Chapter 18
Viewers 3k

🐹 Chapter 18

မြွေကြီးက အရည်အချင်းရှိတယ်



"မြွေကြီး ငါမင်းကို ကျင့်ကြံတဲ့နည်းလမ်းသင်ပေးမယ်၊ ပြန်ရအောင်..."


ရှုရှုမှာ ကျင့်ကြံခြင်းနည်းလမ်းကသာ အဖြေဖြစ်ကြောင်းယူဆလိုက်သည်။ ချက်ချင်းပင် သူဝမ်းသာသွားခဲ့သည်။


"မင်းကျင့်ကြံလိုက်… ဆောင်းခိုစရာမလိုဘူး… အိပ်ဖို့လည်းမလိုဘူး..."


ကျင့်ကြံတဲ့မြွေတွေက ဆောင်းခိုစရာမလိုဘူးမလား… ဟုတ်တယ်… အခုအလုပ်မဖြစ်လည်း နောင်ကျရင် သေချာပေါက်ဖြစ်လာမှာပဲ…


အက်ဂါမှာ ကျင့်ကြံရေးနည်းလမ်းဆိုသောအဓိပ္ပါယ်ကို နားမလည်ပေ။ သူက ရှုရှုကို ဇဝေဇဝါဖြင့်ကြည့်ကာ တစ်ချိန်တည်းမှာပင် အနည်းငယ်မျှပျော်ရွှင်သွားခဲ့သည်။ ရှုရှုက သူ့ကိုတားနေခဲ့သည်။ ပြန်ခွင့်မပေးပေ။ ၎င်းမှာ ရှုရှုကသူ့ကို အလွန်တန်ဖိုးထား၍ဖြစ်မည်ဟု ယူဆနိုင်လေသည်။


"မြွေကြီး မလှုပ်နဲ့..."

ရှုရှုက အက်ဂါကိုပြောလိုက်သည်။ ကောင်းမွန်စွာသင်ပြခံထားရသောအက်ဂါက ပြောစကားနားထောင်ပြီး လုံးဝမလှုပ်ပေ။ အေးစက်သောလေတစ်သုတ်တိုက်ခတ်သွားပြီး ရှုရှုမှာ ထိန်းမထားနိုင်တော့ဘဲ တုန်ယင်သွားခဲ့သည်။ ချက်ချင်းပင် သူက သားမွေးကို ခပ်တင်းတင်းဆွဲစေ့ကာ မြွေကြီးဘေးသို့ ပတ်သွားလိုက်သည်။ လက်ကိုဆန့်ထုတ်ပြီး မြွေကြီး၏ကိုယ်ပေါ်သို့တင်လိုက်လေသည်။


ရှုရှုက မြွေကြီးကို ကျင့်ကြံရေးနည်းလမ်းသင်ပေးချင်သော်လည်း မြွေကြီးက တစ်လုံးမှနားမလည်လေရာ ရှေ့ကိုတက်၍မရပေ။ ထို့ကြောင့် ပြောဆိုဆက်ဆံရာတွင် အခက်အခဲရှိနေပြီးသား ဖြစ်နေလေ၏။ ထို့အပြင် မည်သို့သင်ပေးမည်ကို သူလည်းမသိပေ။ သူကိုယ်တိုင်ပင် ကျင့်ကြံရာတွင် တိုင်ပတ်နေ၍ အခြားသူအားသင်ပြပေးရမည့်နည်းလမ်းကို ဘုရားသာသိပေလိမ့်မည်။


သို့ရာတွင် ယခု ထိုသူကို အစမ်းသပ်ခံအဖြစ်သဘောထားပြီး ရှုရှုမှာ လွန်ခဲ့သောရက်အနည်းငယ်က မြွေကြီးကို ကုသပေးခဲ့သည်။ မြွေကြီး၏ကိုယ်တွင်းသွေးကြောစနစ်ကို သိထားပြီးပြီဆိုသော်လည်း မြွေတစ်ကောင်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ဟမ်းစတားတစ်ကောင်နှင့်လုံးဝကွဲပြားသလို သူ၏လက်ရှိ လူသားခန္ဓာကိုယ်နှင့်လည်း မတူပေ။ သူက မြွေကြီး၏ခန္ဓာကိုယ်ထဲမှ ဝိညာဥ်စွမ်းအားလည်ပတ်နိုင်ရန် မည်သည့်နည်းလမ်းကို သုံးရမည်အား မသိပေ။


