အခန်း (၅၃)
သူမတို့က အတုအယောင်စုံတွဲတွေပေမယ့် ချီမော့က သူမအပေါ် အရမ်းရက်ရောတယ်။
ချီမော့နှင့်
ရှန်းမူမူတို့ ဗီလာသို့ပြန်ရောက်သောအခါ ဟော့ပေါ့အတွက် ပါဝင်ပစ္စည်းများက ပေးပို့ပြီးဖြစ်သည်။
လူဆယ်ယောက်လောက်
ထိုင်နိုင်သော စကျင်ကျောက်စားပွဲကြီးတွင် စားစရာများဖြင့် ပြည့်နေသည်။ အကြည့်တစ်ချက်နှင့်ပင်
သူမ စားချင်သော မှိုအမျိုးအစား ငါးမျိုး ခြောက်မျိုးခန့် ရှိနေကြောင်း မြင်လိုက်ရသည်။
"မဒမ်
စားစရာ မလုံလောက်တာတို့ ဒါမှမဟုတ် တခြားတစ်ခုခု စားချင်တာရှိရင် ကျွန်တော့်ကို ပြောပါ။
ဟိုတယ်မီးဖိုချောင်က အစားအသောက်တွေ ပြင်ဆင်ပြီး ချက်ချင်း ပို့ပေးပါ့မယ်။" ဟု
အပန်းဖြေစခန်း မန်နေဂျာက တလေးတစားဖြင့် ပြောလိုက်သည်။
ရှန်းမူမူက
ခေါင်းယမ်းလိုက်သည်။ "တော်ပြီ.. တော်ပြီ။ ဒီလောက်ဆိုရပြီ။"
ပို့ထားသည့်
စားစရာများမှာ သူတို့ သုံးယောက် စားလောက်ရုံမျှမက ဆယ်ယောက်လောက်စားလျှင်ပင် လုံလောက်သည်ထက်
ပိုပေသည်။
အမှန်တကယ်၌လည်း
အစားအသောက်များက အလွန် များပြားနေပေသည်။
အခုမှ
ကြီးထွားကာစ ကာလထဲရှိ သဖြင့် စားချင်စိတ်များပြားနေသည့် ဆယ်ကျော်သက်အရွယ် ချီရှောင်ပိုင်သည်ပင်
အသားသုံးပန်းကန်သာလျှင် အပြီးသတ်နိုင်သည်။
သို့သော်
ယနေ့တွင် ချီမော့၏ စားသောက်ချင်စိတ်က ချီရှောင်ပိုင်အား အံ့အားသင့်စေခဲ့သည်။
သူ့ မှတ်ဉာဏ်များထဲတွင်
သူ့အဖေသည် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတကျနှင့် တင်းကျပ်စွာ ထိန်းချုပ်ထားသူ
ဖြစ်သည်။
စားသောက်ရာတွင်လည်း
အတူတူပင်ဖြစ်ကာ မည်သည့်အခါမှ အလွန်အကျူး မစားသောက်ခဲ့ပေ။
ယနေ့တွင်
ထူးခြားစွာဖြင့် ချီရှောင်ပိုင်က သူ့ တူများကို ချပြီးနောက်၌ပင် သူ့အဖေက ဟော့ပေါ့အိုးထဲသို့
မှိုများ ထည့်နေဆဲ ဖြစ်၏။
သူက စိတ်ခံစားချက်
အလွန် ကောင်းနေပုံရသည်။
"ကျွန်တော်
အချိုရည် သွားယူမလို့။ ခင်ဗျားရော ယူဦးမလား။" ချီရှောင်ပိုင်က မှိုများ ဆယ်စားနေသည့်
ရှန်းမူမူကို မေးလိုက်သည်။
အဖြေပြန်ရပြီးနောက်
သူက မီးဖိုချောင်ဘက်သို့ ဖြေးညင်းစွာ လျှောက်သွားခဲ့သည်။
သူ သောက်လိုသည့်
