အပိုင်း ၅၁
Viewers 4k

အခန်း (၅၁) ကျွန်မကို လာမတင်ပြနဲ့။ ကျွန်မက ရှင့် အမေ မဟုတ်ဘူး။

 

ကိုယ့်ကိုယ်ကိုယ် ထိန်းညှိမှုအချို့ ပြုလုပ်ပြီးနောက် ရှန်းမူမူက ပို၍ တည်ငြိမ်အေးဆေးလာသည်။

 

သူမက တည်ငြိမ်စွာ ပြုံး၍ ဖြေးညင်းစွာ ပြောလိုက်၏။ "မစ္စချွီ ရှင်က တခြားလူတွေ ရှင့်ကို 'မစ္စချီ' လို့ ခေါ်တာ အရမ်းကြားချင်နေရင် သန်းခေါင်စာရင်းရုံးကို သွားပြီးတော့ နာမည်ကို တစ်ခါတည်း ပြောင်းလိုက်ပါလား။"

 

"ဟမ်... စဉ်းစားကြည့်ရအောင်။ မစ္စချွီချီ.. မဆိုးပါဘူး။ အသံထွက်က ချစ်စရာကောင်းသားပဲ။ ရှင် အခုလေးတင် ပြောလိုက်တဲ့ ကြားတဲ့သူတိုင်း ရယ်ချင်လာစေတဲ့ စကားတွေနဲ့ ကာရံလိုက်တယ်။" 

 

ချွီဟွေ့က ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "ဘာပြောလိုက်တာလဲ!?"

 

ရှန်းမူမူက သာမန်ကာလျှံကာ ပခုံးတွန့်လိုက်၏။

 

"ရှင် ဘယ်သူ့ကို ကြိုက်လဲ ရှင် ဘာလုပ်ချင်လဲဆိုတာ ကျွန်မဆီ လာမတင်ပြနဲ့။ ကျွန်မက ရှင့် အမေ မဟုတ်ဘူး။ အဲဒီလိုပဲ ကျွန်မက ရှင့်အတွက် လမ်းဖယ်ပေးမှာ မဟုတ်သလို ရှင့်စိတ်ကြိုက် ဖြည့်ဆည်းပေးမှာလည်း မဟုတ်ဘူး။"

 

ချွီဟွေ့၏ မျက်နှာသည် နီရဲလာပြီး ဖြူဆုတ်သွားကာ စကားတစ်ခွန်းမှ မပြောနိုင်ဘဲ လက်သည်းများက အသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

 

ကြည့်ရတာ သူမက ဝှက်ဖဲကို ထုတ်ပြရတော့မည့် ပုံပေါ်သည်။

 

အချိန်အတော်ကြာ တိတ်နေပြီးနောက် သူမနှုတ်ခမ်းကို ကိုက်ကာ ရှန်းမူမူကို တစ်ချက်ကြည့်လိုက်၍ ဖြေးညင်းသော လေသံဖြင့် တစ်လုံးချင်း ပြောလိုက်သည်။

 

"ကျွန်မ ရှင်နဲ့ အရည်မရအဖတ်မရ စကားတွေပြောပြီး ရန်ဖြစ်မှာ မဟုတ်ဘူး။ အဲဒါက အဓိပ္ပါယ်မရှိဘူးလေ။ ဒါပေမယ့် အခု ကျွန်မ နောက်ထပ်ပြောမယ့် စကားကို ကြားပြီးရင် ရှင် ဆက်ပြီး တည်ငြိမ်နိုင်မှာ မဟုတ်တော့ဘူး။"

 

"အဲဒါကို ကြားပြီးရင် အရမ်းစိတ်မလှုပ်ရှားဖို့ သတိပေးပါရစေ။ ကျွန်မက ပျော့ညံ့ပြှး  သူရဲဘောကြောင်တဲ့သူတွေ အော်ဟစ်ငိုယိုတာကို မြင်ရတာ အမုန်းဆုံးပဲ။"

 