ရှုရှုက အတိတ်တွင်လုပ်ခဲ့သည့်အတိုင်း မြွေကြီး၏ကိုယ်ထဲသို့ ဝိညာဥ်စွမ်းအားကို တိတ်တဆိတ်လွှဲပြောင်းပေးလိုက်သည်။ လက်ရှိတွင် သူ့အနေဖြင့် မြွေကြီးကို ကျင့်ကြံရေးနည်းလမ်းမသင်ပေးနိုင်လျှင်ပင် ဝိညာဥ်စွမ်းအားရှိသည့်ခံစားချက်ကမည်မျှကောင်းကြောင်း ၎င်းကိုသိစေချင်သည်။ 


ရှုရှု၏ဝိညာဥ်စွမ်းအားက အမှန်တကယ်နည်းပါးလွန်းသည်။ ၎င်းတို့အားလုံးက မြွေကြီး၏ကိုယ်ထဲသို့ချက်ချင်းဝင်ရောက်သွားလေ၏။ ၎င်းက တစ်ကြိမ်ဖြည့်လျှင် မြွေကြီး၏ခန္ဓာကိုယ်ကို အာဟာရဖြည့်ဆည်းပေးနိုင်သည်။ ကျင့်ကြံခြင်းအတွက်မူ မြွေကြီးရော ရှုရှုပါ မည်သို့ဖြစ်လာမည်ကို မသိပေ။ 


အနီရောင်ပုတီးစေ့ မင်းကငါ့ကိုကျင့်ကြံအောင်လုပ်ပေးနိုင်တာပဲ… မြွေကြီးကိုလည်း ကျင့်ကြံလို့ရအောင် လုပ်ပေးနိုင်တာပဲမဟုတ်လား…


ရှုရှုက စိတ်စွမ်းအင်ဖြင့် အနီရောင်ပုတီးစေ့ကို ထိလိုက်သည်။ ထိုအခိုက်အတန့်လေးမှာပင် အနီရောင်ပုတီးစေ့ထံမှ ရှုရှုရင်းနှီးနေသော နွေးထွေးသည့်စီးကြောင်းက ရုတ်တရက် ဝုန်းခနဲထွက်လာလေသည်။ ထို့နောက် သူ့လက်မှတစ်ဆင့် မြွေကြီး၏ကိုယ်ထဲသို့ဝင်သွားလေသည်။


အတိအကျပင် နွေးထွေးသည့်စီးကြောင်းက လူများကို ကျင့်ကြံရန်ကူညီပေးနိုင်သည်။


သူ ဟမ်းစတားဖြစ်ခဲ့စဥ်က မည်သို့ကျင့်ကြံရမှန်း လုံးဝမသိခဲ့ပေ။ မတော်တဆကျင့်ကြံမိသည့်အခါ ဤနွေးထွေးသောစီးကြောင်းလေးက သူ့ခန္ဓာကိုယ်ထဲသို့ နေ့တိုင်းဝင်လာနေပြီး နေ့စဥ်လုပ်ငန်းဆောင်တာများတွင် အဆင်မပြေမှုကြီးကြီးမားမားကို ကြုံတွေ့ခဲ့ရသည်။ 


ရံဖန်ရံခါတွင် သူ သန့်စင်ခန်းထဲ၌ရောက်နေချိန် အပူစီးကြောင်းက ရုတ်တရက်လှည့်ပတ်လာကာ ဆီးသွားနေရာမှချက်ချင်းရပ်သွားခဲ့သည်။


.........