စပါကလင်ကို ယူပြီးနောက် ရှန်းမူမူ မှာလိုက်သော ဇီးသီးချဉ်ဖျော်ရည်နှင့် သူ့အဖေအတွက်
တွင်းထွက်ရေဘူး အေးအေးလေးတစ်ဘူးကို ရေခဲသေတ္တာထဲ၌ ရှာဖွေလိုက်သည်။
၎င်းတို့ကို
ထုတ်ယူပြီးနောက် ချီရှောင်ပိုင်က အပြင်သို့ ချက်ချင်း ပြန်ထွက်မသွားသေးပေ။
ထို့အစား
သူက ဖုန်တစ်စက်မှမရှိ သန့်ရှင်းနေသည့် ကောင်တာပေါ်သို့ ခုန်တက်၍ လက်ကိုမြှောက်ကာ စပါကလင်ဘူးအဖုံးကို
ဆွဲဖွင့်လိုက်ပြီး တစ်ငုံသောက်လိုက်၏။
သူက အချိန်ဆွဲနေခြင်းသာ
ဖြစ်သည်။
လွန်ခဲ့သည့်
နှစ်ရက်အတွင်း သူသည် သူ့အဖေနှင့် မိထွေးကြားမှ အခြေအနေက အနည်းငယ် စေးကပ်နေ*ကြောင်း
ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ (*ခွဲခွာမနေနိုင်အောင်ဖြစ်)
ဟိုတစ်နေ့က
နှင်းလျှောစီးနေစဥ် မြင်လိုက်ရသည့် မြင်ကွင်းကို အခုချိန် ပြန်တွေးမိတော့လည်း မယုံကြည်နိုင်
ဖြစ်နေရသေး၏။
ယခု သူ့အဖေနှင့်
မိထွေးက ဗီလာကို ပြန်ရောက်ကာ ကားထဲက ထွက်လာသည့် အချိန်၌လည်း သူ လသာဆောင်ကနေ လှမ်းမြင်လိုက်ရသေးသည်။
သူ၏ မျက်လုံးများသည်
ကားထဲမှ ထွက်လာသော ရှန်းမူမူ၏ နားရွက်များ နီမြန်းနေသည်ကိုပင် အဝေးမှပင် မြင်ရလောက်အောင်ထိ
ကောင်းမွန်နေသည်။
သူတို့နှစ်ယောက်က
ကားထဲမှာတောင် ချစ်မှုရေးရာကိစ္စတချို့ လုပ်ဆောင်ခဲ့ကြသည်လား။
ကြင်စဦးမောင်နှံက
ထင်ထားသည့်အတိုင်းပင်။
ညစာစားနေသည့်အချိန်၌
သူတို့နှစ်ယောက်က ထူးထူးဆန်းဆန်း စကားနည်းနေကြသည်။
သူ ထိုနေရာ၌
ရှိနေခြင်းဖြစ်သည့်အတွက် ရှက်ရွံ့နေခြင်း ဖြစ်နိုင်သလား။
ချီရှောင်ပိုင်က
ထိုကိစ္စအား တွေးတောနေသည်။
ထို့နောက်
သူက အပြင်မထွက်ခင် မီးဖိုချောင်ထဲ၌ ခဏလောက်စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်၏။
သူ အပိုမီးသီးတစ်လုံး
မဖြစ်ချင်ပေ။
ထိလွယ်ရှလွယ်
စိတ်ခံစားချက်များရှိပြီး တိတ်ဆိတ်ငြိမ်သက်သော အသက်ဆယ့်ခုနစ်နှစ်အရွယ်ကောင်လေးက သူ့ဖုန်းကို
ထုတ်လိုက်စဉ် ဒါကို တွေးနေမိသည်။
အစောပိုင်းက
စားသောက်နေစဥ် သူ့အဖေ ဆူပူကြိမ်းမောင်းမှာ ကြောက်တာကြောင့် ဖုန်းနှင့် မကစားရဲခဲ့ပေ။
ယခုအချိန်က
ဖုန်းသုံးရန် အချိန်ကောင်းပင် ဖြစ်သည်။
...........
