Chapter 2
Viewers 109

🐾Chapter 2

အမှောင်လမ်းကြား



မနက်ခင်းအစောပိုင်း၌ နိုးထလာပြီးနောက် ကျင်းယွီ အေးစက်သွားသည်။


ကျင်းယွီ ပတ်ဝန်းကျင်အား ကြောင်အစွာဖြင့် ကြည့်လိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် အိပ်ချင်စိတ် ပျောက်သွားရသည်။သူ ထိတ်လန့်တကြား ထခုန်ကာ အနီးရှိ ဆောက်လုပ်ရေးစက်ပစ္စည်းများအား ကြည့်ကာ ဆွံ့အနေမိပြီး လက်ချောင်းများပင် တုန်ယင်လာလေသည်။


“ဟေ့ကောင်လေး.. ထတော့..”


အလွန်ရင်းနှီးနေသည့် အသံကြောင့် ကျင်းယွီ၏ လက်ချောင်းလေးများ နောက်တစ်ဖန် တုန်ယင်လာပြန်သည်။


အဆိုပါအဖိုးကြီးသည် ယမန်နေ့က အဝတ်စုတ်ကို ဝတ်ဆင်ကာ လှုပ်ကုလားထိုင်ပေါ်၌ ထိုင်နေပြီး ရှေးဆန်သည့် လူထူးဆန်းကြီး တစ်ဦးနှယ် ဖြစ်သည်။ ယခုအခါတွင်မူ လက်ရာမြောက်သည့် ထန်ခေတ်ပုံစံ ဝတ်စုံအား ဝတ်ဆင်ထားပြီး စန္ဒကူး(နံ့သာဖြူ)ဖြင့် ပြုလုပ်ထားဟန်ရသည့် တုတ်ကောက်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ချမ်းသာကြွယ်ဝသည့် အာဏာရှိမိသားစုမှလာသော သခင်ကြီးတစ်ဦးနှယ် ဖြစ်သည်။


“ဆိုတော့.. မနေ့က တမင်သက်သက် ဟန်ဆောင်နေတာပေါ့လေ.. ဟုတ်လား အဖိုး..”


ကျင်းယွီ တံတွေးမျိုချကာ ယမန့်နေ့က အရှက်မဲ့မျက်နှာပြောင်တိုက်မှုတို့ မရှိတော့ချေ။


“ကြည့်ရတာ ငါတို့မှာ ကံကြမ္မာအချို့ ရှိနေပုံပဲ..”


အဖိုးကြီး အော်ဟစ်ရယ်မောကာ ဆိုသည်။


“ဒီအိမ်က ငါ့ရဲ့ ကြွယ်ဝမှုတွေရဲ့ အစပဲ.. ငါ့ရဲ့ အမွေတွေကို ဆက်ခံဖို့ မြေးတစ်ယောက်ရှိပြီးသားပေမဲ့ ဒီစုတ်ပြတ်နေတဲ့ အင်းကို ဖြိုချဖို့ အမြဲတမ်း တုံ့ဆိုင်းနေမိခဲ့တယ်.. တကယ်တော့ မနေ့က နောက်ဆုံးနေ့ပဲ.. တစ်ယောက်တည်း အတိတ်ကို ပြန်လည်တွေးတောဖို့ ပြင်တုန်းမှာပဲ မထင်မှတ်ဘဲ နောက်ဆုံးဧည့်သည်ကို လက်ခံခဲ့ရတယ်လေ.. ပျော်ရွှင်ဖွယ် အဆုံးသတ်လေးပေါ့..”


အဖိုးကြီးသည် ဗလာဖြစ်နေသော မြေကွက်လပ်အား ဝမ်းနည်းစွာဖြင့် ကြည့်ကာ ကျင်းယွီထံသို့လှည့်ကာ ပြုံးပြလာသည်။


“မင်းနဲ့ တွေ့ရတာ ငါ့ရဲ့ စိတ်အခြေအနေကို ကောင်းစေတယ်.. ဒါကြောင့် မင်းရဲ့ စီးပွားရေး စတင်လို့ရအောင် ခရမ်းရောင် ခရစ္စတယ် ဒင်္ဂါး တစ်ပြားပေးမယ်.. ဟဲဟဲ.. မနေ့က မင်းရဲ့ လက်ဖျားခါလောက်တဲ့ အရှက်မဲ့မှုကို မြင်ပြီးတော့ အနာဂတ်မှာ အကောင်ကြီးကြီးဖြစ်လာလိမ့်မယ်လို့ ငါတပ်အပ်ပြောနိုင်တယ်..”


