အခန်း(၈) – ချီသခင်လေး မင်းမိထွေး ရောက်လာတယ်
ပါတီပွဲသည် ပြီးဆုံးသွားခဲ့လေပြီ။ ရှန်းမူမူသည် ချီမော့၏ လက်မောင်းကို
ဖက်တွယ်ထားပြီး ပွဲခန်းမမှ ထွက်လာခဲ့သည်။
သူတို့သည် လူမြင်ကွင်းကွယ်ရာသို့ ရောက်လာသည့်အခါ ရှန်းမူမူသည်
သူမလက်ကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး ချီမော့နှင့် ခပ်ဝေးဝေးမှာ ထိုင်လိုက်သည်။
လူများရှေ့တွင် မဟုတ်သောကြောင့် ဆက်လက် သရုပ်ဆောင်စရာ မလိုတော့ပေ။
“ကျွန်မတို့တွေ ကားအတူတူစီးပြီး ပြန်မှာလား ဒါမှမဟုတ် သပ်သပ်စီလား”
ရှန်းမူမူသည် အေးဆေးသောလေသံဖြင့် ပေါ့ပေါ့ပါးပါး မေးလိုက်သည်မှာ “နောက်ဆုံးတွင် အလုပ်ချိန်ပြီးပြီ” ဆိုသော
စိတ်သက်သက်သာသာဖြစ်သွားသောကြောင့်သာ ဖြစ်သည်။
လက်မောင်းအတွင်းဖက်တွင် ကျန်ရစ်နေသော အနွေးဓါတ်လေးသည် ချီမော့ကို
အာရုံထွေပြားစေသည်။
ချီမော့သည် နက်ကတိုင်ကို သူ၏ ရှည်လျားသော လက်ချောင်းသွယ်သွယ်များဖြင့်
ညင်သာစွာ ဖြေလျှော့လိုက်သည်။
“အတူတူ ပြန်ကြမယ်”
ကားသည် ချီအိမ်တော်ဆီ မောင်းလာခဲ့သည်။
သိတတ်သော ဒါရိုက်ဘာဝမ်သည် သူ့သူဌေးနှင့် သူဌေးမတို့ နှစ်ကိုယ်ကြား
အချိန်လေးအတွက် ကားနောက်ခန်းကို စခရင်အမည်း ချပေးလိုက်သည်။
ဇိမ်ခံကား၏ ကားနောက်ခန်းသည် အလွန်ပင် ကျယ်ဝန်းလှသည်။ ထိုနောက်ခန်းက
ခုံတွင် ထိုင်ခြင်းဖြင့် ချီမော့၏ ခြေထောက်သည် ပိုရှည်နေသလို မြင်ရသည်။
ကားအတွင်းသို့ ဝင်လာသော လမ်းမီးကြောင့် သူ၏ မျက်နှာဘေးတိုက်ပုံကို
ပိုပြီး ချောမောလာအောင် အလင်းရောင်များ ဖြာကျပေးနေသည်။
ရှန်းမူမူသည် ထိုနေရာမှ အကြည့်လွှဲလိုက်သည်။ အကြောင်းမှာ ချီမော့၏
ရုပ်ရည်ကြောင့် အသက်ရှူမှားသွားသောကြောင့် ဖြစ်သည်။
သူမ၏ “ဟန်ဆောင်ယောကျာ်း”နှင့်
နှစ်ယောက်တည်းသာ ရှိနေသော နေရခက်သော အခြေအနေမှ ရုန်းထွက်နိုင်ရန် သူမသည် ဖုန်းကို
ထုတ်ကြည့်လိုက်သည်။
သူမသည် ပါတီပွဲကို အခုမှ ထွက်လာခါစသာ ရှိသေးသည်။ သို့သော် သူမနှင့်
ပတ်သက်သော သတင်းများမှာ ပလူပျံနေလေပြီ။
-”ဝေါင်း၊ ချီသခင်မက အရမ်းလှတာပဲ၊ သူမ ဒီအလှမျိုးနဲ့ဆိုရင်
ဆယ်လီဖြစ်နိုင်တယ်”
