အခန်း (၂၉)
ချီမော့ : မင်းကို ဘယ်သူက သတ္တိတွေ ပေးခဲ့တာလဲ။
မာကျောက်စားပွဲဝိုင်းရှိ
လူသုံးယောက်က သူတို့၏ ခေါင်းများကို တညီတညာတည်း လှည့်ကြည့်လိုက်ကြသည်။
ချီမော့၏
မြင့်မားဖြောင့်စင်းသော ပုံရိပ်က လူတိုင်း၏ အရှေ့တွင် ထွက်ပေါ်လာသည်။
မစ္စစွင်း၏
အိမ်ရှိ မာကျောက်ကစားသည့် အခန်းတွင် နွေးထွေးသည့် မျက်နှာကြက်မီးများ
ရှိပြီး ချီမော့၏ ထင်ရှားပေါ်လွင်သည့် မျက်ခုံးရိုးတို့ကို အလင်းပေးမေသည်။
သူ၏ ရှည်လျားသော
မျက်တောင်များက ထူထဲပြီး သူ့ မျက်လုံးအောက်ခြေတွင် အရိပ်ထင်နေခဲ့သည်။
တောက်ပသည့်
အလင်းက အောက်သို့ ဆက်လက်ကျဆင်းလာပြီး မြင့်မားသော နှာတံကို ဖြတ်သွားကာ နောက်ဆုံး၌ တိရိသေသပ်သည့်
မေးရိုးလိုင်းအား ထင်ရှားလာစေသည်။
သူက ကာတွန်းစာအုပ်ထဲမှ
ထွက်လာသကဲ့သို့ ချောမောခန့်ညားလှသည်။
သူ၏ အေးစက်သော
မျက်လုံးများက ဒေါသထွက်နေသော ဝမ်ချင်းဝေ့ကို ကြည့်လိုက်ပြီး အရိုးစိမ့်လောက်အောင် အေးစက်သည့်
သြဇာကို သယ်ဆောင်ထားသည့် အသံဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းကို
ဘယ်သူက သတ္တိတွေ ပေးခဲ့တာလဲ။"
ဝမ်ချင်းဝေ့၏
ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ချီမော့၏ စူးရှသော အေးစက်စက်အကြည့်တို့ကို တိုက်ရိုက်
မကြည့်ရဲခဲ့ပေ။
"မ...
မစ္စတာချီ"
ဘေးဘက်၌
ရပ်နေသည့် မစ္စကျိုးက အသက်အောင့်ထားလိုက်သည်။ ထိုခဏ၌ သူမသည် အစောပိုင်းက ဖရိုဖရဲ မြင်ကွင်းကို
မေ့လျော့သွားပြီး ချီမော့ထံ၌သာ အကြည့်များ ကပ်ညိနေခဲ့သည်။
သူမသည်
ယခင်က အိမ်နီးချင်းဖြစ်သည့် ချီမော့ကို ဖျတ်ခနဲ မြင်ဖူးခဲ့သည်မျိုး ရှိသော်လည်း စကားတစ်ခွန်းမှ
မပြောခဲ့ဖူးပေ။
ယနေ့မှသာလျှင်
သူမသည် ချီမော့၏ အသံက မည်မျှ နားထောင်ကောင်းကြောင်းနှင့် သူက မည်မျှ ကြည့်ကောင်းကြောင်း
သတိပြုမိခဲ့သည်။
မစ္စကျိုးသည်
နောက်ဆုံး၌ မစ္စချီက သူမ ခင်ပွန်း၏ အရေးကိစ္စကို သိလျက်နှင့် အဘယ့်ကြောင့် အသံတိတ်နေခဲ့ကြောင်း
နားလည်သွားခဲ့ပေသည်။
သူမသာ
