အခန်း (၄၉)
သူမ တကယ်ပဲ ပိုက်ဆံရဲ့ စွမ်းအားကို ခံစားမိခဲ့တယ်
စကားဖြင့်
ပြောခြင်းက စျေးပေါပြီး အပြုအမူများက စကားလုံးများထက် ပိုလက်တွေ့ကျသည်။
ရှန်းမူမူ
ဗီလာသို့ပြန်ရောက်သောအခါ သူမက ချီရှောင်ပိုင်အတွက် မနက်စာ ဝယ်လာခဲ့သည်။
သူမ ဗီလာထဲဝင်ပြီး
မကြာခင်မှာပင် ချီမော့က အပန်းဖြေစခန်းမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့ပြီး အလုပ်ကိစ္စများ
ဖြေရှင်းရန် နောက်တစ်ကြိမ် အပြင်ထွက်ရမည်ဟု ပြောခဲ့သည်။
ရှန်းမူမူ
နှင့် ချီရှောင်ပိုင်တို့က ချီမော့၏ အလုပ်ရှုပ်ခြင်းကို အသားကျနေပြီး ဖြစ်သည်။
ယခင်က
ရှန်းမူမူသည် ချမ်းသာသောလူများ၏ ကမ္ဘာကြီးက ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် နေကြရလိမ်မည်ဟု
အမြဲခံစားခဲ့ရသည်။
အနည်းဆုံး
သူတို့က သာမန်လူတွေလို ပင်ပင်ပန်းပန်း အလုပ်လုပ်စရာ မလိုဘဲ ပျော်ရွှင်သည့် ဘဝကို နေထိုင်ရန်
အချိန်အများကြီး ရှိလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။
သို့သော်
ချီမော့က ဆန့်ကျင်ဘက် ဖြစ်နေသည်ကို သူမ မြင်ခဲ့ရသည်။
ကိုင်တွယ်ဖြေရှင်းရမည့်
အဆုံးမရှိသော ပရောဂျက်များ၊ တက်ရောက်ရမည့် အစည်းအဝေးများနှင့် ဆက်တိုက် ရှိနေသည့် လူမှုရေးဆိုင်ရာပွဲများက
အများအပြား ရှိနေပုံရသည်။
သူ့လုပ်ငန်းစုမှာ
ထောင်ပေါင်းများစွာသော ထူးချွန်သည့် လက်အောက်ငယ်သားများစွာ ရှိနေသော်လည်း သူ့ကိုယ်စား
ဘယ်သူမှ ဆုံးဖြတ်ချက်မချနိုင်ခဲ့ပေ။
အနည်းဆုံး
ချီရှောင်ပိုင် ကြီးပြင်းလာပြီး သူ့ဘာသာသူ ရပ်တည်နိုင်သည်အထိ သူက ထိပ်ဆုံးတွင် တစ်ယောက်တည်း
ရပ်နေရဦးမည် ဖြစ်သည်။
မနက်စာစားပြီးနောက်
ဘာမှလုပ်စရာမရှိသဖြင့် ချီရှောင်ပိုင်သည် ဧည့်ခန်းဆိုဖာပေါ်တွင် ပျင်းရိငြီးငွေ့စွာဖြင့်
မှီထိုင်ရင်း သူ့ဖုန်းနှင့် ကစားနေသည်။
ရှန်းမူမူက
စိတ်ပူနေသော အကြည့်တို့ဖြင့် ကြမ်းပြင်မှ မျက်နှာကြက်ထိရှိသော ပြတင်းပေါက်ရှေ့တွင်
ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေသည်ကို မြင်ရသဖြင့် သူက ရုတ်တရက် ထပြောလိုက်သည်။
"အဖေ
မကြာခင် ပြန်လာမှာပါ။ သူ့ကို ထိုင်ပြီးသာ စောင့်နေပါဗျာ။"
ရှန်းမူမူ
ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ "???"
