အပိုင်း ၅၇
Viewers 4k

အပိုင်း (၅၇) ငါ ဘယ်တော့မှ အမျိုးသမီး ယာဉ်မောင်းတွေကို ခွဲခြားမဆက်ဆံတော့ဘူး!

 

မနက်စောစောတွင်... 

 

ချီမော့က walk-in ဘီရိုအတွင်း၌ အဝတ်အစားများ လဲနေသည်။

 

ကုတင်ဘေး စားပွဲပေါ်ရှိ နှိုးစက်နာရီ မြည်သံကို ကြားလိုက်သည့်အခါ ရှန်းမူမူ၏ မျက်ခုံးများက ဇဝေဇဝါနှင့် တွန့်ချိုးသွားသည်။

 

ကုတင်ပေါ်ရှိ စောင်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ရှန်းမူမူသည် နှိုးစက်မြည်သံကိုကြားသည့်အခါ စောင်ပုံထဲမှ ခုန်ထွက်လာ၏။

 

ထို့နောက် သူမက ရေချိုးခန်းထဲဝင်သွားပြီး သွားတိုက်ဆေးညှစ်၊ သွားတိုက်၊ မျက်နှာကိုပါ တစ်ခါတည်း သစ်လိုက်သည်။

 

သူမ၏ အရှိန်က အလွန် လျင်မြန်လှပြီး ကွန်မန်ဒိုတပ်ဖွဲ့ဝင် တစ်ဦးကဲ့သို့ပင်။

 

သူတို့၏ walk-in ဘီရိုများက သီးခြားစီဖြစ်သော်လည်း ကပ်လျက်ဖြစ်သည်။

 

သူမ ချီမော့၏ ဘီရိုကို ဖြတ်သွားသောအခါတွင် အရပ်ရှည်ရှည်နှင့် ခပ်ဖြောင့်ဖြောင့် မတ်တပ်ရပ်နေပြီး သူ၏ လက်ပတ်နာရီကြိုးကို လက်ချောင်းသွယ်သွယ်ဖြင့် ကိုင်ထားသည့် အမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။

 

ရှန်းမူမူက သူမ ခေါင်းကို စောင်းငဲ့ကြည့်ရင်း နှုတ်ဆက်လိုက်၏။ "ဂွတ်မောနင်း" 

 

ချီမော့က မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။ "ဒီနေ့ ပန်းဆိုင်မှာ အလုပ်ရှုပ်နေလို့လား။"

 

သူမ အလု​ပ်သိပ်မရှုပ်လျှင် ကိုးနာရီအထိ အိပ်လေ့ရှိသည်။

 

ရှန်းမူမူက သူမ၏ ဘီရိုထဲ ​လျှောက်ဝင်သွားကာ ဘီရိုရှေ့တွင် အတွေးနစ်နေသကဲ့သို့ ရပ်ရင်း သူ့အမေးကို သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။

 

"ဒီနေ့ ပန်းဆိုင်ကို မသွားဘူး။ ချီရှောင်ပိုင်ရဲ့ ကျောင်းမှာ လှုပ်ရှားမှုတစ်ခုရှိတယ်။"

 

ချီမော့ : "ဘာလှုပ်ရှားမှုလဲ။"

 

ရှန်းမူမူက စကားများသည့် စက်ကလေးကဲ့သို့ တရစပ်ပြောလာသည်။

 

"တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စည်းရုံးရေး စုဝေးပွဲ။ ရှင်သိလား။ သူတို့က ဆောင်ပုဒ်ကို တညီတညာတည်း ကြွေးကြော်ပြီး အထက်တန်း ကျောင်းသား ကျောင်းသူတွေကို စာမေးပွဲဖြေဖို့ စိတ်အခြေအနေဆီ  မြန်မြန်ဆန်ဆန် ဝင်ရောက်သွားနိုင်ဖို့ အားပေးနှိုးဆော်တဲ့ အစီအစဥ်မျိုးပဲ။"

 

"အဲဒါကို အပေါ်ယံဆန်တယ် ထင်ရပေမယ့် တကယ်တမ်းကျ အသုံးဝင်တယ်ရယ်။"

 