မစ္စချီနေရာမှာ ဖြစ်ခဲ့လျှင် ဘာပဲဖြစ်ဖြစ် အဓိကဇနီးဟူသည့် သူမနေရာကို သေချာပေါက် ဆုပ်ကိုင်ထားမိပေလိမ့်မည်။
သူက အပြင်ဘက်၌
အငယ်အနှောင်း ရှစ်ယောက် ဆယ်ယောက်လောက် ထားနေလျှင်ပင် သူမ၏ တရားဝင်ဇနီးမယားဟူသည့် အဆင့်အတန်းကို
သေချာပေါက် ကာကွယ်ထားမည် ဖြစ်၏။
ရှန်းမူမူသည်
ချီမော့၏ ချောမောသော မျက်နှာနှင့် အလှအပကြောင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံရဖူးပြီး
ဖြစ်သောကြောင့် သူမက အခြေခံအားဖြင့် ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူမက
သူ့မျက်နှာကို ငေးနေမိပြီး အဓိကပြဿနာကို မေ့သွားသည်မျိုး ရှိလိမ့်မည် မဟုတ်ပေ။ သူမက
ပြောလိုက်သည်။ "ရှင် ဘယ်လိုလုပ် ဒီနေရာကို ရောက်လာတာလဲ။"
ချီမော့၏
အကြည့်တို့က ဝမ်ချင်းဝေ့ထံမှ ဖယ်ခွာသွားပြီး ရှန်းမူမူထံ ကျရောက်လာသည်။ သူမကို ကြည့်လိုက်သည့်အချိန်၌
လူအများကို တုန်ယင်လာအောင် ပြုလုပ်နိုင်သည့် အေးစက်သော အရှိန်အဝါတို့က ပျောက်ကွယ်သွားသည်။
သူက ခပ်နိမ့်နိမ့်အသံနှင့် ပြောလိုက်သည်။ "ကိုယ် မင်းကို အိမ်ပြန်ရအောင် လာခေါ်တာ။"
သူသည်
သူမက ဇနီးများ ကစားကြသည့် မာကျောက်ကစားပွဲတွင် မပါဝင်ချင်ကြောင်း
သိရှိပေသည်။
ထို့ကြောင့်
သူမကို ရှာရန် စွင်းအိမ်သို့ တိုက်ရိုက်လာခဲ့ပြီး သူမအား အိမ်ပြန်ခေါ်သွားချင်ခဲ့သည်။
သူ ထင်မှတ်မထားခဲ့သည်မှာ
သူ ဆင်ဝင်သို့ ရောက်သည့်အချိန်၌ ဝမ်ချင်းဝေ့၏ စကားများကို ကြားလိုက်ရမည်ကိုပင် ဖြစ်သည်။
ရှန်းမူမူက
သူ့ကို ကြည့်ကာ လျှို့ဝှက်စွာဖြင့် မျက်ခုံးနှစ်ခါ ပင့်ပြလိုက်သည်။
သူမသည်
မျက်လုံးနှင့် အချက်ပြကာ စိတ်ထဲမှ မက်ဆေ့ချ်ပေးပို့လိုက်သည်။ : ရှင့်ရဲ့ နောက်မီးလင်းတဲ့ကိစ္စ
ပေါ်သွားတာ သိလို့ ချစ်နေတဲ့ စုံတွဲလို ဟန်ဆောင်ပြီး အခြေအနေကို ထိန်းသိမ်းရအောင် လာခဲ့တာလား။
ချီမော့က
သူမ မျက်ခုံးနှစ်ခါပင့်လိုက်သည်အား မြင်သောအခါ ရိပ်မြူးရိပ်ထင်လာပြီး သူ့နှုတ်ခမ်းထောင့်က
ခပ်ရေးရေး ကွေးညွှတ်သွားခဲ့သည်။
ရှန်းမူမူက
အသက်ပြင်းပြင်းရှူလိုက်၏။ : "..."