ချီရှောင်ပိုင်၏
အမူအရာက ခွေးစာတွေ အများကြီး စားလိုက်ရသလို ဖြစ်နေသည်ကို မြင်သောအခါ သူမ ချက်ချင်း
နားလည်သွားသည်။
"ဖူး~"
သူသည်
သူမက သူ့အဖေကို စိုးရိမ်ပူပန်စွာ စောင့်မျှော်ရင်း စိတ်မရှည်ဖြစ်သောကြောင့် သူမ ရှေ့လျှောက်လိုက်
နောက်လျှောက်လိုက်ဖြင့် ဖြစ်နေသည်ဟု ထင်ထားခြင်း ဖြစ်သည်။
ရှန်းမူမူသည်
ယွဲ့ကျီပန်းဆိုင်ခွဲအသစ် ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ တွေးနေခြင်းဖြစ်ကြောင်း ရှင်းပြရန်
အလုပ်ရှုပ်မခံခဲ့ပေ။
အမှန်တကယ်၌
ချီမော့နှင့် ချစ်ခင်နေသော စုံတွဲပုံစံကို ထိန်းသိမ်းထားရတာလည်း ဆိုးတော့ မဆိုးပေ။
အထူးသဖြင့်
ချီရှောင်ပိုင်၏ နောက်ခံအကြောင်းကို သိရှိပြီးနောက်၌ ထိုသို့ လုပ်ခြင်းက ပိုကောင်းသည်ဟု
သူမ တွေးခဲ့သည်။
ချီရှောင်ပိုင်အတွက်
နွေးထွေး၍ သဟဇာတရှိသော မိသားစုလေးတစ်ခုအဖြစ် ဖန်တီးပေးနိုင်ခဲ့ပါလျှင် သူ၏ ကလေးဘဝမှ
ချို့ယွင်းချက်အချို့ကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု သူမ ထင်ပေသည်။
ရှန်းမူမူက
နှုတ်ခမ်းကို ခပ်သာသာ ဖိပိတ်ကာ မျက်ခုံးလေး စုကျုံ့ရင်း စိတ်ပူနေသော အကြည့်တို့ဖြင့်
တမင်သက်သက် သက်ပြင်းကို ချလိုက်သည်။
"ကောင်းပါပြီ။"
သူမကို
ကြည့်ရသည်မှာ ခင်ပွန်းဖြစ်သူက အလုပ်ဝန်အရမ်းပိနေမှာကို စိုးရိမ်နေသည့် ကြင်စဦးဇနီးတစ်ယောက်ကဲ့သို့ပင်။
ချီရှောင်ပိုင်သည်
သူ့ဖုန်းကို ဆက်မကစားမီ စက္ကန့်အနည်းငယ်မျှ အံ့အားသင့်သွားသည်။
သို့သော်
ရှန်းမူမူက ရုတ်တရက် ပန်းဆိုင်အကြောင်း အာရုံမစိုက်နိုင်တော့ပေ။
သူမသည်
ရုတ်တရက် သူမရှေ့ရှိ တသီးတခြားဆန်ပြီး ဖြူကောင်လေးကဲ့သို့သော သခင်ငယ်လေးကို အာရုံစိုက်ချင်လာသည်။
သူမက
ခေါင်းအုံးကို ပွေ့ဖက်ရင်း ချီရှောင်ပိုင်၏ ဘေးတစ်ဖက်ရှိ ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ
သူ့ဘက်သို့ အနည်းငယ် စောင်းငဲ့ကြည့်လိုက်သည်။
"ဖုန်းနဲ့
မကစားနဲ့တော့။ ငါ မင်းနဲ့ စကားနည်းနည်းလောက် ပြောချင်တယ်။"
ချီရှောင်ပိုင်က
မော့ကြည့်လိုက်သည်။ "ဘာပြောမလို့လဲ။"
ရှန်းမူမူ၏
အမူအရာက လေးနက်နေသည်။
"အမှန်အတိုင်းပြောရရင်
မင်းက လူတွေနဲ့ ငြင်းခုံရတာကို ကြိုက်တဲ့ ကောင်စုတ်လေး တစ်ယောက်လို့ ငါ အမြဲထင်ခဲ့တာ။"
ချီရှောင်ပိုင်က
ရှန်းမူမူ ဆက်ပြောလာသည့် စကားကို နားထောင်ရင်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
"ဒီရက်တွေကို
ငါတို့ အတူတူ ဖြတ်သန်းပြီးတဲ့နောက် မင်းမှာ အရည်အချင်းကောင်းတွေ အများကြီးရှိတယ်ဆိုတာ
ငါသိလိုက်ရတယ်။"
ချီရှောင်ပိုင်
: "???"
