အခန်း (၂၅)
ဘယ်ခေတ်ရောက်နေပြီလဲ၊ အခုထိ ခင်ပွန်းသည်ရဲ့ မျိုးရိုးအောက် နေချင်တုန်းလား?
စုထင်းရန်က
ဝီချက်အဖွဲ့ထဲမှ အခြားဇနီးသည်များကို ရှန်းမူမူက ယွဲ့ကျီပန်းဆိုင် ဖွင့်ပြီဖြစ်ကြောင်း
အမြန် ပြောပြလိုက်သည်။
အဖွဲ့က
စိတ်အားထက်သန်စွာ တုန့်ပြန်လာ၏။
[မစ္စကျောက်
: မစ္စတာချီ ဇနီးရဲ့ ပန်းဆိုင်ကို ကျွန်မ ကျိန်းသေပေါက် ပံ့ပိုးရမှာပေါ့။ 'တရုတ်စတိုင်လ်'
ပက်ကေ့ချ်ကို တစ်နှစ်စာ ဝယ်မယ်။]
[မစ္စချန်
: ကျွန်မ ယောက်ျား လောင်ချန်က အိမ်မှာ ရနံ့ကောင်းတဲ့ ပန်းတွေ ရှိနေတာကို သဘောကျတယ်။
'လျှို့ဝှက်အလှလေး' ပက်ကေ့ချ်ကို ခြောက်လ ဝယ်မယ်။]
[မစ္စစွင်း
: ကျွန်မ ယွဲ့ကျီရဲ့ ပရိုမိုးရှင်ဝက်ဘ်ဆိုင်ဒ်စာမျက်နှာကို သေချာဖတ်ခဲ့တယ်။ ဆင့်ပွား ထုတ်ကုန်တွေရော ရောင်းချမှာလား။]
[မစ္စလီ
: ကျွန်မရဲ့ ပံ့ပိုးမှုကို ပြသဖို့ ပန်းစည်းတချို့ အရင်ဝယ်ချင်တယ်။]
ရှန်းမူမူက
ဖုန်းစခရင်အား လျင်မြန်စွာ ထိလိုက်ပြီး စိတ်စိတ်လှုပ်ရှားစွာ ပြန်တုန့်ပြန်လိုက်သည်။
[ပံ့ပိုးပေးတဲ့အတွက်
ရှင်တို့အားလုံးကို ကျေးဇူးတင်ပါတယ်။ အိမ်တံခါးဝအရောက် ပန်းတွေပို့ပေးခြင်းအပြင် ယွဲ့ကျီက
နံ့သာတွေ၊ အိမ်သုံးယက်ကန်းထည်တွေ၊ အိမ်အလှဆင်ပစ္စည်းတွေ၊ ပန်းကန်ခွက်ယောက်တွေနဲ့
တခြားပစ္စည်းတွေကိုလည်း တဖြေးဖြေး တိုးချဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ ပြီးတော့ ပြင်ပသင်တန်းအနေနဲ့ ပန်းအလှဆင်သင်တန်းနဲ့ ကိတ်မုန့်ဖုတ်သင်တန်းလိုမျိုး
စိတ်ဝင်စားစရာအတန်းတွေလည်း ဖွင့်လှစ်ဦးမှာမို့ စောင့်မျှော်ပေးကြပါဦး။]
လွန်ကဲစွာ
ချီးမွမ်းမှုများရှိလျှင် သိမ်မွေ့သော ဝေဖန်ပြောဆိုမှုများလည်း ရှိသည်မှာ မလွဲဧကန်ပင်။
[မစ္စကျိုး
: မစ္စချီက အရမ်းကံကောင်းတာပဲ။ သူမက ခင်ပွန်းတစ်ယောက် လက်ထပ်ယူလိုက်တယ်လို့ ထင်ထားပေမယ့်
သူမက ပိုက်ဆံကူရှာပေးတဲ့ လက်အောက်ငယ်သားတစ်ယောက် ရလိုက်တာပဲ။ (ရယ်နေ) (ဖရဲသီးစားနေ)
ကျွန်မက ဘာမှ မရည်ရွယ်ပါဘူး။ မစ္စချီက အရမ်း စွမ်းဆောင်ရည်ရှိတာပဲလို့ ချီးကျူးချင်ရုံပါ။]
[မစ္စတာဝူရဲ့