"ချီရှောင်ပိုင်က ပုံမှန်ဆို ပျင်းရိနေတာ။ အခု သူက အထက်တန်းကျောင်းသား တစ်ယောက်ဖြစ်နေပြီ။ သူ့ရဲ့ လှုပ်ရှားမှုတွေကို ပိုတင်းကျပ်သင့်တယ်။"

 

ချီမော့သည် ဘေးကပ်ရပ်ဘီရိုမှ ထွက်လာသော သူမ၏ နူးညံ့သော အသံကို နားထောင်ရင်း သူ၏ မာကျောသော မေးရိုးတို့က တဖြေးဖြေး ပြေလျော့လာသည်။

 

သူသည် သူမက သူ့အား ထိုသို့စကားများ ပြောပြသည်ကို နားထောင်ခြင်းအား အလွန် နှစ်သက်ပေသည်။

 

ထိုစကားများက အလွန် သာမန်ဆန်သည့် အသေးအမွှားလေးများ ဖြစ်လျှင်ပင် သဘောကျလေသည်။

 

"ရှင် အပြင်သွားဖို့ အလျင်လိုနေတာလား။" ရှန်းမူမူက ရုတ်တရက် အသံမြှင့်ကာ မေးလိုက်သည်။

 

ရှန်းမူမူသည် ဘေးကပ်လျက်ဘီရိုထဲ မှ ခေါင်းတစ်ဝက်ကို ထုတ်ကာ တောက်ပသော မျက်လုံးများကို မျက်တောင်ခတ်လိုက်သည်။

 

ချီမောက  သူမကို ကြည့်ရန် ခေါင်းကိုလှည့်လိုက်၏။ "မဖြစ်ပါဘူး။"

 

"ဒါဆို ရှင် ကျွန်မကို ဒီဝတ်စုံနှစ်ခု ဘယ်ဟာ ပိုကြည့်ကောင်းလဲဆိုတာ ကူရွေးပေးနိုင်မလား။" 

 

ရှန်းမူမူသည် တစ်ကိုယ်လုံး ထွက်လာပြီး သူမလက်ထဲတွင်  အဝတ်အစား နှစ်စုံကို ကိုင်ထားကာ အပြုံးလေးနှင့် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ တစ်လှည့်စီ နှိုင်းယှဉ်ပြလိုက်သည်။

 

"ဒီနှစ်စုံမှာ ဘယ်ဟာက ပိုပြီး သိက္ခာရှိပုံပေါ်လဲ။ မိဘနဲ့ ပိုတူမယ့် ဝတ်စုံကို ရွေးပေး။"

 

ရှန်းမူမူသည် ချီမော့၏ အလှရသခံစားနိုင်စွမ်းကို ယုံကြည်ခဲ့သည်။

 

သူ့ အဝတ်အစားများက အမြဲသပ်ရပ်ကာ ကြည့်ကောင်း၏။

 

နက်ခ်တိုင်များ၊ နာရီများ၊ လက်ကြယ်သီးများနှင့် အခြားအရာများကိုလည်း အလွန် လိုက်ဖက်ညီစွာ တွဲဖက်ဝတ်ဆင်တတ်သည်။

 

ချီမော့၏ လက်များက နာရီကြိုးထက်တွင် ပျင်းရိစွာ ရပ်တန့်နေဆဲ ဖြစ်သည်။

 

သူက နက်ခ်တိုင်ကို မချည်ရသေးသည့်အတွက် ကော်လာက အနည်းငယ်ပွင့်ဟနေပြီး အေးစက်စက် ဖြူဖွေးနေသော  လည်တိုင်ကို ထုတ်ဖော်ပြထားကာ ထင်ထင်ရှားရှား မြင်နေရသည့် အာဒမ်ပန်းသီး(လည်ဇလုတ်)က ဆွဲဆောင်မှု ရှိလှသည်။ သူက ဝတ်စုံကို ကြည့်ရန် ခေါင်းအား လှည့်လိုက်သည်။

 

မင်ရောင်ကဲ့သို့ နက်မှောင်သည့် မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ့အကြည့်များက သူမ ခေါင်းမှ ခြေဖျားအထိ အပြန်ပြန်အလှန်လှန် ကျရောက်သွားသည်။