ကောင်းပြီလေ။
သူမက
အခု သူမ ဘာလုပ်သင့်ကြောင်း နားလည်ပေသည်။
ကြည့်ရတာ
သူမ၏ ခန့်မှန်းချက်က မှန်ကန်သည့်ပုံပင်။ သူတို့၏ လက်ထပ်မှု သဘောတူညီချက်ကို လိုက်နာပြီး
အများရှေ့၌ ချစ်ခင်ကြင်နာသော စုံတွဲအဖြစ် သရုပ်ဆောင်ရန် အချိန်ကျလာပြီ ဖြစ်သည်။
သူမက
ထရပ်လိုက်ပြီး ချီမော့ထံ လျှောက်သွားကာ သူမ၏ ဖြူဖွေးသွယ်လျသော လက်မောင်းများနှင့် သူ့လည်ပင်းကို
ရစ်ပတ်လိုက်၍ ချိုမြိန်သည့် အပြုံးလေး ညှစ်ထုတ်ပြုံးပြရင်း ပြောလိုက်သည်။
"လောင်ကုန်း
ကျွန်မကို ကြိုဖို့ လာခဲ့တာလား။ ကျွန်မတို့ အခုလေးတင် ကစားလို့ပြီးသွားတာ။"
ချီမော့၏
ခန္ဓာကိုယ်က တောင့်တင်းသွားသော်လည်း ခဏပဲ ဖြစ်ကာ သူ့လက်များကို သူမ ခါးထက်သို့ တင်လိုက်သည်။
ရှန်းမူမူက
အနားသို့ ကပ်သွားရန် အခွင့်အရေး ယူလိုက်ပြီး သူမ အသံကို နှိမ့်ကာ သူ့နားထဲသို့ တိုးတိုးလေး
ပြောလိုက်သည်။
"ရှင်
ရောက်လာတာ ကံကောင်းတာပဲ။ ကျွန်မတော့ ဒီအတင်းအဖျင်းပြောတဲ့ အမျိုးသမီးကြောင့် ဒေါသထွက်ပြီး
သေတော့မလို့။ ရှင့်ရဲ့ ကိစ္စတွေက ဖုံးကွယ်ဖို့ ပိုပိုခက်လာတယ်။ အိမ်ပြန်ပြီး အဲဒီကိစ္စကို
နောက်ပိုင်း ဘယ်လိုကိုင်တွယ်မလဲ ဆွေးနွေးကြရအောင်။"
ချီမော့၏
အကြည့်များက နက်မှောင်သွားပြီး သူမကို စက္ကန့် အနည်းငယ် စိုက်ကြည့်နေပြီးနောက်မှ ပုံမှန်အသံနှင့်
ပြောလိုက်သည်။ "ဘာမှ ကိုင်တွယ်ဖြေရှင်းစရာ မလိုဘူး။ နောက်မီးလင်းတဲ့ ကိစ္စဆိုတာ
မရှိဘူး။ အထင်လွဲနေတာ။"
ရှန်းမူမူက
မျက်တောင်ခတ်လိုက်သည်။ : "???"
ဟေး...
အဲဒါ မျက်နှာပြောင်တိုက်ပြီး လိမ်နေတာ မဟုတ်ဘူးလား။
ရှင်
တစ်စုံတစ်ယောက်နဲ့ အချစ်အသိုက်မြုံလေးထဲ ဝင်သွားတာကို လူမိခံလိုက်ရတာ မဟုတ်ဘူးလား။
ဘေးတွင်
ရှိနေသည့် ဝမ်ချင်းဝေ့က မှင်တက်ကာ ဆွံ့အနေခဲ့ပြီ ဖြစ်သည်။
သူမသည်
ဖောက်ပြန်သည့် ယောက်ျားတွေက တရားဝင်ဇနီးကို အေးစက်စွာ ဆက်ဆံလိမ့်မည်ဟု ယူဆထားသည်။
ချီမော့က
မည်သည့် အေးစက်မှုကိုမှ မပြသဘဲ ရှိနေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