ထိုသို့ပြောပြီးနောက် ချွီဟွေ့က သည် သူမ ဆံပင်ကို ဖြေးညင်းစွာ သပ်လိုက်ပြီး အေးစက်စက် နှာမှုတ်ရင်း မျက်လွှာပင့်ကာ ရှန်းမူမူ၏ အမူအရာကို ကြည့်ရင်း ပြောလိုက်သည် ။

 

"ချီမော့က ချီရှောင်ပိုင်ရဲ့ နောက်ခံအကြောင်း ရှင့်ကို တစ်ခါမှ မပြောပြဖူးဘူးမလား။"

 

ရှန်းမူမူ၏ နှလုံးခုန်နှုန်းက မြန်ဆန်သွားသော်လည်း သူမ အမူအရာမှာ မပြောင်းလဲသေးပေ။

 

သူမက "အင်း" လည်း မပြော "ဟင့်အင်း " လည်း မပြောဘဲ ချွီဟွေ့ ဆက်ပြောလာမည့် စကားကို နားထောင်ချင်နေခဲ့သည်။

 

ရှန်းမူမူက ဘာမှ တုံ့ပြန်မလာသည်ကို မြင်သောအခါ ချွီဟွေ့သည် သူမ၏ အင်္ကျီလက်ထဲ၌ အဓိကဝှက်ဖဲကို ကိုင်ထားမိကြောင်း ပိုပို၍ ယုံကြည်လာသည်။ သူမ၏ အပြုံးက တဖြေးဖြေ ပိုတောက်ပလာ၏။

 

"ဟမ့် ရှင် သူ့ကို သိလာတာ ဒီလောက် အချိန်ခဏလေးပဲ ရှိသေးတာ။ သူက အဲဒီ အရေးကြီးတဲ့ လျှို့ဝှက်ချက်ကို ရှင့်ဆီ ပြောပြမှာ မဟုတ်ဘူး။"

 

"ပြီးတော့ အဲဒီလျှို့ဝှက်ချက်တွေကို မသိတဲ့ ရှင်က ချီမိသားစုရဲ့ အပြင်လူပဲ ဖြစ်နေရလိမ့်မယ်။"

 

"ရှင် မသိဘူးမလား။ ချီရှောင်ပိုင်ရဲ့ အမေအရင်းက ကုဝမ်လို့ခေါ်တဲ့ အမျိုးသမီးဖြစ်ပြီး ကုဝမ်က ချီမော့ရဲ့ အစ်မလေ။"

 

ချွီဟွေ့က ပြောထုတ်လိုက်ပြီးနောက် သူမ စိတ်က ပို၍ အဆင်ပြေလာသည်။

 

ချီရှောင်ပိုင် မွေးဖွားခြင်း၏ လျှို့ဝှက်ချက်ကို သူမ မတော်တဆ သိလိုက်ရသည့် အချိန်ကို သူမ သတိရမိသည်။

 

၎င်းက လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖြစ်သည်။

 

သူမသည် ဖုရွှယ်တောင် သုသာန်သို့ အကြီးအကဲများနှင့် လိုက်ပါသွားခဲ့ရင်း မထင်မှတ်ဘဲ သူမ နေ့ရောညပါ တမ်းတနေခဲ့ရသည့် အမျိုးသားကို တွေ့ခဲ့ရသည်။

 

ထိုသည်မှာ ကားပေါ်တက်ပြီး ထွက်ခွာသွားသည့် အမျိုးသား၏ ဘေးတိုက်ပုံရိပ်လေးမျှသာ ဖြစ်သည်။

 

သူမက သူလာရာ လမ်းကြောင်းကို မှတ်ထားလိုက်သည်။

 

ဖရဲသီးထံရောက်ရန် နွယ်ပင်တွေကို ခြေရာခံရင်း သူ မည်သူ့ကို ဂါရဝလာပြုခဲ့သလဲဆိုတာကို စုံစမ်းခဲ့သည်။

 

