အခန်း(၃) - အိုး… နူးညံ့သိမ်မွေ့တဲ့ မိထွေးလေးက ဆော့ကစားချင်စရာလေးပါလား
ထိုလူငယ်ကောင်လေးများ စကားပြောနေသည်ကို ရှန်းမူမူတစ်ယောက်
နားထောင်နေရင်း ကျေနပ်သယောင် ရှိပေမဲ့ စိတ်ထဲသဘောမတွေ့သလို ဖြစ်မိသည်။
ဝတ္ထုအရ ချီရှောင်ပိုင်သည် လူကြီးများ၏ ဂရုစိုက်မှုကို လိုချင်သဖြင့်
တမင်တကာ ဆိုးသွမ်းပုန်ကန်ပြနေခြင်း ဖြစ်သည်။
ဒီနေ့တွင် သူ့သူငယ်ချင်းများ ခေါ်လာသည်မှာလည်း ထိုအကြောင်းကြောင့်ပင်
ဖြစ်ပေမည်။
ထိုအချိန်တွင် ချီရှောင်ပိုင်သည် အပေါ်ထပ်လှေကားကို
လှမ်းကြည့်လိုက်သည်။
သူ့အကြည့်သည် ရှန်းမူမူ၏ နောင်တရသဖွယ် ချစ်ခြင်းမေတ္တာနှင့်
ပြည့်နေသော အကြည့်နှင့် သွားဆုံခဲ့သည်။
သူတို့အကြည့်ချင်းဆုံပြီးလျှင် ရှန်းမူမူသည် သူမ၏ နှုတ်ခမ်းပါးမှာ
ပြုံးယောင်သန်းနေပါသည်။
ချီရှောင်ပိုင်မှာ ခဏတာ တုံ့ဆိုင်းသွားခဲ့သည် - ”?”
ထိုလူငယ်လေးများ၏ အာရုံစိုက်စရာ တစ်ခုတည်းဖြစ်သောအရာမှာ
ချီရှောင်ပိုင်၏ မျက်နှာအမူအရာပင် ဖြစ်ပေသည်။
ထို့ကြောင့် ချီရှောင်ပိုင်၏အမူအရာကို သတိထားမိကာ သူကြည့်ရာသို့
ထိုလူငယ်များက လှမ်းကြည့်လိုက်ရာ ရှန်းမူမူကို တွေ့သွားကြသည်။
သို့သော်လည်း အထက်တန်းကျောင်းသားအရွယ်သာ ရှိသေးသော ကောင်လေးများသည်
အရွယ်ရောက်လူကြီးများကို ကြောက်ရွံ့ကြသည်။ သူတို့သည် ချီရှောင်ပိုင်၏
မေမေလေးအကြောင်း အတင်းပြောနေကြသော်လည်း တကယ့်လက်တွေ့တွင် လူချင်းတွေ့လိုက်ရသောအခါ
သူမအပေါ် ထားရှိသော ရိုင်းစိုင်းမှုများကို ဖုံးကွယ်လိုက်ကြသည်။
တစ်ယောက်သော လူငယ်လေးက ချီရှောင်ပိုင်၏ ပုခုံးကို ပုတ်လိုက်ပြီး
မေးလိုက်ပါသည်။
“ချီရှောင်ပိုင်၊ အဲ့မမလှလှလေးက ဘယ်သူလဲ”
ချီရှောင်ပိုင်သည် ထိုလူငယ်လေးကို မျက်မှောင်ကြုတ်ကာ
စိုက်ကြည့်လိုက်ပြီး အေးစက်သော လေသံဖြင့် ပြန်ဖြေလိုက်လေသည်။
“မင်း စကားကို ကောင်းကောင်း မပြောနိုင်ရင် ဘာတစ်ခွန်းမှ ပြောမနေနဲ့”
ထိုလူငယ်လေးမှာ သူ့ပါးစပ်ကို လက်ဖြင့် အုပ်ရင်း အံ့သြသွားကာ
အသံတိုးတိုးဖြင့် မေးလိုက်သေးသည်။
“မင်းရဲ့ မေမေလေးတော့ မဟုတ်ပါဘူးနော်”