ဆန့်ကျင်ဘက်အနေနှင့်
သူ့မျက်လုံးများထဲ၌ ဖော်ပြ၍ပင် မရနိုင်သော နူးညံ့မှုများပင် စွန်းထင်နေသေးသည်။
ဤကဲ့သို့သော
နူးညံ့မှုမျိုးမှာ သူမ ဂုဏ်ယူနေသည့် သူမ၏ ခင်ပွန်းထံ၌ပင် မည်သည့်အခါမှ မမြင်တွေ့ဖူးသည့်
တစ်စုံတစ်ရာ ဖြစ်သည်။
ချီမော့နှင့်
ရှန်းမူမူကြားမှ ချစ်မြတ်နိုးနေသည့် အရိပ်အယောင်တို့ကို မျက်မြင်တွေ့လိုက်ရသည်က သူမကို
မစင်စားလိုက်မိသလို အလွန် စိတ်မသက်မသာ ခံစားသွားရစေသည်။ သူမက စဥ်းစားတွေးခေါ်နိုင်စွမ်းနှင့်
ဆင်ခြင်တုံတရား ပျောက်ဆုံးသွားကာ နှာမှုတ်၍ လှောင်ပြောင်သရော်လိုက်သည်။
"ဘာတွေ
ဟန်ဆောင်ပြနေတာလဲ။ ရှင်တို့နှစ်ယောက် ခွာပြဲနေပြီဆိုတာကို လူတိုင်း သိနေပြီပဲဟာ။"
မစ္စကျိုးက
အထိတ်တလန့် လှည့်ကြည့်လာပြီး ဝမ်ချင်းဝေ့ကို ဆက်မပြောတော့ရန် မျက်လုံးဖြင့် အသည်းအသန်
အချက်ပြလာသည်။
လူတိုင်းသည်
ရှီယွိယွဲ့ဗီလာဝန်းထဲရှိ နေထိုင်သူများက ချမ်းသာသော်လည်း ချမ်းသာသူများကြား၌ အဆင့်အတန်း
ကွာခြားမှုရှိသေးကြောင်း သိကြပေသည်။
ဥပမာအနေနှင့်
သူမ ခင်ပွန်း မစ္စတာကျိုး၏ ပိုင်ဆိုင်မှုမှာ လူမှုရေးအရ ပေါင်းသင်းဆက်ဆံမှုတွင် ပိုမိုရင်းနှီးချစ်ကြည်မှု
ရရှိစေရန် ဤနေရာ၌ အိမ်တစ်လုံး ဝယ်ယူရန် လုံလောက်ရုံမျှသာ ရှိသည်။
ဝမ်ချင်းဝေ့
ခင်ပွန်း၏ စီးပွားရေးက ကြီးမားသော်လည်း လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကုမ္ပဏီက ကျဆင်းနေခဲ့ပြီ
ဖြစ်သည်။ ဆုံးဖြတ်ချက် တစ်စုံတစ်ခု မှားယွင်းသွားရုံနှင့် အချိန်မရွေး ဒေဝါလီခံသွားရနိုင်ပေသည်။
ဇနီးမယားများကြားမှ
အတင်းအဖျင်းက အသေးအဖွဲမျှသာ ဖြစ်သော်လည်း အမျိုးသားများကြားမှ လူမှုရေးအသိုင်းအဝိုင်းထိ
ပျံ့နှံ့သွားပါက ကွဲပြားခြားနားသည့် အဓိပ္ပါယ်မျိုး ဖြစ်သွားပေလိမ့်မည်။
ယခုတွင်
ဥက္ကဋ္ဌချီက မစ္စချီကို ကာကွယ်ရန် ရပ်တည်ပေးနေပြီ ဖြစ်သည်။ ဝမ်ချင်းဝေ့က သိက္ခာဆယ်ချင်ရုံနှင့်
ဆက်လက်ငြင်းခုန်နေရန် မလိုအပ်ပေ။
မစ္စကျိုးက
ဝမ်ချင်းဝေ့၏ အင်္ကျီစကို ဆွဲကာ အကြံပေးလိုက်သည်။ "မငြင်းနဲ့တော့။ ရှင် သူတို့ကို