ရှန်းမူမူက
ရိုးသားစစ်မှန်စွာ ပြောလိုက်သည်။ "ဥပမာပြောရရင် မင်းက တည့်တိုးဆန်တယ်။ ရိုးသားတယ်။
လိမ္မာပါးနပ်တယ်။ ပြီးတော့-"
"ခဏလေး။"
ချီရှောင်ပိုင်က သူမစကားစကို ဖြတ်ကာ နှောက်ယှက်လိုက်ပြီး သူမအား သံသယစိတ်ဖြင့် မျက်ခုံးပင့်
ကြည့်လိုက်သည်။ "ကျွန်တော့်ကို အဆာပြေမုန့် ယူခိုင်းချင်တာ
ဒါမှမဟုတ် ပန်းဈေးကို လိုက်ပို့ပေးစေချင်တာဆိုရင် ရှင်းရှင်းပြောလို့ရပါတယ်။"
ရှန်းမူမူ
: "..."
ချီရှောင်ပိုင်
: "ဒါမှမဟုတ် ကျွန်တော့်ကို ထပ်ပြီး ခင်ဗျားရဲ့ လက်ထောက်
လုပ်ပေးစေချင်တာလား။"
ရှန်းမူမူ
: "ငါ မင်းကို ရိုးရိုးသားသား ချီးကျူးလို့ မရဘူးလား။"
သူမသည်
အခြားသူများကို အမြဲ ကောင်းမွန်စွာ ချီးမွမ်းတတ်သူ ဖြစ်သည်။
ချီရှောင်ပိုင်ကဲ့သို့
ထိလွယ်ရှလွယ် ဆယ်ကျော်သက်လေးအတွက် ချီးမွမ်းပေးခြင်းကသာ အကျိုးရှိနိုင်သည်။
သို့ပေမယ့်
ချီရှောင်ပိုင်ရဲ့မျက်လုံးထဲမှာ သူမက သူ့ကို ညာခိုင်းတတ်တဲ့ မိထွေးတစ်ယောက် ဖြစ်နေမယ်လို့
မျှော်လင့်မထားမိခဲ့ပေ။
ချီရှောင်ပိုင်က
ခက်ခက်ခဲခဲနှင့် ပြောလိုက်သည်။ "ကျွန်တော့်ကို ချီးကျူးနေမယ့်အစား
ဒီအတိုင်း အမိန့်သာပေးလိုက်ပါ။ အဲဒီလိုမျိုးကို ပိုအသားကျတယ်။"
ရှန်းမူမူက
ခဏလောက် ထိတ်လန့်သွားသည်။
ထို့နောက်တွင်
သူမက အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သလို လည်ချောင်း တစ်ချက် ရှင်း၍ အပြုံးလေးနှင့်
ပြောလိုက်သည်။
"အချိန်တွေ
အများကြီး ရှိပါသေးတယ်။ မင်း ဖြည်းဖြည်းချင်း ကျင့်သားရအောင် လုပ်ပေါ့။"
ချီရှောင်ပိုင်က
ပို၍ပင် စိတ်ရှုပ်သွားသည်။
သူမ ဘာကို
အတိအကျ ပြောချင်နေတာလဲ။
ရှန်းမူမူက
မတ်မတ်ထိုင်လိုက်ပြီး ရှားရှားပါးပါး လူကြီးဆန်သော အမူအရာကို ဆောင်ယူရင်း ဖြေးညင်းစွာ
ပြောလိုက်သည်။
"အရင်က
ငါ ပန်းဆိုင်ကိစ္စနဲ့ အလုပ်ရှုပ်နေခဲ့တာ။ ပြီးတော့ ငါတို့ လက်ထပ်ပြီးကတည်းက မင်းအဖေနဲ့
အချစ်ငှက်လေး လုပ်နေဖို့ပဲ အာရုံရခဲ့ပြီး မင်းကို သိပ်ဂရုမစိုက်မိခဲ့ဘူး။"
"ဒီနေ့ကစပြီး
ငါက မိထွေးဖြစ်ရတဲ့ တာဝန်ဝတ္တရားကို တရားဝင်ဖြည့်ဆည်းပေးတော့မယ်။ မင်းကို လွှတ်ထားပေးတော့မှာ
မဟုတ်သလို အရမ်းအလိုလိုက်ပေးမှာလည်း မဟုတ်တော့ဘူး။"
သူမသည်