ဘေဘီ : မစ္စချီက ဗီလာအိမ်ယာဝန်းထဲမှာ ဆိုင်တစ်ဆိုင်ဖွင့်တဲ့ ပထမဆုံးသော သူပဲ။ သတ္တိရှိလိုက်တာ။]
[မစ္စတာကျန်းရဲ့
အဖိုးတန်ဇနီးလေး : မစ္စချီ ရှင် အဲဒီ မြေဆီလွှာတွေကြောင့် ညစ်ပတ်သွားမှာကို မကြောက်ဘူးလား။]
[ဝမ်ချင်းဝေ့
: ကျွန်မလည်း တကယ် ပန်းဆိုင်လေးတစ်ဆိုင်လောက် ဖွင့်ချင်တာ။ ဒါပေမယ့် ကျွန်မ အမျိုးသားက
ခွင့်မပြုဘူးလေ။ သူက အမျိုးသမီးတွေဆိုတာ အိမ်မှာပဲ လှလှလေးနေပြီး သူတို့မျက်နှာကို
အများရှေ့ ခဏခဏ ထွက်မပြသင့်ဘူးလို့ ပြောတယ်။]
ရှန်းမူမူ
: "..."
စိတ်မချမ်းမြေ့ဖွယ်
စကားများ တိုးလာသောအခါ သူမ၏ မျက်နှာအမူအရာက အေးခဲသွားသည်။
မြေအောက်ရထားပေါ်
ဖုန်းကြည့်နေတဲ့ အဖွားအို jpg
သူမသည်
အမှန်တကယ် ထို မစ္စကျိုး၊ ဝူ၊ ကျန်းနှင့် ဝမ်တို့အား 'ခေတ်သစ်အမျိုးထုကြီး၏ စံနမူနာ'
ဟူသည့် ဘန်နာအား တစ်ယောက်ချင်းစီ ပေးအပ်လိုက်ချင်သည်။
ပြီးရင်
သူတို့တစ်ယောက်ချင်းစီကို တရုတ်ဆီးသီးတစ်လုံးစီ လက်ဆောင်ပေးလိုက်မည်။
ဘာမှမဖြစ်ဘူးမလား။
ဘာမှမဖြစ်ဘူးမလား...။
ရှန်းမူမူက
ဘာပြန်ပြောရင် ကောင်းမလဲ စဥ်းစားနေဆဲ သူမ ဖုန်းက အသံမြည်လာသည်။
စုထင်းရန်က
ထိုအမျိုးသမီးများ၏ စကားကြောင့် ရှန်းမူမူ ဒေါသထွက်မည်ကို စိုးရိမ်၍ ဖုန်းခေါ်လိုက်ခြင်း
ဖြစ်သည်။
သူမက
ထိုအမျိုးသမီးလေးယောက်၏ နောက်ခံအကြောင်း တချို့တလေ ပြောပြလာသည်။
"ရှင်က
အဖွဲ့ထဲကို အခုမှ အသစ်ဝင်လာတာဆိုတော့ သိဦးမှာ မဟုတ်ဘူး။ သူတို့ အကြိုက်ဆုံးအရာက သူတို့ရဲ့
ယောက်ျားတွေကို ထုတ်ကြွားရတာကိုလေ။ သူတို့ကို လျစ်လျူရှုထားလိုက်။"
"အထူးသဖြင့်
မစ္စဝမ်၊ ဝမ်ချင်းဝေ့။ သူမရဲ့ နာမည်အရင်းက ချင်းဝေ့လေ။ သူမ ခင်ပွန်းနဲ့ လက်ထပ်ပြီးနောက်မှ
သူမ ခင်ပွန်း ဘယ်သူဆိုတာ တခြားလူတွေ မသိမှာ စိုးရိမ်နေလို့ သူ့မျိုးရိုးနာမည်ကို
ပြောင်းလိုက်တာ။"
ရှန်းမူမူက
ကျစ်ခနဲ စုတ်သပ်လိုက်သည်။ "အခုက ဘယ်ခေတ်လဲ။ သူတို့က လက်ထပ်ပြီးတော့ မျိုးရိုးနာမည်ကို
ပြောင်းနေကြတုန်းပဲလား။"
စုထင်းရန်က
ပြောလိုက်သည်။ "အဲဒါက အဆိုးဆုံး မဟုတ်သေးဘူး။ အဖွဲ့ထဲမှာ ဘယ်သူတွေက ဘာပဲပြောနေပါစေ
