အပိုင်း ၆၀
Viewers 4k

အပိုင်း (၆၀) အဖေက ချွဲနွဲ့ဖို့ ကြိုးစားနေတာလား။

 

အစည်းအဝေးပြီးနောက် အလျင်စလို ထွက်လာခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် အမျိုးသားက ကိုယ်တိုင်းဖြင့် ထူးကဲကောင်းမွန်စွာ ချုပ်ထားသည့် လက်ချုပ်ထည်ကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။

 

အထက်တန်းကျောင်းသားမိဘများသည် ပုံမှန်အားဖြင့် အသက်လေးဆယ်ဝန်းကျင်များ ဖြစ်ကြသည်။

 

ဤအသက်အရွယ်ရှိ အမျိုးသမီးများက သူတို့ကိုယ်သူတို့ ကောင်းကောင်း ဂရုစိုက်ထားကြသဖြင့် အရွယ်တင်ပြီး အသက်သုံးဆယ်အရွယ်နှင့် ကွာခြားချက် သိပ်မရှိလှပေ။

 

သို့သော် အမျိုးသားများအတွက်က ကွာခြားပေသည်။

 

လက်ထပ်ပြီးနောက် သူတို့က ခန္ဓာကိုယ် ဂရုစိုက်မှုကို မကြာခဏ လျစ်လျူရှုထားတတ်သည့်အတွက် သူတို့၏ ခပ်ရွှဲရွှဲဗိုက်များ ပါးလျသည့် ဆံပင်များမှနေ၍ အသက်အရွယ်ရလာသည့် ရက်စက်သော လက္ခဏာများကို မြင်နေကြရ၏။

 

ခန့်ညားထည်ဝါ မြင့်မြတ်သည့် အရှိန်အဝါနှင့် စီအီးအိုတစ်ယောက်က ကျောင်းအားကစားခန်းမထဲ၌ ငါးသေတ္တာများကဲ့သို့ ဖိသိပ်ခံထားရသည့် ကျောင်းသားမိဘများကြား ဝင်ရောက်လာခြင်းက အခြား အမျိုးသားများကို ရှက်ရွံ့မှု ခံစားရစေရန် ပြုလုပ်နေခဲ့သည်။

 

သူ၏ ထူးကဲကောင်းမွန်လှသော ချောမောသည့် မျက်နှာအသွင်အပြင်နှင့် အလွန် စည်းမျဥ်း တင်းကျပ်စွာဖြင့် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသော ပြီးပြည့်စုံသည့် ခန္ဓာကိုယ် အချိုးအစားက အခုရောက်ရှိနေသည့် အခြားလူများနှင့် ယှဥ်လျှင် ပို၍ သာလွန်ထူးကဲနေပြီး အခြားလူများကို အခွင့်အရေး အနည်းငယ်မျှပင် ချန်မထားခဲ့ပေ။

 

ရှန်းမူမူသည် ချီမော့ ဖြတ်လျှောက်လာစဥ် သူတို့၏ ခင်ပွန်း လက်မောင်းကို ကိုင်ရင်း မျက်မှောင်ကြုတ်ကာ ပြောဆိုနေသည့် ဇနီးသည်အချို့ကိုပင် မြင်လိုက်ရသည်။

 

သူမသည် ထိုလူများ ဘာစကား ပြောနေသလဲ ခန့်မှန်းနိုင်ပေသည်။

 

၎င်းသည် 'သူ့ကို ​ကြည့်စမ်းပါ။ အခု ရှင့်ကိုယ်ရှင် ပြန်ကြည့်စမ်း။' ကဲ့သို့သော စကားမျိုး ဖြစ်နိုင်သည်။

 

သူတို့၏ စကားသံများကို တွေးမိသည့်အခါ ရှန်းမူမူသည် မနေနိုင်ဘဲ ရွှင်မြူးသွားရကာ သူမ မျက်လုံးထောင့်များက ခပ်ရေးရေး ကွေးညွှတ်သွားပြီး ပါးချိုင့်လေးများ ပေါ်ပေါက်လာသည်။

 

သူမ မျက်လုံးများက ရေကဲ့သို့ ကြည်လင်ကာ ရယ်ရွှင်နေသည့်ပုံစံဖြင့် ချီမော့ကို ကြည့်ရင်း သူမ မေးစေ့ကို အသုံးပြုကာ သူမ ဘေးမှ ထိုင်ခုံအား ညွှန်ပြလိုက်သည်။