ချီရှောင်ပိုင်မှာ ဟုတ်သည်လည်းမပြော မဟုတ်ဘူးဟူ၍လည်း မငြင်းပဲ
ရှိနေလေသည်။
သူသည် ရှန်းမူမူ၏ ဖြစ်တည်မှုကို လျစ်လျူရှုထားပြီး ဆိုဖာပေါ်ကို
ပျင်းပျင်းရိရိနှင့် ထိုင်လိုက်သည်။
“သူမကို သွားပြီး အာရုံထဲ ထည့်မနေနဲ့၊ ငါတို့လုပ်စရာရှိတာ ဆက်လုပ်ကြမယ်”
ချီရှောင်ပိုင်၏ အပြုအမူကြောင့် တစ်ဖွဲ့သားလုံးမှာ သူမသည် သူ၏မေမေလေး
ဟုတ်မဟုတ်ကို ဝေခွဲမရ ဖြစ်နေလေသည်။
ထိုသို့ဖြစ်ရခြင်းမှာ အပြုံးလှလှနဲ့ လှပကျော့ရှင်းသော
ထိုအမျိုးသမီးမှာ သူတို့စိတ်ကူးထားသော ရက်စက်တတ်သည့် မိထွေးပုံစံနှင့်
မကိုက်ညီသောကြောင့်ဖြစ်ပေသည်။ သူမကိုမြင်ပြီးမှသာ သူတို့ကိုယ်သူတို့ ဤအိမ်ကို
ဧည့်သည်အဖြစ် ရောက်လာခဲ့သည်ကို ပြန်လည်သတိရမိသည်။
လူငယ်လေးတစ်ယောက်မှ အော်ခေါ်လိုက်သည် - ”အန်တီ”
ကျယ်လောင်ပြီး စူးရှသော ထိုအော်ခေါ်သံသည် လှေေကားတစ်ခွင်
ပဲ့တင်သံထပ်သွားခဲ့သည်။
အန်တီဟူ၍ အခေါ်ခံလိုက်ရသောကြောင့် ရှန်းမူမူမှာ လန့်သွားသည်။
သူမသည် အသက်၂၈နှစ်သာရှိပြီး ငယ်လည်းမငယ် အိုလည်းမအိုသော်လည်း ထိုသို့
တစ်ခါမှ အခေါ်မခံရဖူးချေ။
အန်တီဟု အော်ခေါ်သံကြောင့် သူမကိုယ်သူမ အသက်၂၀အရွယ်ထက်
အသက်ကြီးသွားသလို ခံစားလိုက်ရသည်။
ချီရှောင်ပိုင်သည် ဆိုဖာပေါ်တွင် ပျင်းရိစွာထိုင်ရင်း လှေကားဖက်သို့
ဇိမ်ရှိစွာ ကြည့်လိုက်သည်။
ထိုအခါမှသာ ရှန်းမူမူသည် ချီရှောင်ပိုင်၏ မျက်နှာကို
သေချာမြင်ရတော့သည်။
သူ့ပုံစံသည် အေးစက်ပြီး ဘာကိုအရေးမလုပ်၊ ခပ်ချေချေပုံစံရှိသော
ဆယ်ကျော်သက်တစ်ယောက် ဖြစ်ပေသည်။
သူ့ပုံစံကို သေသေချာချာဖော်ပြရလျှင် သူ့အကြည့်တိုင်းသည် “စိတ်ရှုပ်ဖို့ကောင်းလိုက်တာ” ဟူသော သဘောမျိုး
သက်ရောက်နေသည်။
မပြီးဆုံးသော ပန်းပုလက်ရာတစ်ခု၊ ထိုပန်းပုသည် အနာဂတ်တွင် အနိုင်ကျင့်
ယုတ်မာတတ်သော ကောင်ဆိုးလေး တစ်ယောက်၏ ပုံပန်းသွင်ပြင် ဖြစ်နေလေသည်။
အချိန်ကြာလာသည်နှင့်အမျှ သူသည် အနိုင်ကျင့်ဆိုးသွမ်းသော
လူကြီးမင်းတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
သို့သော်...