 

ရှန်းမူမူသည် သူ၏ ပြင်းပြသော  အကြည့်အောက်တွင် အလွန် မသက်မသာ ခံစားရသော်လည်း သူမသည် သူ့ကို အလျင်စလိုလုပ်ရန် တွန်းအားမပေးခဲ့ပေ။

 

သေချာဂရုစိုက်စဉ်းစားပြီးမှသာ သူက စိတ်ကျေနပ်လောက်သည့် အဖြေကို သေချာပေါက် ပေးလိမ့်မည်ဟု သူမ ယုံကြည်​ပေသည်။

 

အချိန်အတော်ကြာပြီးနောက် ချီမော့က နောက်ဆုံး၌ သူ၏ နာရီကြိုးကို အပြီးသတ်ဝတ်ဆင်လိုက်သည်။

 

သူ နာရီပတ်နေခြင်းက အချိန်တော်တော်ကြာသည့်အတွက် ရှန်းမူမူသည် သူ့လက်ပတ်နာရီက ကြိုးပြတ်နေသလားဟုပင် တွေးမိခဲ့သေးသည်။

 

"နှစ်စုံလုံး ကြည့်ကောင်းတယ်။" သူက အရိုးခံပုံစံနှင့် ပြောလိုက်ပြီး သူ့အသံက အနည်းငယ် အက်ရှနေသည်။

 

ရှန်းမူမူ : "......"

 

ရှောင်ရှန်းမူလေးရဲ့ အေးစက်စက်မျက်နှာ .jpg

 

ထိုမျှ အသုံးမဝင်သည့် မှတ်ချက်တစ်ခု ထွက်လာရန် အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့သည်လား။

 

ဤကဲ့သို့သော အရာများကို  ယောက်ျားတွေအား မမေးသင့်ပေ။

 

ချီမော့ကဲ့သို့ အရာအားလုံးကို အသေးစိတ် ဂရုစိုက်တတ်သည့် လူကိုပင် အဓိပ္ပါယ်ရှိသည့် အဖြေရလာအောင် မေး၍ မရနိုင်ပေ။

 

ရှန်းမူမူက သက်ပြင်းချလိုက်ပြီး ဘီရိုဆီသို့ ပြန်သွားကာ လက်ကိုင်အိတ်ကို အလေးအနက်ထား ရွေးချယ်နေသည်။

 

သူမသည် ချီရှောင်ပိုင်၏ ကျောင်းစုဝေးပွဲကို အလွန်အရေးကြီးသည့် ကိစ္စတစ်ခုအဖြစ် သဘောထားခဲ့သည်။

 

ချီမော့က မှန်ရှေ့တွင် ရပ်နေပြီး သူ့လက်ချောင်းသွယ်လေးများက နက်ခ်တိုင်ကို ချည်နေသည်။

 

မှန်ထဲတွင် နှာတံရှည်ရှည် ထက်ရှသော မေးရိုးတို့နှင့် ယောက်ျား၏ မျက်လုံးများက တဖြေးဖြေး သိပ်သည်းလာပြီး အတွေးထဲသို့ နစ်သွားခဲ့သည်။

 

ပါတီပွဲ၌လည်း သူမသည် ယနေ့ကဲ့သို့ပင် အဝတ်အစားများကို ဂရုတစိုက် ရွေးထုတ်ကာ သူနှင့် လိုက်ဖက်ရန် မည်သို့ ဝတ်ဆင်ရမည်ကို စဉ်းစားနေခဲ့မည်လား။

 

ရှန်းမူမူသည် နောက်ဆုံး၌ အရောင်ဖျော့ဖျော့နှင့် ကျစ်လျစ်သေးသွယ်သော အမျိုးသမီးများဖြင့် လိုက်ဖက်သော ခေတ်ဆန်ကျော့ရှင်းသည့် ၀တ်စုံကို ရွေးချယ်ခဲ့သည်။ စကတ်က အလွန်မတိုသော်လည်း သူမ၏ ဖြောင့်စင်းသွယ်လျသော ခြေထောက်များကို ပေါ်လွင်စေသည်။