-”နေနဲ့လ ရွှေနဲ့မြလိုပဲ၊ ယောကျာ်းထဲမှာမှ အတော်ဆုံးယောကျာ်းနဲ့
မိန်းမထဲမှာမှ အလှဆုံးမိန်းမ၊ တကယ့်ကို လိုက်ဖက်တယ်”
-”အပေါ်က ပြောထားတဲ့လူက မှန်အောင် မပြောဘူး၊ သူက တော်ရုံတင် မဟုတ်ဘူး၊
ချမ်းသာတယ်၊ ကြည့်ကောင်းတယ်၊ ပြီးတော့ ကြင်နာတတ်တယ်လေ”
-”ဟားဟားဟား၊ ငါသူတို့နှစ်ယောက်ကို အားကျနေပါပြီ၊ ချီသူဌေးနဲ့ ချီသခင်မက
အရမ်းချစ်ကြတဲ့ပုံပဲ”
-”သူတို့နှစ်ယောက်ကနေ မွေးလာတဲ့ကလေးလေးက ဘယ်လောက်တောင်
ကြည့်ကောင်းလိုက်မလဲ၊ မြန်မြန် ကလေးယူကြပါတော့”
“ကလေးယူ” ဆိုသောစကားလုံးကို မြင်ပြီး
ရှန်းမူမူသည် ဆို့နင့်သွားသည်။
အတွေးတစ်ခုသည် သူမ၏ ခေါင်းထဲတွင် ဖြတ်ခနဲ ပေါ်လာသည်။
ချီမော့ ဒီနေ့ည အိမ်မှာ ရှိနေမလား။
သူမ စဉ်းစားနေတုန်းမှာပင် သူမ၏ ဖုန်းမြည်လာသည်။
အိမ်တော်ထိန်းဆီမှ ဖုန်းလာခြင်းပင် ဖြစ်သည်။
သူ၏ ပထမဆုံးစကားတစ်ခွန်းကြောင့် သူမ မျက်စိပြူးသွားသည်။
“သခင်မ၊ သခင်လေး ကျောင်းမှာ ပြသာနာဖြစ်လို့ပါ။”
ရှန်းမူမူတစ်ယောက် နားမလည်နိုင်ဖြစ်သွားသည်။
“???”
ချီရှောင်ပိုင်သည် ကျောင်းတွင် ပြသာနာရှာထားသည်ကို သူ့အဖေကို
ဖုန်းမဆက်ပဲ ဘာကြောင့် သူမကို ဖုန်းဆက်လာသနည်း။
ရှန်းမူမူသည် သူမဘေးနားရှိ လူကြီးကို ဆတ်ခနဲ လှမ်းကြည့်လိုက်သည်။
ထိုလူကြီးမှာ အေးဆေးတည်ငြိမ်သော ဟန်ပန်နှင့် စိတ်ရှုပ်စရာကောင်းလှသည်။ သူမသည် “ရှင့်သား ကျောင်းမှာ ပြသာနာဖြစ်နေလို့” ဟူ၍
မပြောခင်မှာပင် နောက်ထပ် ဖုန်းသံထွက်ပေါ်လာခဲ့သည်။
ထိုဖုန်းမြည်သံမှာ ချီမော့၏ ဝတ်စုံအိတ်ကပ်ထဲမှ ဖြစ်သည်။
ချီမော့သည် ရှည်လျားပြီး ကျက်သရေရှိလှသော သူ၏ လက်ဖြင့်
ထုတ်ယူလိုက်သည်။
ချီမော့သည် ဖုန်းဝင်လာသည်တွင် ဗြိတိန်သံဖြင့် အင်္ဂလိပ်ဘာသာစကားကို
ကျွမ်းကျင်စွာ တစ်ဖက်လူကို ဖြေကြားလိုက်သည်။
ရှန်းမူမူသည် ထိုစကားပြောသံကိုကြားပြီး အံ့သြသွားသည်။
ချီမော့သည် ဆွဲဆောင်မှုရှိသော အသံကို ပိုင်ဆိုင်ထားမှန်း သိသော်လည်း
သူ၏ အင်္ဂလိပ်လေသံသည် သူမ၏ နားထဲတွင် ပို၍ သာယာနာပျော်ဖွယ် ဖြစ်နေသည်။
ရှန်းမူမူသည် သူ့စကားပြောသံကို နားထောင်ရင်း သူမလည်း
ဖုန်းပြောနေသည်ကို မေ့သွားခဲ့လေသည်။
“သခင်မ... သခင်မ...”
