်သူမျက်နှာကို
ငေးကြည့်နေမိသည်။
သူမကို ကြည့်ရသည်မှာ အရင်ကနှင့်မတူပဲ ထူးခြားနေသည်။ သို့သော်လည်း
ဘာကြောင့် အခုလိုဖြစ်သွားသည်ကို သူမမေးချင်တော့ပါ။
စာရွက်တစ်ရွက်ကြောင့်သာ လင်မယားဖြစ်ကြောင်း သတ်မှတ်ခြင်းခံရသော
ဆက်ဆံရေးမျိူးသည် သူစိမ်းတွေဖြစ်နေခြင်းနှင့် မခြားနားပေ။
သူမ၏ ထူးခြားသော အကျင့်စရိုက်များကိုလည်း သူ မမှုတော့ချေ။
သူမသာ ဇနီးတစ်ယောက်အဖြစ် ဟန်ဆောင်ပေးနေသရွေ့ ဘယ်အရာမှ
အရေးမကြီးတော့ပြီ။
“ဟင်း” သူ့အသံသြသြဖြင့် တိုးတိတ်စွာ
တုံပြန်လိုက်လေသည်။
ထို့နောက် ရေချိုးဝတ်စုံကို ချွတ်လိုက်ပြီး နံဘေးတွင် ချထားလိုက်သည်။
သူ၏ အပေါ်ပိုင်းခန္ဓာကိုယ်မှာ ကြွက်သားများနှင့် တောင့်ဖြောင့်နေသည်။
ပုခုံးမှာလည်းကျယ်ပြောလှပြီး ခါးနေရာတွင် သိသိသာသာ သွယ်သွားလေသည်။
ရှန်းမူမူသည် မခို့တရို့ကြည့်ရင်း သူမ၏နားရွက်များမှာ
ရှက်သွေးဖြာနီရဲလာသည်။
သူမ နံဘေးတွင် ချီမော့ ဝင်ရောက်လှဲလျောင်းသွားသည့်အလျောက် အိပ်ရာမှာ
အနည်းငယ် အိစင်းသွားခဲ့သည်။
ရေချိုးပြီးခါစ ဆပ်ပြာရနံ့နှင့် ယောကျာ်းတစ်ယောက်၏
ကိုယ်သင်းရနံ့တို့မှာ သူမနှာဖြားကို အတင်းတိုးဝှေ့ ဝင်ရောက်လာလေသည်။
မှေးမှိန်နေသော အခန်း၏အလင်းရောင်တွင် ချီမော့၏ ပြစ်ချက်ကင်း
ကြည့်ကောင်းနေသော မျက်ခုံး မျက်လုံးတို့မှာ မြင်တွေ့လိုက်ရသူအဖို့
မှင်သက်သွားလောက်သည်။
သူ၏ အသံသြသြမှာ အရင်ကနှင့်မတူပဲ ထူးခြားသော အသံနေအသံထားဖြင့်- “အိပ်တော့” ဟု ဆိုလာခဲ့သည်။
ထိုသို့ပြောပြီး ရှယ်လျားသွယ်တန်းသော သူ၏လက်ချောင်းများမှာ
အိပ်ရာဘေးရှိ မီးအိမ်ခလုတ်ကို ပိတ်လိုက်လေသည်။
အလင်းရောင်လေးနှင့်အတူ ဆွဲဆောင်မှုရှိလှသော အသံမှာ
အခန်းမှောင်မိုက်သွားသည်နှင့် တစ်ပြိုက်နက် ပျောက်ကွယ်သွားခဲ့သည်။
ချီမော့လိုလူတစ်ယောက်က သူမနံဘေးတွင် အိပ်စက်နေသောကြောင့် သူမရင်ဘတ်မှာ
တင်းကြပ်သလို ခံစားရသည်။
တစ်ညလုံး အိပ်ရာပေါ်တွင် ဟိုလိမ့်ဒီလိမ့်ဖြင့်
မနက်လင်းစမှသာ အိပ်ပျော်သွားခဲ့သည်။
နိုးလာသောအချိန်မှာ နေ့လည်၂နာရီဖြစ်နေပြီး ချီမော့အလုပ်သွားသည်မှာ
ကြာလှပြီ။
နောက်ဆုံးတော့ သူမအနေဖြင့် စိတ်ဖိစီးမှု တစ်စုံတစ်ရာမှမရှိပဲ ကံကြမ္မာ
စီစဉ်ပေးသော အိမ်သစ်ကြီးကို အေးအေးဆေးဆေး လှည့်ပတ်ကြည့်ရှုနိုင်တော့သည်။
ရှီယုယွဲတင်ဆိုသော အထင်ရှားဆုံးအိမ်ရာမြေသည် မြို့တော်၏ ရေကန်ပါရှိသော
အပန်းဖြေအိမ်ရာဝန်းများထဲတွင် အကြီးဆုံး ဖြစ်ပေသည်။
အိပ်ခန်း ၈ခန်း၊ ဧည့်ခန်း ၁၂ခန်း၊ ရေချိုးခန်း ၉ခန်း၊ လသာဆောင်