ယနေ့ကစပြီး မိထွေးတစ်ယောက်ကို အခန်းကဏ္ဍကို အလေးအနက်ထားရန် စိတ်ကူးထားခဲ့သည်။
"ခင်ဗျား
ကျွန်တော့်ကို ဘယ်တုန်းက အလိုလိုက်ဖူးလို့လဲ။" ချီရှောင်ပိုင်က
လှောင်ပြောင်သော အပြုံးနှင့် ပြောလိုက်သည်။
"ဒါက
အရေးမကြီးပါဘူး။" ရှန်းမူမူက သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ "အခုကစပြီး အရေးကြီးတာက
မကြာခင် မင်းက အထက်တန်းနောက်ဆုံးနှစ်ကို တက်ရတော့မယ်။ မင်းအဖေက အလုပ်တွေနဲ့ အရမ်းရှုပ်နေတာ။
အဲဒီတော့ မင်းရဲ့ စာလေ့လာမှုကို ဂရုစိုက်ပေးဖို့က ငါ့တာဝန် ဖြစ်လာမှာ။"
ချီရှောင်ပိုင်က
ရှုပ်ထွေးနေပုံရသည်။ "..."
ရုတ်တရက်
စိုးရိမ်ပူပန်မှုက သူ့ကို ဘယ်လို တုံ့ပြန်ရမလဲမသိအောင် ဖြစ်သွားရစေသော်လည်း ၎င်းက ဖော်မပြနိုင်သော
သိမ်မွေ့ နွေးထွေးမှုကို သူ့နှလုံးသားထဲ ဝင်ရောက်လာစေသည်။
ခဏအကြာမှာတော့
သူ့အမူအရာက အထင်အမြင်သေး နေသည့်ဟန် ဖြစ်နေသေးသော်လည်း သူ့လေသံက နူးညံ့သိမ်မွေ့နေသည်။
"ခင်ဗျား
ဘာပဲလုပ်လုပ် ကျွန်တော့်ကို ထိန်းကျောင်းဖို့ ကြိုးစားကြည့်နိုင်တယ်။
ဒါပေမယ့် တစ်ခုတော့ အရင်ရှင်းအောင်လုပ်ရမယ်။ ခင်ဗျားကို အမေလို့ ခေါ်ဖို့တော့
မမျှော်လင့်နဲ့။ အဲဒါကိုတော့ ကျွန်တော် တကယ် မပြောနိုင်ဘူး။"
အသက်
ဆယ့်ခုနစ်နှစ်ဟူသည့် အရွယ်သည် သူစိမ်းတစ်ဦးကို ထိုကဲ့သို့ အခေါ်အဝေါ်ကို ခေါ်ဝေါ်ဖို့
အလွယ်တကူ လက်ခံနိုင်သည့် အရွယ်မဟုတ်တော့ပေ။
ရှန်းမူမူက
စက္ကန့်ဝက်လောက် အံ့သြမှင်တက်သွားပြီးနောက် သူမ မျက်ဝန်းများက အပြုံးရိပ်တို့ဖြင့်
ပြည့်နှက်သွားသည်။ သူမက ပြောလိုက်၏။
"မင်းရဲ့
ခြောက်ပေလောက် ရှိတဲ့ အရပ်အမောင်းနဲ့ ငါ့ကို အမေလို့သာ ခေါ်လာမယ်ဆို ငါ့အတွက်
လက်ခံဖို့ တော်တော် ခက်ခဲမှာပဲ။"
သူမ ထိုသို့
ပြောလိုက်ပြီးနောက် နှစ်ယောက်စလုံး ရယ်မောလိုက်ကြသည်။
ယနေ့တွင်
ရာသီဥတုက အုံ့မှိုင်းနေသည်။ ချီရှောင်ပိုင်က အပြင်မထွက်ဘဲ ဗီလာထဲတွင်သာ တစ်နေကုန်နေရန်
စီစဉ်ခဲ့သည်။
ထို့ကြောင့်
ရှန်းမူမူက အပန်းဖြေအနားယူရန်အတွက် တစ်ယောက်တည်း ရေပူစမ်းသို့ သွားခဲ့သည်။
"မစ္စချီ
ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ။"
"ကျေးဇူးတင်ပါတယ်။"
အပန်းဖြေစခန်း