အိမ်တော်ထိန်းသည် သူမ အချိန်အတော်ကြာ ပြန်မဖြေမိသဖြင့် ဆက်တိုက်
ခေါ်နေခဲ့သည်။
တကယ်တမ်းတွင် အိမ်တော်ထိန်းသည် သူမကို မခေါ်ခင်ကတည်းကပင် သူ့ခမျာ
ဒုက္ခပတ်နေခဲ့သည်။
ရင်ထဲတွင် ခံစားနေရသည်။
အိမ်၏ အရှင်သခင်ကြီးသည် အမြဲတမ်း အလုပ်ရှုပ်နေပြီး အိမ်မှာ မရှိတတ်ပေ။
အရင်တုန်းကဆိုလျှင် သခင်လေး ပြသာနာဖြစ်လျှင် အမှုဆောင်လက်ထောက်ကို ခေါ်ယူပြီး
ဖြေရှင်းခိုင်းလေ့ ရှိသည်။
ယခုအခါ အိမ်ကို သခင်မ ရောက်လာခဲ့လေပြီ။ အမှုဆောင်လက်ထောက်ကို
ခေါ်ယူဖြေရှင်းခိုင်းသည်မှာ စိတ်ခံစားမှုအရရော အကျိုးအကြောင်းအရရော မသင့်တော်ပေ။
ရှန်းမူမူသည် သတိပြန်ကပ်လိုက်ပြီး ချီမော့ဆီ အာရုံရောက်နေမှုကို
ပြန်ရုတ်သိမ်းလိုက်လေသည်။ ထို့နောက်သူမသည်
“အင်း၊ ဆက်ပြော”
အိမ်တော်ထိန်းက “သခင်လေး
သူ့ဆရာကြောင့် ကျောင်းကနေ ထွက်ပြေးသွားလို့ပါ”
ရှန်းမူမူ “အဲ့တော့...”
အိမ်တော်ထိန်းသည် သူ့အသံကို ပျော့ပျောင်းစွာ ပြောလိုက်သည် “ကျောင်းက မိဘအုပ်ထိန်းသူ တစ်ယောက်ယောက် လိုက်လာဖို့ လိုတယ်ပြောလို့၊
သခင်ကြီးကလည်း အလုပ်ရှုပ်နေတယ်ဆိုတော့ အဲ့ဒါ သခင်မ လိုက်ပေးလို့ရ….”