ရှန်းမူမူ၏ အကြည့်များ ပို၍နက်နဲလာခဲ့သည်။
သံသယတစ်ခုသည် သူမရင်ထဲတွင် တစ်စတစ်စ ကြီးထွားလာသည်။
ထိုအရာမှာ ချီရှောင်ပိုင်သည် ချီမော့နှင့် လုံးဝမတူပေ။
ချီရှောင်ပိုင်နှင့် ချီမော့သည် သားအဖအစစ်အမှန် တော်စပ်နေမည်လော။
သူမသည် သံသယကို ကွယ်ဝှက်ထားပြီး ထိုကျောင်သားတစ်ဖွဲ့လုံးကို
ပြုံးပြလိုက်သည်။
“အားလုံးပဲ ဒီအိမ်ကနေ နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပါတယ်နော်၊
ကိုယ့်အိမ်လိုပဲ သဘောထားပြီး နေကြနော်”
သူမ၏ လေသံကို တက်တက်ကြွကြွပြောဆိုလိုက်ပြီး “အန်တီ”သဖွယ် ဟန်ဆောင်လိုက်သည်။
သူမ ထိုသို့ပြောလိုက်သဖြင့် ဆယ်ကျော်သက်ကောင်လေးများမှာ
အံ့အားသင့်သွားခဲ့သည်။
သူတို့သည် ချီရှောင်ပိုင်၏ မေမေလေးသည် လှရုံသာမက သဘောကောင်းပြီး
ဖော်ရွေမည်ဟု မထင်မှတ်ထားသောကြောင့် ဖြစ်ပေသည်။
သူတို့ စိတ်ကူးထားသော ရက်စက်တတ်သော မိထွေးပုံစံ မဟုတ်သောကြောင့်
ဖြစ်သည်။
စောစောက “မမြင်ယောင်ဆောင်ပလိုက်မယ်” ဆိုသော ကောင်လေးများသည် အပြစ်ကင်းသော သိုးလေးများကဲ့သို့
လက်ကိုပွတ်ရင်း ရိုသေစွာ-
“အနှောင့်အယှက်ဖြစ်သွားလို့ တောင်းပန်ပါတယ်၊ အန်တီ”
ချီရှောင်ပိုင်က “…”
သူတို့ကို နှုတ်ဆက်ပြီးနောက် ရှန်းမူမူသည် သူမ၏ မာစတာအိပ်ခန်းကို
ပြန်သွားခဲ့သည်။
သူမဆယ်ကျော်သက်အရွယ်တုန်းက မိဘများ၏ နှောင့်ယှက်မှုမှ ကင်းဝေးအောင်
အခန်းကို အမြဲတမ်း တံခါးပိတ်၍ နေခဲ့သည်။ ယခုအခါ ထိုကလေးများအတွက်
မိထွေးတစ်ယောက်အနေဖြင့် အနှောင့်အယှက် မပြုချင်သောကြောင့် အိပ်ခန်းထဲသို့
ပြန်သွားခဲ့လေသည်။
အောက်ထပ်တစ်ထပ်လုံးကို သူတို့အားပေးထားခြင်းဖြင့်
လူကြီးများချုပ်ချယ်မှုကို မခံစားရစေရန်မှာ သူတို့အတွက် အကောင်းဆုံး ဖြစ်ပေသည်။
ဧည့်ခန်းထဲတွင် တစ်ချို့မှာ ဗီဒီယိုဂိမ်းများ ကစားနေပြီး တစ်ချို့မှာ
ပိုကာ ကစားနေကြသည်။
ချီရှောင်ပိုင်သည် သူ့ဖုန်းကို အကြောင်းမဲ့စွာ ပို့စ်များကို
ပွတ်ကြည့်နေပြီး တစ်ချက်တစ်ချက် အပေါ်ထပ်လှေကားကို လှမ်းကြည့်နေမိသည်။
ထူးဆန်းနေသည်။
သူ့သူငယ်ချင်းအုပ်စုလိုက်ကို ခေါ်လာသော်လည်း ထိုအမျိုးသမီးမှာ