သူမက ရှန်မြို့တွင် ကြီးပြင်းခဲ့ပြီး သူမ မိသားစုက ဤနေရာ၌ နက်ရှိုင်းစွာ ခြေကုပ်ယူထားနိုင်သော်လည်း ထိုသတင်းအချက်အလက်များကို ရရှိရန် အနည်းငယ် အားထုတ်ရသေးသည်။

 

ကုဝမ်ဟုခေါ်သည့် အမျိုးသမီးက ကလေးမွေးဖွားပြီးနောက်ပိုင်း ကျန်းမာရေးမကောင်း၍ သေဆုံးသွားကြောင်း သိရှိခဲ့ရပြီး သူမ၏ မောင်လေးက သူမ ဆေးရုံတက်နေသည့် တလျှောက်လုံး ဘေးတွင် ရှိနေပေးခဲ့သည်။

 

ချွီဟွေ့ခေါင်းထဲ၌ ရဲရင့်သော အကြံတစ်ခု ထွက်ပေါ်လာသည်။

 

ချီမော့က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သော သားသည် သူ၏ သွေးရင်းသားတစ်ယောက် မဟုတ်ဘဲ သူ့အစ်မ၏ ကလေးကို ပြုစုစောင့်ရှောက်နေခြင်းဖြစ်သည်။

 

ထိုသည်ကို တွေးမိသောအခါ ချွီဟွေ့သည် သူမရဲ့ ပါးနပ်တဲ့ မှန်းဆချက်အတွက် ဂုဏ်ယူသလိုခံစားခဲ့ရပြီး ကောင်းကင်ဘုံကပင် သူမအား ကူညီကာ သူ့လျှို့ဝှက်ချက်ကို သိခွင့်ပေးခဲ့တာကို တိတ်တဆိတ် အံ့ဩသွားခဲ့သည်။

 

၎င်းက သူမအတွက် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားနိုင်သည့် မှော်လက်နက်တစ်ခု ရရှိသွားသည်နှင့် တူပေသည်။

 

သူမက မြင့်မားသော အနေအထားသို့ ရောက်အောင် တက်ပြီးသည်အထိ စောင့်ဆိုင်းကာ ထိုမှော်လက်နက်ကို သော့ချက်တစ်ခုအနေနှင့် အသုံးပြု၍ ထိုအမျိုးသားက သူမအတွက် နှလုံးသားတံခါးကို ဆန္ဒရှိရှိ ဖွင့်ပေးလာခြင်းမျိုး ဖြစ်စေချင်ခဲ့သည်။

 

သို့သော် မနေ့က ချီမော့၏ အေးစက်သော တုံ့ပြန်မှုက သူမအား အံ့အားသင့်သွားစေသည်။

 

သူမသည် ကြုံရာကျပန်း အကြောင်းရင်းများကြောင့် မမျှော်လင့်ထားသော အခြေအနေ ဖြစ်ပေါ်လာရခြင်းမှာ သူ့ဘေးနားတွင် ရုတ်တရက်ပေါ်လာတဲ့ အမျိုးသမီး ရှန်းမူမူကြောင့်ဟု ယူဆလိုက်သည်။

 

ရှန်းမူမူကို မောင်းထုတ်ရန် ပိုက်ဆံ အသုံးမပြုနိုင်လျှင် ဇနီးဖြစ်သူအပေါ် မရိုးသားဟူသည့် အမှန်တရားကို အသုံးချနိုင်မည်ဟု ချွီဟွေ့က တွေးခဲ့သည်။

 

ချွီဟွေ့က ပြောလိုက်သည်။ "ရှင် ဘယ်လိုထင်လဲ။ အံ့သြသွားလား။ သူ့ဇနီးဖြစ်တဲ့ ရှင်တောင် မသိတာကို ကျွန်မ သိနေလို့ အရမ်း ဒေါသဖြစ်သွားလား။ ကျွန်မ ရှင့်ကို အစကတည်းက ပြောခဲ့ပါတယ်။ ကျွန်မကသာ—"

 

"ရှင် ပြောခဲ့တဲ့ အကြောင်းအရာတွေကို ကျွန်မ သိတယ်။" ရှန်းမူမူက သူမ စကားကို ဖြတ်ပြောလိုက်သည်။