သူ့စကားမဆုံးခင်မှာပင် ရှန်းမူမူသည် သက်ပြင်းအရှည်ကြီး ချလိုက်သည်။
ဘယ်လိုကြီးပါလိမ့်။
အစကတော့ အရမ်းချစ်သော စုံတွဲအဖြစ် ဟန်ဆောင်ရန်သာ ဖြစ်သည်။ ယခုတွင်မူ “အချိန်ပိုအလုပ်” ဟူသော အကျင့်ကောင်းမွန်သော
မိထွေးအဖြစ် သရုပ်ဆောင်ရတော့မည်။
သူမ ပင်ပန်းသလို ခံစားသွားရသည်။
ပြသာနာမှာ ထိုသို့ သဘောတူထားခြင်းကို သူမနှင့် ချီမော့နှစ်ယောက်တည်းသာ
သိထားခြင်း ဖြစ်သည်။
သူမ မလုပ်ချင်သော်လည်း ငြင်းဆန်၍ မရပေ။ သူမပြန်ပြောနိုင်သည်မှာ-”ဟုတ်ပြီ၊ ငါနားလည်ပြီ” တစ်ခွန်းသာ ဖြစ်ပေသည်။
ဖုန်းချပြီးပြီးချင်းတွင် သူမသည် ထိုပြသာနာကို ချီမော့ဆီ
လွှဲပေးလိုက်ချင်သည်။ အကြောင်းမှာ ချီမော့သည် ဒီနေရာတွင် ရှိနေခြင်းကြောင့်
ဖြစ်ပေသည်။
မမျှော်လင့်ထားသောအရာမှာ ကားသည် အိမ်ပြင်တွင် ရပ်ထားသော်လည်း
ချီမော့သည် ကားထဲမှ ထွက်လာမည့် အရိပ်အယောင်ကို မတွေ့ရပေသည်။
ချီမော့သည် ကားမှန်ကို တစ်ဝက်ချလိုက်သည်။ သူ၏ ပြတ်သားသောလေသံဖြင့် “ကိုယ် လုပ်စရာ အလုပ်ကျန်နေသေးတယ်၊ အဲ့ဒါကြောင့် ရက်ပိုင်းလောက် အဝေးကို
သွားရလိမ့်မယ်၊ မင်း အိမ်ကို အရင်ပြန်နှင့်ချေ” ဟု ဆိုလာခဲ့သည်။
သူသည် ထိုသို့ပြောပြီးနောက် ကားသည် လေဆိပ်သို့ ဦးတည်ကာ အဝေးသို့
မောင်းထွက်သွားသည်။
ရှန်းမူမူသည် လက်ရာမြောက်သော ထိုဇိမ်ခံကား၏ နောက်မီးရောင်ကို
ကြည့်ရင်း နှုတ်ဆိတ်နေလေသည်။
ချစ်စရာကြီး။
ချီမော့က သူမကို အိမ်ပြန်ပို့ပေးခြင်း ဖြစ်နေခဲ့သည်။
ဘယ်လောက်တောင် ကောင်းလိုက်သော လင်ယောကျ်ားပေတည်း။
သို့သော်လည်း နောက်တစ်နေ့အတွက် သူမ တွန့်ဆုတ်နေခဲ့သည်၊ သူမ
သဘောပေါက်ထားသော အရာတစ်ခု “သူမ၏ တာဝန်ကို ကောင်းကောင်းမွန်မွန်
မလုပ်ဆောင်နိုင်လျှင် ကန်ထုတ်ခံရမည်” ဟူ၍ ရှန်းမူမူသည်
ချီရှောင်ပိုင်၏ ကျောင်းကို လိုက်သွားခဲ့ရသည်။
သူမ မသွားခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ ချမ်းသာပြီး ဇိမ်ကျသော
သူဌေးမဘဝကို နောက်ထပ် မည်သို့ ရရှိနိုင်ဦးတော့မည်နည်း။
မည်သို့ပင်ဖြစ်စေ ကျောင်းမှ ထိုသို့ခေါ်ယူခြင်းသည် လုပ်ထုံးလုပ်နည်းအရ
သာ ဖြစ်ပေသည်။
သူမ အားစိုက်ပြီး လုပ်စရာ မလိုပေ။
သူမ ဤပြသာနာကို ကောင်းကောင်း ဖြေရှင်းနိုင်လျှင်လည်း
ဖြေရှင်းနိုင်လိမ့်မည်။
သူမသည် ချမ်းသာသော မိသားစုမှ သခင်လေးတက်သော အထက်တန်းကျောင်းသည်