 

နှုတ်ခမ်းအရောင်က အလွန် ရင့်လွန်း၍ မဖြစ်ပေ။ နားကပ်များနှင့် လက်ကောက်တို့ကိုလည်း ပိုမိုနှစ်လိုဖွယ်ကောင်းပြီး သင့်တော်သည့် ခပ်လျှိုလျှိုဖြစ်နိုင်သော ဒီဇိုင်းမျိုး ရွေးချယ်သင့်သည်။

 

ရှန်းမူမူသည် မှန်ရှေ့တွင် လှည့်ပတ်ကြည့်ရင်း သူမ၏ အလှရသခံစားနိုင်စွမ်းကို သဘောကျနေသည်။

 

သူမက အလွန် အာရုံစိုက်နေသည့်အတွက် ချီမော့ ထွက်သွားချိန်၌ ပြောခဲ့သည့် စကားကို မကြားလိုက်ပေ။

 

"အချိန်ရရင် အစည်းအဝေးပြီးတဲ့အခါ ကိုယ်ပါ လာခဲ့လိုက်မယ်။"

 

.........

 

စိတ်ကျေနပ်လောက်စရာ အဝတ်အစားနှင့် လက်ကိုင်အိတ်ကို အကျအနရွေးချယ်ပြီးနောက် ရှန်းမူမူက ဇိမ်ခံကားများ တန်းစီနေသည့် ကားဂိုဒေါင်ရှေ့၌ တစ်ခါထပ်ကာ အတွေးနစ်သွားရပြန်သည်။

 

ဘယ်ကားကို မောင်းသွားရမလဲ။

 

အိမ်တော်ထိန်းကျန်းက ဘေးတွင် ရပ်နေပြီး ထပ်မေးလိုက်သည်။

 

"မဒမ် လိုက်ပို့ဖို့ ကားသမား မလိုတာ သေချာရဲ့လား။"

 

ရှန်းမူမူ : "မလိုပါဘူး။ ကျွန်မ ကိုယ့်ဘာသာ သွားလို့ရတယ်။"

 

ကိုယ်ပိုင်ယာဥ်မောင်းက လိုက်ပို့ပေးသ​ည်နှင့် နှိုင်းစာလျှင် သူမက စတီယာရင်ဘီးကို ကိုယ်တိုင် ထိန်းချုပ်ရခြင်းအား ပိုနှစ်သက်ပေသည်။

 

ဒရိုင်ဘာ၏ မောင်းနှင်မှုက နှေးကွေးလှသည်ဟု သူမ အမြဲတမ်း ခံစားမိပေသည်။

 

လမ်းက ရှင်းလင်းနေသည့်တိုင် သူက တည်ငြိမ်မှုကို အလေးထားပြီး အရှိန်မမြှင့်နိုင်ပေ။

 

ရှန်းမူမူသည် ထိုကားမောင်းမှုပုံစံကြောင့် ဒေါသထွက်နေသည်မှာ ကြာပြီ ​ဖြစ်၏။

 

ဤကဲ့သို့ မောင်းနှင်ခြင်းသည် ဇိမ်ခံကားများ၏ စွမ်းဆောင်ရည်ကို ဖြုန်းတီးနေခြင်းဖြစ်ပြီး စိတ်ကျေနပ်စရာ မကောင်းလှပေ။

 

မဒမ်၏ သဘောထား ခိုင်မာမှုကို မြင်လိုက်ရသည့်အခါ အိမ်တော်ထိန်းကျန်းက ဘာမှ ထပ်မပြောတော့ဘဲ ပေကျင်း အမှတ် ၁ အလယ်တန်းကျောင်း၏ အနေအထားကို သုံးကြိမ်တိုင်တိုင် ပြောပြခဲ့သည်။

 

"မြင်းပြိုင်ကွင်းကိုမြင်ပြီးရင် ညာဘက်ကွေ့၊ အမိုးလွတ် ရေကူးကန်ကို မြင်ပြီးရင် မီတာ 500 လောက်အထိ တည့်တည့်သွားပြီးတော့ လမ်းသွယ်ထဲကို ဝင်သွားရမယ်။"

 