စိတ်ဆိုးဒေါသထွက်ခြင်း မရှိပေ။
သူမသည် သဘောကောင်းပြီး နူးညံ့သိမ်မွေ့သော မိထွေးအဖြစ်
သရုပ်ဆောင်မည်လော။
ဤသို့ သူမရုတ်တရက် ပြောင်းလဲသွားခြင်း၏ နောက်ကွယ်တွင် မည်သို့သော
အစီအစဉ် ရှိမည်နည်း။
ထိုသို့စဉ်းစားနေချိန်တွင် သူရှေ့သို့ မုန့်များ ပြည့်နှက်နေသော
ပလစ်စတစ်အိတ် ၂လုံးမှာ ရောက်လာခဲ့သည်။
အစေခံမိန်းကလေးမှ “သခင်လေးရှင့်၊
သခင်မက သခင်လေးတို့အတွက် ဒီမုန့်တွေ ဝယ်ပို့ခိုင်းလိုက်ပါတယ်”
“ဘာ” ချီရှောင်ပိုင်သည် မျက်စိကို
ကျဉ်းမြောင်းစွာ ကြည့်ရင်း အပေါ်ထပ်ရှိ မာစတာအိပ်ခန်းကို လှမ်းကြည့်လိုက်ပါသည်။
“သူမက မင်းကို ဒီမုန့်တွေ ငါ့အတွက် ဝယ်ခိုင်းလိုက်တာလား”
မည်သို့သော ဟာသအကွက် ဖြစ်မည်နည်း။
ဒီနေ့သည် အေပရယ်ဖူးလ်နေ့ မဟုတ်ပေ။
အစေခံမိန်းကလေးက အသေအချာ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်၊ ပြီးတော့ သခင်မက ကျွန်မကို မှာလိုက်သေးတယ်၊ သခင်လေးတို့
မစ်လ်တီး (နို့လက်ဖက်ရည်) သောက်ချင်ရင်လည်း ဝယ်ပေးဖို့ ပြောလိုက်ပါသေးတယ်၊
သခင်လေးတို့ မစ်လ်တီး သောက်ချင်လားရှင့်”
အစေခံမိန်းကလေးလည်း သူ့နည်းတူ အံ့သြခဲ့ရသည်။
နေမင်းကြီးသည် ဒီနေ့အဖို့ အနောက်အရပ်မှ ထွက်လာတော့မည်။
သခင်မသည် အမှန်တကယ်ပင် သခင်လေးအိမ်မှာ မရှိကတည်းက သခင်လေးအတွက်
ဂရုတစိုက် စဉ်းစားပေးထားခြင်း ဖြစ်သည်။
“...မသောက်ချင်ပါဘူး”
ဝေကျောက်နန်သည် ထိုအိတ်တွေထဲမှ အားလူးကြော် တစ်ထုပ်ကို ထုတ်ယူ
ဖောက်စားကာ သူ့ပါးစပ်ထဲသို့ အားလူးကြော်များ သွတ်သွင်းလိုက်ပါသည်။
“ရှောင်ပိုင်ရေ၊ မင်းမေမေလေးကတော့ လှလည်းလှ၊ ငါ့အမေထက်တောင်
ပိုသဘောကောင်းတယ်”
ဝေကျောက်နန်သည် ချီရှောင်ပိုင်နှင့် အလယ်တန်းကတည်းကပင် ခင်လာကြသော
သူငယ်ချင်းအရင်းများ ဖြစ်ပေသည်။ ချီရှောင်ပိုင်၏ အဖေ နောက်တစ်ခေါက်
အိမ်ထောင်ပြုမည် ဆိုသောအခါတွင်လည်း သူသည် မိထွေးကို သတိထားရန် သေသေချာချာ
အကြံပေးခဲ့ပါသည်။
မိထွေး ၁၀ယောက်တွင် ဒီလောက် သဘောကောင်းသော မိထွေးတစ်ယောက် ရှိခြင်းမှာ
အလွန်ပင်ရှားပါးလှသည်။