သူမက သူမ ခင်ပွန်းအကြောင်း စကားစ ဆွဲယူသွားဖို့ နည်းလမ်းတစ်ခု
အမြဲ ရှာတွေ့လိမ့်မယ်။ ကျွန်မ ဘာပြောတာလဲဆိုတာ နောက်ကျမြင်ရလိမ့်မယ်။'
ရှန်းမူမူက
နောက်ပိုင်းအထိပင် စောင့်စရာမလိုလိုက်ပေ။ သူမ ဖုန်းချပြီးနောက် ဇနီးများအဖွဲ့အတွင်း
သူမက ဝမ်ချင်းဝေ့ တစ်ယောက်တည်း ပို့ထားသည့် စာများကို တသီကြီး တွေ့လိုက်ရလေသည်။
[ဝမ်ချင်းဝေ့
: ကျွန်မ တကယ်ပဲ မစ္စချီရဲ့ ပန်းဆိုင်စီးပွားရေးကို ပံ့ပိုးပေးချင်ပါတယ်။ သူမက ဒီလို စီးပွားရေးကို ကြိုးကြိုးစားစားနဲ့ စလုပ်ဖို့ဆိုတာ မလွယ်လှဘူးလေ။ ဒါပေမယ့်
ကံမကောင်းစွာနဲ့ ကျွန်မမှာ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ရှိတယ်။
အဲဒါကြောင့် ကျွန်မယောက်ျားနဲ့ ကျွန်မ အပြင်ထွက်စားရင် သူက အရင်ဆုံး စားသောက်ဆိုင်ကို
ပန်းတွေ ဖယ်ထားပေးခိုင်းရတယ်လေ။]
[ဝမ်ချင်းဝေ့
: အိုး ဟုတ်သား၊ ပန်းအကြောင်းပြောကာမှ ပြီးခဲ့တဲ့အပတ်က ကျွန်မ ယောက်ျား ပေးထားတဲ့ စိန်လည်ဆွဲကို သတိရသွားတယ်။ ကျွန်မ ရှင်တို့ကို ပြမယ်။]
[ဝမ်ချင်းဝေ့
: [ပုံ]]
[ဝမ်ချင်းဝေ့
: [ပုံ]]
[ဝမ်ချင်းဝေ့
: ကျွန်မယောက်ျားက ကျွန်မ ပန်းတွေကို ကြိုက်ပေမယ့် အနံ့မခံနိုင်တာသိလို့ သူက ဒီပန်းသဏ္ဌာန်
လည်ဆွဲကို ကျွန်မအတွက် စိတ်ကြိုက်အော်ဒါ မှာပေးထားတာလေ။ အဲဒါက
ယွမ်နှစ်ဆယ်မီလီယံတောင် ပေးရတယ်။]
[ဝမ်ချင်းဝေ့
: ကျွန်မက အရမ်းပိန်ပြီး လည်ဆွဲက ဝတ်ရင် အရမ်းလေးတာပဲ။ ကျွန်မ ဘယ်လောက်တောင် ကိုးရို့ကားယား
ဖြစ်ရလဲ ရှင်တို့သိလား။ မြေပြင်ညီမှာ လမ်းလျှောက်တာတောင် ခလုတ်တိုက်ချော်လဲတတ်တယ်။
ကျွန်မ အောက်ထပ်ကို ဆင်းတာတောင် ကျွန်မ ယောက်ျားရဲ့ လက်ကို ကိုင်ပြီး ဆင်းရတယ်။ အပြင်ထွက်တော့လည်း
အတူတူပါပဲ။ ကျွန်မမှာ အဲဒီစိန်လည်ဆွဲကြီး ဆွဲထားရင်း ခလုတ်တိုက်လဲလို့ လည်ပင်းကို ထိုးမိမှာတောင်
ကြောက်နေရတယ်။]
[ဝမ်ချင်းဝေ့
: ကျွန်မ ဘယ်လောက်တောင် အူကြောင်ကြောင်နိုင်လိုက်သလဲ ရှင်တို့အားလုံး မြင်ရလိမ့်မယ်။
ကျွန်မ ယောက်ျားကဆို ကျွန်မကို သူ့ရဲ့ ငတုံးမလေးလို့ အမြဲပြောတယ်။]
........