အပြင်ဘက်
ထမင်းစားပွဲ၌။
ချီမော့၏
ဖုန်းစခရင်က လင်းလာသည်။
သူက အေးအေးဆေးဆေးနှင့်
မက်ဆေ့ချ်ကို မကြည့်မီ လက်ကို တစ်ရှူးစိုဖြင့် သုတ်လိုက်သည်။
သူ့ ဖုန်းကိုချလိုက်ပြီးနောက်
ဟော့ပေါ့အိုးမှ ထွက်လာသော အငွေ့အလွှာပါးလေးကြားမှ ဖြတ်၍ အစပ်အရသာကြောင့် တရှူးရှူးတရှဲရှဲနှင့်
လောင်ကျွမ်းလုမတတ်ဖြစ်နေသည့် ရှန်းမူမူကို ကြည့်လိုက်သည် ။
ရှန်းမူမူ
အစပ်အရသာကို ပြေပျောက်ရန် သူမ၏ သောက်စရာကို ပါးစပ်အပြည့် သောက်ပြီးမှ သူက ဖြေးညင်းစွာ
ပြောလိုက်သည်။
"ပြန်ဖို့အတွက်
လေယာဉ်ခရီးစဉ်ကို အတည်ပြုပြီးပြီ။ နှစ်ရက်ကျန်သေးတယ်။ မပြန်ခင် မင်း သွားလည်ချင်တဲ့
နေရာရှိသေးလား။"
ရှန်းမူမူ၏
နှုတ်ခမ်းများက အစပ်အရသာကြောင့် နီရဲနေပြီး သူမ မျက်လုံးများကလည်း အနည်းငယ် စိုစွတ်နေသည်။
သူမက ခေါင်းကို မော့၍ သူ့ကိုကြည့်လိုက်သည် ။
"အတည်ပြုပြီးတာလား။"
သူမက
ပြောရင်းနှင့် သောက်စရာကို ထပ်သောက်ချင်ခဲ့သော်လည်း သူမ ခွက်ထဲတွင် ရေခဲတုံးများသာကျန်တော့ကြောင်း
တွေ့လိုက်ရသည် ။
ချီမော့က
သူ့ခွက်ကို တွန်းပို့ပေးလိုက်ပြီး သူ၏ နက်မှောင်သော မျက်လုံးများဖြင့် သူမကို နက်ရှိုင်းစွာ
စိုက်ကြည့်နေခဲ့သည်။ "အမ်း.. ဟမ်း။"
ရှန်းမူမူက
စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားသည်။
သူမရှေ့မှ
ခွက်ထဲတွင် သူမ သူ့အတွက် လောင်းထည့်ပေးထားသည့် ဇီးသီးချဉ်ဖျော်ရည်များ ရှိနေသည်။ သူက
အချဥ်အရသာကို ကြိုက်ပုံမရဘဲ တစ်ငုံနှစ်ငုံလောက်သာ သောက်ထားပုံပေါ်ကာ ခွက်ထဲတွင် ပြည့်လုနီးပါး
ကျန်ရှိနေသေးသည်။
သူမသည်
ခွက်ကို ကောက်ယူကာ တစ်ငုံသောက်လိုက်ပြီး နောက်ဆုံးတွင် အစပ်ပြေသွားခဲ့သည်။
အတွေးများက
ရှင်းလင်းသွားပြီး သူမက မေးလိုက်သည်။
"ကျွန်မတို့
အပြန်ခရီးစဥ်အတွက် သီးသန့်ဂျက်လေယာဉ်ကို သုံးမှာလား။"
သာမန်
လေယာဥ် လက်မှတ်များကို ကြိုတင်မှာထားခြင်း ဖြစ်လျှင် 'အတည်ပြုချက်' ဟူသော စကားလုံး
ထွက်လာစရာ အကြောင်း မရှိနိုင်ပေ။
သူမ ပြန်ချလိုက်သည့်
ခွက်ပေါ် ကျရောက်နေသော ချီမော့အကြည့်များ လွှဲဖယ်သွားပြီး သံလိုက်ကဲ့သို့ ညှို့ငင်နိုင်သော
အသံဖြင့် ပြန်ပြောလိုက်သည်။
"အင်း..