အထင်လွဲနေတာ ဖြစ်မယ်။ မစ္စတာချီနဲ့ မစ္စချီက ဆက်ဆံရေးကောင်းနေကြတာပဲလေ။"
ထို့နောက်
သူမက ချီမော့နှင့် ရှန်းမူမူကို ပြန်လှည့်ကြည့်လိုက်သည်။ "သူမက ဒီနေ့ ပိုက်ဆံတွေ
ရှုံးသွားလို့ စိတ်အခြေအနေ ကောင်းမနေတာမို့ ပေါက်ကရတွေ ပြောနေတာပါ။ စိတ်ထဲမထားပါနဲ့
မစ္စတာချီ။"
ဝမ်ချင်းဝေ့က
စကားကို တစ်ပိုင်းတစ်စနှင့် မည်သို့ ရပ်တန့်လိုက်နိုင်ပါမည်နည်း။ သူမက မစ္စကျိုး၏ လက်ကို
ခါထုတ်ပစ်ရင်း ပြောလိုက်သည်။
"ဘာကို
နားလည်မှုလွဲတာလဲ။ ဒီနေရာမှာ ရှိတဲ့ လူတိုင်းက လက်ထပ်ပြီးသားပဲ။ ယောက်ျားတစ်ယောက်က
တရားဝင်ဇနီးတစ်ယောက်ကို အိမ်မှာ ထိန်းသိမ်းထားပြီး အပြင်မှာ ချစ်သူတစ်ယောက် တိတ်တိတ်လေး
မြေတောင်မြှောက်ပေးတာကို ဘယ်သူက နားမလည်ဘဲနေလို့လဲ။ အဲဒါက ဘာမှ အံ့သြစရာ ရှိမနေဘူး။"
ဝမ်ချင်းဝေ့က
လက်များကို တင်းတင်းကျစ်ဆုပ်ထားသည်။ "ကျွန်မက အချက်အလက်ကိုပဲ ထောက်ပြတာ။ အဲဒါ
ဘာမှားနေလို့လဲ။"
ထိပ်တိုက်တွေ့နေသည့်
ရင်ဆိုင်မှုက ချောင်ပိတ်မိနေသော အခြေအနေသို့ ရောက်နေသည့်အချိန်၌ မစ္စစွင်းက သန့်စင်ခန်းမှ
ပြန်လာခဲ့သည်။
သူမ၏
ပုံရိပ် ပေါ်မလာခင် အသံက အရင် ထွက်ပေါ်လာ၏။ "အိုက်ယား၊ မစ္စဝမ် မစ္စဝမ် သတင်းကို
မြန်မြန် ကြည့်ပါဦး။ တစ်ခုခုဖြစ်နေပြီ။"
လူတိုင်းက
အသံလာရာကို ကြည့်လိုက်သည်။ သူတို့မျက်နှာထက်၌ စိတ်ရှုပ်ထွေးသော အကြည့်များ ရှိနေခဲ့သည်။
ချီမော့သာလျှင်
ဖြစ်ပျက်နေသည့်အရာကို သိရှိပြီးနေသကဲ့သို့ မလှုပ်မယှက်ရှိနေသည်။
မစ္စစွင်းက
ဖုန်းကိုင်ရင်း လူတိုင်းရှေ့ ထွက်ပေါ်လာသည်။ "သတင်းက ပြောထားတာ။ မစ္စတာဝမ်နဲ့
မစ္စဝမ်က စားသောက်ပွဲကို အတူတက်ရောက်ခဲ့တယ်တဲ့။"
သူမက
ဝမ်ချင်းဝေ့ကို အနေရခက်စွာဖြင့် ကြည့်လိုက်သည်။ "ဒါပေမယ့် ဓာတ်ပုံထဲမှာ ပါတဲ့
မစ္စဝမ်က ရှင် မဟုတ်ဘူး။"
သူမ စကားပြောပြီးနောက်
ထိုနေရာရှိ လူများက သုံးစက္ကန့်လောက် အေးခဲသွားပေသည်။
လူတိုင်းသည်
မစ္စစွင်း၏ စကားထဲမှ သတင်းအချက်အလက် ပမာဏကို ဆန်းစစ်နေကြသည်။
ရှန်းမူမူ
: ???