ရှန်းမူမူ
: "..."
သူမသည်
လက်ရှိ သူမ၏ ခံစားချက်ကို စကားလုံး လေးလုံးအဖြစ် ဖော်ပြနိုင်ပေသည်။ 'အံ့သြ ဆွံ့အ'
သူမ ယခင်တုန်းက
TV တွင် လေလုံးထွားပြီး ပုံကြီးချဲလွန်းသည့် သူများကို မြင်ခဲ့ဖူးသည်။
သို့သော်
ဝမ်ချင်းဝေ့လောက် ရယ်ရသည့်သူကို မည်သည့်အခါမှ မမြင်ဖူးခဲ့ပေ။
သူမက
ဖုန်းစခရင်ကို ရွှေ့ကြည့်လိုက်သည်။ ဝမ်ချင်းဝေ့ပြသည့် ပန်းလည်ဆွဲကို ရင်းနှီးသလို ထင်ရသော်လည်း
ယခင်က မည်သည့်နေရာ၌ မြင်ဖူးခဲ့ကြောင်း မမှတ်မိပေ။
သူမသည်
အစက အဖွဲ့လိုက်စကားပြောခန်းတွင် ဘာမှထပ်မပြောတော့ရန် စီစဥ်ထားသော်လည်း ဝမ်ချင်းဝေ့က
သူမ ယောက်ျားထံမှ ဘယ်လောက်အချစ်ခံရကြောင်း စာအများကြီးနှင့် အသားလွတ် ကြွားတာခံရပြီးနောက်
ရှန်းမူမူက သည်းမခံနိုင်တော့ပေ။
သူမက
စေတနာထက်သန်စွာဖြင့် ဆေးတက္ကသိုလ်၏ အများပြည်သူဆိုင်ရာ ဝီချက်အကောင့်မှ ပို့စ်တစ်ခုကို
အဖွဲ့ထဲ ဝေမျှပေးလိုက်သည်။
ခေါင်းစဥ်မှာ
: [မကြာခဏ ခလုတ်တိုက်ချော်လဲခြင်းက ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာကြောင့်
ကိုယ်အင်္ဂါချို့ယွင်းရခြင်းဟု ယူဆ၊ ဆရာဝန်၏ ကျွမ်းကျင်အကြံပေးချက် ငါးမျိုးကို ကြည့်ရှုရန်]
သူမက
တက်ကြွစွာနှင့်ပင် အကြံပေးလိုက်သေးသည်။ [မစ္စဝမ် ရှင် တကယ် ဂရုစိုက်သင့်ပြီ။ ကျွန်မတို့
အားလုံးက ငယ်ရွယ်သေးတယ်ဆိုပေမယ့် ဒီလို ရောဂါမျိုးက ဖြစ်မလာခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲ။
နေမကောင်းတာကို ဖုံးကွယ်မထားပါနဲ့။ ဆရာဝန်ပြရမှာ မကြောက်သင့်ဘူး။]
"သူမ
ဒါက ဘာကို ဆိုလိုတာလဲ" ဝမ်ချင်းဝေ့၏ မျက်နှာက ထိုမက်ဆေ့ချ်ကို မြင်သောအခါ ချက်ချင်း
ပျက်ယွင်းသွားလေသည်။
နောက်တစ်စက္ကန့်၌
သူမက ဒေါသတကြီးနှင့် ဖုန်းကို ပစ်ထုတ်လိုက်သည်။ ၎င်းက ခပ်အုပ်အုပ်အသံနှင့် ကော်ဇောပေါ်
ပြုတ်ကျသွားခဲ့၏။
သူမက
ကျယ်လောင်စွာ အော်ဟစ်လိုင်သည်။
"ဒီ
မစ္စချီက ဘာကို ပြောဖို့ ကြိုးစားနေတာလဲ။ ငါ့မှာ ရောဂါရှိနေတယ်လို့ ပြောနေတာလား။"
.......