သို့သော်လည်း ဤအပူစီးကြောင်းက အသုံးဝင်ခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင်လှည့်ပတ်နေပြီး ဝိညာဥ်စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲသို့စီးဝင်လာကာကာ သူ့ကိုပိုပြီး ဉာဏ်အလင်းပွင့်လာစေသည်။ နောက်ဆုံး၌ အမှန်တရားကိုမြင်လာရကာ သေချာကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ ဤအပူစီးကြောင်းက သူမိစ္ဆာဝိညာဥ်ဖြစ်သို့ ပြောင်းလဲရာတွင် အရှိန်မြှင့်နိုင်အောင်ပင် ကူညီပေးခဲ့သည်။


အပူစီးကြောင်းက မြွေကြီး၏ခန္ဓာကိုယ်ထဲသို့ဝင်ရောက်သွားပြီဖြစ်ရာ ယခု မြွေကြီးလည်းကျင့်ကြံနိုင်၏။ မြွေကြီး သင်ယူနိူင်လာရန် အပူစီးကြောင်းက မြွေကြီး၏ခန္ဓာကိုယ်ထဲတွင် အကြိမ်ရေမည်မျှလှည့်ပတ်ရမည်ကိုမူ သူသည်လည်းမသိပေ။


ဒါပေမဲ့ မြွေကြီး သင်ယူနိုင်ဖို့ အချိန်အတော်လေးယူရနိုင်တယ်… ဟုတ်တယ်မလား…အချိန်ကျလာရင် မြွေကြီးက သူထွက်သွားမဲ့ အစီအစဥ်ကို ပြောင်းလောက်မှာပါနော်…


ဤအပူဓာတ်ကို ရှုရှုထိန်းချုပ်စရာမလိုသဖြင့် သူက တောင်တွေးမြောက်တွေးတွေးနေခဲ့သည်။ သို့ရာတွင် အက်ဂါက အာရုံမပျံ့နေပေ။ ဝိညာဥ်စွမ်းအားကူးပြောင်းနေချိန်တွင် သူက ထူးထူးခြားခြား အံ့အားသင့်သွားရသည်။


အဆင့်နိမ့်သားရဲလူသားလေးတွင် လူများကိုကုသပေးနိုင်မည့် မှော်စွမ်းအင်ရှိကြောင်း သူသိပြီးဖြစ်သည်။ ၎င်းကို ထူးဆန်းသည်ဟုတွေးနိုင်သော်လည်း အံ့ဩစရာမရှိပေ။ အဆင့်နိမ့်သားရဲလူသားပင်ဖြစ်စေ၊ သားရဲလူသားပင်ဖြစ်စေ အားလုံးတွင် မွေးရာပါစွမ်းရည်ရှိကြသည်။ ထိုမွေးရာပါစွမ်းရည်များကလည်း အမျိုးမျိုးရှိကြသည်။ လေနှင့်မီးကိုထိန်းချုပ်နိုင်သည့်စွမ်းရည်၊ ဒဏ်ရာကိုကုသပေးနိုင်သောစွမ်းရည်၊ အဆိပ်ထုတ်နိုင်သောစွမ်းရည်စသဖြင့် အခြေအနေတိုင်းအတွက် အရာအားလုံးရှိသည်။ သူတို့အတွက်မူ အဆင့်နိမ့်သားရဲလူသားလေးက သတိထားစရာမလိုသည့် လူတစ်ယောက်သာဖြစ်၏။


စွမ်းရည်အကြောင်းကိုပြောရလျှင် သူ၏ယခင်စွမ်းရည်က လေနှင့်မီးကိုထိန်းချုပ်နိုင်သည်။ တော်ဝင်မိသားစုမှ သားရဲမျိုးနွယ်များက အမြဲပင် လေကိုစီးနင်းပြီး လှိုင်းထန်အောင်လုပ်နိုင်ကြသည်။


မွေးရာပါစွမ်းရည်ကိုအသုံးချလိုသော သားရဲလူသားက သူ၏သားရဲအမြုတေကို အားကိုးရန်လိုအပ်သည်။ ထို့ကြောင့် လက်ရှိအခြေအနေတွင် သူက မည်သည့်စွမ်းရည်ကိုမျှ ထုတ်မသုံးနိုင်ပေ။ 


အဆင့်နိမ့်သားရဲလူသားလေးမှာ မွေးရာပါစွမ်းရည်ရှိတာက ပုံမှန်ဆိုပေမဲ့ ဒီအပူဓာတ်စီးကြောင်းက ဘာကြီးလဲ…