ဒီနေ့
မာကျောက်ကစားပွဲက အမှန်တကယ် ထိုက်တန်ပေသည်။
သူမက
ပိုက်ဆံရှာနိုင်ရုံသာမက လတ်လတ်ဆတ်ဆတ် ဖရဲသီးလည်း စားနိုင်ခဲ့သည်။
မစ္စကျိုးက
မစ္စစွင်းနှင့် ဝမ်ချင်းဝေ့ကို အပြန်ပြန်အလှန်လှန် ကြည့်လိုက်သည်။
ဝမ်ချင်းဝေ့က
လုံးဝ အေးခဲနေခဲ့သည်။ မစ္စစွင်း လျှောက်လာ၍ အနားမရောက်ခင်ပင် သူမက ရှေ့သို့ တိုးသွားကာ
ဖုန်းကို ဆွဲလုရင်း အော်ဟစ်လိုက်သည်။
"ဘာမဟုတ်တာတွေ
လျှောက်ပြောနေတာလဲ။"
ဖုန်းအလုခံလိုက်ရသည့်
မစ္စစွင်းက ချော်လဲတော့မလို ဖြစ်သွားသည်။ အိမ်စေလေးများ၏ ငြိမ်အောင် ထိန်းပေးခံလိုက်ရပြီးနောက်
သူမက ရောက်နေသည့် ချီမော့ကို မြင်ကာ အံ့အားသင့်သွားသည်။
"အိုး..
မစ္စတာချီလား"
သူမက
ယခုလေးတင် မြင်လိုက်ရသည့် သတင်းကို အာရုံစိုက်နေဆဲ ဖြစ်သော်လည်း မစ္စစွင်းသည် သင့်လျော်သည့်
တုန့်ပြန်မှုကို အရင်ဆုံး ပြုလုပ်နိုင်နေဆဲ ဖြစ်သည်။
"ကျွန်မတို့
အိမ်နီးချင်းတွေဖြစ်တာ နှစ်တွေအတော်ကြာပြီ။ ဒါပေမယ့် ရှင် ကျွန်မတို့ အိမ်ကို ရောက်လာတာ
ဒါ ပထမဆုံးအကြိမ်ပဲ။ လောင်စွင်းသိရင်တော့ ပျော်နေတော့မှာပဲ။ သူက ရှင်နဲ့ စကားစမြည်
ပြောချင်နေတာလေ။ လောင်စွင်းက မကြာခင် ပြန်လာတော့မှာ။ မစ္စတာချီ တစ်ခုခုစားဖို့ နေပါဦးလား။"
မစ္စတာစွင်းက
ချီမော့နှင့် ရင်းနှီးမှုရရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး ချီမော့ကို လက်ဖက်ရည်သောက်ရန်
သို့မဟုတ် ငါးဖမ်းရန် အစပြုဖိတ်ခေါ်ပါသော်လည်း အကြိမ်တိုင်း ငြင်းပယ်ခံခဲ့ရသည်။
မစ္စစွင်းက
ဤအခွင့်အရေးကို ရယူကာ သူမယောက်ျားအတွက် အခွင့်အရေး ဖန်တီးပေးချင်သည်။
ချီမော့က
ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ "နောက်တစ်ခေါက် ကျုပ်
အားတဲ့အခါ မစ္စတာစွင်းနဲ့ လက်ဖက်ရည်သောက်ဖို့ စီစဥ်လိုက်ပါ့မယ်။ ဒီနေ့ကတော့ သိပ်အဆင်မပြေဘူး။"
မစ္စစွင်းက
ချီမော့ထံမှ ခါးကို ဖက်ထားခြင်းခံရသည့် ရှန်းမူမူအား ကြည့်လိုက်ရင်း ရုတ်တရက် နားလည်သွားသည်။
သူမက ရယ်မောရင်း ကိုယ့်နဖူးကိုယ် ရိုက်လိုက်၏။
"ကြည့်ပါဦး။