ရှန်းမူမူက
ဝီချက်အက်ပ်ထဲမှ ထွက်လိုက်သည်။
သူမသည်
မင်းသမီးရောဂါ၏ သက်ရောက်မှုကို သည်းမခံဘဲ ပျော်စရာအတွေးများသာ တွေးရန် ဆုံးဖြတ်လိုက်သည်။
သူမ ဘဏ်အကောင့်ကို
ဖွင့်၍ စာရင်းရှိငွေ စာမျက်နှာသို့ သွားလိုက်သည်။ ထိုနေရာ၌ ရှိနေသည့် နံပါတ်က ချက်ချင်း
တိုးလာတာကို ကြည့်ရင်း သူမ၏ ခံစားချက်က များစွာ တိုးတက်လာ၏။
သူမက
အကြွေးပေးနိုင်ရန် ခြေလှမ်းတစ်လှမ်း နီးကပ်လာပြီ ဖြစ်သည်။
ထိုသို့တွေးပြီးနောက်
သူမက စာရင်းရှိငွေကို စခရင်ရှော့ ရိုက်လိုက်ပြီးနောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် သကြားဖေဖေချီထံသို့
တိုးတက်မှုအား အစီရင်ခံလိုက်သည်။
သူမ ပိုက်ဆံပြန်ဆပ်နိုင်ရန်
အရှိန်က တိုးတက်လာကြောင်း ပြသခြင်းလည်း ဖြစ်သည်။
ချီမော့
ဝီချက်မက်ဆေ့ချ်ကို လက်ခံရရှိသည့် အချိန်မှာ လေဆိပ်သွားသည့် လမ်းပေါ်၌ ဖြစ်သည်။
အပန်းဖြေစခန်းက
ပြီးသွားပြီ ဖြစ်သည်။ သူက နောက်ရက်အနည်းငယ်တွင် စစ်ဆေးရန်အတွက် ရှန်မြို့သို့ ခရီးထွက်ခဲ့သည်။
ရှန်းမူမူ
ပို့လိုက်သည့် စခရင်ရှော့ကို ကြည့်ရင်း ချီမော့၏ လက်က ဖုန်းစခရင်ထက် ရောက်ရှိသွားသည်။
သူက ဂုဏ်ပြုခြင်းကို ဖော်ပြရန် တည့်တိုးအဆန်ဆုံး နည်းလမ်းအား မဆုံးဖြတ်ခင် အနည်းငယ်
တွေဝေနေခဲ့သည်။
ထို့နောက်
သူက အနီရောင်စာအိတ် တစ်အိတ် ပို့လိုက်၏။
သူက ဖုန်းကို
အိတ်ထဲသို့ ပြန်ထားပြီးနောက် အမှတ်တမဲ့ အပြင်ဘက်သို့ ကြည့်လိုက်သည်။
အဝေးတွင်
ဆံပင်အတိုနှင့် အမျိုးသမီးတစ်ယောက်က နာရီကို ငုံ့ကြည့်နေပြီး စိတ်ပူပန်စွာနှင့် မော့ကြည့်လိုက်သည်။
သူမက ကားစောင့်နေပုံရသည်။
ဆံပင်တိုနှင့်အမျိုးသမီး
မျက်နှာလှည့်လာသည့် အခိုက်အတန့်၌ ချီမော့က သူမ မည်သူဖြစ်ကြောင်း သတိပြုမိသွားသည်။ သူက
ဒရိုင်ဘာကို ပြောလိုက်၏။
"ရှောင်ဝမ်
ရှေ့မှာ ရပ်လိုက်။"
အနက်ရောင်ဘန်တလေက
ဆံပင်တိုနှင့်အမျိုးသမီး ရှေ့တွင် ရပ်သွားခဲ့သည်။ ပြတင်းမှန်က တဖြေးဖြေးကျလာ၏။
သူမက