ပေကျင်းရှိ အမှတ် ၁ အလယ်တန်းကျောင်းက အလွန်ကြီးမားလှသည်။

 

လုံခြုံရေးကို သေချာစေရန် လမ်းညွှန်အက်ပ်များသည် ကျောင်းတွင်းရှိ လမ်းကြောင်းများ၏ မြေပုံများကို မဖော်ပြနိုင်ပေ။

 

အိမ်တော်ထိန်းကျန်းက မဒမ် လမ်းပျောက်သွားမည်အား စိုးရိမ်နေသည်။

 

အကယ်၍ အခုချိန် သူ့တွင် စာရွက်နှင့် ဘောပင်န်ရှိရင် ကျောင်းမြေပုံကို ရေးဆွဲပေးလိုက်ပေလိမ့်မည်။

 

ရှန်းမူမူက အိမ်တော်ထိန်းကျန်း၏ စိုးရိမ်ပူပန်မှုကို လုံးဝ သတိမထားမိလိုက်ဘဲ ဇိမ်ခံကားများကို လှည့်ပတ်ကြည့်ရှုကာ Bugatti နှင့် Koenigsegg အကြား ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။

 

နောက်ဆုံးတွင် သူမသည် အနက်ရောင် Koenigsegg ကို ရွေးချယ်ခဲ့သည်။

 

စျေးနှုန်းက နိမ့်တယ်လို့ ဆိုနိုင်ပြီး တောက်ပြောင်မှုမရှိသလို အရှိန်ကလည်း လုံလောက်အောင် မြန်ဆန်ပေသည်။

 

အိမ်တော်ထိန်းကျန်းက သူမနောက်သို့ လိုက်လာခဲ့သည်ယ "မဒမ် လမ်းပျောက်သွားရင် ကျုပ်ဆီ အချိန်မရွေး ဖုန်းခေါ်ပါ။"

 

ရှန်းမူမူက ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်သည်။ "စိတ်မပူပါနဲ့။ ကျွန်မ ရှာတွေ့နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ရှာမတွေ့ရင်တောင် ချီရှောင်ပိုင်ကို လာခေါ်ပေးဖို့ အချိန်မရွေး တောင်းဆိုလိုက်လို့ ရတယ်လေ။"

 

သူမက ကြွားလုံးထုတ်နေသည် မဟုတ်ပေ။

 

သူမက အနည်းငယ် မျက်နှာမှတ်မိနိုင်စွမ်း အားနည်းသော်လည်း လမ်းများအတွက်မူ သူမ၏ မှတ်ဥာဏ်မှာ အလွန်ကောင်းမွန်လှသည်။

 

အခြေခံအားဖြင့် သူမ တစ်ကြိမ်ရောက်ဖူးသော နေရာများကို ဒုတိယအကြိမ် သွားပါက မှတ်ဉာဏ်မှ သူမ၏ လမ်းကို ချက်ချင်း ရှာတွေ့နိုင်သည်။

 

အိမ်တော်ထိန်းကျန်းက ခဏတာ အံ့အားသင့်သွားသည်။

 

သခင်ငယ်လေးက မဒမ်ကို လာကြိုပေးမှာလား။

 

သိပ်မကြာသေးမီကပင် သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် သဘောထားကွဲလွဲနေသေးသည်ကို ရှင်းရှင်းလင်းလင်း သတိရမိသည်။

 

သူတို့က ခရီးအတူတူ ထွက်ပြီး အတော်လေး အဆင်ပြေခဲ့ကြလျှင်ပင် စကားနည်းပြီး ယဉ်ပါးရန် ခက်ခဲသည့် သခင်ငယ်လေးက တစ်စုံတစ်ဦးကို သွားကြိုပေးမည့်သူ မဟုတ်သည်မှာ သေချာပါသည်။

 

ဤကဲ့သို့ ပူပြင်းသည့် နေ့မျိုးမှာ သခင်ငယ်လေးက အပူကို အမုန်းဆုံးဖြစ်သည်။

 

သို့ပေမယ့် မဒမ်က အမှန်​ကို ပြောနေသည့်အတိုင်း ​အလွန် ယုံကြည်ချက် ရှိနေခဲ့သည်။

 