အက်ဂါက သူ၏ကိုယ်တွင်း၌အပူစီးကြောင်းဝင်လာသည်ကို ခံစားမိချိန်တွင် တစ်ခုခုက သူ့ခန္ဓာကိုယ်ထဲသို့ဝင်လာသလိုခံစားရလေသည်။ ယင်းက အဆင့်နိမ့်သားရဲလေး သူ့ကိုတစ်ခါက ကူးပြောင်းပေးခဲ့ဖူးသောအရာနှင့်တူသော်လည်း ဒဏ်ရာအချို့ကို ကုသဖို့ရာပင် မကူညီပေးနိုင်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ဤအပူစီးကြောင်းကမူ သူ့ခန္ဓာကိုယ်ထဲတွင်ဆက်ရှိနေခဲ့သည်။ 


သူ့ခန္ဓာကိုယ်ထဲမှအပူစီးကြောင်းက ဝင်လာသည်နှင့် ကိုယ်ထဲတွင် လှည့်ပတ်နေခဲ့သည်။ လျှပ်တပြက်အတွင်းမှာပင် ၎င်းက ဒုတိယအကြိမ် လှည့်ပတ်လာခဲ့သည်။ အစပိုင်းတွင် အက်ဂါက အခြေအနေကို အသေးစိတ်နားမလည်သေးသော်လည်း ဒုတိယအကြိမ်တွင်မူ အပူဓာတ်စီးဆင်းသွားရာလမ်းကြောင်းအားလုံးကို မှတ်မိသွားခဲ့သည်။ နှစ်ကြိမ်အပြည့်အဝလှည့်ပတ်ပြီးနောက် အက်ဂါမှာ သူ့ခန္ဓာကိုယ်ထဲမှ အလွန်သေးငယ်သောလေဓာတ်ကို ခံစားလိုက်ရသည်။ ထိုလေဓာတ်က သူ့အတွက် မည်သို့ အသုံးဝင်နိုင်ကြောင်းမသိသေးသော်လည်း သူက လေဓာတ်ကို ထိန်းချုပ်နိုင်သည်။ ယင်းက ကောင်းသည့်အရာဖြစ်ကြောင်း သူအတိအကျသိသွား၏။


အပူဓာတ်က တတိယအကြိမ်မြောက် စတင်လည်ပတ်လာလေသည်။


အက်ဂါမှာ အပူစီးကြောင်းကလှည့်ပတ်နေပြီးနောက် ကိုယ်တွင်းမှလေဓာတ်ကို ထိန်းချုပ်လိုက်သည်။ ထိုသို့လုပ်လိုက်ပြီးနောက် အပြင်ဘက်မှ သူ့ခန္ဓာကိုယ်ထဲသို့ ဝုန်းခနဲဝင်လာသောစွမ်းအင်က တိုးများလာပုံရပြီး လေဓာတ်က ကြီးထွားပြီးရင်းကြီးထွားလာလေသည်။


လေးကြိမ်မြောက်၊ ငါးကြိမ်မြောက်၊ ခြောက်ကြိမ်မြောက်...


အက်ဂါ၏ခန္ဓာကိုယ်ထဲတွင် ကျန်နေခဲ့သောအပူဓာတ်က အကြိမ်ရေမည်မျှလှည့်ပတ်နေမှန်း မသိတော့သော်လည်း အက်ဂါက အကြိမ်ကြိမ်ကျင့်ကြံနေခဲ့သည်။ 


ရှုရှုက လက်လွှတ်ပေးလိုက်သည့်နှင့် အပူစီးကြောင်းက ပြန်လည်ရောက်ရှိလာပြီး မှင်သက်သွားရသည်။ 


မြွေကြီးက ပထမဆုံးအကြိမ်ကျင့်ကြံစဥ်မှာပင် တရားထိုင်သောအဆင့်အထိရောက်သွားမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ထို့အပြင် ပတ်ဝန်းကျင်တွင်လှည့်ပတ်နေသော ဝိညာဥ်စွမ်းအားများက မြွေကြီးထံသို့ အရှိန်အဟုန်ဖြင့်ဝင်ရောက်နေလေသည်။ 


