Chapter 1
Viewers 199

🪹Chapter 1




လင်းယွမ်သည် အိမ်မရှိ၊ကားမရှိ၊ငွေမရှိသော သာမန်ယောကျာ်းတစ်ယောက်မျှသာဖြစ်ပြီး သူ၏တိုတောင်းလှသောဘဝလေးက ဘာထူးခြားချက်မှမရှိဘဲ ထိုင်းမှိုင်းကာအသက်မဲ့နေခဲ့သည်။ပြော၍ရသည့်တစ်ခုတည်းသောအရာဆို၍ သူကယောကျာ်းများကိုကြိုက်ပြီး နှာပူးတစ်ယောက်ဖြစ်နေသည့်အချက်သာရှိလေသည်။


ဆယ်မိုင်ကိုးရွာကလူတိုင်း လင်းယွမ်၌ အသက်18နှစ်တွင်မြို့ကြီးကိုအလုပ်သွားလုပ်ပြီး 19နှစ်တွင် ဗိုက်တစ်လုံးနှင့်ငွေထုပ်ကြီးပိုက်ကာပြန်လာသော လှပသည့်အမေတစ်ယောက်ရှိမှန်းသိကြ၏။


ထိုပိုက်ဆံနှင့် သူ့အဘိုးတို့မိသားစုက ရွာမှာပထမဆုံးသုံးထပ်တိုက်လေးကိုဆောက်ခဲ့ပြီး ထိုနောက်ကို ပိုက်ဆံကအများအပြားကျန်သေးလေသည်။


"ဒီအိမ်ကို လောင်လင်းတို့မိသားစုနေဖို့အတွက် မကောင်းတဲ့ပိုက်ဆံတွေနဲ့ဆောက်ထားတာလေ...ငါတို့မိသားစုသာဆိုရင် အားဖန်းသာအဲလိုသွားလုပ်ရဲကြည့် ငါသူ့ခြေထောက်ကိုချိုးပစ်တယ်"


"ဟုတ်တယ်...ဒီမိသားစုက ရှို့အာက ကြည့်လိုက်ရင် ရိုးသားမဲ့ပုံစံလေးနဲ့ နောက်ဆုံးကျဒီလိုဟာဖြစ်နေတယ်...သူ့ဘိုးဘေးမျိုးဆက်ရှစ်ဆက်လုံးရဲ့မျက်နှာ အိုးမည်းအသုတ်ခံလိုက်ရတာပဲ"


"ကြည့်...သူက အဲဒီမျိုးမစစ်လေ..."


လင်းယွမ် ငယ်စဥ်က ထိုသို့သောစကားများကိုအမြဲကြားခဲ့ရပြီး မသိုသိပ်သောဗြောင်ကျကျ အထင်အမြင်သေးမှုများ၊စက်ဆုပ်ရွံရှာမှုများ၊သရော်လှောင်ပြောင်မှုများနှင့် ရွာသာများ၏မျက်လုံးများထဲရှိ ပိုမိုရှုပ်ထွေးသောခံစားချက်တချို့များကိုမြင်ခဲ့ရသည်။


သူကြီးပြင်းလာချိန်၌ ထိုခံစားချက်က မနာလိုမှုသို့မဟုတ်အားကျမှုဖြစ်လောက်ကြောင်းသိလာခဲ့၏။


ဆင်းရဲသူများကို ရယ်မော(လှောင်ပြောင်)ကြပြီး ပြည့်တန်ဆာများကိုမူ မရယ်မောကြသည်က ရှေးကတည်းကရှိခဲ့လေသည်။


တစ်ရွာလုံးစက်ဆုပ်ရွံရှာကြသောထိုအိမ်က တဖြည်းဖြည်းနှင့်သူ့ဦးလေး၏လက်ဝါကြီးအုပ်ခြင်းခံလိုက်ရပြီးနောက် သူသည် ခြူးတစ်ပြားမှမပါ၊သွားစရာနေရာမရှိပါဘဲ ရွာကနေနှင်ထုတ်ခြင်းခံလိုက်ရသည်။


ထိုအချိန်က သူကဆယ့်ငါးနှစ်သာရှိသေးပြီး ဂျူနီယာအထက်တန်းကျောင်းပြီးခါစဖြစ်သည်။


ထို့နောက်မှာသူ ဆင်းရဲဒုက္ခပေါင်းစုံကိုခံစားခဲ့ရပြီး ရှစ်နှစ်တာအချိန်ယူ၍ ငွေပမာဏအနည်းငယ်စုဆောင်းကာ Cမြို့တွင် စားသောက်ဆိုင်ငယ်လေးဖွင့်ခဲ့လေသည်။သူဘဝတစ်ဆစ်ချိုးသွားချိန်မှာ သူထိုလူနှင့်ဆုံခဲ့ရသည်။သူက အချစ်စစ်ဟုထင်ခဲ့သော်လည်း အဆုံး၌ သူ့ပိုက်ဆံများအားလုံးကိုယူပြေးသွားခဲ့သည်။


လက်ထဲမှာဘာမှမကျန်တော့သည့်အပြင် ဂေးဖြစ်ကြောင်းအဖော်ခံလိုက်ရပြီး ညတွင်းချင်းသူ လမ်းဘေးကြွက်တစ်ကောင်ပြန်ဖြစ်သွားခဲ့သည်။


