ခန်း(၅) - ဘယ်လို လူ့အမှိုက်မျိုးလဲ
ရှန်းမူမူသည် တံခါးအပြင်ဘက်တွင် ရပ်နေပြီး ချီရှောင်ပိုင်ကို
တည်ငြိမ်စွာ ကြည့်နေသည်။
“မင်းငါ့ကို အမြင်မကြည်ဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ ဒီကိစ္စနှင့်
ပက်သက်ပြီး သတင်းမှားတွေကြောင့် နားလည်မှုလွဲတာတွေ ထပ်မဖြစ်အောင် မင်းနဲ့ ငါ
သေချာစကားပြောမှဖြစ်မယ်”
သူမ စိုးရိမ်သွားသည်မှာ အနာဂတ်တွင် သူမသည်မတရား အပြစ်တင်ခံရမည်ကို
ဖြစ်သည်။
ချီရှောင်ပိုင်သည် ရှန်းမူမူ၏ စကားကို နားမလည်ဖြစ်ကာ သူမသည်
အရင်ကမိထွေးဖြစ်သူပုံစံနှင့်မတူကြောင်း သတိထားမိလေသည်။ သူ့ပါးစပ်ကို
ဖြေးဖြေးဖွင့်လိုက်ပြီး-
“ဘာကိစ္စလဲ”
ရှန်းမူမူက “တစ်ယောက်ယောက်က မင်းသောက်မဲ့ဖန်ခွက်ထဲ
ဆေးခတ်လိုက်တယ်၊ အဲ့ဒါက ဆံပင်အမည်းရောင်နဲ့ မိန်းကလေးပဲ”
ချီရှောင်ပိုင်၏ မျက်နှာအမူအရာသည် တဖြေးဖြေး အံ့အားသင့်သွားသလိုပုံစံ
ဖြစ်လာသည်။
“တစ်ခုခု ထည့်လိုက်တာလား”
ရှန်းမူမူက ခေါင်းညိတ်ပြရင်း၊ “ဟုတ်တယ်၊ ငါကိုယ်တိုင် ငါ့မျက်စိနဲ့ တပ်အပ်တွေ့လိုက်တယ်”
“ဘာဆေးလဲတော့ သေချာမသိပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီလို ခိုးကြောင်ခိုးဝှက်
လုပ်တာတော့ မကောင်းဘူး”
သူမသည် စကားပြောသည်ကို ရပ်လိုက်ပြီး နောက်ထပ် ပြောဖို့ စကားကို တစ်ခဏ
စဉ်းစားတွေးတောလိုက်သည်။
“ကောင်လေးချောချောတွေက သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရမယ်၊
မင်း…နောက်ပိုင်း အပြင်သွားရင် ပိုပြီး သတိထားရမယ်”
သူမသည် လိမ္မာပါးနပ်စွာ ပြောလိုက်ပြီး ဆယ်ကျော်သက် ကောင်လေး၏
ပုန်ကန်တတ်မှုကို နှိုးဆွသလိုဖြစ်မိမည်ကိုလည်း စိုးရိမ်မိသည်။
မလုပ်ဖို့ပြောလေ ပိုလုပ်လေ ဖြစ်သည်။
နောက်ဆုံးတွင် သူမသည် သူ့ကို ကောင်းကောင်းမွန်မွန်
ချီးမွမ်းဖို့ကိုလည်း မေ့မထားပေ။
“အိုကေ၊ ငါမင်းကို နားပူနားဆာ မလုပ်တော့ပါဘူး၊ မင်း
ကောင်းကောင်ကိုင်တွယ်နိုင်မယ်လို့ ထင်ပါတယ်”
ဘာပဲဖြစ်ဖြစ် သူသည် ဇာတ်လိုက်မင်းသားလည်း ဖြစ်သလို ဉာဏ်လည်းကောင်းပြီး
စူးစမ်းဆင်ခြင်နိုင်စွမ်းလည်း ရှိသည်။ လမ်းမှားရောက်မှာကို စိတ်ပူစရာမလိုသည့်အပြင်
သူ့ကို လမ်းမှန်ရောက်အောင် အနည်းငယ်စောပြီး တွန်းပို့လိုက်ခြင်းဖြစ်သည်။
ချီရှောင်ပိုင်သည် ရှန်းမူမူကို တိတ်တခိုးကြည့်လိုက်သည်။
သူသည် ဒီတစ်နေ့တည်းတွင် ရှန်းမူမူ၏ ထူးဆန်းသော အပြုအမူနှင့်
စကားလုံးများကြောင့် ဘယ်နှကြိမ်ခန့် အံ့သြသင့်ခဲ့ရသည်ကို မရေတွက်နိုင်ချေေ။
ချီရှောင်ပိုင်သည် ခေါင်းကို ဖြေးဖြေးညိတ်လိုက်ပြီး “ဟင်း” ဆိုသောအသံသည် သူ့ရင်ခေါင်းထဲကနေ
ထွက်ပေါ်လာသည်။
ရှန်းမူမူက “???”