ကိုယ်တို့ ဒီတစ်ခေါက် အလျင်စလို ခရီးထွက်လာကြတာ။ အခုချိန်က အမြင့်ဆုံး ခရီးသွားရာသီ
ဖြစ်နေတာမို့ လေယာဉ်ခရီးစဥ်ကို အတည်ပြုဖို့ နည်းနည်း ခက်တယ်။"
ရှန်းမူမူ
: "ဒါဆို အိတ်တွေ အစစ်ဆေးခံစရာ မလိုဘဲ နောက်ထပ်ပစ္စည်းတွေ ထပ်သယ်လို့ရတယ်လို့
ဆိုလိုတာလား။"
ချီမော့က
ကြောင်အသွားပြီးမှ တုန့်ပြန်သည့်အနေနှင့် ရယ်မောလိုက်သည်။ "ဟုတ်တာပေါ့။"
သူသည်
သူမက ဤသို့သော ကိစ္စကို စိုးရိမ်နေလိမ့်မည်ဟု မည်သည့်အခါကမှ မစဉ်းစားမိခဲ့ပေ။
ဤအတောအတွင်း
ရှန်းမူမူသည် ချမ်းသာသော လူများ၏ ကမ္ဘာကို ကောင်းစွာ နေထိုင်ခံစားမိခဲ့သည်။
သို့သော်
သူမသည် ယခင်က တစ်ခါမှ ကိုယ်ပိုင်လေယာဉ် မစီးဖူးခဲ့ပေ။
သူမ အလုပ်လုပ်နေစဥ်၌
ချမ်းသာကြွယ်ဝသည့် နေထိုင်မှုနှင့် အချစ်ဇာတ်လမ်းတွဲများကို ကြိုက်နှစ်သက်သည့် လုပ်ဖော်ကိုင်ဖက်များက
ကိုယ်ပိုင်လေယာဥ်တစ်စင်း တစ်ခါ ပျံသန်းရန် ကုန်ကျစရိတ်က ဆင်းသက်ခ၊ လောင်စာဆီစရိတ်စသည်တို့
အပါအဝင် အနည်းဆုံး ငါးသိန်းကနေ ခြောက်သိန်းအထိ ကုန်ကျမည်ဖြစ်ကြောင်း ပြောနေသည်ကို ကြားခဲ့ဖူးသည်။
ငါးသိန်းကနေ
ခြောက်သိန်းတဲ့။
သူမ မျက်စိရှေ့က
ဤချမ်းသာကြွယ်ဝသူကြောင့်သာ မဟုတ်ရင် သူမ ဘဝတစ်သက်တာလုံး ထိုသို့သော အတွေ့အကြုံမျိုး
ဘယ်သောအခါမှ ရနိုင်လိမ့်မည် မဟုတ်ပေ။
ထိုသို့တွေးမိသည့်အခါ
သူမ အံ့သြမဆုံး ဖြစ်ခဲ့ရသည်။
ကောင်းကင်ဘုံက
သူမကို အမှန်တကယ် ကောင်းချီးပေးခဲ့ပေသည်။
သူမတို့က
အတုအယောင်လက်တွဲဖော်များသာ ဖြစ်သော်လည်း ချီမော့က သူမအပေါ် အလွန် ရက်ရောလှပေသည်။
ထိုရက်ရောမှုသည်
သူမတို့က အမှန်တကယ် လက်ထပ်ထားသော အိမ်ထောင်သည်များဟုပင် ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။
နောက်ထပ်တွေးပြီးနောက်
ရှန်းမူမူက ထိုယူဆချက်ကို ပယ်ချလိုက်သည်။
သူမသည်
အလွန်ပင် အမြင်ကျဉ်းနေသေးသည်။
သူမ ငွေကို
ရေလို သဘောထား၍ သုံးဖြုန်းနေသည်ဟု ထင်ထားသည့် အတိုင်းအတာသည် ချီမော့ မျက်လုံးထဲ၌ ပြောမပလောက်သော
သေးငယ်သည့် ပမာဏ ဖြစ်ကောင်းဖြစ်နေနိုင်သည်။
ထိုသို့တွေးလိုက်မိသည်နှင့်
ရှန်းမူမူသည် ဟော့ပေါ့အိုးမှ ထွက်လာသော ရေနွေးငွေ့များကြားမှပင် ချီမော့ကို တလက်လက်
တောက်ပနေသော ရွှေဒင်္ဂါးပြားများကဲ့သို့ ကြည့်လိုက်မိလေသည်။
........