 

ချွီဟွေ့ မျက်လုံးများက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားကာ မျက်မှောင်ကြုတ်ရင်း ခေါင်းကို ထပ်ခါထပ်ခါယမ်းလိုက်သည်။

 

"မဖြစ်နိုင်ဘူး။ ရှင်က ဘယ်လိုသိနိုင်မှာလဲ...မဖြစ်နိုင်ဘူး။ ကျွန်မ တစ်ယောက်တည်း သိတာ။ ရှင် လိမ်နေတာ။ ရှင် ကျွန်မကို လှည့်စားနေတာ။"

 

ရှန်းမူမူက ပခုံးတွန့်ပြီး စကားထပ်ပြောရန် ပျင်းရိနေသည်။

 

သူမတို့၏ စကားဝိုင်းအခြေအနေက ဤအဆင့်ထိ ရောက်လာသောအခါ တော်သင့်ပြီဟု ရှန်းမူမူ တွေးလိုက်သည်။

 

သူမ တကယ်သိကြောင်း ချွီဟွေ့ကို သက်သေပြရန် ကြိုးစားရင်း အချိန်ဖြုန်းမှာ မဟုတ်ပေ။

 

ထို့ပြင် ချွီဟွေ့ကဲ့သို့ လှောင်ပြောင် သရော်ခြင်းလည်း ပြုလုပ်လိမ့်မည် မဟုတ်ပေ။

 

သူမတို့ဟာ လုံးဝ မတူကွဲပြားသည့် လူများ ဖြစ်သည်။

 

ထိုအချိန်တွင် အညိုရင့်ရောင် Bentley သည် အပန်းဖြေစခန်းဂိတ်မှ ဖြေးညင်းစွာ မောင်းဝင်လာခဲ့သည်။

 

အေးစက်ပြီး တင်းမာသောအမူအရာဖြင့် ကားနောက်ခုံတွင် ထိုင်နေသည့် အမျိုးသားက သူ့ နဖူးကို ခပ်ဖွဖွနှိပ်နယ်နေရင်း ပြတင်းပေါက်မှ အပြင်ဘက်သို့ ပျင်းရိစွာ ကြည့်လိုက်သည်။

 

ရုတ်တရက် သူ့လက်ချောင်းထိပ်လှုပ်ရှားမှု ရပ်တန့်သွားကာ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွား၏။

 

အခုလေးတင်မှ လူမှုရေးတွေ့ဆုံပွဲမှ ပြန်လာသည့် ချီမော့သည် ရှန်းမူမူကို ဤနေရာ၌ တွေ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

 

သူ့ အကြည့်က အနည်းငယ် ရွေ့သွားပြီး ရှန်းမူမူ အရှေ့၌ ချွီဟွေ့ ရှိနေသည်ကို မြင်လိုက်ရသည်။

 

သူ့ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ထိုမျက်လုံးများထဲ၌ စိတ်မကျေမနပ်သည့် အရိပ်အယောင်တို့ ပေါ်လွင်လာသည်။

 

ထိုအချိန်တွင် ချွီဟွေ့၏ ဖုန်းမြည်လာသည်။

 

သူမသည် ရှက်ရွံကာ ဒေါသဖြစ်​နေခြင်းမှ အာရုံပြောင်းသွားကာ ဖုန်းကိုင်လိုက်သည်။

 

ဖုန်း၏ အခြားတစ်ဖက်ရှိလူသည် ၎င်းတို့၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားရန် စိတ်အားထက်သန်နေသည်။

 

"ဥက္ကဋ္ဌချွီ ကျုပ်က ထန်ရှင်းအတွက် စကားကောင်းကောင်း ပြောမပေးချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဥက္ကဋ္ဌချီရဲ့ သဘောထားက အရမ်းရှင်းလင်းနေပြီး အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်မှာ ထန်ရှင်းကို လုံးသ ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ။"

 

ချွီဟွေ့က နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်ရင်း တုန်ယင်နေသောအသံဖြင့် မေးလိုက်သည်။