ကားထဲမှ သန့်စင်ချောမောသည့် အသွင်အပြင်နှင့် တည်ငြိမ်သော အမူအရာရှိသည့် အမျိုးသားကို
မြင်သောအခါ အနည်းငယ် အံ့သြသွားခဲ့သည်။
"မစ္စတာချီ
ဘယ်လိုတောင် တိုက်ဆိုင်လိုက်လဲ။"
ဒေါက်တာကျန်းက
ချီမော့၏ အဖွားကို သီးသန့် ကျန်းမာရေးစောင့်ရှောက်ပေးသူအဖြစ် ကန်တုန်းမြို့၌ အချိန်ကြာရှည်စွာ
အလုပ်လုပ်ခဲ့သည်။
သူမက
အလုပ်တွင် အာရုံစိုက်ကာ လုံ့လဝီရိယရှိပြီး အကြီးအကဲ မဒမ်ချီနှင့် မစ္စတာချီနှစ်ယောက်လုံးနှင့်
ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။
ဤနှစ်အစောပိုင်းတွင်
သူမသည် နောက်ဆုံး၌ သီးသန့်လေ့ကျင့်ရေးလိုင်စင် ရရှိခဲ့သည်။ သူမက အကြီးအကဲမဒမ်ချီ၏ ကျန်းမာရေးစောင့်ရှောက်သူအဖြစ်မှ
နှုတ်ထွက်ခဲ့ပြီး မြို့တော်သို့ လာကာ ကိုယ်ပိုင်စီးပွားရေး စတင်ခဲ့သည်။
ဒေါက်တာကျန်းက
ခြောက်ကပ်ကပ် အပြုံးတစ်ခု ပေးလိုက်၏။ "ဒီတစ်ခေါက် ကားငှားရတာ ဒီလောက်ခက်လိမ့်မယ်လို့
ကျွန်မ ထင်မထားမိဘူး။"
ချီမော့က
သူမ သွားမည့်နေရာကို မေးလိုက်ပြီး သူတို့ သွားမည့် လမ်းကြော၌ ရှိနေကြောင်း သိလိုက်သည်။
ထို့ကြောင့် သူက သူမကိုပါ လိုက်ခဲ့ရန် ဖိတ်ခေါ်လိုက်၏။
ဒေါက်တာကျန်းက
အချိန်ကို ကြည့်လိုက်ပြီး အားနာဟန်ပြုံးကာ ကားတံခါးကို ဆွဲဖွင့်လိုက်သည်။
"ဒုက္ခများစေမိလို့
ဆောရီးပါ မစ္စတာချီ။"
ချီမော့က
ပြောလိုက်သည်။ "ဒုက္ခမများပါဘူး။"
ကား ထွက်ပြီး
သိပ်မကြာခင်၌ ချီမော့၏ အိတ်ကပ်ထဲမှ ဖုန်းက တုန်ခါလာသည်။
ရှန်းမူမူက
ဆိုင်အတွက် အဖွဲ့ဝင်ဖောင်များ လုပ်နေခဲ့သည်။ အပြီးသတ်ပြီးနောက် သူမက ချီမော့ ပို့ထားသည့်
စာအိတ်နီကို မြင်လိုက်ရ၏။
ပါဝင်သည့်
ပမာဏက သူမကို အလွန် စိတ်လှုပ်ရှားစေပြီး သူမက အသက်တစ်ရှိုက်အတွင်း အီမိုဂျီသုံးခု ပို့လိုက်သည်။
[ကျေးဇူးပါ
Boss.GIF]
[ဘော့စ်က
အရမ်း သဘောထားကြီးတာပဲ [လက်ဖက်ရည်ဆက်နေ]]
[စာအိတ်နီပို့တဲ့သူက
အရမ်းချောတယ်.JPG]
သူ့ဖုန်းမှ
မက်ဆေ့ချ်များကို မြင်သည့်အခါ မသိလိုက်ဘဲ ချီမော့ မျက်လုံးများက အပြုံးနှင့် လင်းလက်သွားခဲ့ပေသည်။