မစ္စတာချီက မစ္စချီကို လာကြိုတယ်ဆိုတာ မေ့သွားလိုက်တာ။ နောက်တစ်ခေါက် ကျွန်မ လောင်စွင်းကို
စုဝေးပွဲလေး လုပ်ဖို့ ပြောလိုက်ပါ့မယ်။"
ချီမော့က
ခပ်ဖျော့ဖျော့အသံနှင့် တုန့်ပြန်လိုက်၏။ "အင်း"
ရှန်းမူမူ၏
အာရုံစိုက်မှုက ချီမော့နှင့် မစ္စစွင်းတို့ စကားဝိုင်း၌ မရှိပေ။ သူမက စပ်စုလိုစိတ်ဖြင့်
ဝမ်ချင်းဝေ့ကိုသာ အာရုံစိုက်နေခဲ့သည်။
ဝမ်ချင်းဝေ့
မျက်လုံးများက ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်နေသည်။ သူမ၏ အမူအရာက စိတ်ရှုပ်ထွေးခြင်းမှသည်
တဖြေးဖြေး စိတ်ပျက်ခြင်းသို့ ပြောင်းလဲသွားကာ ထို့နောက်တွင် ကယောင်ချောက်ချားနှင့်
ဒေါသတကြီး ဖြစ်လာသည်။
သူမ၏
လက်သည်းများက လက်ဖဝါးထဲသို့ ထိုးဖောက်သွားပြီး နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် စေ့ပိတ်ထား၏။
သတင်းထဲမှ
ဓာတ်ပုံများကို ကြည့်ရင်း သူမ ခြေထောက်များက ပျော့ခွေလာပြီး မတ်တပ်ရပ်ရန်ပင် အနိုင််နိုင်
ဖြစ်လာသည်။ သူမသည် မာကျောက်စားပွဲ ထောင့်စွန်းကို ဆုပ်ကိုင်ထားပြီး
သူမကိုယ်သူမ ထောက်ကန်ထားရသည်။
၎င်းက
အမှန်တကယ် ရယ်ရွှင်ဖွယ် ဖြစ်သည်။
သူမက
အမြဲတမ်းလိုလို ဇနီးသည်များ အဖွဲ့အတွင်း ချစ်ခင်မှုကို ပြသလေ့ရှိပြီး သူမ ယောက်ျားက
အိတ်အသစ် သို့မဟုတ် ရတနာတစ်ခုခု ဝယ်ပေးတိုင်း ဓာတ်ပုံရိုက်ကာ moment တွင် ချက်ချင်း
တင်လေ့ ရှိသည်။
ထိုသို့
ပြုလုပ်ခြင်းဖြင့် သူမ ယောက်ျားက သူမကို ဘယ်လောက်ချစ်ကြောင်း လူတိုင်းကို သိစေလိမ့်မည်
ဖြစ်သည်။
သို့သော်
လက်ထပ်ပြီး ငါးနှစ်ကြာသည့်တိုင် သူမ ခင်ပွန်းက သူမနှင့် ဓာတ်ပုံတွဲရိုက်ရန် ဆန္ဒမရှိသည်ကို
သူမသာလျှင် သိရှိပေသည်။
သူသည်
သူမတို့ နှစ်ယောက်တည်း ရှိသည့်အခါ သူမ ဆန္ဒအတိုင်း အကုန် လိုက်လုပ်ပေးတတ်သော်လည်း သူမကို
အခြားသူများနှင့် တွေ့ရန် အပြင်ခေါ်ထုတ်သွားခြင်းမျိုး မရှိသလို သူငယ်ချင်းများ ဆွေမျိုးများနှင့်လည်း
မိတ်ဆက်ပေးခြင်းမျိုး မရှိပေ။
ယခု ဓာတ်ပုံများကို
မြင်သည့်အခါမှ နောက်ဆုံး၌ သူမက အဖြေကို သိရှိလိုက်ရလေသည်။