 

ချီမော့က ထိုင်ခုံကို ဆွဲကာ ထိုင်ချလိုက်ပြီး သူ၏ ရှည်လျားသော ခြေတံများက သူ့ကို ပို၍ ပိန်သွယ်သွားအောင် ထင်မှတ်ရစေသည်။

 

သူတို့အနီး၌ ထိုင်နေသော လူများသည် သူ ထိုင်ချလိုက်ပြီးနောက် အရှိန်အဝါ လွှမ်းမိုးမှုကြောင့် သူတို့၏ ကျောများက ဖြောင့်တန်းသွားကာ မသိလိုက်ဘာသာနှင့် အထင်အမြင်ကောင်းများ ရအောင် ပြုလုပ်ချင်သွားခဲ့သည်။

 

အလျင်မလိုစွာနှင့် သူက ကုတ်အင်္ကျီကို ချွတ်ကာ လက်မောင်းထက်တွင် သာမန်ကာလျှံကာ တင်ထားလိုက်သည်။ သူ၏ ရှည်လျားသွယ်လျသော လက်ချောင်းများက နက်ခ်တိုင်ကို လျှော့နေရင်း ရှန်းမူမူဘက်သို့ ခေါင်းလှည့်လာကာ ခပ်တိုးတိုး မေးလိုက်သည်။

 

"စနေတာ ဘယ်လောက်ကြာသွားပြီလဲ။"

 

"နာရီဝက်လောက်ရှိပြီ။" ရှန်းမူမူက အနီးသို့ ကပ်၍ အဖြေပေးလိုက်စဥ် အမျိုးသား၏ သန့်ရှင်းကာ အေးစက်သည့် ရနံ့ကို ရှူရှိုက်လိုက်မိသည်။ "ကျောင်းအုပ်ပြီးက ထပ်ကာတလဲလဲ ဟိုပြောဒီပြောနဲ့ ပွစိပွစိ လုပ်နေတာ အဓိပ္ပါယ်မရှိတဲ့ စာအုပ်တစ်အုပ်တောင် ထုတ်လို့ရနေလောက်ပြီ။"

 

ချီမော့က ခပ်တိုးတိုး ရယ်မောလိုက်သည်။

 

ရှန်းမူမူက အသံကို နှိမ့်ကာ ထပ်ပြောလိုက်သည်။

 

"အခုလေးတင် ကျောင်းသားမိဘတွေ အများကြီးက ကျွန်မကို သူတို့ရဲ့ business cards တွေ အများကြီး ပေးထားကြတာ။ အရမ်း ကိုးရို့ကားယားနိုင်တာပဲ။ ကျွန်မ မျက်နှာက ပြုံးထားရလွန်းလို့ ကြွက်တောင် တက်တော့မယ်။"

 

"ကျွန်မကိုယ်ကျွန်မ အသည်းနှလုံးမရှိတဲ့ business card စုဆောင်းရေး စက်ကြီးလို့တောင် ခံစားလာရတယ်။ လက်တွေလည်း အရမ်းညောင်းနေပြီ။"

 

"ကျွန်မ ဒီည အိမ်ကို ပြန်ရောက်တဲ့အခါ စားဖိုမှူးကို ကြက်ခြေထောက် ချက်ခိုင်းပြီး ခန္ဓာကိုယ်ကို အားပြန်ဖြည့်ရမယ်။"

 

"ကျွန်မ အဲဒါကို ငရုတ်သီးနဲ့ ဂျင်းစိမ်းရောပြီး စပ်စပ်လေး စားရမလား။ ဆော့အချိုအရသာနဲ့ စားရင်ကောင်းမလား။"

 

သူမက ရေရွတ်တိုင်တန်းနေသည်ကို ချီမော့က သူမအား အပြုံးဖျော့ဖျော့ ပြုံးရင်း ကြည့်နေခဲ့သည်။

 

အနှစ်သာရ ပြည့်ဝလှသည့် စကားများ မဟုတ်သော်လည်း သူက စိတ်ရှည်ရှည်နှင့် နားထောင်ပေးနေဆဲ ဖြစ်သည်။