 

"ဥက္ကဋ္ဌချီ လူကိုယ်တိုင်ပြောခဲ့တာလား။"

 

သူနှင့် သူမ၏ အဖေက အသိအကျွမ်းဟောင်းတွေ ဖြစ်သည်။ သူမကို ​ရှောင်ရန်အတွက် သူက အမှန်တကယ် ကုမ္ပဏီနှစ်ခု ပူးပေါင်းမှုကိုပင် မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်လား။

 

"ဟုတ်တယ်။ အိမ်ခြံမြေပရောဂျက်တင်မဟုတ်ဘဲ ချီအုပ်စု က အနာဂတ်မှာ ရှန်မြို့မှာ လုပ်မယ့် ဘယ်ရင်းနှီးမြှုပ်နှံမှုပရောဂျက်ကိုမှ ထန်ရှင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားမှာ မဟုတ်ဘူးတဲ့။"

 

ချွီဟွေ့က ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး လမ်းဘေးမှာ ရပ်နေဆဲဖြစ်သည်ကို မေ့သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

 

"အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"

 

ဖုန်း၏ အခြားတစ်ဖက်ရှိလူသည်လည်း အလွန်ပဟေဋ္ဌိဖြစ်နေသည်။ သို့သော် ပဟေဠိဖြစ်ရသည်ထက် ၎င်းတို့သည် လက်ရှိတွင် ချွီဟွေ့နှင့် ရှင်းလင်းသော စည်းတစ်ခုထားကာ ရပ်တည်ချက်ကို ပြသချင်​နေသည်။

 

"ဥက္ကဋ္ဌချွီ သူက အမြဲတမ်း သူ့စကားအတိုင်း တည်တဲ့သူဆိုတာ သိတယ်မလား။ ကျုပ်တို့ ကုမ္ပဏီက ဒီတစ်ခါ ရှန်မြို့မှာ ချီအုပ်စုရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တန်ဖိုးထားပါတယ်။ စိတ်မကောင်းပါဘူး.. ဖြစ်နိုင်တာက အနာဂတ်မှာ ထန်ရှင်းနဲ့ စီးပွားရေး ပတ်သက်မှုတွေက...."

 

ထိုလူက တိုက်ရိုက်မဟုတ်ဘဲ လိမ္မာပါးနပ်စွာ ပြောခဲ့ပြီး ချွီဟွေ့က ထိုစကားလုံးများ၏ အဓိပ္ပါယ်ကို နားလည်လိမ့်မည် ဖြစ်သည်။

 

သူ ဤကဲ့သို့ ရွေးချယ်မှုမျိုးကို လုပ်သည်က နားလည်နိုင်စရာ ဖြစ်သည်။

 

ထန်ရှင်းအုပ်စုသည် ထိပ်တန်းစီးပွားရေးလုပ်ငန်းအနည်းငယ်ထဲမှ တစ်ခုဖြစ်သော်လည်း ၎င်းက ရှန်မြို့အတွင်း၌သာ ဖြစ်သည်။

 

ပေကျင်းအသိုင်းအဝိုင်းမှာပင် ထိပ်တန်းအဆင့်ဟာ သတ်မှတ်ခံရသည့် ချီမိသားစုနှင့် နှိုင်းယှဉ်ပါက အလွန် ကွာခြားပေသည်။

 

ကန်းမနေသူတိုင်း မည်သည့်ဘက်ကို ရပ်တည်ရမည် ဖြစ်ကြောင်း သိရှိပေလိမ့်မည်။

 

သူ့ကို အံ့အားသင့်စေသည်မှာ ပျော်ရွှင်မှု သို့မဟုတ် ဒေါသဟူသည့် မရှိဘဲ ဆန္ဒကင်းမဲ့နေသလို သူ၏ အတွေးများနှင့် ရည်မှန်းချက်များကို ဖုံးကွယ်ထားနိုင်သည့် စွမ်းရည်ကို ကာလရှည်ကြာ မွေးမြူထားသော ချီ​မော့ကဲ့သို့ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ယနေ့တွင် တည်ငြိမ်အေးဆေးသည့် စကားလုံးမှ အောက်ခြေမှ လှိုင်းထန်နေမှုကို ဖုံးကွယ်မထားခဲ့ခြင်းပင်။