မန်နေဂျာက ရှန်းမူမူ၏ အနားတွင် လေးစားစွာရပ်နေပြီး နှင်းတောင်တန်းများ၏ ရှုမြင်ကွင်းများနှင့်
သီးသန့် ရေပူစမ်းကန်များ၏ ဝန်ဆောင်မှုများနှင့် အထောက်အပံ့ပစ္စည်းများအကြောင်း မိတ်ဆက်ပေးခဲ့သည်။
ဥက္ကဋ္ဌ၏
ဇနီးကို စိတ်ကျေနပ်အောင် ဝန်ဆောင်မှုမပေးမိမည်ကို စိုးရိမ်သောကြောင့် သူ့စကားများက
သတိထားမှုများနှင့် ပြည့်နေသည်။
ဥက္ကဋ္ဌ၏
ငယ်ရွယ်သော ဇနီးသည် သူ့ကို ပြုံးပြပြီး 'ရှင့်ရဲ့ ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။'
ဟု ပြန်ပြောသည်ကို ကြားကာမှ မန်နေဂျာက စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။
သူသည် ဝန်ထမ်းများကို ဥက္ကဌ၏ ဇနီး လိုအပ်သမျှ အရာအားလုံးကို ပြည့်စုံစွာ ဖြည့်ဆည်းပေးရန်နှက့်
အမှားအယွင်းမလုပ်ကြစေရန် ညွှန်ကြားပြီးနောက် ထွက်ခွာသွားခဲ့သည်။
ရေပူစမ်း
ရေမျက်နှာပြင်က ရေပူငွေ့များ ထွက်ပေါ်နေသည်။
ပွင့်လင်းမြင်သာသည့်
သစ်သားအိမ်ပုံစံက အဝေးက ငှက်အော်သံများက သူမနားထဲသို့ တိုးဖျော့ဖျော့ ဝင်ရောက်လာစေခဲ့သည်။
အေးချမ်းပြီး
ခမ်းနားထည်ဝါသော ခြံဝန်းကို သစ်ပင်များဖြင့် ဝန်းရံထားပြီး ရှုခင်းများလှပသည်။
ရှန်းမူမူက
ခြေထောက်တစ်ဖက်ကို နွေးထွေးသော ရေထဲသို့ ဖြည်းညင်းစွာ ချလိုက်ပြီးနောက် သူမတစ်ကိုယ်လုံးကို
လျှောဝင်သွားစေလိုက်သည်။
ရေမျက်နှာပြင်ပေါ်တွင်
မျောနေသည့် သစ်သားပုံးငယ်များကို ရှောင်ပြီး ကျောက်တုံးနံရံလေးကို မှီထိုင်လိုက်၏။
သူမ ခန္ဓာကိုယ်
ပူနွေးလာသည်နှင့်အမျှ သူမ၏ လှပသော ပါးပြင်များသည် ပုံမှန်ထက် တဖြည်းဖြည်း နီမြန်းလာပြီး
ပိုမို ဆွဲဆောင်မှုရှိလာသည်။
ရေပူစမ်းဘေးမှ
စားပွဲပေါ်တွင် အဖြူရောင် ကြွေပန်းကန် ဆယ်ပြားကျော်ရှိ၏။
ငှက်သိုက်၊
အချိုပွဲမျိုးစုံ၊ လက်ဖက်ရည်အိုး၊ သစ်သီးဖျော်ရည်အေးအေးလေးနှင့် အခြားအရာများ ပါဝင်သည်။
အမျိုးအစားများစွာ
စုံလင်လှပြီး သူမ ဘဲလ်တစ်ချက်တီးလိုက်ရုံဖြင့် လိုအပ်သမျှ မည်သည့် အရာမဆို အားလုံးကို
လာရောက်ပို့ဆောင်ပေးမည့် ပုံပေါ်ပေသည်။
ဒီကမ္ဘာကို
ရောက်လာကတည်းက သူမသည် ငွေ၏ စွမ်းအားကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရသည်။
ယခင်က
သူမသည် လုပ်ငန်းခွင်မှာ အောင်မြင်သည့် စီးပွားရေးသမားတွေ အများကြီး တွေ့ဖူးခဲ့သည်။