 

ရံဖန်ရံခါ သူ့နှုတ်ခမ်းထောင့်က ကွေးညွှတ်သွားတတ်ပြီး တစ်ခါတစ်ရံ၌ ခေါင်းညိတ်နေလိမ့်မည် ဖြစ်သည်။

 

သူက သူမပြောသည့် စကားအခွန်းတိုင်းကို တုန့်ပြန်မှု ပေးခဲ့သည်။

 

ဘေးတွင် ရပ်နေသော ချီရှောင်ပိုင်က ကြောင်အမ်းမှင်တက်နေပြီး သူ၏ မျက်ခုံးများက ဇဝေဇဝါနှင့် စုကျုံ့သွားသည်။

 

သူ့အဖေ အားကစားခန်းမ၌ ပေါ်လာသည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ၏ စိတ်က လျင်မြန်စွာ လည်ပတ်သွားပြီး ယနေ့တွင် အရေးကြီးဖြစ်ရပ်တစ်ခုခု ရှိမရှိ စဥ်းစားနေခဲ့သည်။

 

အဆုံးမှာတော့ သူသည် အထက်တန်းတတိယနှစ်က တစ်သက်မှာ တစ်ခါ အလွန် အရေးကြီးသော အခိုက်အတန့် ဖြစ်သောကြောင့်ဟု ကောက်ချက်ချလိုက်သည်။

 

မဟုတ်လျှင် သူ့အဖေကဲ့သို့ အလုပ်ဂျိုးတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ လာလိမ့်မည် မဟုတ်ပေ။

 

ချီမော့က ပေါ့ပါးစွာဖြင့် ခြေတံရှည်များကို ချိတ်ထားရင်း ပျင်းရိစွာ ထိုင်နေပြီး မရည်ရွယ်ဘဲနှင့် သူ၏ မျက်လုံးများက ရှန်းမူမူ၏ ဖြူဖွေးသွယ်လျသော ခြေထောက်များထံ ကျရောက်သွားသည်။

 

သူက ခဏလောက် တန့်သွားပြီး အားကစားရုံ မျက်နှာကြက်သို့ မော့ကြည့်လိုက်သည်။

 

ဗဟိုလေအေးပေးစက်မှ အေးစက်သော လေများကို လွှတ်ထုတ်ပေးနေသည်။

 

နောက်တစ်စက္ကန့်တွင် သူ၏ ထူးကဲကောင်းမွန်ကာ စျေးကြီးလှသည့် လက်ချုပ်ကုတ်အင်္ကျီကို ဖြူဖွေးသွယ်လျသော သူမ ခြေထောက်ပေါ် လွှားခြုံပေးလာခဲ့သည်။

 

အေးစက်လှသည့် အားကစားခန်းမအတွင်း အချိန်အကြာကြီး ထိုင်နေခဲ့ရသောကြောင့် ရှန်းမူမူက အမှန်တကယ် အနည်းငယ် အေးစိမ့်နေသည်။

 

ယခု သူမ၏ ခြေထောက်များက ကုတ်အင်္ကျီဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး အေးစက်မှုတို့မှ ကာကွယ်ခံလိုက်ရသည်။ သူမက ယဥ်ကျေးစွာ ပြောလိုက်၏။ "တကယ်တော့ ကျွန်မ အဲဒီလောက် မအေးတာမို့ ရှင် ကျွန်မကို ကုတ်အင်္ကျီ ငှားပေးထားစရာ မလိုပါဘူး။"

 

အဓိကအားဖြင့် သူမသည် သူ၏ စျေးကြီးသော ဝတ်စုံက သူမကြောင့် တွန့်ကြေသွားမည်ကို စိုးရိမ်နေခြင်း ​ဖြစ်သည်။

 

ချီမော့က ခေါင်းကို ဖြေးညင်းစွာ လှည့်လိုက်ပြီး သူ၏ သံလိုက်ကဲ့သို့ ညှို့ငင်နိုင်သော နက်ရှိုင်းသည့် အသံဖြင့် ပြောလိုက်သည်။ "ကိုယ် ထားစရာနေရာမရှိလို့။ ကိုယ့်အတွက် ခဏလောက် ကူပြီး ကိုင်ထားပေးပါ။"

 

ရှန်းမူမူ : ......