ကြီးမားပြီး ခမ်းနားလိမ့်မည်ကို စိတ်ကူးမိသော်လည်း ကျောင်းဝန်းအဝင်ဝမှ
စာသင်ဆောင်အထိ မိနစ် ၅၀ခန့် ကားဖြင့် သွားရမည်ကို တစ်ခါမှ မတွေးဖူးပေ။
သူမသည် တင်းနစ်ကွင်း၊ မြင်းစီးကွင်း၊ လက်ဗန်ဒါးပန်းဥယျာဉ် ထို့နောက်
သူမတစ်ခါမှ စိတ်မကူးဖူးသော နေရာများစွာကို ဖြတ်ကျော်လာပြီးနောက် နောက်ဆုံးတွင်
စာသင်ဆောင်ကို ရောက်လာခဲ့လေသည်။
ရှန်းမူမူသည် သူမနှင့်အတူ ပါလာသော ကားရှေ့ခုံတွင် ထိုင်နေသော
မန်နေဂျာဇန်ကို ကြည့်လိုက်ပြီး ရှက်ရှက်နှင့် စကားကို ဖြေးဖြေးပြောလိုက်သည်မှာ-
“ချီရှောင်ပိုင်က…”
သူမသည် စကားကို ပြီးဆုံးအောင် မပြောလိုက်ခင်မှာပင် အလိုက်သိတတ်သော
အိမ်တော်ထိန်းက ချက်ချင်းပင်-
“သခင်မ၊ သခင်လေးက ဆယ်တန်းရဲ့ အခန်း
၂၄မှာပါ”
သခင်မ နေရခက်မှာစိုး၍ ကြိုပြောပေးလိုက်လေသည်။
ရှန်းမူမူသည် အိမ်တော်ထိန်း၏ အလုပ်ကျွမ်းကျင်မှုကို စိတ်ထဲက
လက်မထောင်ကာ သဘောကျရင်း ကားထဲမှ ထွက်လာခဲ့သည်။
မနေ့ညက သူမသည် အခြေအနေကို ကြိုတင်လေ့လာထားခဲ့သည်။
ကျင်းမြို့တော်၏ နံပါတ်(၁)အလယ်တန်းကျောင်းရှိ ဆယ်တန်းကျောင်းသားများ
တစ်နည်းအားဖြင့် ဆယ့်တစ်တန်းတက်ဖို့ ပြင်နေသော ကျောင်းသားများအတွက် ကျောင်းမှ
မိဘများက ထပ်စောင်း ံပေးထားသောပိုက်ဆံဖြင့် အတန်းတိုင်းအတွက်
စာသင်ချိန်မိနစ်အလိုက် ဆရာများကို အပြည့်ထည့်ပေးထားသည်။
ချီရှောင်ပိုင်၏ အတန်းတွင် နာမည်အကြီးဆုံး ပရော်ဖက်ဆာက တာဝန်ကျထားသည်။
မနေ့က အတန်းနောက်ဆုံးချိန်ပြီးသွားသော်လည်း ပရော်ဖက်ဆာက သူတို့ကို
အတန်းထဲတွင် ဆက်လက်ထား ရှိထားသည်။
ချီရှောင်ပိုင်သည် မကျေမနပ်ဖြစ်နေသည်။ ထို့ပြင် ပရော်ဖက်ဆာသည်လည်း
ရုပ်ဆိုးလှသည်။
နေ့စဉ် အတန်းများစွာ တက်ရခြင်းကြောင့် သူ၏ ကိုယ်ပိုင်ချိန်ကို
ဆုံးရှုံးရသည်။ ထိုသို့ အတန်းထဲတွင် ကြာကြာနေရခြင်းသည်လည်း သူ့အစီအစဉ်များကို
ဖျက်စီးသလို ဖြစ်နေသည်။
ချီရှောင်ပိုင် မျက်မှောင်ကြုတ်သည်ကို ထိုပရော်ဖက်ဆာမြင်ပြီး
သူကျူရှင်ဖိုး ပိုတောင်းရန် အကွက်ပေါ်လာမည်ဟု ထင်နေသည်။ သူသည် စာသင်စင်ပေါ်တက်ပြီး
အော်ပြောလိုက်သည်။
“ငါမင်းတို့ ကောင်းဖို့အတွက် အတန်းပေးမဆင်းခြင်း ဖြစ်တယ်။
နားမထောင်ချင်တဲ့သူ ရှိရင် အခုကတည်းက ထွက်သွားလိုက်၊ ဘယ်သူမှ မင်းတို့ကိုမတားဘူး”