ဝိညာဥ်စွမ်းအားတွေအများကြီးပဲ… တကယ်ကိုအများကြီးပဲ…


သူ ကမ္ဘာမြေပေါ်တွင် ရှိနေချိန်က ဝိညာဥ်စွမ်းအား အနည်းငယ်သာရှိခဲ့သည်။ သူ မည်မျှကြိုးစားပါစေ အရာမထင်ခဲ့ဘဲ စုပ်ယူလိုက်သောပမာဏကလည်း မလုံလောက်ခဲ့ပေ။ ဤနေရာသို့ရောက်လာသောအခါ ဤနေရာမှ ဝိညာဥ်စွမ်းအားက တကယ်ပင်ပေါများနေခဲ့သည်။ သို့ရာတွင် သူက အတိဒုက္ခတစ်ဝက်ကိုသာဖြတ်ကျော်ခဲ့ရပြီး သူ့ခန္ဓာကိုယ်ကလည်း အခြေအနေမကောင်းပေ။ ရလဒ်မှာ ထပ်တူညီသောအရာတစ်ခုကသာ ဖြစ်ပေါ်လာခဲ့သည်။ သူ ဝိညာဥ်စွမ်းအားကို မစုပ်ယူနိုင်ပေ။ 


သူ့အဖြစ်သူပြန်တွေးရင်း ပတ်ဝန်းကျင်မှဝိညာဥ်စွမ်းအားများကို အလင်းအလျင်ဖြင့်စုပ်ယူနေသော သူ့မျက်စိရှေ့မှမြွေကြီးကို ထပ်ကြည့်လိုက်ပြန်သည်။ ရှုရှုမှာ သူ့နှလုံးသားက အလွန်တရာမှ လေးလံလာသလို ခံစားရလေ၏။ 


မဟုတ်သေးပေ၊၊ လက်တွေ့ကျကျပြောရလျှင် စိတ်လေးနေသောသူကသာ မှားယွင်းနေခြင်းဖြစ်လေသည်။ ယင်းမှာ သူ၏တပည့်အရင်းဖြစ်ပြီး လက်ဖျားခါရအောင်တော်သောတပည့်တစ်ယောက်မှာ ဆရာမှ အသေအချာသင်ပြထားနိုင်၍ပင်ဖြစ်လေသည်။ ထို့အပြင် မြွေကြီးက ပိုပြီးမြန်မြန်ကျင့်ကြံနိုင်လေ၊ လူသားတစ်ယောက် အမြန်ဖြစ်လာနိုင်လေပင်။ 


ထိုသို့တွေးကြည့်မိသည့်အခါ ရှုရှုမှာ အလွန်ကျေနပ်သွားလေသည်။ ထို့နောက် သူက ထပ်ပြီးတုန်ယင်လာပြန်သည်။ 


အခုက အရမ်းအေးလာပြီ…


ရှုရှုမှာ အမှန်တကယ်ပင် သူ့ဂူသို့ပြန်ချင်နေသော်လည်း မြွေကြီးက ကျင့်ကြံခြင်းလမ်းကြောင်း၏ လမ်းခုလတ်တွင်ဖြစ်နေပြီး တရားထိုင်နေဆဲရှိသေးသည်။ စောင့်ကြည့်ပေးနေမည့် လူတစ်ယောက် သေချာပေါက်လိုအပ်သည်။


ရှုရှုက သက်ပြင်းချရင်း သူ ပုန်းခိုနိုင်ရန် မြွေကြီးဘေးတွင် လူတစ်ကိုယ်စာတွင်းတစ်တွင်းကို တူးလိုက်လေသည်။ ထို့နောက် လေဒဏ်ကာရန် သူယူလာသော နောက်ထပ်သားမွေးထည်တစ်ခုကို သူ့ကိုယ်သူ ခြုံလွှမ်းလိုက်သည်။ တတ်နိင်သမျှနည်းလမ်းဖြင့်လုံခြုံအောင်လုပ်ပြီးနောက် သူလည်း စတင်ကျင့်ကြံလိုက်သည်။