သူမသည် ခေတ္တခဏမျှ ရပ်တန့်သွားခဲ့သည်။
ထို့နောက် သူမသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး
ခပ်ပေါ့ပေါ့ရယ်လိုက်သည်။
ဟား...
ကြောင်တောင်တောင်ဖြစ်သွားသော ကောင်ကလေး။
သူ ကျေးဇူးတင်စကားများ ပြောချင်တာလား။
ထိုသို့ နေရာတကာ စွက်ဖက်တတ်သော ကောင်လေးသည် မိထွေးနှင့် ယောကျာ်းဘက်မှ
ပါလာသော သားတို့အကြား ဆက်ဆံရေးကို ဟုတ်တိပတ်တိ အဆင်ပြေအောင် မလုပ်ချင်သေးပေ။
သို့သော် အနည်းဆုံးတော့ ရှန်းမူမူသည် တစ်ခုတည်းသောအရာကို
အတည်ပြုနိုင်ခဲ့သည်။
သူမသည် ချီရှောင်ပိုင်အပေါ် အမြင်ကြည်လာခဲ့သည်။ ပြသာနာ တစ်စုံတစ်ရာ
မလုပ်သရွှေ့ သူမသည် ချီမိသားစုကနေ ကန်ထုတ်ခံရမည် မဟုတ်ပေ။
အဓိကပြသာနာကြီးကို သေချာဖြေရှင်းနိုင်ခဲ့ပြီးနောက်တွင် သူမသည် စိတ်ကို
ပြန်လည်စုစည်းလိုက်ပြီး သူမ၏ ငွေရေးကြေးရေးအခြေအနေကို သတိရသွားသည်။
သူမ စုံစမ်းကြည့်ရသလောက် မူလပိုင်ရှင်တွင် ဘဏ်ကတ်၂ကတ်ရှိခဲ့သည်။
ဘဏ်ကတ်တစ်ကတ်သည် ချီမော့ပေးထားသော ကြိုက်သလောက်သုံးကတ်ဖြစ်သည်။
နောက်တစ်ကတ်သည် သူမ၏ ကိုယ်ပိုင်ကတ် ဖြစ်ပေသည်။
“ဒါက လစဉ် နေထိုင်စရိတ် ယွမ် ငါးသိန်းကို သိမ်းထားဖို့
သုံးတဲ့ကတ်ဖြစ်သင့်တယ် မဟုတ်လား”
ဘဏ်အပလီကေးရှင်းထဲ မဝင်ခင် သူမဘာသာ စဉ်းစားလိုက်သည်။
ဖုန်းစခရင်တွင် ပေါ်လာသောနံပါတ်များကို ကြည့်ရင်း သူမသည်
အံ့အားသင့်ပြီး ကြက်သေသေသွားခဲ့သည်။
[လက်ရှိကျန်ငွေ : ၀.၅၀ ယွမ်]
ဘွန်း-
သူမသည် သူမ၏ သူဌေးမ ဖြစ်ချင်သော အိပ်မက်ကြီး ပြိုလဲသံကို
ကြားလိုက်ရသည်။
လက်ကျန်ငွေ ဆင့်၅၀သည် သူမကို စိုက်ကြည့်နေသည်။
သူမသည် ဘာကြောင့် ဒီလောက်ဆင်းရဲနေသည်ကို မသိတော့ပါ။
မူလပိုင်ရှင်သည် အရင်ကတည်းကပင် ရောဂါတစ်ခုခုဖြစ်နေပြီး ထိုအတွက်
ဆေးကုသမှု ခံယူနေရသောကြောင့်များ ဖြစ်မည်လား။
ရက်စက်သော ဇာတ်လမ်းဇာတ်ကွက်သည် ထိုသို့အတိုင်းဖြစ်နေတတ်သည်။
သူမသည် ထိုအတွေးကို အလျင်အမြန် မေ့ဖျောက်ပစ်လိုက်သည်။
မူလဝတ္ထုထဲတွင် ရက်စက်သော ဇာတ်ရံဇာတ်ကောင်ကို စာလုံးရေ ၅၀၀ဖြင့်သာ
သူမအကြောင်းကို ဖော်ပြထားသည်။ သူမဘဝဇာတ်ကြောင်းသည် ဤမျှ အရေးမကြီးသောကြောင့်