ထိုသို့ ပြောပြီးနောက် သူသည် မကျေနပ်သေးပဲ ကျောင်းသားများကို
ဆုံးမဖို့ ဥပမာပေးရန် ချီရှောင်ပိုင်ကို ပစ်မှတ်ထားလိုက်သည်။
“အခုခေတ်ကလေးတွေကို နားလည်လို့ကို မရဘူး၊ မင်းတို့တွေ
ပိုပြီးရဲတင်းကြတယ်၊ ငါကျောင်းသားဘဝတုန်းကဆိုရင် ဆရာကဒါဆို ဒါပဲ၊ ခုခေတ်
မင်းတို့မျိုးဆက်တွေက ဆရာကိုတောင် ပြန်ခံပြောချင်ကြတယ်၊ ဆရာကို ရိုသေရမယ်ဆိုတာ
မသိကြဘူးလား”
“အခုကငါ့အတန်းချိန်ပဲ၊ မင်းတို့ကို အတန်းပေးမဆင်းပဲ
ဒီတိုင်းနေခိုင်းထားလို့ရတယ်ကွ၊ နားမထောင်ချင်ရင် ထွက်သွားကြ”
ပရော်ဖက်ဆာသည် ထိုသို့ပြောဆိုပြီးနောက် ချီရှောင်ပိုင်သည်
ပိုနက်မှောင်သော အကြည့်တစ်ချက် ကြည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်လေသည်။
အတန်းထဲရှိ လူအားလုံး၏ အကြည့်သည် သူ့ဆီရောက်သွားခဲ့သည်။
သူ့နောက်တွင် ထိုင်နေသော ဝေကျောက်နန်သည် အလျင်စလိုနှင့်
တိုးတိုးလေးပြောလိုက်သည်။
“မင်း စိတ်မြန်လက်မြန် လုပ်လို့မဖြစ်ဘူး၊ မလုပ်လိုက်နဲ့ ဟျောင့်”
ချီရှောင်ပိုင်သည် သူ့သူငယ်ချင်း ပြောနေသည်ကို လျစ်လျူရှုပြီး
သူ့လွယ်အိတ်ကို ဆွဲကာ အတန်းရှေ့ကို တည့်တည့် ထွက်သွားလေသည်။
ပရော်ဖက်ဆာသည် ခဏတာ ကြောင်ပြီး ရပ်ကြည့်နေသည်။ သူ၏ မူလရည်ရွယ်ချက်မှာ
ချီရှောင်ပိုင်၏ မောက်မာမှုကို ခေါင်းမထောင်နိုင်အောင် လုပ်ဖို့ ဖြစ်သည်။
ချီရှောင်ပိုင်ကို ဆူပေးလိုက်ခြင်းဖြင့် ငြိမ်သွားမည်ဟု ထင်ပြီး ထိုအရာကို
အခြားကျောင်းသားများ သတိထားဖို့ ပြသလိုခြင်း ဖြစ်သည်။
ချီရှောင်ပိုင်ကို သူ့စိတ်ကြိုက် ချယ်လှယ်လို့ရမည့် အရုပ်တစ်ခုဟူ၍
ထင်နေလေသည်။
သူ့ဘေးနားမှ ချီရှောင်ပိုင် ဖြတ်သွားသောအခါ ပရော်ဖက်ဆာသည် သူ့ထက်
အရပ်ရှည်သော ကျောင်းသားကို ကြည့်ပြီး ကိုယ်ကိုကိုယ် ယုံကြည်မှုတချို့
ပျောက်ဆုံးသွားခဲ့သည်။
“မင်း…ဒါဘာလုပ်တာလဲ”
ချီရှောင်ပိုင်သည် သူ့ကိုတောင်မကြည့်ပဲ စာသင်ခန်းတံခါးကို
ဖွင့်လိုက်သည်။
“ဆရာပဲ နားမထောင်ချင်ရင် ထွက်သွားလို့ရတယ်ဆို”
ချီရှောင်ပိုင်သည် သူ့မွေးရာပါဗီဇအရ ပုန်ကန်လိုက်ခြင်း ဖြစ်သည်။
စာသင်ခန်းထဲ အကြာကြီး နေရသည်ကို မပျော်ပေ။ အခုတော့ ပရော်ဖက်ဆာက ထွက်သွားလို့ရတယ်ဟု
ပြောသောကြောင့် စာသင်ခန်းထဲမှ မထွက်သွားလျှင် သူသည် တုံးအသလို ဖြစ်နေပေမည်။
ဘန်း...