သူ ကျင့်ကြံလိုက်သည်နှင့် အနီးတဝိုက်မှဝိညာဥ်စွမ်းအားများက မြွေကြီးထံသို့ တရှိန်ထိုးဝင်သွားရသည့်ပြဿနာကို ချက်ချင်းရှာတွေ့သွားလေသည်။ သူ့ခမျာ ဝိညာဥ်စွမ်းအားမြူတစ်မှုန်စာလေးကိုပင် မဖမ်းဆုပ်နိုင်ချေ။ ယင်းတို့အားလုံးအနက်မှ တစ်ခုလေးကိုပင် သူ့ခမျာ စုပ်ယူနိုင်စွမ်းရှိမနေပေ။


ဘယ်လိုလုပ်ပြီး တပည့်တောင်ရထားတဲ့ ဆရာတစ်ယောက်က မကျင့်ကြံနိုင်ရတာလဲ…


ရှုရှုမှာ တတ်နိုင်သည့်အရာ မရှိပေ။ နောက်ဆုံးတွင် သူ၏တွင်းလေးထဲ၌အနားယူရင်း မြွေကြီး ကျင့်ကြံပြီးသည်အထိ စောင့်နေရုံသာတတ်နိုင်လေတော့သည်။


ဝိညာဥ်စွမ်းအားများက အက်ဂါ၏ခန္ဓာကိုယ်ထဲသို့ အလုံးအရင်းဖြင့်ဝင်ရောက်သွားခဲ့သည်။ အက်ဂါက ၎င်းတို့ကိုထိန်းချုပ်ပြီး အကြိမ်ကြိမ်လှည့်ပတ်နေလိုက်ကာ သူ့ခန္ဓာကိုယ်ထဲမှ လေဓာတ်က ကြီးမားပြီးရင်းကြီးမားလာခဲ့သည်။ လေဓာတ်က အတိုင်းအတာတစ်ခုအထိ ရောက်သည့်အခါ စတင်ပြီးကျုံ့ဝင်လာခဲ့သည်။ အချိန်ကုန်လွန်ပြီးနောက် ၎င်းက ရေစက်လေးတစ်စက်အဖြစ်သို့ တဖြည်းဖြည်းချင်းသိပ်သည်းသွားလေသည်။


အက်ဂါက တုန်ယင်သွားပြီး ခေါင်းကရှင်းလင်းသွားခဲ့သည်။ သူ၏ဒဏ်ရာဟောင်းများက တကယ်ပြန်သက်သာသွားသည်ကို ချက်ချင်းသဘောပေါက်သွားလေသည်။


သူ၏ခန္ဓာကိုယ်အခြေအနေက မူလကလောက် မကောင်းသေးသည့်တိုင် ခန္ဓာကိုယ်ကို ထိန်းချုပ်ထားနိုင်မှုက ပိုကောင်းလာလေသည်။ မတိုင်ခင်က မြွေဗီဇလွှမ်းမိုးမှုတို့ရှိခဲ့သော်လည်း ယခုမူ ထိုလွှမ်းမိုးမှုက အရေးမပါတော့ပေ။


နောက်ဆုံးမှာ အဆင့်နိမ့်သားရဲလူသားလေးက ငါ့ကို ဘာသင်ပေးလိုက်တာလဲ…


အက်ဂါက သူ့ခန္ဓာကိုယ်ကိုလှုပ်ရှားပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လောကကြီးက သူ့မျက်လုံးထဲတွင် ပိုပြီးရှင်းလင်းလာသည်။ သူက အလွန်စိတ်လှုပ်ရှားသွားရသည်။


ငါ ခွန်အားအများကြီးကို ပြန်ရလာပြီ…


သူ့ဘေးတွင် အဆင့်နိမ့်သားရဲလူသားလေးရှိနေသည်။ အက်ဂါက သူ့ဘေးမှရွှံ့တွင်းသေးသေးလေးကိုလှည့်ကြည့်လိုက်သည်။ ထို့နောက် တွင်းထဲမှ ကောင်လေးကိုကြည့်လိုက်ပြီး ရင်တဒိတ်ဒိတ်ခုန်လာလေသည်။


ဒီကောင်လေးက ဘာလို့ဒီလောက်ရိုးအရတာလဲ… ငါ့ကို ဒီလိုနည်းလမ်းမျိုးတွေတောင် သင်ပေးတယ်…



🐹🐹🐹