သူ သေချာမတွေးနိုင်ခင် အင်ဂျင်သံခပ်တိုးတိုးကို ကြားလိုက်ရပြီး ရှန်းမူမူက ကားဂိုဒေါင်မှ မောင်းထွက်သွားခဲ့သည်။

 

သူမ၏ လှပပြီး ကြွေသားကဲ့သို့ ဖြူဖွေးသည့် လက်ဖျံက ကားပြတင်းပေါက်မှ ဆန့်ထွက်လာကာ ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်သည်။

 

"ဘိုင့် အိမ်တော်ထိန်းကျန်း"

 

...

 

ကားလမ်းပေါ်တွင်

 

အနက်ရောင် Koenigsegg သည် မီးနီကို စောင့်ဆိုင်းရင်း လမ်းကူးမြင်းကျား၌ ရပ်လိုက်သည်။

 

သူမ ကားဘေးရှိ ပြိုင်ကားထဲမှ လူငယ်တစ်ယောက်က ခေါင်းကို လှည့်ကြည့်လိုက်သည်။

 

Koenigsegg ၏ ကားမောင်းသူက အမျိုးသမီးတစ်ဦးဖြစ်သည်ကို တွေ့ရှိသောအခါ သူက နှမြောတသဖြင့် သူ့ သူငယ်ချင်းကို ပြောလိုက်သည်။

 

"ငါတို့ ဘေးနားက Koenigsegg ကို ကြည့်လိုက်။ အဲဒီကားကို မောင်းနေတာ မိန်းက​လေးတဲ့။" 

 

သူ့ သူငယ်ချင်းက သူ့အကြည့်နောက်ကို တချက်ကြည့်လိုက်ပြီး လူကို ရှင်းရှင်းလင်းလင်းပင် မမြင်ရသေးဘဲ မျက်မှောင်ကြုတ်လိုက်သည်။

 

"အမျိုးသမီး ယာဉ်မောင်းတွေက လမ်းသတ်သမားတွေ။ ကောင်းမွန်တဲ့ Koenigsegg ကတော့ အလဟဿဖြစ်သွားတာပဲ။" 

 

"ဟုတ်တယ်။ အလဟဿ ဖြစ်ရတာပဲ။"

 

"ကောင်းကောင်း မမောင်းတတ်တာတောင် ဒီလောက် ကောင်းတဲ့ကားကို ဝယ်တယ်။ မိန်းမတွေက ရှိုးပြဖို့လောက်သိပြီး ဦးနှောက်မရှိတဲ့ သူတွေပဲ။"

 

သူ့စကားမဆုံးခင် မီးပွိုင့်က စိမ်းသွားသည်။

 

သူတို့ မတုံ့ပြန်နိုင်မီတွင် အမည်းရောင် Koenigsegg က လျင်မြန်လှစွာ ထွက်ခွာသွားပြီ ဖြစ်သည်။

 

ချောမွေ့သော အရှိန်ဖြင့် စတင်ပြီး အရှေ့မှ ကားများကို ကျော်တက်သွားသည်။

 

ထောင့်နားသို့ ရောက်သည့်အခါ လှပသည့် drift တစ်ကွက်ဆွဲကာ လမ်းညာဘက်အခြမ်းသို့ ကွေ့သွားခဲ့၏။

 

တည်တည်ငြိမ်ငြိမ်နှင့် လျင်မြန်စွာ မှန်ကန်သော အခိုက်အတန့်၌ ကွေ့သွားခြင်း ဖြစ်သည်။

 

ကားပေါ်ရှိ လူနှစ်ဦးက အံသြသွားကြသည်။

 

သူတို့က တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြ၏။

 

အနောက်မှ ကားများက သူတို့ကို ဟွန်းတီး တိုက်တွန်းနေမှ သူတို့ အသိစိတ်ဝင်လာပြီး ရေရွတ်လိုက်ကြသည်။

 

"အရမ်းမိုက်တာပဲ..."

 

"ငါ ဘယ်တော့မှ အမျိုးသမီး ယာဉ်မောင်းတွေကို ခွဲခြားမဆက်ဆံတော့ဘူး။"