ထိုအချိန်တွင်...
ကျင်းမြို့ရှိ
ရှီယွိယွဲ့ဗီလာဝန်း၏ တံခါးအပြင်ဘက်၌။
ရှန်းလဲ့သည်
လုံခြုံရေးအစောင့်၏ ထပ်မံ ဟန့်တားထားခြင်းကို ခံလိုက်ရပြန်သည်။
ဗီလာဝန်းအတွင်းသို့
ဝင်သွားသည့် ဇိမ်ခံကားများထံမှ အထင်အမြင်သေးသည့် အကြည့်တို့ကို သတိပြုမိသည့်အခါ ရှန်းလဲ့က
ဒေါသတကြီး ပြောလိုက်သည်။
"ငါ
မင်းတို့ကို ဘယ်နှခါပြောရမှာလဲ။ ငါ့ညီမက ဒီမှာနေတာ။ မင်းတို့ ဘာလို့ နားမလည်နိုင်ရတာလဲ။"
ကောင်းစွာလေ့ကျင့်ထားသော
ထွားကျိုင်းသော အစောင့်သည် သူ့လမ်းတွင် ရပ်ကာ ပြင်းထန်စွာ သတိပေးသည်-
"လူကြီးမင်း
ခင်ဗျား ဒီလို ဆက်လုပ်နေရင် ရဲခေါ်ရပါလိမ့်မယ်။ ဒါက သီးသန့်အိမ်ရာမို့လို့ ဒီမှာ
နေထိုင်သူရဲ့ ခွင့်ပြုချက် အထောက်အထား မပါဘဲ ဝင်လို့ မရပါဘူး။"
"ချီး
အထက်ဖားအောက်ဖိကောင်။" ရှန်းလဲ့သည် လုံခြုံရေး၏ ခြေထောက်နားကို တံတွေးထွေးကာ ခြေထောက်ဆောင့်ရင်း
ကျိန်ဆဲလိုက်သည်။
မကြာသေးမီက
သူသည် crypto ငွေကြေးဆိုင်ရာ၌ ရင်းနှီးမြှုပ်နှံခဲ့သည်။ သူ၏ ရင်းနှီးမြုပ်နှံမှု အကြံပေးသည်
အခုအချိန်က ဝယ်ယူရန် အချိန်ကောင်းဖြစ်ကြောင်း ပြောခဲ့သည်။
ငွေကြေးဈေးကွက်ကို
လူသိရှင်ကြား ထုတ်ပြန်ကြေညာလိုက်လျှင် တန်ဖိုးမှာ အဆများစွာ မြင့်တက်လာနိုင်သည်။
အရာအားလုံးက
အဆင်သင့်ဖြစ်နေသော်လည်း ရန်ပုံငွေ မရှိပေ။
ဤအချိန်တွင်ပင်
သူသည် ထိုသေနာမလေး ရှန်းမူမူနှင့် လုံးဝ ဆက်သွယ်၍ မရခဲ့ပေ။
ဖုန်းခေါ်တိုင်း
အမြဲတမ်း Busy ဖြစ်နေခဲ့သည်။
လွန်ခဲ့သည့်
ရက်အနည်းငယ်က သူသည် သူမကို WeChat မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့ပြီး သူမက သူ့အား
Block ထားသည်ကို တွေ့ရှိခဲ့သည်။
သူမက
သူ့ကို မည်သည့်အတွက်ကြောင့် Block ထားရဲရပါသနည်း။
ရှန်းလဲ့က