ထိုသို့ပြောပြီးနောက် အဖိုးကြီးသည် ကျင်းယွီအား ခေါင်းညိတ်ပြသည်။ ထို့နောက် သူ၏ ကိုယ်ရံတော်တစ်ဦးမှ ကျင်းယွီအား ခရမ်းရောင် ခရစ္စတယ် ဒင်္ဂါးတစ်ပြား ပစ်ပေးလာသည်။


 ကျင်းယွီ ဒင်္ဂါးပြားအား အသည်းအသန် ဖမ်းနေချိန်မှာပင် အဖိုးကြီးသည် လူအုပ်ကြားတွင် ပျောက်ကွယ်ကာ မြင့်မားသည့် နဂါးဂိတ်ဟိုတယ်သို့ ဝင်ရောက်သွားလေသည်။


အဖိုးကြီး ရုတ်တရက် ပျောက်ကွယ်သွားသည်အား သတိပြုမိပြီးနောက် ကျင်းယွီ အလွန်စိုးရိမ်လာသည်။ ပါးစပ်ဖွင့်ကာ ပတ်ပတ်လည်အား လက်ဝှေ့ယမ်းရင်း ပြောသည်။


“ဟေ့.. အတော်လေး ကပ်စေးနှဲတဲ့ အဖိုးကြီးပဲ.. ခရမ်းရောင် ခရစ္စတယ် ဒင်္ဂါးတစ်ပြားလောက်နဲ့ ဘာလုပ်လို့ရမှာလဲ.. ဒါပေမဲ့ စိတ်ချပါ.. ကျွန်တော်ဆိုတဲ့ ကျင်းယွီက အကြွေးမှန်သမျှ ပြန်ဆပ်တတ်ပါတယ်.. တစ်နှစ်အတွင်း ခရမ်းရောင် ခရစ္စတယ် ဒင်္ဂါးပြား တစ်ထောင် ပြန်ပေးမယ်ဗျ.. ကျွန်တော့်ကို ပိုပေးမယ်ဆိုရင်ကော.. အဲဒါဆိုရင် အဆ တစ်ထောင် ပြန်ပေးမှာနော်..”


“အဖိုး..”


“ရပါတယ်.. သွားရအောင်.. ဒီနေ့ပြီးရင်တော့ လုံးဝကို အနားယူပြီ..”


“ဟုတ်ကဲ့..”


လူငယ်လေးသည် အဖိုးအိုအား ထောက်ပံ့ပေးရန် အရှေ့သို့ ကိုင်းလိုက်ပြီးနောက် နောက်လှည့်မကြည့်ဘဲ ဟိုတယ်အတွင်းသို့ ဝင်ရောက်သွားကြသည်။


နဂါးဂိတ်ဟိုတယ်၏ ဝင်ပေါက် လုံးလုံးလျားလျား ပိတ်သွားသည့် အခါမှသာ ကျင်းယွီ သတိပြန်ကပ်ကာ သက်ပြင်းချလိုက်နိုင်သည်။


အဖိုးကြီး၏ ခမ်းနားသော ကိုယ်နေဟန်ထားအားကြည့်ကာ သူ၏ဘဝတစ်လျှောက် ထိုကဲ့သို့ ဖြစ်လာလိမ့်မည် မဟုတ်ဟု ထင်မြင်မိသည်။ သို့သော် အနည်းငယ်မျှပင် မနာလို မဖြစ်မိချေ။ ချမ်းသာကြွယ်ဝမှုသည် ကံဆိုးမှုကိုသာ ဖြစ်စေနိုင်ပြီး ရိုးရှင်းသော ဘဝသည်သာ ငြိမ်းချမ်းမှုကို ပေးနိုင်မည် ဖြစ်သည်။ ကျင်းယွီအတွက်မူ အချိန်မရွေး သေဆုံးသွားနိုင်သည့် နေရာမှ လွတ်မြောက်ကာ ဤနေရာကဲ့သို့ အလွန်လုံခြုံသည့် ကမ္ဘာတွင် စားစရာနှင့် နေထိုင်ရန် နေရာတစ်ခု ရှိနေသ‌ရွေ့ ကျေနပ်‌ရောင့်ရဲနိုင်သည်။