 

ထိုသည်မှာ သူက တမင်သက်သက် သူတို့အား နားလည်စေချင်နေပုံရပေသည်။

 

ထိုသည်ကိုတွေးမိသောအခါ ဖုန်းတစ်ဖက်မှလူသည် ချီမော့ကို စော်ကားမိခဲ့သည့်လူက သူ မဟုတ်နေ၍ ဝမ်းသာအားရဖြစ်သွားခဲ့သည်။

 

ထို့နောက် သူက ယဉ်ကျေးသော စကားအနည်းငယ်ကို ကမန်းကတန်းပြောပြီး ဖုန်းချလိုက်သည်။

 

ချွီဟွေ့က လမ်းဘေးမှာ ရပ်နေပြီး ဖုန်းကို ကိုင်ထားသည့် လက်များက အားလျော့စွာ ပြုတ်ကျသွားသည်။

 

မကြုံစဖူးသော ရှုံးနိမ့်မှုတစ်ခုက သူမအပေါ် လွှမ်းခြုံသွား၏။

 

ဤအခိုက်အတန့်တွင် သူမသည် သူမ၏ ရန်သူက ရှန်းမူမူ ဘယ်သောအခါမှ မဖြစ်ခဲ့ကြောင်း နောက်ဆုံး၌ သိလိုက်ရသည်။

 

သူမတွင် ရှန်းမူမူနှင့် ယှဉ်ပြိုင်ရန်ပင် အရည်အချင်း မရှိခဲ့ပေ။

 

ချွီဟွေ့ ဖုန်းပြောနေကတည်းက ရှန်းမူမူက လှည့်ထွက်သွားခဲ့ပြီ ဖြစ်သည်။

 

ရှန်းမူမူသည် စကားအခြေအတင်ပြောရခြင်းကို မနှစ်သက်ဘဲ သူမအား စိတ်ကူးယဉ်ရန်သူအဖြစ် မှတ်ယူထားသည့် တစ်ဖက်လူ၏ တစ်ဖက်သတ် ယှဥ်ပြိုင်ပြောဆိုနေမှုကို ပို၍ မုန်းပေသည်။ ၎င်းက အဓိပ္ပါယ်မဲ့၍ ငြီးငွေ့စရာ ကောင်းလှသည်။

 

ချွီဟွေ့သည် ရှန်းမူမူ၏ ကျောပြင်ကို ကြည့်ရင်း မျက်ရည်များ တဖြည်းဖြည်း ပြည့်လျှံလာသည်။

 

သူမ၏ မျက်ရည်များဖြင့် ဝေဝေဝါးဝါး မြင်ကွင်းတွင် ရှန်းမူမူဘေး၌ ကားတစ်စီး ရပ်လာသည်ကို တွေ့လိုက်ရသည်။

 

အရပ်ရှည်ရှည် တောင့်တင်းကြံ့ခိုင်သော သွင်ပြင်နှင့် အေးစက်တင်းမာသော အမူအရာဖြင့် အမျိုးသားတစ်ယောက် ကားပေါ်မှ ဆင်းလာပြီး ရှန်းမူမူအား စကားအနည်းငယ် ပြောလိုက်သည်။

 

ချွီဟွေ့သည် ရှန်းမူမူ၏ မျက်နှာအမူအရာက ပြုံးနေသည်လား မပြုံးနေသည်လားကို မမြင်နိုင်ပေ။

 

သူမသည် အမြဲ လူအများ၏ အထက်တွင် ရပ်တည်ခဲ့သော သူမ အမြဲတမ်း ပခုံးချင်းယှဥ်ရပ်ချင်ခဲ့သော ထိုလူက သူ့ဇနီးအတွက် ကားတံခါး ဖွင့်ပေးနေသည်ကိုသာ မြင်တွေ့ခဲ့ပေသည်။