 

သိပါပြီ။

 

ဤနေရာ၌ သူ၏ လက်ထောက်ရော ဒရိုင်ဘာပါ မရှိသည့်အတွက် သူက အနီးရှိလူများကို အမိန့်ပေးရခြင်းအား အသားကျနေသော်လည်း ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့သောကြောင့် သူက သူမကို အမိန့်ပေးနိုင်သည့် လက်အောက်ငယ်သားအဖြစ် ယူဆလိုက်ခြင်း ဖြစ်နိုင်သလား။

 

သူမက စိတ်အခြေအ​နေကို အလျင်အမြန် ချိန်ညှိလိုက်ပြီး သူမ၏ လက်အောက်ငယ်သား ရာထူးကို အမြန် လက်ခံလိုက်သည်။

 

ဟုတ်ပါတယ်လေ။

 

ဘာပဲဖြစ်ဖြစ် သူက သကြားဖေဖေပဲကို။

 

တစ်ခါတစ်လေ သူ့အတွက် နည်းနည်းလောက် ဝန်ဆောင်မှုပေးတာလည်း သူမ လုပ်သင့်ပါတယ်။

 

မဟုတ်လျှင် သူမက တစ်လ ခံစားခွင့် ယွမ်ငါးသိန်းကို အလွန် လွယ်ကူစွာ ရလာသည်ဟု ခံစားမိပေလိမ့်မည်။

 

ခဏကြာပြီး နောက်ဆုံးတွင် စင်ပေါ်မှ ရှည်လျားလှသည့် မိန့်ခွန်းပြောဆိုမှုက ပြီးဆုံးသွားပြီ ဖြစ်သည်။

 

ထို့နောက် ကျောင်းအုပ်ကြီးက ကျန်နေသေးသည့် အချိန်၌ မိဘများကို အတန်းပိုင်ဆရာများနှင့် ဘာသာရပ်ဆရာများအား တွေ့ဆုံ၍ တစ်ဦးချင်း ဆွေးနွေးမှုပြုလုပ်ရန် ကြေညာခဲ့သည်။

 

သူ့ စကားသံပြီးဆုံးသွားသည်နှင့် လူများက စတင်လှုပ်ရှားလာသည်။

 

အထက်တန်းတတိယနှစ်မှ ကျောင်းသား မိဘများသည် ကျောင်းသားများထက် ပို၍ စိတ်အားထက်သန်ကြပေသည်။

 

ထို့ကြောင့် ချက်ချင်း သွားလာကြသည့် လူများဖြင့် ရှုပ်ထွေးသွားခဲ့သည်။

 

သို့သော် ရှန်းမူမူ ထိုင်နေသည့် နေရာအနီးတွင် လူများစွာ စုဝေးနေခြင်း မရှိပေ။

 

သူတို့က ထိုအေးစက်သည့် အမူအရာနှင့် ပြင်းထန်သည့် အရှိန်အဝါဖြင့် အမျိုးသားကို ဖြတ်သွားသည်နှင့် သူတို့က မသိလိုက်မသိဘာသာနှင့် အလွန် နီးကပ်ခြင်း မရှိစေရန် ရှောင်သွားလိမ့်မည် ဖြစ်သည်။

 

ရှန်းမူမူသည် 'လူရှိန်လွန်းခြင်း' ဟူသည့် စကားလုံး အဓိပ္ပါယ်ကို ပထမဆုံး အကြိမ် ခံစားမိခဲ့ခြင်း ဖြစ်သည်။

 

သူမ တွေးနေစဥ် သူမဘေးမှ အမျိုးသားက ညှို့ယူဖမ်းစားနိုင်သော အသံဖြင့် ရုတ်တရက် ပြောလာသည်ကို ကြားလိုက်ရသည်။

 

"ကိုယ့်အတွက်ရော…"

 

ရှန်းမူမူနှင့် ချီရှောင်ပိုင်တို့၏ အကြည့်များက တစ်ချိန်တည်း ကျရောက်လာသည်။

 

သူ ဘာကို ပြောချင်တာလဲဆိုတာ ဇဝေဇဝါ ဖြစ်နေကြသည်။

 