သို့ပေမယ့်
သူတို့၏ ဘဝသည် အခြေခံအားဖြင့် သူမ စိတ်ကူးသာ ယဥ်နိုင်ပြီး မရနိုင်သည့် ဘဝမျိုး ဖြစ်ပေသည်။
ယခုတွင်
တစ်ခါတစ်ရံ၌ ချီမော့၏ ဖုန်းခေါ်ဆိုမှုအတွင်း နံပါတ်တချို့(ပိုက်ဆံပမာဏ) ကို သာမန်ကာလျှံကာ
ကြားရတတ်သည်။
သို့မဟုတ်
လက်ထောက်များနှင့် အိမ်တော်ထိန်းများက သူမ သွားချင်သည့်နေရာ အားလုံးကို ပြည့်စုံစေရန်
စီစဥ်ပေးထားပြီး ဝန်ထမ်းများကလည်း သူမကို ဝန်ဆောင်မှုပေးရန် အဆင်သင့်ဖြစ်နေသည်။
ဤအရာအားလုံးသည်
သူမ ယခင်က လက်လှမ်းမမီခဲ့သော ချမ်းသာသည့် မိသားစု ဘဝအဖြစ် စိတ်ကူးယဥ်အိမ်မက်ထဲသို့
ကျရောက်လာခဲ့ခြင်းဖြစ်ကြောင်း သူမအား သတိပေးနေသည်။
အစပိုင်းတွင်
၎င်းတို့က သူမအတွက် အသားကျရန် မလွယ်ကူခဲ့ပေ။
သူမသည်
အခြားလူများအား အမိန့်ပေးရခြင်းကို နှစ်သက်သော သူမျိုး မဟုတ်ပေ။
သူမက
အခြားလူများကို ပြဿနာဖြစ်စေခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားချင်သူ ဖြစ်သည်။
နောက်ပိုင်းမှ
သူမ၏ ယဉ်ကျေးစွာ ငြင်းဆိုမှုများသည် အမှန်တကယ်၌ အခကြေးငွေယူ၍ အလုပ်လုပ်နေသူများကို
စိတ်မသက်မသာဖြစ်စေကြောင်း သတိပြုမိခဲ့သည်။
တဖြေးဖြေးနှင့်
သူမက ချမ်းသာသည့် မဒမ်တစ်ယောက်၏ သရုပ်ကို ပိုပို၍ လက်ခံလာနိုင်ခဲ့သည်။
သူမသည်
ချီမော့က အဘယ့်ကြောင့် အမြဲတမ်း အေးစက်မာကျောကာ ဂုဏ်သိက္ခာရှိပြီး လေးနက်ပုံပေါ်သည်ကို
တဖြေးဖြေး နားလည်လာခဲ့သည်။
သူ့ကဲ့သို့
အချိန်အကြာကြီး ရာထူးအာဏာရှိသူ တစ်ယောက်အဖြစ် နေထိုင်ခဲ့သူတတစ်ယောက်အနေနှင့် လက်အောက်ငယ်သားများဖြင့်
ရင်းရင်းနှီးနှီးနေခြင်းက ခပ်ခွာခွာနေခြင်းထက် လူအများကို လက်ခံရန် ခက်ခဲစေမည် ဖြစ်သည်။
သူမ ရေပူစမ်းမှ
ထွက်လာချိန်၌ ညနေ ၅ နာရီ ထိုးလုနီးပါး ဖြစ်နေပြီ ဖြစ်၏။
ရှန်းမူမူက
ကားမောင်း မပြန်ချင်ခဲ့ပေ။ သူမက လမ်းတစ်လျှောက်တွင် အသစ်တည်ဆောက်ထားသော ကြယ် 6 ပွင့်
အပန်းဖြေစခန်း၏ ရှုခင်းကို ခံစားလိုသောကြောင့် ဗီလာဆီသို့ ဖြည်းညင်းစွာ လမ်းလျှောက်ပြန်လာခဲ့သည်။
သူမ ရေပူစမ်းမှ
ထွက်လာသည့်အချိန်၌ ရုတ်တရက် လှမ်းအော်လိုက်သော အသံတစ်ခုကြောင့် ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
"မစ္စချီ-"