ဆယ်နှစ်တာပင်ပင်ပန်းပန်းကြိုးစားခဲ့မှုများက အကုန်လုံးအလဟဿဖြစ်ကုန်သဖြင့် အဆုံးကနေအစကိုပြန်ရောက်သွားခဲ့သည့် စက်ဝိုင်းတစ်ခုလိုသာဖြစ်ခဲ့သည်။


သူငယ်ငယ်တုန်းက မျက်မမြင်ရှေ့ဖြစ်ဟောဆရာတစ်ယောက်သည် သူ့ဘဝက ကံဆိုးမှုများဖြင့်ပြည့်နေပြီး သူ့ကံကြမ္မာကထူးဆန်းလှသည်...သို့ပေမဲ့ကံဆိုးခြင်းအဖြစ်မှ ကံကောင်းခြင်းအဖြစ်သို့ပြောင်းသွားလိမ့်မည်ဖြစ်ပြီး မြင့်မြတ်သူများ၏ထောက်ပံ့စောင်မခြင်းကိုခံရကာ ချမ်းသာပြီးအင်အားကြီးသူဖြစ်လာလိမ့်မည်ဟုပြောခဲ့သည်ကိုသူမှတ်မိနေဆဲဖြစ်သည်။


သူ ထိုမျက်မမြင်လူကြီး၏စကားများကိုရင်ထဲမှာအမြဲစွဲနေအောင်မှတ်သားထားခဲ့သည်။ဒုက္ခများနှင့်ကြုံရချိန်မှာ အနှီစကားများကသူ့ကိုဆင်းရဲဒုက္ခများကိုရင်ဆိုင်နိုင်အောင် အားအင်များပေးခဲ့သည်။


သို့သော်လည်း ဤအခိုက်အတန့်၌ ဆရာဝန်၏ဆေးစစ်ချက်မှတ်တမ်းကိုကိုင်ထားရင်း လင်းယွမ်သူ့ဘဝအကြောင်းတွေးပြီး အနည်းငယ်လမ်းပျောက်သွားခဲ့သည်။


"စိတ်အေးအေးထားပါ"

ဆရာဝန်က သင်ပြင်းချကာနှစ်သိမ့်သည်။


ဟုတ်တယ်...စိတ်အေးအေးထားတာအပြင်တခြားသူဘာတတ်နိုင်မှာလဲ...


အစာအိမ်ကင်ဆာနောက်ဆုံးအဆင့်တဲ့...


"ခင်ဗျား *1conservative treatmentကိုရွေးလို့ရပါတယ်...အဲဒါကနာကျင်မှုတချို့ကိုလျော့ချပေးလိမ့်မယ်"

ဆရာဝန်က ပရောဖက်ရှင်နယ်ပီသစွာအကြံဉာဏ်ပေးသည်။


"ကျေးဇူးတင်ပါတယ်...ကျွန်တော်ပြန်ပြီးစဥ်းစားလိုက်ဦးမယ်"


လင်းယွမ်က ဟက်ခနဲရယ်ကာ ပြန်ဖြေလိုက်ပြီးသူ့မျက်လုံးများကအသက်မဲ့နေပြီး ပြက်ရယ်ပြုလိုရိပ်များသန်းနေသည်။


ဆရာဝန်၏ရုံးခန်းမှထွက်လာပြီးနောက် လင်းယွမ်ဆေးစစ်ချက်မှတ်တမ်းကိုအမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။သူ့မှာ အကိုက်အခဲပျောက်ဆေးဝယ်ဖို့တောင် ပိုက်ဆံမရှိတာ...ဘာလို့ကုသမှုအကြောင်းပြောနေရမှာလဲ...


လင်းယွမ် သူ့ကိုယ်သူမည်သို့မည်ပုံဆေးရုံကနေထွက်လာမှန်းပင်မသိတော့ချေ။သတိပြန်ဝင်လာချိန်၌ သူကလမ်းလယ်ခေါင်မှာရပ်နေခဲ့သည်။သူ့ဗိုက်ထဲမှပြင်းထန်သောနာကျင်မှုကိုခံစားလိုက်ရပြီး ယင်းကသူ့ကိုတစ်လှမ်းမှဆက်မရွေ့နိုင်ဖြစ်စေသည်။ဟွန်းသံစူးစူးများက ပိုပိုပြီးနီးကပ်လာ၏...


ဖြစ်နိုင်တာက ဒီလိုမျိုး အဆုံးသတ်သွားတာကလည်း မဆိုးလောက်ဘူးမလား...


ထိုအချိန်တွင် သူ့လည်ပင်းတွင်အမြဲဝတ်ဆင်ထားသော ဖုန်တင်နေသည့်ကျောက်စိမ်းဆွဲပြားမှ အမှန်တကယ်ပင် တလက်လက်တောက်ပနေသောမြစိမ်းရောင်အလင်းတစ်ခုထုတ်လွှတ်လာခဲ့လေသည်...


[1.ခွဲစိတ်ကုသမှုမလိုဘဲ ဆေးဝါးများ၊ ကာယလေ့ကျင့်ခန်းများ၊ နှင့် အခြားနည်းလမ်းများဖြင့် ရောဂါကို ကုသခြင်းကို ဆိုလိုသည်။ဤနည်းလမ်းက လူနာကို အန္တရာယ်နည်းပြီး သက်သာစေရန် ရည်ရွယ်ကာ ခွဲစိတ်ကုသမှုလို အန္တရာယ်များသည့် နည်းလမ်းများထက် ပိုပြီး လူနာအတွက် သက်သောင့်သက်သာရှိစေသည်။]


***


🪹🪹