သူတို့သည် ချီမော့က ရှည်လျားသည့် မျက်တောင်ရှည်များကို ငိုက်ချကာ အောက်သို့ ငုံ့ကြည့်လိုက်သည်ကို မြင်လိုက်ရပြီး သူ၏ အကြည့်များက ရှန်းမူမူနှင့် ချီရှောင်ပိုင်တို့၏ ထိုင်ခုံနားမှ တွင်းထွက်ရေနှစ်ပုလင်းထံ ကျရောက်နေသည်။

 

ထို့နောက် သူ၏ ချောမောသော မျက်နှာထက်မှ မျက်ခုံးတို့က ခပ်ဖြေးဖြေး ပင့်တက်သွားကာ ရယ်ချင်စိတ်ကို မြိုသိပ်ထားသည့် ပုံစံနှင့် သူမအား ကြည့်ကာ ပေါ့ပါးလတ်ဆတ်သည့် လေသံနှင့် ပြောလိုက်သည်။ "ကိုယ် ရေဆာတယ်။"

 

ရှန်းမူမူ မတုန့်ပြန်နိုင်ခင် ချီရှောင်ပိုင်က ပြောလိုက်သည်။

 

"ကျွန်တော် နောက်တစ်ပုလင်း သွားဝယ်ပေးမယ်။"

 

ချီမော့က မျက်လွှာပင့်ကြည့်လိုက်ကာ ရှန်းမူမူ၏ နောက်ကျောမှနေ၍ လက်ကို ဆန့်ထုတ်လိုက်သည်။

 

အမျိုးသား၏ တောင့်တင်းသန်မာ ကျစ်လျစ်သည့် လက်မောင်းက သူမ၏ နောက်ကျောဘက်ကို ပွတ်တိုက်ဖြတ်သန်းသွားပြီး ချီရှောင်ပိုင်၏ လက်ကို ဖိချကာ ညင်သာသိမ်မွေ့စွာ ပြောလိုက်သည်။ "မလိုပါဘူး။"

 

ချီရှောင်ပိုင်က သူ့ခေါင်းကို ကုတ်ပြီး ပြန်ထိုင်လိုက်ကာ သူ့အကြည့်များက ရှန်းမူမူ၏ တွင်းထွက်ရေပုလင်းထံ စက္ကန့်အနည်းငယ်ခန့်ကျရောက်သွားကာ သူ့ကို အလင်းပေါက်သွား​စေသည်။ သူက ရေရွတ်လိုက်၏။

 

"အိုး ဟုတ်သားပဲ။ အဖေတို့ တစ်ပုလင်းတည်းကို အတူတူသောက်လို့ရတယ်။"

 

သူက အမှန်တကယ်ပင် အတွေးချော်သွားမိလေသည်။

 

ရှန်းမူမူသည် ချီရှောင်ပိုင်ကို ကြည့်သည့် ချီမော့၏ အကြည့်များက တဖြေးဖြေး ပျော့ပျောင်းညင်သာသွားသည်ကို သတိပြုမိလိုက်သည်။ သူ့မျက်လုံးများထဲ၌ ပျော်ရွှင်မှုအရိပ်အယောင်တို့ပင် တဖြေးဖြေး မြင့်တက်လာပုံရလေသည်။

 

သူမက ချက်ချင်းပင် သူမ နှလုံးသားထဲ၌ နားလည်သွားသည်။

 

ချီမော့အတွက် သူကိုယ်တိုင် ရေသွားဝယ်ပေးရန် ပြောခဲ့သည့် ချီရှောင်ပိုင်၏ သားသမီးဝတ္တရားကျေပွန်သော အပြုအမူက အေးစက်ကာ သီးသန့်ဆန်သည့် အမျိုးသားအား အလွန် ပျော်ရွှင်သွားစေပုံရသည်။

 

သူမက ချီရှောင်ပိုင်အား အသိအမှတ်ပြုသလို ခေါင်းညိတ်ပြကာ ချီးကျူးလိုက်သည်။

 

"ရှောင်ချီက အရမ်းတွေးတတ်တာပဲ။ သူက သူ့အဖေအတွက်တော့ သားလိမ္မာလေးတစ်ယောက်ပဲ။"

 

ချီရှောင်ပိုင် : ......

 

ချီမော့ : ......