ကျင်းယွီ ကိုယ့်ကိုယ်ကိုယ် အားပေးကာ ယမန့်နေ့က ကြားခဲ့ရသော ပြည်သူ့ရင်ပြင်သို့ ဦးတည်လိုက်သည်။ ရင်ပြင်၌ အချက်အလက်များ လူသိရှင်ကြား ထုတ်ဖော်ကြေညာသည့် ဖန်သားပြင် နှစ်ခုရှိသည်။ တစ်ခုမှာ အလုပ်ခေါ်စာဖြစ်ကာ ကျန်တစ်ခုမှာ အဖွဲ့လိုက်တာဝန်များဖြစ်သည်။ ဖော်ပြထားသည်မှာ နိုင်ငံသားတိုင်း မိမိနှင့် ကိုက်ညီသော အလုပ်နှင့် တာဝန်များအား ဆောင်ရွက်နိုင်သည် ဟူ၍ပင်။ ထို့ကြောင့် ကျင်းယွီ စိတ်လှုပ်ရှားလာသည်မှာ ဖန်သားပြင်ပေါ်မှ အကြောင်းအရာများအား မတွေ့ရခင် အထိပင်။


ထိပ်ဆုံးက နံပါတ်တန်းကြီးက ဘာတွေလဲ.. ဘာကိစ္စနဲ့ အလုပ်ခေါ်စာ အားလုံးမှာ အဲဒါတွေ ပါနေရတာတုန်း..


ကျင်းယွီ၏ IQ မှာ သေချာပေါက် နိမ့်သည်ဟု မဆိုနိုင်ချေ။ လူအများစုထက်ပင် အနည်းငယ်မြင့်သည်ဟုပင် ပြောရမည်။ နောက်တစ်ကြိမ် ဖတ်ပြီးနောက်၌ အဆိုပါ ကြက်ခြေခတ်များ၊ စက်ဝိုင်းများ ပါဝင်သည့် နံပါတ်အတန်းလိုက်မှာ သူ၏ မူလကမ္ဘာမှ မှတ်ပုံတင်နံပါတ်နှင့် အလားသဏ္ဌာန်တူကြောင်း သေချာသွားလေသည်။


သူ၏ ခန့်မှန်းချက်အား အတည်ပြုပြီးနောက် ခေါင်းငိုက်စိုက်ကျသွားတော့သည်။ အနာဂတ်၌ သားရဲ(ကလေး)ထိန်း သို့မဟုတ် သားရဲစိတ်ကုထုံးပညာရှင် ဖြစ်လာရန်၊ ရိုးရှင်းသောဘဝ၌ နေထိုင်ရန်အိပ်မက်တို့မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရလေပြီ။


ကျင်းယွီသည် မတူညီသည့် ကမ္ဘာ၌ ‘အိမ်ခြေရာမဲ့’ တစ်ဦး ဖြစ်လာမည်ဟူသော အန္တရာယ်အား သတိပြုမိသည်။ ဆိုလိုသည်မှာ အစိုးရထံမှ မည်သည့်ကာကွယ်မှုမှ ရရှိလိမ့်မည် မဟုတ်ချေ၊ ထို့အပြင် အလုပ်ရှာခွင့်လည်း မရှိသလို ဒုစရိုက်လောကသို့ ရောက်ရှိရန်မှာလည်း ၈၀ ရာနှုန်းခန့် သေချာနေပေသည်။


ဤကမ္ဘာ၌ လူတိုင်းလိုလို တောလိုက်မုဆိုး ဖြစ်ကြပြီး ဝရမ်းပြေးအရေအတွက်မှာ လွန်စွာနည်းပါးလိမ့်မည်။ သို့‌သော် ရာဇဝတ်ဂိုဏ်းတစ်ခုတစ်လေမျှ မရှိဟု မဆိုလိုပေ။ မည်သို့ပင်ဖြစ်စေ လူသားများ၌ မကောင်းသည့် အကျင့်စရိုက်များ ရှိကြပြီး မျိုးရိုးဗီဇများ သန္ဓေပြောင်းသွားမည် ဆိုလျှင်ပင် ထိုမကောင်းသည့် အကျင့်စရိုက်များမှာ ပို၍ပင် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေနိုင်သည်။


ကျင်းယွီ ကြောင်အစွာဖြင့် ကျောက်ခုံပေါ်၌ အားနည်းစွာ ထိုင်ရင်း သက်ပြင်းရှိုက်မိသည်။ လူသားများနှင့် သားရဲများ အပြေးအလွှား အလုပ်ရှာနေပုံ၊ ပျော်ရွှင်စွာ အော်ဟစ်နေကြပုံများမှာ ကျင်းယွီ၏ နှလုံးသားထဲရှိ မျှော်လင့်ချက်မဲ့မှုနှင့် ဆန့်ကျင်ဘက်ပင်။


“ဘယ်လိုတောင် ဆိုးလိုက်တဲ့ကံလဲကွာ.. အတော်လေး ကံမကောင်းတာပဲ..”