တံခါးကို ပိတ်လိုက်သည်။
စာသင်ခန်းတစ်ခန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ချီရှောင်ပိုင်သည် ယခုကဲ့သို့ အမှုမဲ့ အမှတ်မဲ့ထွက်သွားမည်ကို မည်သူမှ
မယုံနိုင်ဖြစ်နေရသည်။
ယခုတော့ ပရော်ဖက်ဆာသည် သူရှုံးသလို ဖြစ်သွားသဖြင့် ဒေါသထွက်ကာ
ရင်ထဲတွင် မုန်တိုင်းများ ပြင်းထန်နေသည်။
ပရော်ဖက်ဆာသည် ဌာနမှူးကို တိုင်ကြားလိုက်ပြီး သူသည် ဒီကျောင်းသားနှင့်
ဒီလိုအတန်းကို မသင်နိုင်ကြောင်း၊ သင်ချင်သူ ရှိလျှင် မည်သူမဆို ဝင်သင်နိုင်ကြောင်း
ပြောလိုက်လေသည်။
အိမ်တော်ထိန်း၏ ကွက်ကွက်ကွင်းကွင်းမြင်အောင်
ပြန်ပြောင်းပြောနေခြင်းကို နားထောင်ပြီးလျှင် ရှန်းမူမူအတွက်
စဉ်းစားစရာဖြစ်သွားသည်။
နေပါဦး။
ချီရှောင်ပိုင်က ဘာအမှားလုပ်မိလို့လဲ။
ပရော်ဖက်ဆာက ချီရှောင်ပိုင်ကို ထွက်သွားဖို့ ပြောခဲ့တာ မဟုတ်ဘူးလား။
ချီရှောင်ပိုင်ကသာ ထိုနေရာတွင် ပြန်ခံပြောခဲ့လျှင် သူသည် ဆရာကို
မရိုမသေပြုခြင်း ဖြစ်ပေမည်။
သို့သော် အဖြစ်အပျက်ကို အစကနေအဆုံးထိ ပြန်ကြည့်လျှင်
ချီရှောင်ပိုင်သည် မျက်မှောင်ကြုတ်ခဲ့ရုံပဲ ဖြစ်ပြီး ထိုသို့ဖြစ်ခြင်းမှာလည်း
အတန်းထဲတွင် အကြာကြီး မနေခြင်းသောကြောင့်သာ ဖြစ်ပေသည်။
တကယ်ကြီးလား ပရော်ဖက်ဆာရေ။
မကြိုက်တဲ့ မျက်နှာအမူအရာလေး လုပ်ပြတာက တရားမဝင်သလို ဖြစ်သွားလား။
ရှန်းမူမူသည် ချီရှောင်ပိုင်အတွက် နက်နက်ရှိုင်းရှိုင်း
ကိုယ်ချင်းစာမိသည်။
တစ်ချိန်တည်းမှာပင် ရှန်းမူမူသည် ထိုအကြောင်းအရာကို ဆက်စပ်ပြီး
စဉ်းစားမိသည်မှာ-
ချီရှောင်ပိုင်သည် ထိုသို့ သုန်မှုန်ပြီး အကောင်းမမြင်တတ်သလို
ဖြစ်နေသော သူ၏ အကျင့်စရိုက်နှင့်အတူ ကြီးပြင်းလာမည်ဆိုလျှင် ထိုအရာသည် သူမကဲ့သို့
မိထွေးကြောင့် ဖြစ်လာခြင်း မဟုတ်နိုင်ပေ။