ထိုအကြောင်းကို ပိုတွေးလေ ဒေါသဖြစ်လေဖြစ်ကာ အသက်တစ်ရှိုက်အတွင်း ဆဲနည်းပေါင်းစုံဖြင့်
ကျိန်ဆဲလိုက်သည်။
"သေစမ်း…
ငါ ဒီမှာ နေ့တိုင်း လာစောင့်နေရင် မင်းနဲ့ မတွေ့ရဘူးဆိုတာ ငါ မယုံဘူး။"
ယခုနှစ်တွင်
သုံးဆယ့်သုံးနှစ်ရှိပြီဖြစ်သည့် ရှန်းလဲ့သည် အောင်မြင်မှု အနည်းငယ်သာ ရှိခဲ့ပြီး တည်ငြိမ်သော
အလုပ်မရှိဘဲ နေ့ချင်းညချင်း ချမ်းသာလာရန်သာ စိတ်ကူးယဉ်ခဲ့သည်။
ရှန်းမူမူ၏
မိဘများ မကွယ်လွန်မီတွင် သူသည် မိဘများ၏ ဖူးဖူးမှုတ် အလိုလိုက်ခံထားရသူ ဖြစ်သည်။
မိဘများ
သေဆုံးပြီးနောက်တွင် ကြီးစွာကျဆင်းလာသော စီးပွားရေးအခြေအနေကြောင့် အစပိုင်းတွင် လိုက်လျောညီထွေနေနိုင်ရန်
ခက်ခဲခဲ့သည်။
သူသည်
သူ့မိဘများ သေအံ့ဆဲဆဲ၌ ပြောခဲ့သည့် စကားများကို သတိရသွားသည်။
ထိုအချိန်တွင်
ရှန်းမူမူသည် ချီမိသားစုသို့ လက်ထပ်မဝင်ရသေးဘဲ သာမန်ရုံးဝန်ထမ်း တစ်ဦးမျှသာ ဖြစ်သေးသည်။
"လဲ့
နောင်မှာ အခက်အခဲတွေကြုံလာရင် မင်း ညီမဆီက အကူအညီယူလိုက်ပါ။"
"သူမက
ရှန်းမိသားစုအတွက် ပေးဆပ်ဖို့ မွေးဖွားလာတာ။ သူမ လက်ထပ်တဲ့အခါ သူမရဲ့ သတို့သမီးတင်တောင်းငွေတွေက
မင်း ရသင့်တာ။ အဲဒါကို တောင်းဖို့ မမေ့နဲ့။"
ရှန်းလဲ့သည်
သူ့ မိဘများ၏ စကားတို့ကို နှလုံးသားထဲတွင် အခိုင်အမာ စွဲမြဲစွာ မှတ်ထားခဲ့သည်။
သူက ရှန်းမိသားစု၏
မျိုးဆက်ကို ထိန်းသိမ်းနိုင်မည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
ရှန်းမူမူက
အိမ်ထောင်ကျသွားသော သမီးတစ်ယောက်မျှသာဖြစ်သည်။
အိမ်ထောင်ကျပြီး
သမီးက သွန်ချလိုက်သည့် ရေကဲ့သို့ပင်။
ရှန်းမူမူဟူသော
ရေပုံးက တစ်နေ့တွင် သွန်ချခံလိုက်ရလျှင်ပင် ရှန်းဟုခေါ်သော မြေဆီလွှာအတွက် ရေနှင့်
မြေသြဇာ ဖြစ်ပေးရပေလိမ့်မည်။