ကျင်းယွီ ဘဝအကြောင်း စဉ်းစားနေစဉ်မှာပင် ရုတ်တရက် နောက်ကျောဘက်မှ ထွက်ပေါ်လာသော စကားဝိုင်းသည် ကျင်းယွီ၏ အာရုံအား ဆွဲယူလိုက်လေသည်။


“ကျွတ်.. ဒီလရဲ့ ကုန်သွယ်ဘုတ်မှာ ပစ္စည်းကောင်း တစ်ခုတစ်လေတောင် ပါမလာဘူး.. ငါ အလင်းမြင်းငှက်မွေးရှာနေတာ သုံးလတောင်ရှိပြီ.. မျှော်လင့်ထားသလိုပဲ ကောင်းတဲ့အရာတွေက မရှိတော့ဘူး..”


မီးကဲ့သို့ ရဲရဲတောက်နေသော ဆံပင်၊ တဟုန်းဟုန်းတောက်လောင်နေသော ဒေါသနှင့် လူငယ်တစ်ဦးမှ စိတ်ဆိုးမာန်ဆိုး ပြောလေသည်။


“ဖွီး.. ငါတို့အစကတည်းက သိပြီးသား မဟုတ်လား.. ပြည်သူ့ရင်ပြင်မှာ ရတနာရှာဖို့ ကြိုးစားမယ့်အစား တောလိုက်မုဆိုး အစည်းအရုံးတို့ စူးစမ်းရှာဖွေသူ အဖွဲ့အစည်းတို့ကို သွားသင့်တယ်.. သူတို့က ဈေးမြင့်ပေမဲ့ ပြည်သူ့ရင်ပြင်က အသစ်လေးတွေလို ပဒီးပဒါးလုပ်မှာ မဟုတ်ဘူး..”


“ပြဿနာက အဲဒီနေရာတွေကို အဖိုးကြီးတွေ အုပ်ချုပ်နေတာပဲ.. အားးး အလင်းမြင်းငှက်မွေးကို ရဖို့တောင် အတော်လေး ခက်တာပဲ.. ငါဒီကို ရောက်ပြီး မကြာဘူး တစ်ယောက်ယောက်က ဈေးကြီးပေး ဝယ်သွားတယ်လေ.. တကယ်ပဲ ဘာလုပ်လို့ရတော့မှာလဲ.. လူခေါ်ပြီး တိုက်ခိုက်ရမှာလား.. အဲဒီလူအုပ်က အညှာအတာမဲ့တယ်.. ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ..”


ရဲရဲတောက်နေသော ဆံပင်နှင့်လူငယ်မှ စိတ်ဓာတ်ကျစွာဖြင့် ပြောလေသည်။


“ဒီလိုဆိုမှတော့ ဘာဖြစ်လို့ အန်ကျဲ(အမှောင်လမ်းကြား) ကို မသွားတာလဲ..”


အရပ်မြင့်မြင့်လူငယ်မှ မေးသည်။ ရုတ်တရက် အတွေးတစ်စ ပေါ်လာပုံရပြီး အရပ်မြင့်မြင့်လူငယ်မှ လေသံဖြင့်ပြောလေသည်။


“ငါ့ဝမ်းကွဲက မုဆိုးကျောင်းရဲ့ ကျောင်းသားဆိုတာ မင်းသိလား.. တစ်ခါက နည်းပြပြောတာကို မတော်တဆ ကြားမိတာတဲ့.. အန်ကျဲမှာ ပစ္စည်းကောင်းတွေ အပြည့်ပဲတဲ့.. တောလိုက်မုဆိုးအစည်းအရုံးနဲ့ စူးစမ်းရှာဖွေသူ အဖွဲ့အစည်းက ပစ္စည်းကောင်းတွေအားလုံး အဲဒီက လာတာတောင် ဖြစ်နိုင်သေးတယ်ဆိုပဲ.. ဒါပေါ့ အန်ကျဲမှာ အဆင့်အတန်းတွေက ဘောင်မဝင်ဘူး ဆိုပေမဲ့ မင်းအတွက်တော့ ပြဿနာ မဟုတ်လောက်ဘူး..”