၅ခန်းနှင့်အတူ ရုပ်ရှင်ရုံသေး၊ အားကစားရုံ၊ ဂိမ်းကစားခန်း၊
ဝိုင်သိုလှောင်ခန်းစသောအခန်းများစွာ ပါဝင်နေသည်။
အိမ်၏ အပြင်ဘက်တွင် ရေကူးကန်နှင့် အိမ်အစေခံများအတွက် သီးသန့်ပေးနေသော
အဆောင်များလည်း ရှိနေပေသည်။
ရှန်းမူမူ စဉ်းစားမိသည်မှာ ဤဝတ္ထုကမ္ဘာထဲမရောက်ခင် သူမ၏ အရင်ဘဝတွင်
မျိုးဆက်၃ဆက်စာ အလုပ်လုပ်မှသာ ထိုအိမ်မျိုးဝယ်နိုင်မည်ဖြစ်သည်။
နိုင်ငံခြားကုမ္ပဏီတွင် ရာထူးအကြီးပိုင်းရပြီး လစာမှာမနည်းသော်လည်း
အိမ်ခြံမြေစျေးများမှာ သူမ လစာတိုးခြင်းထက် ပိုမိုလျင်မြန်စွာ ထိုးတက်လာသောကြောင့်
သူမ မျက်စိကျနေသော အိမ်အကြီးကြီးကို ဝယ်ယူချင်သော်လည်း ယခုထိ လုံလောက်စွာ ငွေကြေး
မစုဆောင်းနိုင်မိသေးချေ။
သို့ပေမဲ့ ဝယ်ယူဖို့မတတ်နိုင်သေးလျှင် ထိုမတတ်နိုင်မှုတွင်
အားသာချက်တစ်ခုတော့ ရှိနေပေသည်။
မိဘက အိမ်ထောင်ပြုခိုင်းဖို့ ဆူပူလာသည့်အခါ “အိမ်အရင်ဝယ်မယ် ပြီးမှ နောက်ဟာ ဆက်လုပ်မယ်” ဆိုပြီး
အချိန်တစ်ခုထိ ဆွဲထားလို့ရနေခြင်းကြောင့် ဖြစ်သည်။
အိမ်ကြီးကို လှည့်ပတ်ကြည့်ပြီး ခြေထောက်များနာကျင်နေသော်လည်း
ရှန်းမူမူမှာ ပင်ပန်းပုံမပေါ်ပေ။
အကြီးဆုံးပြသာနာနှစ်ခုဖြစ်သော အိမ်တစ်လုံးဝယ်ယူခြင်းနှင့် မိဘ၏
အိမ်ထောင်ပြုခိုင်းမှုကို တစ်ခါတည်း ဖြေရှင်းပြီးသားဖြစ်သွားလို့ပဲ ဖြစ်သည်။
ထို့ကြောင့် ဘာမှ စိတ်မကျေနပ်စရာ မရှိတော့ပေ။
“ဝေါင်း”
“အကြီးကြီးပဲ”
“အိုးမိုင်ဂေါ့”
အိမ်တော်ထိန်းမှာ ရှန်းမူမူနောက်တွင် ပရိုဖက်ရှင်နယ်ဆန်စွာ
တည်ငြိမ်သော အပြုအမူဖြင့် သူကြားသမျှ အံ့သြသံများကို လျစ်လျူရှုထားသည်။
ရှန်းမူမူသည် ဧည့်ခန်းရှိ သရေသားဆိုဖာခုံပေါ်တွင်
ထိုင်ချလိုက်တော့မှသာ မေးမြန်းဖို့ စကားပြောထွက်လာခဲ့လေသည်။
“သခင်မ၊ မနေ့ကသခင်မစားသောက်ဖို့ကို သေချာမညွှန်ကြားခဲ့တော့ ကျွန်တော်
တရုတ်စားဖိုမှုးနဲ့ အနောက်နိုင်ငံက စားဖိုမှုးကို ခေါ်ထားပြီး စားစရာနည်းနည်း
လုပ်ထားခိုင်းပါတယ်။ ပုံမှန်ထမင်းစားခန်းမှာ စားသောက်မလား ဒါမှမဟုတ်
သခင်မအိပ်ခန်းထဲမှာပဲ စားသောက်ဖို့အတွက် ယူလာပေးရမလား ခင်ဗျာ”
“ထမင်းစားခန်းမှာပဲ စားမယ်”
ရှန်းမူမူမှာ အိမ်တော်ထိန်းပြောသော “စားစရာနည်းနည်း”ကို ထမင်းစား
စားပွဲရှည်ကြီးတွင် ထိုင်ချလိုက်တော့မှာ သဘောပေါက်သွားခဲ့သည်။
တရုတ်အစားအစာနှင့် အနောက်နိုင်ငံအစားအစာပန်းကန်များမှာ များပြားစွာ
တည်ခင်းထားကြောင်း တွေ့ လိုက်ရသည်။
“အမလေး၊ တကယ့်ကိုပဲ…..”