စာရေးသူသည် အနည်းငယ်သာ ရေးသားထားခြင်း ဖြစ်သည်။
မကြာမီတွင် သူမသည် မူလပိုင်ရှင်၏ ငွေများသည် မည်သည့်နေရာ
ရောက်သွားသည်ကို သိလိုက်ရသည်။
ဘဏ်ရှင်းတမ်းအရ ချီမော့သည် ငွေ ယွမ် ငါးသိန်း နှစ်ကြိမ် လွှဲခဲ့သည်။
သို့သော် သူမသည် ထိုငွေကို လက်ခံရရှိပြီးလျှင် ချက်ချင်းပင်
အခြားနေရာသို့ ငွေလွှဲခဲ့သည်။
“ငွေလွှဲ” ဟူ၍ WeChatထဲတွင်
ရှာကြည့်ရာ “အစ်ကို”ဆိုပြီး
စခရင်တွင် ပေါ်လာခဲ့သည်။
ရှန်းမူမူသည် ထိုစကားပြောမှတ်တမ်းကို ဖွင့်ကြည့်လိုက်ရာ သူမ၏ မျက်နှာ
တစ်မျိုး ဖြစ်သွားခဲ့သည်။
သူမ၏ မျက်နှာဟန်ပန်သည် စူးစမ်းသိချင်ရာမှ ဒေါသထွက်သည့် ပုံစံ
ဖြစ်လာခဲ့သည်။
“အစ်ကို”ဆိုသူမှာ မူလပိုင်ရှင်၏ အစ်ကိုဖြစ်သူ
ရှန်းလဲ့ပဲဖြစ်ပေသည်။
စကားအသွားအပြန်ကို ကြည့်လိုက်ရာ မူလပိုင်ရှင်သည် အစ်ကိုကို
တော်တော်ချစ်ပြီး အစ်ကိုဖြစ်သူ တောင်းသမျှ ပေးနေသော လူစားမျိုး ဖြစ်ပေသည်။
ချီမိသားစုဝင်နှင့် လက်မထပ်မှီ ရှန်းလဲ့သည် သူမဆီကနေ ယွမ် ငါးထောင်
သို့မဟုတ် ယွမ် တစ်သောင်း ချေးပေးရန် ခဏခဏ တောင်းဆိုသည်။
လက်ထပ်ပြီးချိန်တွင် သူသည် ထိုငွေပမာထက်များသော ငွေများကို
တောင်းထားကြောင်း ထပ်မံတွေ့ရသည်။
WeChatထဲတွင် သူမသည် သူမအစ်ကိုကို နောက်ထပ် တစ်ပြားတစ်ချပ်မျှ
ပေးမည်မဟုတ်ကြောင်း ပြန်ပြောထားသည်။
ရှန်းလဲ့က “မင်းငါ့ကို မပေးရင် ငါ့ယောက်ဖကို ငါကိုယ်တိုင်
သွားတောင်းမယ်”
“ချမ်းသာတဲ့သူကို ယူထားပြီးတော့ ကိုယ့်အမျိုးကို ပေးဖို့တောင်
မေ့သွားတယ်ပေါ့၊ အသဲနှလုံးမရှိတဲ့ကောင်မ၊ အဖေနဲ့ အမေသာ အခုထိ အသက်ရှိနေသေးရင်
နင့်ရဲ့ ဒီလိုပုံစံကိုမြင်ပြီး သေသွားလောက်တယ်” ဟူ၍
ရှန်းလဲ့က ပြောခဲ့သေးသည်။
သေခြင်းဆိုး
ရှန်းမူမူသည် ကျယ်လောင်စွာ အော်ဆဲလိုက်သည်။
ဘယ်လို လူ့အမှိုက်မှန်း မသိချေ။
သူမသည် စခရင်ကို ပွတ်ဆွဲကြည့်ရင်း ရှန်းလဲ့ကို ဘလော့လိုက်လေသည်။
ယခုဇာတ်ကောင်ခန္ဓာကိုယ်သည် သူမအဖြစ်သို့ ပြောင်းလဲသွားခြင်းကြောင့်
သူမ စိတ်ကြိုက်ဆုံးဖြတ်တော့မည်။
လူ့အမှိုက် ရှန်းလဲ့၏ အမြတ်ထုတ် အသုံးချခြင်းကို ထပ်ခံမည်
မဟုတ်တော့ပေ။
..............