 

မိနစ်ဝက်လောက်ကြာပြီးနောက် ချီရှောင်ပိုင်သည် သူ့အဖေ အခုလေးတင် ပြောလိုက်သော 'ကိုယ် ရေဆာနေပြီ။' ဟူသည့် စကားသံကို ပြန်တွေးမိလိုက်သည်။

 

ဆယ်ကျော်သက်လေး၏ မျက်ခုံးတို့က တ​ဖြေးဖြေး တွန့်သွားခဲ့ပြီး တိတ်တိတ်လေး ပင့်သက်ရှိုက်လိုက်သည်။

 

အိုး... မဟုတ်သေးဘူး။ အဲဒီလေသံ... အဲဒီအမူအရာက.....

 

အခုလေးတင် အဖေက ချွဲနွဲ့ဖို့ ကြိုးစားနေတာလား။

 

စိတ်ထဲမှာ ပေါက်ကွဲထွက်သွားတဲ့.jpg

 

သူ့အဖေ၏ ပုံမှန်ကဲ့သို့ အေးစက်သည့် အကြည့်တို့ ဝေ့ဝဲလာသည်ကို ခံစားမိလိုက်သည့်အခါ ချီရှောင်ပိုင်က လျင်မြန်စွာ ခေါင်းကို လှည့်လိုက်ပြီး မျက်လုံးချင်း ဆုံတွေ့မည်ကို ရှောင်ရှားလိုက်ကာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်.

 

စိတ်ထဲမှာ တိတ်တိတ်​လေး ပေါက်ကွဲထွက်သွားတဲ့.jpg

 

............

 

အတန်းပိုင်ဆရာ ရုံးခန်း၌ မိဘအများကြီး မကျန်တော့သည့်အခါ ချီမော့နှင့် ရှန်းမူမူက အတူတူ ရုံးခန်းထဲ ဝင်သွားခဲ့သည်။

 

ဤဆွဲဆောင်မှုရှိသည့် စုံထဲ ဝင်ရောက်လာသည်ကို မြင်သည့်အခါ ဆရာ၏ မျက်လုံးများက တောက်ပသွားသည်။

 

ဆရာက သည်နှစ်တွင် အသက် လေးဆယ့်ခုနစ်နှစ်ရှိပြီ ဖြစ်ကာ လုပ်သက်အတွေ့အကြုံ များပြားလှသည်။

 

သူသည် ချီရှောင်ပိုင်၏ အတန်းကို သူတို့ အထက်တန်း ပထမနှစ်ကတည်းက တာဝန်ယူ သင်ကြားပေးလာခဲ့ရသူ ဖြစ်သည်။

 

သူက ကျောင်းသားမိဘ အစည်းအဝေးကို အကြိမ်ပေါင်းများစွာ ကျင်းပခဲ့သော်လည်း ချီမော့ကို မြင်နိုင်သည်မှာ လက်တစ်ဆုပ်စာ အကြိမ်ရေမျှသာ ရှိသည်။

 

သူ ထိုမျက်နှာကို မြင်ရသည်မှာ မိဘဆရာ အစည်းအဝေးမှာထက် စီးပွားရေးမဂ္ဂဇင်းများ၌ ဟု ပြောလျှင် လွန်မည် မဟုတ်ပေ။

 

သူတို့နှစ်ယောက် သူ့ရှေ့တွင် ဝင်ထိုင်ပြီးနောက် ဆရာက ချီရှောင်ပိုင်၏ ဖိုင်ကို အံဆွဲထဲမှ ၍ ကမ်းပေးလိုက်ကာ အစပြု ပြောဆိုလိုက်သည်။

 

"မစ္စချီနဲ့ မစ္စတာချီ ဒါက ပြီးခဲ့တဲ့နှစ်အတွက် ချီရှောင်ပိုင်ရဲ့ အဆင့်တွေပါ။ ကျေးဇူးပြုလို့ ဒါလေးကို အရင်ကြည့်ပြီး သူ့ရဲ့ သင်ယူမှုအခြေအနေကို နားလည်သွားအောင် လုပ်ပြီးမှ ချီရှောင်ပိုင်ရဲ့ ပြဿနာကို အတူတူ ဆွေးနွေးနိုင်ပါတယ်။"

 