သူ့ဘေးပတ်ဝန်းကျင် အသိုင်းအဝိုင်းကပင် ရင်းနှီးမှု နွေးထွေးမှုကို
မပေးတတ်သော အသိုင်းအဝိုင်းမျိုး ဖြစ်နေခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
ဥပမာပြောရလျှင် ယခုလို အခြေအနေမျိုးတွင် ကျောင်းအုပ်ဆရာနှင့်
ဌာနမှူးသည် ဘာမှမမေးမြန်းတော့ပဲ ချီရှောင်ပိုင်ကသာ တစ်တန်းလုံးရှေ့တွင်
အပြစ်လုပ်မိသလိုနှင့် မိမိကိုယ်ကို သုံးသပ်စာကိုလည်း ရေးခိုင်းသေးသည်။
အိမ်တော်ထိန်းကသာ သူ့အခင်ဆုံးသူငယ်ချင်း ဝေကျောက်နန်ကို
တကယ့်ဖြစ်ရပ်မှန် မမေးခဲ့လျှင် ချီရှောင်ပိုင်သည် အများရှေ့တွင် ဆရာကိုတောင်
ပြန်ပြီးဒေါသထွက်ရဲသော ရမ်းကားသော ကျောင်းသားအဖြစ် ခေါင်းစဉ်တပ်ခံရပေဦးမည်။
ရှန်းမူမူသည် ကားထဲမှထွက်ပြီး သူမ၏ အင်္ကျီကော်လန်ကို ပြင်လိုက်ကာ
လျှောက်လာလေသည်။
သူမသည် ပြန့်ကားသော ကော်လာပါ ရှပ်အင်္ကျီနှင့် ကုလားအုတ်ရောင်
ခြေထောက်အောက်ကား ဘောင်းဘီကို ဝတ်ဆင်ထားပြီး ဗီရိုထဲမှ မထင်မရှား ဘရန်းတံဆိပ်ပါ
အိတ်တစ်လုံးကို ကိုင်ဆောင်ထားသည်။
ထိုသို့ ဝတ်ဆင်လိုက်ခြင်းဖြင့် ပေါ်ပေါ်ထင်ထင် မဟုတ်၊
မထင်မရှားပုံစံနှင့် အလုပ်ဖြစ်လိမ့်မည်။
သူမသည် ပြသာနာများကို ဖြေရှင်းရန် ရောက်လာသည့် ပုံစံနှင့် တူနေသည်။
ခေါင်မိုးထပ်တွင် ဝေကျောက်နန်သည် ပျင်းရိစွာ လှေကားလက်ရန်းကို မှီရင်း
မိန်းမောတွေဝေနေသည်။
ရှန်းမူမူသည် စာသင်ဆောင်ဆီ ဦးတည်သွားနေသည်ကို တွေ့လိုက်ရသည်။
ဝေကျောက်နန်သည် သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး အခြေအနေ
မဟန်တော့မှန်း သိနေသည်။
သူ့ဘေးနားတွင် ရှိသော မျက်စိမှိတ်ကာ နေရောင်ခြည်ကို ခံစားနေသော
ချီရှောင်ပိုင်ဘက်သို့ လှည့်လိုက်ပြီး
“ချီရှောင်ပိုင်၊ မင်း မေမေလေး ဒီကိုရောက်နေပြီ”