ဆံနီသည် ‘အန်ကျဲ’ ဟူသည့် စကားလုံးအား ကြားလိုက်သည်နှင့် အမူအရာမှာ မသိမသာ ပြောင်းလဲသွားပြီးနောက် ခါးသီးစွာ ရယ်မောရင်း ခေါင်းယမ်းလိုက်သည်။


“မင်း တကယ်ကြီး အန်ကျဲကို ပြောလိုက်တယ်ပေါ့.. အဲဒီနေရာက မင်းထင်နေသလိုမျိုး မရိုးရှင်းဘူး.. ငါ တစ်နှစ်လောက် စောင့်ရမယ်ဆိုရင်တောင် အဲဒီကို သွားမှာမဟုတ်ဘူး.. ငါ့အမြင်မှာတော့ လူတစ်ယောက်ရဲ့ ခွန်အားက တောလိုက်မုဆိုး အဆင့် ၄ ဒါမှမဟုတ် စူးစမ်းရှာဖွေသူ အဆင့် ၅ လောက်မှ မရှိရင် အန်ကျဲက ငရဲပဲ..”


ထိုလူငယ်နှစ်ဦးနှင့် မနီးမဝေး၌ရှိသော ကျင်းယွီသည် ထိုစကားများအား ကြားပြီးနောက် အရိပ်ပင်မကျန် ပျောက်ကွယ်သွားလေသည်။ ဆံနီကောင်လေး စကားမပြောခင်မှာပင် ကျင်းယွီသည် အန်ကျဲဟူသည့် အမည်အား ကြားပြီးနောက် ကြက်သွေးထိုးလိုက်သကဲ့သို့ အပြေးလေးသွားကာ အန်ကျဲ၌ စူးစမ်းမှုအသစ် စတင်လိုသည်။


ကျင်းယွီသာ စက္ကန့်အနည်းငယ်မျှ စိတ်ရှည်ပြီး ဆံနီ၏ နောက်ဆုံးစကားလုံး အနည်းငယ်ခန့် ကြားလိုက်ရမည်ဆိုလျှင် အန်ကျဲသို့ သွားရန်စိတ်ကူး ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်သည်။


သို့သော် လူသားများ၏ အစွန်းရောက် စိတ်ဆန္ဒတို့အား အထင်မသေးသင့်ပေ။ ကျင်းယွီမှာ အလုပ်သရဲတစ်ဦး မဟုတ်သော်ငြား ငရဲနှင့်တူသည့် နေရာ၌ တစ်လခန့် နေထိုင်ပြီးနောက် သူတွေးနိုင်သည့် အရာအားလုံးမှာ တတ်နိုင်သမျှ အစားအစာစုဆောင်းရန်ပင်။ လောဘရှိသူ ကျင်းယွီအတွက် သူ၏ ခွန်အားသာ အဓိကကျပြီး မည်သူဖြစ်ကြောင်း အထောက်အထားမှာ ပဓာနမကျသော နေရာထက် ပို၌ ဆွဲဆောင်မှုနိုင်သည့်အရာ မရှိပေ။


သုံးနာရီခန့် ပြေးပြီးနောက် ကျင်းယွီသည် လမ်းကြားသို့ အဝင်တံခါးအဖြစ် ကြီးမားသော အနက်ရောင်ခရစ္စတယ်အား အသုံးပြုကာ ‘အန်ကျဲ’ ဟု ခပ်ကြမ်းကြမ်းရေးထိုးထားသည့် စကားလုံးနှစ်လုံးအား မြင်တွေ့ရချိန်တွင် စိတ်သက်သာရာ ရသွားလေသည်။


မျှော်လင့်ချက်တဟုန်းဟုန်းတောက်နေသော ကျင်းယွီသည် တုံ့ဆိုင်းမှု အနည်းငယ်မျှ မရှိဘဲနှင့် အန်ကျဲသို့ ခြေလှမ်းလိုက်သည်။


ကျင်းယွီ အန်ကျဲအတွင်း ဝင်လိုက်သည်နှင့် မြင်ကွင်းထဲသို့ ရောက်ရှိလာသည့် အရာမှာ ပန်းချီကားများဖြစ်သည်။ လူသားတစ်ပိုင်းနှင့် လူမျိုးစိတ်သစ်များ၏ ဘိုးဘေးအနေဖြင့် ပိုမိုဆန်းကြယ်သော သားရဲနှင့် သန္ဓေပြောင်း စူပါလူသားများအကြား၌ သူသည် အမှန်တကယ် အားနည်းလွန်းလှကြောင်း ဝမ်းနည်းဖွယ်ကောင်းစွာ သိရှိလိုက်ရလေတော့သည်။



🐾🐾🐾