ချီမော့က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ကာ ဖိုင်ကို ယူ၍ တည်ငြိမ်စွာ ဖွင့်လိုက်သည်။

 

သူ စာမျက်နှာအနည်းငယ် လှန်ပြီးသောအခါ ရှန်းမူမူက ဆရာ့အား လေးလေးနက်နက် ပြောလာသည်ကို ကြားလိုက်ရသည်။

 

"ကျွန်မ ပြီးခဲ့တဲ့ နှစ်တုန်းက ချီရှောင်ပိုင်ရဲ့ ရမှတ်တွေနဲ့ အတော်လေး ရင်းနှီးပါတယ်။"

 

"သူ့ရဲ့ သင်္ချာနဲ့ ရူပဗေဒ ရမှတ်တွေက တည်ငြိမ်ပေမယ့် တစ်ခါတစ်လေကျရင် အသေးစားအမှားလေးတွေ လုပ်တတ်တယ်။  နောက်ပိုင်း မေးခွန်းကြီးတွေကို ဖြေရှင်းနိုင်ပေမယ့် အစပိုင်း ဖြေရတဲ့ အခြေခံ ရွေးချယ် မေးခွန်းတွေမှာတော့ အမှတ်လျော့တတ်တယ်။"

 

"သူ့ရဲ့ တရုတ်ဘာသာစကားမှာ ဖတ်ရှုနားလည်နိုင်တဲ့ စွမ်းရည်က ထူးခြားလွန်းတယ်။ အဲဒါက ကျွန်မကို ခေါင်းကိုက်စေတယ်။ ဒီကလေးရဲ့ တွေးတောစဥ်းစားပုံက တခြားလူတွေနဲ့ ကွာခြားပြီး နားလည်သဘောပေါက်တဲ့ ရှုထောင့်ကလည်း အမြဲတမ်း သစ်လွင်ပြီး ထူးခြားတယ်။"

 

"ပြီးတော့ အင်္ဂလိပ်။ အဲဒါကတော့ တကယ်ကို... အားနည်းတယ်။"

 

ထိုသို့ပြောရင်း သူမက ခေတ္တရပ်တန့်ကာ ချီမော့အား တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမ စိတ်ထဲတွင် မပြီးဆုံးလိုက်သည့် စကားတစ်ဝက် ရှိနေပြီး ၎င်းမှာ ကျွမ်းကျင်တဲ့လူနဲ့ အနီးကပ်နေနေရတာတောင်မှ အကျိုးရှိအောင် မသင်ယူနိုင်ဘူး။

 

ချီမော့၏ အင်္ဂလိပ်စာ အသံထွက်က စံချိန်မီကာ နားထောင်ရ ကောင်းမွန်လှသော်လည်း ချီရှောင်ပိုင်၏ အင်္ဂလိပ်စာမှာ အခြေခံသဒ္ဒါပိုင်း၌ပင် မှားယွင်းနေတတ်ပေသည်။

 

တူများက ဦးလေးနှင့် တူသည်ဟု ပြောကြသည် မဟုတ်ဘူးလား။

 

ချီရှောင်ပိုင်က ဘာလို့များ အဲဒီအရာအားလုံးကို နည်းနည်းလေးမှ အမွေ မဆက်ခံခဲ့ရပါသနည်း။

 

ကောင်းမွန်သည့် အရာများကို အမွေဆက်ခံရမည့်အစား သီးသန့်ဆန်ကာ အေးစက်သည့် ကိုယ်ရည်ကိုယ်သွေးကိုသာ အပြည့်အဝ ဆက်ခံခဲ့ပေသည်။

 

ရှန်းမူမူက သူမ နှလုံးသားထဲမှ နောင်တတို့ကို ဖိနှိပ်ရင်း ရှေ့သို့ အနည်းငယ် ကိုင်းကာ အတန်းပိုင်ဆရာအား စိတ်အားထက်သန်စွာ မေးလိုက်သည်။

 

"ဆရာ ရှင့်အမြင်အရဆိုရင် ချီရှောင်ပိုင်က ဒီနှစ် စာကြိုးကြိုးစားစား လုပ်မယ်ဆိုရင် သူ ပထမအဆင့် တက္ကသိုလ်ကို တက်နိုင်ဖို့ အခွင့်အရေး ရှိမယ်လို့ ထင်လား။"