နောက်ရက်သတ္တပတ်အကြာတွင် ရှန်းမူမူသည် ယခုကမ္ဘာကြီးနှင့်
နေသားကျလာခဲ့သည်။
ချီမိသားစုသည် မည်မျှချမ်းသာသည်ကို သိရှိရင်း သူမသည် ဝတ္ထုထဲ
ရောက်လာသည်မဟုတ် ပိုက်ဆံပင်လယ်ထဲသို့ ရောက်လာခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
အိမ်တော်ထိန်းမှလည်း ရှီယုယွဲတင်ရှိ အပန်းဖြေဗီလာသည် ချီမော့၏
ပိုင်ဆိုင်မှုများထဲက တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။
ဆောင်းရာသီနှင့် နွေရာသီတွင် အိမ်တော်ထိန်းသည် မြို့ပြင်ရှိ ဗီလာတွင်
နေထိုင်ဖို့အတွက် ပြင်ဆင်ပေးရသည်။ အကြောင်းမှာ ပိုင်ရှင်သူဌေးကြီးအတွက်
နှင်းများကြည့်ရန်နှင့် အပူရှောင်ရန် ဖြစ်ပေသည်။
အံ့သြထိတ်လန့်စရာများသည် တစ်ခုပြီးတစ်ခု ဆက်တိုက်လာခဲ့လေသည်။
သူမသည် များစွာသော ဇိမ်ခံလက်ဝတ်တန်ဆာများနှင့် တန်ဖိုးကြီးလှသော
နာရီများကို အံဆွဲထဲတွင် တွေ့လိုက်ရသောအခါ သူမသည် ထုံထိုင်းသွားခဲ့သည်။
သို့သော်သူမကို ပျော်ရွှင်စေသောအရာမှာ ထိုအရာများ မဟုတ်ပေ။
ချီမော့နှင့် ချီရှောင်ပိုင်တို့နှစ်ယောက်သာ သူမကို ပျော်ရွှင်အောင်
လုပ်နိုင်သည်။
သူတို့နှစ်ယောက်သည် သူမ စိတ်ကူးထဲမှ ကောင်းမွန်သောခင်ပွန်းနှင့်
သားဖြစ်နေခြင်းကြောင့် ဖြစ်သည်။
သူမနှင့် ပထမဆုံး ဆုံတွေ့ပြီးနောက် ချီမော့သည် အင်္ဂလန်နိုင်ငံကို
အလုပ်ကိစ္စအတွက် ခရီးထွက်သွားသောကြောင့် နောက်ထပ် မတွေ့ရတော့ချေ။
ချီမော့သည် “လူသေ” ကဲ့သို့ သူမ၏ ဖုန်းအဆက်အသွယ်စာရင်းတွင်
တိတ်ဆိတ်နေခဲ့သည်။
တစ်ဖက်တွင်လည်း ချီရှောင်ပိုင်သည် အထက်တန်းဒုတိယနှစ်၏ ဒုတိယမြောက်
နှစ်ဝက်စာမေးပွဲကို ဖြေဆိုရတော့မည်။
ကျောင်းမှ ထိုစာမေးပွဲအတွက်သာမက လာမည့်စီနီယာနှစ်အတွက် တစ်လတည်းနှင့်
ကျောင်းသားများကို အသေအကြေ မောင်းနေသည်။
ရှန်းမူမူသည် နောက်ကျမှ အိပ်ရာထသဖြင့် ချီရှောင်ပိုင်နှင့်
သိပ်မတွေ့ဖြစ်ပေ။
ရှန်းမူမူသည် သူမ လိုချင်သောဘဝကို ရရှိပြီး အကောင်းဆုံး နေထိုင်နေသည်။
ချမ်းသာသည်၊ လှပသည်၊ ထို့နောက် အားလပ်ချိန်များလည်း များစွာ ရှိသည်။
ထို့အပြင် ယောကျာ်းဖြစ်သူမှာလည်း လူသေကောင်လို သူ့အပေါ် အေးစက်နေသည်။
ဘယ်သူက ဒီကမ္ဘာပေါ်တွင် အပျော်ဆုံးဖြစ်မည်နည်း။
သူမသည်သာ အပျော်ဆုံး ဖြစ်ပေမည်။
သို့သော် သူမသည် အပျော်ဆုံးဖြစ်ခဲ့သော်လည်း တစ်နေ့တွင် သူမသည်
အိပ်ရာပေါ်တွင် ယွမ် ၁၀၀၀တန် မျက်နှာမက်စ်ကို ကပ်ရင်း လှဲလျောင်းနေစဉ်
ဖုန်းမြည်လာခဲ့သည်။
ဖုန်းစခရင်တွင် “ယောကျာ်း” ဆိုသော စကားလုံးက သူမကို စိုက်ကြည့်သလို ဖြစ်နေသည်။
သူမ လန့်သွားသည်။
အလုပ်တွင် သူဌေး၏ ရုတ်တရက် စစ်ဆေးခြင်းကို ခံလိုက်ရသလို ဖြစ်နေသည်။
ထိုဖုန်းအဝင်ကို လက်ခံလိုက်ရာ-
ချီမော့၏ အသံသြသြကြီးကို ကြားလိုက်ရ၏။
“ဟယ်လို”