သို့သော် ဒီနေ့အဖို့ ဝေကျောက်နန်တစ်ယောက် ကိုယ့်တွေ့မြင်လိုက်ရသဖြင့်
သူ့စိတ်ထားမှာ အနည်းငယ် ပြောင်းလဲခါစပြုလာပါသည်။
သူမမှာ ဘယ်လိုအစီအစဉ်များရှိမည်ကို မည်သူမျှ မသိနိုင်ပေ။
သူမ ရုတ်တရက် ပြောင်းလဲသွားခြင်းမှာ ကောင်းသော လက္ခဏာ မဖြစ်နိုင်ချေ။
“ဟေး၊ မင်း ရထားနက်အဖွဲ့ရဲ့ စီဒီအသစ် ယူလာခဲ့သေးလား” ဟု ချီရှောင်ပိုင်က ပြန်မေးလိုက်သည်။
ဝေကျောက်နန်က “အေး၊ ငါ့အိတ်ထဲမှာလေ”
“နားထောင်ဖို့ ဖွင့်လိုက်စမ်းပါကွာ”
ဂျာမနီ ဟဲဗီးမယ်တယ်လ် ရော့ခ်အဖွဲ့၏ သီချင်းသံကို အဆုံးထိ ကျယ်လောင်စွာ
ဖွင့်ထားလိုက်ပါသည်။ ချီရှောင်ပိုင်သည် ရှန်းမူမူ၏ သရုပ်မှန်ဖြစ်သော ရက်စက်ပြီး
သည်းခံစိတ်မရှိ ဒေါသကြီးသော မိထွေးပုံစံ ထွက်ပေါ်လာအောင် တမင်တကာ
နှိုးဆွလိုက်ခြင်း ဖြစ်ပေသည်။
သူ့မိထွေးအပေါ် ထင်မှတ်ထားမှုမှာ မမှားကြောင်းကို သက်သေပြရန်ဖြစ်သည်။
အပေါ်ထပ်ရှိ မာစတာအိပ်ခန်းတွင် ရှန်းမူမူသည် သူမ ဖုန်းကို
ကြည့်နေလေသည်။
ရုတ်တရက် အောက်ထပ်မှ သီချင်းသံ ဆူဆူညံညံကို ကြားလိုက်ရသည်။
နားကို ထိုးဖောက်နိုင်လောက်အောင် ကျယ်လောင်သော ထိုသီချင်းသံကြောင့်
သူမ နားများ မခံနိုင်ကာ ဘာမှမတတ်နိုင်၍ သက်ပြင်းချလိုက်သည်။
ဟူး ကဲပါလေ…
ထိုသို့ဆိုးသွမ်းသော ဆယ်ကျော်သက်လေးများကို အမေတစ်ယောက်၏ နူးညံ့သော
အပြုံးလေးဖြင့် ဂရုတစိုက် လုပ်ပြဖို့ အင်တာနက်က အကြံပြုသော်လည်း အလုပ်မဖြစ်ပေ။
ထိုအင်တာနက်နည်းလမ်းများသည် အသံမဝင်လှပေ။
သူမ၏ သရုပ်မှန်အတိုင်း နေရန် ဆုံးဖြတ်လိုက်သည်။ သဘောကောင်း
ချစ်စရာကောင်းသော မိထွေးအဖြစ် သရုပ်ဆောင်ရသည်မှာ အတင်းအကြပ်ကြီး လုပ်ယူနေရသလို
ဖြစ်နေသည်။
မကြာခင်အချိန်တွင် မာစတာအိပ်ခန်းတံခါးမှာ ပွင့်လာခဲ့လေသည်။
ချီရှောင်ပိုင်သည် ထိုအရာကို သူ့မျက်စိစွန်းမှ လှမ်းကြည့်ရင်း
လှောင်ပြောင်ကဲ့ရဲ့လိုက်သည်။
ဟွင်၊ နောက်ဆုံးတော့ သူမ ဒီဟာကို မခံနိုင်တော့ဘူးမလား ဟမ်။
ရှုပ်ထွေးသောခံစားချက်မှာ သူ့ရင်ထဲတွင် ဖြစ်ပေါ်နေသော်လည်း
သူ့ပုံစံမှာ မထူးခြားပေ။
သူမ သောင်းကျန်းပြီး ဆူဟောက်မည်ကို စောင့်နေလေသည်။